Tuesday, March 4, 2014

၂ဝဝ၄ မာ့ခ်ျအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝဝ၄ မာ့ခ်ျ အဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ဂျော့ခ်ျဝေါ်ရှင်တန်ကနေ အိုဘားမားအထိဟာ အမေရိကန်ပြည်ထောင်စုလို့တွင်လာမယ့်မြေကို အခြားတနေရာရာတွေကနေ ရွှေ့ပြောင်းအခြေချ လာကြတဲ့သားစဉ်မြေးဆက်တွေပဲ။ ပုံတောင်ပုံညာ ပရိုင်းမိတ်ကနေ သမ္မတဦးဗိုလ်သိန်းစိန်အထိ ဗမာပြည်လို့ဖြစ်လာမယ့်နေရာကို ရောက်လာကြ သူတွေဟာလည်း အခြားတနေရာရာတွေ ကနေ ပြောင်းရွှေ့အခြေချနေလာကြသူတွေချည်းပဲ။ အရင်ရောက်သူနဲ့ နောက်ရောက်သူပဲကွာတယ်။ လူ့အသိတရားနဲ့ဘာသာရေးများလည်း ထိုနည်းနှင်နှင်ပဲ။ ဘယ်သူက ဘယ်ဘာသာကို ဘယ်အချိန်မှာ ဘယ်ပုံဘယ်နည်းနဲ့စထွင်ထွင် မိဘဘိုးဘွားများယူတဲ့ အယူမှာလူလာဖြစ်လို့ အဲ့ဒီအယူနဲ့ကြီးပြင်းရတာ အခြားအယူနဲ့အခြားလူများထက် ပိုမြင့်သယောင်မြတ်သယောင်စိတ်ကူးတွေးထင်မှုဟာ စိတ္တဇဆန်ဆန် ဗလာသက်သက်အနှစ်မဲ့မှုသာပဲ။ ဒီနေရာမှာ အဲ့သလိုအယူအကောက်ရှိတဲ့ ဘယ်ဘာသာဝင်ကိုမဆို ဆိုလိုတာပဲ။ ဘာသာတိုင်း ဘာသာတိုင်းက ဘာသာတိုင်းဘာသာတိုင်းကို မိစ္ဆာဒိဌိလို့? အယူမှားလို့တံဆိပ်ကပ်ပြီး အခြားသူတို့ရဲ့သေသည်၏အခြားမဲ့လားရာဂတိကို မိမိစိတ်ကြိုက်တီထွင်ထားတဲ့အရပ်တွေဆီ ကြိုတင်ပြဌာန်း ပို့ပစ်ထားပြီးသားချည်းပဲ။ သူ့အယူမှာ ခင်ဗျားဟာမိစ္ဆာပဲ၊ သူ့ငရဲမှာဖြစ်မယ့် သစ်ငုတ်ပဲ။ ခင်ဗျားအယူမှာ သူဟာအဝိဇ္ဇာပဲ။ သူ့အပယ်မှာလားမယ့် တိတ္ထိပဲ။ ဘာများထူးပြီးခြားနားသလဲ။ ဘာ ဘာသာအယူမှာမှမတည်တဲ့ အတွေးအခေါ်အရ အခြောက်တရား အမြှောက်တရားကနေ လွတ်မြောက်နေတဲ့သူကို ခင်ဗျားတို့ဘုံရန်သူအဖြစ် အပြီးအပြတ်ချေမှုန်းနိုင်စွမ်း မရှိဘူးမဟုတ်လား။ ချေမှုန်းလို့လည်း ဘယ်တုန်းကမှ မရခဲ့ဘူးမဟုတ်လားလူ့အန္ဓတို့။ ခင်ဗျားတို့အချင်းချင်းအယူမြတ်/လူမြတ်ပြိုင်ရင်း ချေမှုန်းကြရင်းကြေပြုဉ်းကုန်ကြတော့မှာလို့ မတွေးမိဘူးလားလူ့အန္ဓတို့။ ဘာသာအယူတို့ရဲ့ကောင်းမြတ်တဲ့အခြားဘက်မျက်နှာစာဟာ ခင်ဗျားတို့ကြောင့်ညစ်နွမ်းခဲ့ရ အဆင်းအလှပျက်ခဲ့ရပြီလူအန္ဓတို့။ သွေးချောင်းစီးနေရတာနဲ့တင် လောကကြေပျက်ရလှ၊
သွေးဆာနေတဲ့ခင်ဗျားတို့နှလုံးသားကို သူတပါးဇီဝနဲ့ယဇ်ပူဇော်နေရတာနဲ့တင်
