အဇ္ဇီနဲ့ရော့ကီတို့အကြောင်း
(မျိုးမြင့်ချို)
ကျနော့်မှာ ခွေးလေး ၂ ကောင်ရှိတယ်။
တယ်ရီယာစပ် Mixed Terrier တို့ ထုံးစံနှင့်အညီ အစဉ်အလာထိမ်းတဲ့ အနေနဲ့ဗြောင်း ဆန်အောင်ဆော့ပြီး ဗောင်းလန်အောင်စားတဲ့ အမျိုးကောင်းသားတွေပါ။
နှစ်ကောင်လုံးကို SPCA လို့ခေါ်တဲ့ တိရိစ္ဆာန်ရက်စက်မှုကာကွယ်ရေးဌာနက
သွားတောင်းဝယ်ပြီး မွေးထားတာပါ။ တကောင်က Izzy ၊ အသက် ၉လသား ရှိပါပြီ။ နောက်တကောင် က
Rocky ပါ။ အသက် ၁၄ လ သားပါ။ အဇ္ဇီရဲ့မူလအမည်က Scrappy ဖြစ်ပြီး ကျနော်က
ဗမာလိုဗူးသီးလို့ခေါ်ပါတယ်။ Rocky ကတော့ ကျနော်တို့မှဲ့တဲ့အမည်သစ်ဖြစ်ပြီး နံမည်ရင်းက
Swift ပါ။ ကျနော်က တခါတလေ ဂျပလုလို့ခေါ်ပြီး တခါတလေ အာလူးလို့ခေါ်ပါတယ်။
အဇ္ဇီကဗူးသီးခေါ်ရင်သိသလို ရော့ကီကလည်း အာလူးခေါ်ခေါ် ဂျပလုခေါ်ခေါ်
သူ့ခေါ်မှန်းနားလည်ပါတယ်။
မွေးဖြစ်သွားတာက ဒီလိုပါ။
ကျနော့်ဇနီးဒေါ်ခွေးရူး ခွေးချဉ်ခြင်းတက်တာကြာပါပြီ။ ဒါနဲ့ တရက် SPCA ဝက်ဆိုက်ဘ်တက်ကြည့်တော့
သခင်စွန့် ၄-လသားရွယ် ခွေးမမယ်လေးအဇ္ဇီကိုတွေ့ပါတယ်။ နှစ်ယောက်သား
ချက်ခြင်းထပြီးသွားကြည့်ကြတယ်။ အဇ္ဇီမြင်ရတာ စိတ်ဓါတ်ကျအားငယ်နေပုံပါ။
အခန်းထောင့်မှာ ခွေခွေလေး။ အနားက ရေခွက်အစာခွက်တွေလည်း ခြေရာလက်ရာမပျက်။
နံမည်ခေါ်ပြီး ပွတ်သပ်ပေးတာတောင် ခွေနေရာက မျက်လုံးလေးလှန်ကြည့်၊
အမြီးလေးတချက်နှစ်ချက်ယမ်းပြ နားရွက်လေးခတ်ပြရုံကလွဲလို့ ဖျတ်ဖျတ်လတ်လတ်
မြူးမြူးတူးတူးမရှိပါ။ ကိုယ်လုံးသွယ်သွယ်၊ ခြေတံလက်တန်ရှည်ရှည်၊ မွှေးလိမ်ပွကျစ်၊
နဖူးဆံစပ်မှာ မွှေးနုဖွားဖြာရရာ၊ မျက်အိမ်ဝိုင်းဝိုင်း၊ မျက်ဆန်နက်နက်၊
မျက်တောင်ကော့ကြီးတွေနဲ့ချစ်စရာလေးပါ။ အားငယ်စိတ်ဓါတ်ကျပုံပေါ်ပေမယ့်
ချည့်နဲ့နေပုံတော့မရပါ။ ဒါနဲ့ သိချင်တာလေးတွေမေးမြန်းပြီး မွေးစားစာချုပ်
လက်မှတ်ထိုးပါတယ်။