ကမ္ဘာနာလှပြီလူ့အန္ဓတို့။ ဘာသာအယူနောက်လိုက်ဖြစ်ကြရာမှာလည်း အရင်နောက်လိုက်ဖြစ်သူနဲ့ နောက်မှနောက်လိုက်ဖြစ်သူ ဒါပဲကွာတယ်။
ဘာများ မန်တက်ယစ်မူးစရာရှိပါသလဲ။ ဘယ်သူကအိမ်ရှင် ဘယ်သူကဧည့်သည်ရယ်လို့ မရှိ။ လောကီ/လောကုတ္တရာဆိုင်ရာမှာ အနတ္တအမြင်ခံယူသူက လူကို/ဘာသာကို အိမ်ရှင်ဧည့်သည်ဆိုလေတော့ သူယုံကြည်မှာမစူးနစ်ပဲ ဦးနှောက်နဲ့အတွေးအခေါ်မှာ လောကဖျက်အတွေး ကူးစက်နေတဲ့အတ္တဘောကြီးမျှလို့ မြင်စရာမဖြစ်ပေဘူးလား။ (မိစ္ဆာနဲ့တိတ္ထိတို့ကိစ္စ)

စက်မှုလယ်ယာမဖြစ်သေးလို့၊
စက်မှုမထွန်းကားသေးလို့၊
သီးနှံစပါးရဖို့ နွားနဲ့အတူဖက်ရုန်းရလို့၊
ယုံကြည်ရာမြစ်ဖျားဟာ
နွားသတ္တဝါကိုအထွဋ်အမြတ်ထားတဲ့အရပ်ကစီးဆင်းလာလို့၊
၅၅ဝ နိပတ်တော်ထဲ နွားလားဥဿဘအဖြစ် ဘဝတစ်ခုရှိခဲ့ဘူးလို့၊
နွားကိုကျေးဇူးရှင်အဖြစ်သဘောထားတဲ့၊
ပညာလည်းဟုတ်တိပတ်တိဆည်းပူးခွင့်မရရှာသလို
ကိုယ်တိုင်လည်းထောက်ချင့်ဆင်ခြင်နိုင်စွမ်းပါးရှားတဲ့
ရွှေပြည်ကြီးဇာတိဖွား အကြောင်းသင့်လို့ဒီရောက်လာတဲ့အမိအဖတွေနဲ့
ဒီမှာမွေးဒီမှာကြီး ဒီကပညာရေးစနစ် ဒီကလူနေမှုပုံစံ
ဒီကအတွေးအမြင်နဲ့ယဉ်ပါးတဲ့သားသမီးတို့အကြားမှာ
နွားဟာ ကျေးဇူးရှင်ဖြစ်လိုက်၊
အဟိတ်တိရိစ္ဆာန်ဖြစ်လိုက်၊
သနားစရာကောင်းလိုက်၊
စားစရာကောင်းလိုက်နဲ့၊
တမိုးအောက်မှာ
၂ နေရာ အချထားခံရရှာတဲ့နွားခမျာ
ဗျာများရရှာတယ်။ (မိဘနဲ့သားသမီးကြားကနွားကိစ္စ)

စစ်အာဏာနဲ့စစ်မင်းဆက်ကိုအတိအလင်းထူထောင်ခဲ့(ခုတိုင်လည်း ဗိုလ်ဆိုးဗိုလ်ယုတ်တွေလက်မှာ ဖွတ်ဖွတ်ကြေနေဆဲ)တဲ့ ဗိုလ်နေဝင်းနဲ့အပေါင်းအပါတသိုက်ရဲ့ တိုင်းပြည်နဲ့လူထုအပေါ် ဆိုးယုတ်တဲ့လုပ်ရပ်မှန်သမျှကိုဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနိုင်သလောက်လုပ်ပေမယ့် ခပေါင်းနဲ့ဒူးယားစီးကရက်ကို လွမ်းမိတာတော့အမှန်ပဲ။ ပြောမယ့်သာပြောရတာပါ သူ့စီးကရက်တွေနဲ့ သူ့သရုပ်သကန်ဟာတထပ်တည်းကျပါတယ်။ သူ့စီးကရက်တွေရဲ့အနှစ်သာရကြာကြာမခံသလို စစ်အာဏာမျက်နှာဖုံးလည်း တမွန်းတောင်မတည့်ဘူး ကွာကျတာပါ။ ခပေါင်းက နောက်ပိုင်းမှာ အစီခံနဲ့ထုတ်လာသလို ပုပ္ပါးဆိုပြီးလည်း နောက်တမျိုးထပ်ထုတ်တယ်။ ပရုပ်အေးဆိုပြီး တလိပ်လုံးအဖြူ ဆွတ်ဆွတ်လည်းထွက်သေးတယ်။ ပြောရင် ခပေါင်းနဲ့ဒူးယားတောင်မှ ရန်ကုန်နဲ့ပခုက္ကူဆိုပြီးကွာတယ်။ (ဘေးပိတ်နဲ့ဖင်ပိတ်ဆိုပြီးဗူးပိတ်ပုံပိတ်နည်းကွာပြီး ဈေးလည်းနည်းနည်းကွာတယ်) ဆေးစပ်နည်းနည်း
ကွာတယ်။ ရန်ကုန်က လူကြိုက်များတယ်။ တခါ အလိပ်နှစ်ဆယ်ဝင် ဒူးယားမှာဗူးပျော့ဗူးမာတွေထွက်သလို အလိပ်ငါးဆယ်ဝင် သံဗူးလည်းထွက်တယ်။ ပြောရင် ထွက်စနဲ့ ၈၈ မတိုင်ခင်ကာလတွေအထိ သောက်ကောင်းတုန်းပဲ။ ဈေးလည်းသိတ်မကြီးတော့ လူတွေဝယ်သောက်နိုင်တယ်ထားပါတော့။ နောက်ပိုင်း ထုံစံအတိုင်း မှောင်ခိုဖြစ်တော့ကြီးသွားတယ်။ တခါ အရည်အသွေးကလည်း ကျလိုက်လာတယ်။ ဆေးခေါင်းတွေပွလာတယ် မကျစ်တော့ဘူး။ ချောင်လာတယ်။ မီးညှိရုံရှိသေး တစ်ဝက်လောက်ကျိုးသွားတာမျိုး၊ ဖင်စီခံကော်တောင်မမြဲလို့ ဗူးထဲတင် အစီခံကျွတ်တွေပါ ပါလာတာမျိုးတွေဖြစ်လာတယ်။ ဒီကြားထဲ လက်လိပ်အတုတွေကလည်း ဒလမန်းကြမ်းထွက် လာတယ်။ ပြောရရင် အဲ့ဆေးလိပ်တွေဟာ လတ်သာလတ်လို့ကတော့ တယ်သောက်ကောင်းတဲ့ဆေးစပ်တွေပါ။ တဗူးလုံးဖေါက်မစစ်ခင် လတ်မလတ်မှိုတက်မတက်သိရအောင် ဗူးထောင့်လေး ရှေ့သွားဖျားနဲ့ကိုက် အပေါက်သေးသေးလေးဖေါက်ပြီး အထဲကအနံ့ကိုပါးစပ်နဲ့ရှူသွင်း လည်ချောင်းကနေတဆင့် နှာခေါင်းထဲအနံ့ခံကြည့်တဲ့အခါ ဆေးများလတ်လို့ကတော့ ရတဲ့အနံ့ဟာ တကယ့်ကိုစွဲမက်စရာ။ ဗိုလ်နေဝင်း ခပေါင်း၊ ဒူးယားနဲ့ပုပ္ဗါးမှာ ဆိုရှယ်လစ်အတုအယောင်နဲ့ စစ်အာဏာထူထောင်စက လယ်သမားညီလာခံကြီးတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပပေး၊ လယ်သမားတွေကို ဦးကြီးတွေခေါ်ပြီး”လယ်လုပ်သူလယ်လုပ်ပိုင်ခွင့်”နဲ့ ”လယ်လုပ်သူလယ်ပိုင်ခွင့်”ကို နှစ်ပေါက်တစ်ပေါက်ရိုက် အောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်စီးကရက်တွေပါ။ ၁၉၆၂ မတ် ၂ ရက်နေ့မှာ စစ်အာဏာစတည်ခဲ့တာကို တောင်သူလယ်သမားနေ့ရယ်လို့ ခုတိုင် မပြောင်းမလဲခေါ်နေတာကိုပြင်ပစ်ဖို့ ခုထက်ပို စုကြစည်းကြဝန်းကြဝိုင်းကြနိုင်ရင် ပိုကောင်းမယ်တွေးမိတယ်။ ဒီလောက် မြေသိမ်းယာသိမ်းတွေလုပ်ပြီး တောင်သူလယ်သမားတွေရဲ့ဘဝတွေကိုပါသိမ်းပြီး ဖျက်ဆီးနေတဲ့အချိန်မျိုး အစိုးရမျိုး စနစ်မျိုးအောက်မှာမို့ အင်တိုက်အားတိုက်လုပ်ရင် ပိုလွယ်ပိုမြန်မယ် ထင်တာပဲ။ လယ်သမားမှာလယ်မရှိရင် ယာသမားမှာယာမရှိရင် ဘဝမရှိတော့တာပဲ။ လယ်ယာအဖျက်ခံရတာဟာ ဘဝအဖျက်ခံရတာပဲ။ သူတို့ဘဝကိုဖျက်တာဟာ သူတို့ရှင်သန်ရပ်တည်မှုကို ဖျက်တာပဲ။ ဘဝအသက်အဖျက်ခံရသူဆိုတာ ဘဝအသက်အတွက်အသက်ဘဝတွေပေးပြီး ပြန်တိုက် ယူမှာပဲ။ ယူလည်းယူရမှာပဲ။ တရားတဲ့ကိစ္စပဲ။ လယ်သိမ်းယာသိမ်းမြေသိမ်း ခံတောင်သူလယ်သမားများရဲ့ ဘဝအတွက်အသက်ရှင်သန်မှုအတွက်တိုက်တဲ့တိုက်ပွဲတွေကို ရောက်တဲ့အရပ်ကနေ အပြည့်အဝထောက်ခံ တယ်။ အောင်ပွဲခံကိုခံရမယ်လည်း ယုံတယ်။ ခပေါင်း၊ ဒူးယားစီးကရက်တွေနဲ့အတူ မဆလစစ်အာဏာရှင် သဏ္ဍန်ကြွေလွင့်ခဲ့သလို ဦးပိုင်တံဆိပ်မျိုးစုံနဲ့အတူ အရပ်သားအရေခြုံ ဒီမိုကရေစီအယောင်ဆောင် စစ်အာဏာသဏ္ဍန်သစ်နဲ့ သူ့အနှစ်သာရလည်း မုချကျဆုံးရဦးမှာပဲ။ (မာ့ခ်ျ ၂ ရက်နဲ့ ခပေါင်းဒူးယားကိစ္စ)

မဟတ္တမဂန္ဒီကြီး လူတွေကိုဦးဆောင်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားသွားချက်တာ အကြံကုန်လို့မဟုတ်သလို ဗြိတိသျှအရှင်သခင်(ဆိုသူ)တွေဆီကလည်း ခွင့်ပြုမိန့်ယူသွားတာမဟုတ်ပါ။ အသက်မွေးမှုမှာမှမဟုတ်ဘူး နိုင်ငံရေးမှာလည်း အေးအေးချမ်းချမ်းနဲ့ပြီးမယ်ဆို ဘယ်သူ ချွေးတစ်စက် အထွက်ခံချင်ပါ့မလဲ။ (ငြိမ်း/ပွင့်တွေရဲ့အေးအေးချမ်းချမ်းကိစ္စ)

ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအဖြစ်ရပ်တည်နေသူတွေရော၊ လက်နက်နဲ့ငြိမ်း ချမ်းရေးလဲတာဆိုတဲ့အစုအဖွဲ့တွေရော၊ အပစ်ရပ်လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရော အားလုံးခမျာ စစ်အုပ်စုနဲ့သူ့အကျိုးစီးပွားတူတွေ စနစ်တကျဖန်တီးပြီး ဂွင်ထဲထည့် လှည့်တိုက်ပေးနေတဲ့ လူမျိုး/ဘာသာရေးအကြမ်းဖက်မှုတွေကို လိမ့်နေအောင်ခံနေရတာထင်ရှားတယ်။ စကားလုံးနဲ့ဖော်ပြဖို့ မစွမ်းသာအောင်ကြောက်မက်ဖွယ်ကောင်းပြီး လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်တဲ့မတရားမှုတွေမှန်း သိသိနဲ့ ရေငုံနှုတ်ပိတ်နေနေရတဲ့ဘဝပဲ။ကျင့်ဝတ်အခြေပြုနိုင်ငံရေးအရ ပြောရလုပ်ရမယ့်ကိစ္စတွေမှန်း