အိမ်ရောက်စက အဇ္ဇီတစ်ကောင်
မနေတတ်မထိုင်တတ်ဖြစ်နေတာ သိသာပါတယ်။ အမြဲတမ်းလည်းတခုခုကို လန့်နေပုံပါ။ အထူးသဖြင့်
ကော်ဖီဖျော်ဖို့ ရေနွေးကရားအိုးတည်တဲ့အခါ ရေပွက်ပွက်ဆူလို့ အိုးအဆို့ရှင်က
ကျွက်ကျွက်-ကျွက်ကျွက်မြည်သံ ထွက်လာပလားဆို မျက်လုံးမျက်ဆန်ပြူးနဲ့
ဂဏှာမငြိမ်တွေဖြစ်၊ ချောင်တချောင်ထဲဝင်တိုးရင်တိုး၊ လူကိုယ်ပေါ် ကုပ်တက်ရင်တက်တွေ
ဖြစ်ကုန်တော့တာပါပဲ။ အစာခွက်ရေခွက်တွေ မီးဖိုချောင်ထားလို့သာ လာလာစားရတယ် မီးဖိုချောင်ဘက်
သိတ်လာချင်ပုံမပေါ်ပါဘူး။ မီးဖိုနွေးနေရင် ရေနွေးဆူသံကြားရင် ဘယ်လောက်ဆာနေနေ
ဝင်လာမစားပါဘူး။ တနေ့ ကျနော့်ကိုယ်ပေါ်ထိုင် ပွတ်ရင်းသပ်ရင်း သူ့ဘယ်ဘက်နံပါးမှာ
ကျပ်ပြား ၂ ဝိုင်းစာလောက် ခတ်မည်းမည်းအမွှေးပါးနေတဲ့ အကွက်တကွက်တွေ့ပါတယ်။
သေချာကြည့်တော့မှ အပူတခုခုလောင်ရာကနေ အနာကျက်လို့ကျန်ခဲ့တဲ့ အမာရွတ်နေရာကနေ
မွှေးနုလေးတွေပြန်ထိုးတာဖြစ်နေတယ်။ အရင်တုန်းက အပူလောင်းနှိပ်စက်ခံခဲ့လေသလား၊
မတော်တဆ တခုခုများဖြစ်ခဲ့သလားတော့
သူပဲသိမှာပါ။ ကျနော်တို့အဖို့တော့ ချစ်ရာအပြင် သနားစိတ်ပါစွက်ခဲ့တာအမှန်ပါ။
နောက်တော့သူ နေသားကျလာသလို သောင်းလည်း
သောင်းကျန်းပါတော့တယ်။ ကျနော်တို့က များသောအားဖြင့် မနက်မိုးလင်းအိမ်ကထွက်
မိုးမချုပ်တချုပ်မှ အိမ်ပြန်ရောက်ဆိုတော့ မနက်စောစောသူ့ကို ချေးပါသေးပေါက်
အပြင်တကြိမ်ထုတ်ပြီးရင် အစာရေထည့် အခန်းပိတ်ပြီး အိမ်ထဲထားခဲ့ရတာပါ။ သူ့ခမျာ ဆီးတွေဝမ်းတွေ
သွားချင်တောင်အောင့်ထားပြီး ကျနော်တို့ပြန်လာချိန်မှ ပါရပေါက်ရတဲ့ဒုက္ခခံရရှာတာပါ။
ကျနော်တို့အိမ်မှာရှိတဲ့ရက်များဆို ပျော်လွန်းလို့ထင်ပါရဲ့ ပြေးဟယ်လွှားဟယ်၊
လူတွေပေါ် ခုန်တက်ခုန်ဆင်းနဲ့ပါးစပ်ကလည်း တအီအီ တအင်အင်နဲ့။ တခါတလေ ကျနော်
အပြင်ထွက်စရာမရှိလို့ အိမ်မှာတနေကုန်လိုလိုရှိနေရင် သူပျော်ပါတယ်။ သူပျော်ပေမယ့်
စိတ်ညစ်ရတာက ကျနော်ပါ။ သူ ကစားချင်တဲ့အခါ ကျနော် စာဖတ်စာရေးလုပ်နေရင်
အနားလာပဒပ်လေးရပ်ရပ်ပြီး သူ့ရှေ့လက်ကလေးတွေနဲ့ ကုပ်လိုက်ခြစ်လိုက် လာခေါ်လိုက်လုပ်လေ့ရှိပါတယ်။
ပွတ်သပ်ပေးလိုက်ရင်ခနငြိမ်ပေမယ့် တော်ကြာနေပြန်ကုပ်လိုက်ခြစ်လိုက်နဲ့ပါ။
စိတ်တိုတိုနဲ့ အော်လိုက်ငေါက်လိုက်ရင် မျက်နှာငယ်လေးနဲ့ အခန်းပြင်ထွက်
ဧည့်ခန်းနဲ့အခြားနေရာတွေသွားပြီး ကိုက်လို့ရတာ အကုန်ကိုက်တော့တာပါပဲ။
စာအုပ်တွေအပြင် ပစ္စည်းအတော်များများပျက်စီးပါတယ်။ တခုခုတော့လုပ်မှရတော့မယ်လို့
ကျနော်တို့တိုင်ပင်တော့ ”ခွေးက ငယ်သေးတယ်၊ ခုမှ လသားအရွယ်၊ ဆော့ချင်ကစားချင်
အဖော်မင်တဲ့အရွယ်၊ အဖော်မဲ့လို့ဖြစ်တာ"
လို့တွက်မိပြီး အဖော်ရှာဖို့ SPCA
ကိုတခေါက်ပြန်သွားကြပါတယ်။
အဲ့ဒီမှာတင် Rocky နဲ့တွေ့တာပါ။
ရော့ကီပုံက ရယ်စရာပါ။ နားရွက်တစ်ဖက်ကအထောင် တစ်ဘက်က အလဲပါ။ ရှေ့အောက်သွားလေးတွေက
အပြင်နည်းနည်းလေးခေါပြီး ထူးထူးဆန်းဆန်း အောက်စွယ်တို အပိုတချောင်းလည်းပါပါတယ်။
အကောင်ပုလေး၊ လမ်းသွက်သွက် လျှောက်တဲ့အခါနဲ့ ပြေးတဲ့အခါ တုတ်တုတ်-တုတ်တုတ်နဲ့
လိမ့်လိမ့်လဲ့လဲ့လေးပါ။ ရှေ့ခြေ ၂ ခေါင်းက အဖျားခြေကျဉ်းဝတ်နေရာကစပြီး
အပြင်ဘက်ကားကားလေးဆိုတော့ ဘဲလေးကချေသည် ခြေဖျားချဲထားသလိုလေးပါ။
သူ့နံမည်ခေါ်လိုက်ရင် ဒဲ့မကြည့်ပဲ မျက်လုံးလေးထောင့်ကပ်ပြီး
ပေစောင်းစောင်းလေးကြည့်တတ်ပါတယ်။ ပထမအကြိမ် သူ့သွားကြည့်တော့ အဇ္ဇီပါ
ခေါ်သွားရပါတယ်။ SPCA ထုံးစံအရ အိမ်မှာခွေးရှိပြီးသားဆို
ခွေးသစ်နဲ့အဆင်ပြေ/မပြေကြည့်ဖို့ပါ။ အခန်းထဲနှစ်ကောင်ထဲလွှတ်ပေးပြီး
တနေရာကစောင့်ကြည့်၊ အဆင်ပြေမယ့်ပုံပေါ်ရင်ဘာမှမဖြစ်ပေမယ့် သိတ်အဆင်ပြေမယ့်ပုံမရရင်
အခြားတစ်ကောင်ရွေးကြည့်ဖို့ ခွေးဆရာကပြောပါတယ်။ အဇ္ဇီနဲ့ ရော့ကီကျ
အဆင်ပြေပုံများမပြောပါနဲ့။ ဘယ်ဘဝကကွဲနေတဲ့ ညီအကိုအရင်းတွေ
ခုမှပြန်တွေ့တဲ့အပေါက်မျိုး၊ တွေ့တွေ့ချင်း တကောင့်တကောင်
နှုတ်သီးခြင်းထိုးအနံ့ခံပြီးတာနဲ့ စဆော့လိုက်တာ မျောက်ရှူံးရောဆိုပါတော့။ ဒါနဲ့
မွေးစား စာချုပ်လက်မှတ်ထိုး ပေးစရာရှိတာပေး၊ လုပ်စရာ(ခွေးရူးကာကွယ်ဆေး၊
နှလုံးသန်ကောင်တွယ်ကာကွယ်ဆေးထိုးတာ၊ ဝှေးသင်းတာ)တွေကို သူတို့ဘက်က တပါတည်းလုပ်ပေး၊
မှတ်ပုံတင်နံပတ်ယူပြီး နောက်နေ့ သွားခေါ်လာပါတယ်။
ရော့ကီရောက်လာပြီးကတည်းက အဇ္ဇီ
သိသိသာသာကြီးကို အချိုးပြောင်းသွားတော့တာပါ။ ကျနော့်လည်း လာလာဒုက္ခမပေးတော့သလို
ဟိုကိုက်ဒီကိုက်တွေလည်း မလုပ်တော့ပါဘူး။ တခါတလေ ရော့ကီက တခုခုကိုကိုက်မလို့
ဖဲ့မလို့လုပ်ရင်တောင် သူက ဝင်ဟန့်ပါသေးတယ်။ အရင်နေခွေးဟောင်းအနေနဲ့
ရော့ကီတို့တပ်အပ်ရာအဌာရသတွေလည်း ဆရာစားမချန် အကုန်သင်ပေးပါတယ်။
ပြူတင်းပေါက်ဘောင်ပေါ် ဘယ်လိုထိုင်၊ မှန်ပေါက်ကနေအပြင်ကို ဘယ်လိုကြည့်၊
ဘယ်လိုစောင့်၊ ဘေးအိမ်သားတွေနဲ့ သူတို့ခွေးတွေတွေ့ရင် ဘယ်လိုဟောင်၊ ဧည့်သည်လာရင်
ဘယ်လိုကြို၊ ကြက်ကလေးတွေခြံပြင်ထွက်သွားရင် ဘယ်လိုလိုက် ပြန်မောင်းသွင်း၊
အီအီးဘယ်နေရာပါ၊ ဗိုက်ဆာရင် ဘယ်လိုဂျီကျ အစစအရာရာဆိုပါတော့။
အဇ္ဇီက အငယ်ပေမယ့် အကောင်ထွား၊
ခြေတန်ရှည်ကလန်ကလားနဲ့ စိတ်ရှည်သဘောကောင်းပါ။ ရော့ကီက ခွေးပုစိတ်တို
မနာလိုစိတ်ကလေးလည်းရှိသလို အတိုင်အတောလည်း အတော်ထူတဲ့ကောင်ပါ။
နှစ်ကောင်အတူတူကစားရင်း မတော်တဆများ ထိမိလို့နာသွားရင် ငယ်သံပါအောင်အောင်၊
လူပေါ်ပြေးတက်၊ လူ့မျက်နှာကြည့်ပြီး တအီအီလုပ်၊ အဇ္ဇီကိုလည်း ကိုယ်ပေါ်ကနေ
မကျေမချမ်းအသံနဲ့ရန်လုပ်ပါတယ်။ အဲ့အခါမျိုး ကျနော့်ဇနီးက အဇ္ဇီကိုငေါက်ရင်
မျက်ဆန်နက်ကြီးကလည်ကလည်၊ မျက်တောင်ကော့ကြီး ပုတ်ခတ်ပုတ်ခတ်နဲ့
ကျနော့်နားလာထိုင်ပြီး ဟိုကောင် စိတ်ပြေတဲ့အထိနေပါတယ်။ ဘယ်တော့မှ မန်ပြန်ဖီ
သွားပြန်ဖြဲတာမျိုးမလုပ်ပါဘူး။ ရော့ကီ သူ့ကိုမန်ဖီရင်တောင် မသိချင်ယောင်ဆောင်ပြီး
တခြားထွက်သွားတတ်ပါတယ်။ အစာတခုခု သူ့အရင်ချကျွေးလည်း ချက်ခြင်းမကိုက်သေးပဲ
ရော့ကီအလာကိုစောင့်၊ ရော့ကီချီသွားပြီဆိုမှ နောက်တခုတောင်းပါတယ်။ ဘယ်တော့မှ
သူအရင်ယူတာမျိုးမလုပ်ပါ။ အငယ်က ပြန်ညှာတဲ့သဘောမျိုးပါ။ ကားပေါ်ရောက်ရင်
ရော့ကီကရှေ့ခန်း ယဉ်မောင်းဘေးခုံပေါ်ခုန်ကူးလာပြီး လူမရှိရင် ခုံပေါ်ထိုင်၊ လူရှိရင်
လူပေါင်ပေါ်တက်တက်ထိုင်ပါတယ်။ အဇ္ဇီကတော့ နောက်ခန်းခုံမှာ
ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်ပါတယ်။ အဇ္ဇီဆေးခန်းသွားဖို့လိုလို့ခေါ်ပြီး သူ့တစ်ကောင်တည်း
အိမ်မှာထားခဲ့ရင် မနေတတ်မထိုင်တတ်တွေဖြစ်ပြီး ဂဏှာမငြိမ်တွေဖြစ်ပါတယ်။
ဆေးခန်းကပြန်လာလို့ ရော့ကီတွေ့တော့မှ နေသာထိုင်သာရှိသလို ကျနော်တို့ကိုလည်း ”နောက်ဆို
အဲ့သလိုမလုပ်ဖို့ တောင်းပန်တိုးလျှိုးသလို မျက်လုံးရွဲကြီးတွေနဲ့
ကြည့်ကြည့်နေတတ်ပါတယ်။ အရင်တစ်ကောင်ထဲတုန်းက တနေကုန်အိမ်ထားခဲ့ပြီးပြန်လာရင်တောင်
ဒီလောက် အိနြေ္ဒမပျက်တဲ့အဇ္ဇီဟာ
ခုတော့ ရော့ကီကို တနေရာရာ
နာရီပိုင်းလောက်လေးခေါ်သွားရင်တောင် မနေတတ်မထိုင်တတ်ဖြစ်နေရှာပါပြီ။ ဒါကို ကျနော်တို့
တဖြည်းဖြည်းရိပ်မိ နားလည်လာပါတယ်။
တနေ့ ကြက်စာသွားဝယ်ရင်း Rocky ပါ
အစာဆိုင်ထဲခေါ်သွားတယ်။ ဆိုင်အရောင်းဆရာက သူ့ကိုချစ်လို့ဆိုပြီး
အမဲရိုးအစစ်တစ်ချောင်း အလကားပေးလိုက်တယ်။ အိမ်ပြန်အရောက်
အဇ္ဇီကလည်းအမဲရိုးအစစ်ဆိုတော့ သူလည်းကိုက်ချင်ရှာတယ်။ ဂျပလုက မပေးဘူး။ မန်ဖီတယ်
မျက်စောင်းတခဲခဲလုပ်တယ်။ ပါးစပ်ထဲကိုက်ထားတာတောင် သူ့ဘာသူစိတ်မချသလိုနဲ့
ဟိုရွှေ့လိုက် ဒီရွှေ့လိုက်၊ အဇ္ဇီကိုလည်း မယုံသင်္ကာမျက်လုံးနဲ့ကြည့်လိုက်နဲ့။
အတော်သောက်မြင်ကပ်ဖို့ကောင်းတဲ့ရုပ်ကလေးပါ။ အကောင်ကသာ လက်တောက်လောက်
ပုံကခြင်္သေံပုံဖမ်းနေတာ။ ”ဒါ သူ့အရိုး၊ ဆိုင်က သူ့ကိုပေးလိုက်တာ။
နင်နဲ့မဆိုင်ဘူး”ဆိုတဲ့မျက်နှာထားနဲ့။ ပေးမကိုက်လည်း ဟိုကောင်ကြီးက ဘာမှ
မပြောရှာပါဘူး။ သူကိုက်နေတာလေး ဘေးကနေ နှာခေါင်းလေးရှူံ့ပွရှူံ့ပွအနံ့လေးခံလိုက်
နှုပ်ခမ်းလေးသပ်လိုက်၊ သားရည်လေး သိမ်းလိုက်၊ တချက်တချက် ဂျပလုက
သူ့များလှမ်းကြည့်ရင် ပေးများပေးတော့မလားလို့ပျော်ပြီး မျက်နှာချိုလေးသွေး၊
မျက်လုံးကြီးတွေလက်လို့ အမြီးလေးနှံ့လို့မျှော်နေတာများ သနားစရာပါ။ တချက်တချက်
ဂျပလုကိုက်လို့ ပဲ့ကျလာတဲ့ အရိုးအပဲ့အရွဲ့အစအနလေးတွေ
လိုက်ကောက်စားလိုက်နဲ့နေတာပါပဲ။ ဂျပလုကလည်း မပေးဘူးဆိုမပေးဘူးဆိုတဲ့ သဘောထားနဲ့
ပြတ်ပြတ်သားသားကို ဖဲ့ရွဲ့ပွဲတော်တည်နေတာပါ။
နာရီဝက်လောက်ကြာတော့ ဂျပလုက
ကိုက်လက်စအရိုးထားခဲ့ပြီး ရေသွားသောက်ပါတယ်။ ဒါတောင်အဇ္ဇီက အရိုးကို ချက်ခြင်းပြေးမကိုက်သေးပဲ
စောင့်နေပါတယ်။ ရော့ကီကရေသောက်ပြီး အရိုးကိုတစ်ချက်နမ်းပြီး
တနေရာလှည့်ထွက်သွားတော့မှ ကိုက်ဖို့ပါးစပ်ပြင်ပါတယ်။ ကြည့်လိုက်တော့ အရိုးမှာ
အသားအစအနလေးတောင် ကပ်ကျန်မနေတော့ပါဘူး။ ဘာမှမရှိတော့တဲ့ အရိုးခြောက်ကြီးကိုတဂျွပ်ဂျွပ်နဲ့ကိုက်ရင်းကိုက်ရင်း
နောက်ဆုံး နာရီဝက်လောက်အကြာမှာ အရိုးထိပ်အဆစ်တဘက်က ပွင့်ထွက်သွားပါတယ်။
ရိုးတွင်းချဉ်ဆီအနံ့လေးတွေ လှိုင်ကနဲထွက်လာသလို အဇ္ဇီလည်း အတော်ပျော်သွားပုံပါပဲ။
ပါးစောင်နှုပ်ခမ်းလေးသပ်ပြီး အားရပါးရလျှက်လိုက်မဟဲ့ဆိုတဲ့ပုံနဲ့
ကြမ်းပြင်ပေါ်ကျကျနန ကိုယ်ဟန်ပြင်ပြီးထိုင်ချလိုက်တုန်းမှာပဲ
ရော့ကီရောက်ချလာပါတော့တယ်။ ဝင်တော့မလုရဲဘူး၊ ဘေးကနေ တဂီးဂီးမန်ဖီတော့တာပါပဲ။
အဇ္ဇီလည်း ကျနော့်ကိုတချက်မော့ကြည့်ပြီး ဘာလုပ်ရမလဲဆိုတဲ့မျက်လုံးနဲ့ လှမ်းကြည့်ပါတယ်။
ရော့ကီကို ဘေးတွန်းဖယ်ဖို့လုပ်တော့ ကျနော့်ကို ပြန်လှန်မန်ဖီပါတယ်။ စိတ်ထဲ
သောက်မြင်ကပ်သလိုဖြစ်ပြီး ရိုက်မယ့်ဟန်နဲ့ လက်လည်းရွယ်လိုက်ရော
အဇ္ဇီကရုတ်ကနဲခုန်တဲ့ပြီး ကျနော့်လက်ကို သူ့ကိုယ်လုံးကြီးနဲ့တိုက်ချလိုက်ပါတယ်။
ကျနော် ဟန်ချက်ပျက်ပြီး ပြန်မလှည့်နိုင်ခင်မှာ အမဲရိုးကို နှုတ်သီးနဲ့ထိုးကော်ပြီး
ရော့ကီကိုပေးလိုက်ပါတယ်။ ရော့ကီပါးစပ်ထဲပါသွားတဲ့အရိုးကို ကျနော်
ပြန်လုမယ်များသူထင်လို့လားမသိပါ ကြမ်းကိုခြေကန်ပြီး သူ့ကိုယ်လုံးတစောင်းကြီးနဲ့
ကျနော့်ကိုဖိထားပါတယ်။
ကျနော် အံ့အားသင့်ပြီးကြောင်ကြည့်နေတုန်းမှာပဲ
ရော့ကီက အရိုးချီပြေးပါတော့တယ်။ ဒီတော့မှ ကျနော့်ကို ဖိထားတာဖြည်လျှော့ပေးပြီး
ပါးလျှက်နားလျှက်လုပ်ပါတယ်။ ရော့ကီကတော့ မလှမ်းမကမ်းမှာ ရိုးတွင်းချဉ်ဆီတွေ
တပျပ်ပျပ်လျှက်လို့ပါ။ ကျနော် သဘောပေါက်သွားပါပြီ။ ကျနော့်အပြုအမူအတွက် ကျနော့်ဘာသာရှက်လည်း
ရှက်မိသလို စိတ်မကောင်းလည်းဖြစ်သွားပါတယ်။ စိတ်လည်းထိခိုက်ချင်စရာပါ။ အဇ္ဇီကိုလည်း
အရင်ကထက် ပိုသနား၊ ပိုချစ်၊ ပိုလည်းနားလည် သွားပါတယ်။
ပြောရရင် အဇ္ဇီရော ရော့ကီပါ
အဟိတ်တိရိစ္ဆာန်တွေပါ၊ ခွေးတွေပါ။ အိမ်အရင်ရောက်တာကအဇ္ဇီပါ။ ဉာဏ်တိမ်တိမ်ပြောရရင် အဇ္ဇီက
“အိမ်ရှင်”ဆိုပါတော့။ “ဧည့်သည်”ရော့ကီနဲ့ မခွဲမခွာအတူနေရဖို့အရေး ညှာတာရှာတယ်။
အတူနေရင်း နှစ်ဦးသားပျော်ရွှင်ဖို့အရေး ဦးစားပေး တွေးရှာတယ်။
ပင်ကိုယ်စိတ်ရင်းအခံကောင်းရုံမက စိတ်အနေရော စိတ်အထားပါတတ်တဲ့ခွေးလေးပါပဲ။
စိတ်အနေကောင်းပေမယ့် စိတ်အထားမတတ်ခဲ့ရင်၊ စိတ်အခံကောင်းပေမယ့် စိတ်အနေရော
စိတ်အထားပါမတတ်ခဲ့ရင် ကျနော်အဇ္ဇီကို ခုထက်ပိုချစ်နိုင်ပါ့မလား တွေးမိတာပါပဲ။
(မျိုးမြင့်ချို) မတ်ခ်ျ၊ ၂ဝ၁၄
0 comments:
Post a Comment