သိသိနဲ့ တရားမဲ့ဖိနှိပ်ပြုကျင့်ခံရသူတွေဘက်ကဝင်ရပ်ပြီး တိုက်ပေးဖို့မပြောနဲ့ ဖေးမစာနာ စကားလေးတောင် ပြောလို့မရကြတော့တဲ့အဖြစ်ပဲ။ ပြောမဝံ့ကြတဲ့အဖြစ်ပဲ။ အပြင်လူတွေ (နိုင်ငံတကာက) ပြောနေတာတောင် မကြားနိုးနားနေပေးရတဲ့အနေအထားပဲ။ မတရားပြုကျင့်ခံရသူဘက်ကဝင်ဖေးမရင်ကိုပဲ မိမိနိုင်ငံရေးဘဝ မိမိကိုယ်ကျိုးစီးပွား မိမိအန္တရာယ် (ကုန်ကုန်ပြောရရင် အသက်အန္တရာယ်အထိရှိတာသေချာတယ်) ဒါ့ကြောင့် မပြောကြတာ ပြောမရတာ
မပြောတာပဲ။ ခံနေရသူတွေသေအောင်ခံရပေ့စေ လုပ်သူကို မတရားမလုပ်နဲ့လို့ပြောဖို့မဆိုနဲ့ မုဒိန်းမှုဖြစ်တဲ့အခါ ”အကျင့်ခံရမှာပေါ့ စကပ်တိုလေးဝတ်ပြီး တစ်ယောက်တည်းအပြင်ထွက်တာကိုး”ဆိုတဲ့ မုဒိန်းကောင်ကိုရှူတ်ချအရေးမယူဝံ့ပဲ အကျင့်ခံရသူကိုအပြစ်ဖို့တဲ့လေသံတောင်ထွက်ထွက်ပေးနေရတဲ့ ရစရာမရှိအောင်ယိုယွင်းချွတ်ခြုံကျနိုင်ငံရေးဘဝအနေပဲ။ ဘာလို့အဲ့သလိုဖြစ်ရသလဲ ပြန်သတ္တုချကြည့် ”ကိုယ့်ဘက်က အပြတ်မလုပ်လို့” ဆိုတဲ့အဖြေ တန်းကနဲထွက်လာလိမ့်မယ်။ ကိုယ့်ဘက်က အပြတ်လုပ်လို့ရတဲ့အခြေအနေ၊ အချိန်အခါနဲ့အခွင့်အလမ်းရခဲ့ပါရက်နဲ့ မူအရ ရပ်တည်ချက်အရ နိုင်ငံရေးအရမပြတ်မသား တွေဝေတိမ်းမူးခဲ့ကြလို့ ခုလိုဖြစ်ရတာလို့မြင်မိတယ်။ ကိုယ်မလုပ်တော့ သူလုပ်တာခံရတဲ့သဘောဟာ ပိုသိသာလာတယ်။ အဲ့ဒီတရားဟာ ပိုထင်ရှား မှန်ကန်လာတယ်။ နောင်လည်း မှန်နေဦးမယ့်တရားပဲ။ နောင်လည်း ခံနေရဦးမယ့်သဘောပဲ။ ခု ကုလားနဲ့ထိုးပြီး ဘုန်းကြီးနဲ့လှည့်တိုက်တာကို ကဖြဲကရုန်းလိမ့်နေအောင်ခံနေရတာ၊ နောင် ဘာနဲ့ထိုးပြီး ဘာနဲ့လှည့်တိုက်တာ ခံရဦးမလဲ။ နိုင်ငံရေးမှာ(အာဏာသဘောမှာ) ကိုယ်လုပ်နိုင်ရင် လုပ်နိုင်တုန်း အပြီးအပြတ်လုပ် မလုပ်နိုင်ရင် သူလုပ်တာခံရမှာပဲ။ ဒါ လောကသဘာဝမှန်း အာဏာသဘာဝမှန်း ကမ္ဘာ့သမိုင်း ဗမာ့သမိုင်းတွေမှာတွေ့နိုင်တာပါပဲ။ (သူလုပ်ကိုယ်လုပ်အာဏာကိစ္စ)

မနေ့က အောက်မေ့ကြောင်းပြောတာနဲ့ မျှော်တုန်းမျှော်ခါပေါ်ပေါက်လာ သတ္တဝါဓလေ့စိတ်ချမ်းမြေ့ ဆိုရမလား၊ မယ်သာကီလာပြီး အငေါ်တူးတယ်။ ဝီရသူနဲ့ ဦးဝင်းတင်တွေ့တဲ့အကြောင်းရေးတဲ့ ကျနော့်စတေးတပ်စ်ဖတ်ပြီး။ “ရှင်ပဲ ပြောတယ်မဟုတ်လား၊ လူထဲတင် သူ့လူကိုယ့်လူရှိတာမဟုတ်ဘူး။ ဘုန်းကြီးထဲလည်း သူ့ဘုန်းကြီးကိုယ့်ဘုန်းကြီးရှိတယ်ဆို၊ သူလည်း သူ့ဘုန်းကြီးနဲ့သူလုပ်စရာရှိတာလုပ် ကိုယ်လည်း ကိုယ့်ဘုန်းကြီးနဲ့ကိုယ်လုပ်စရာရှိတာလုပ်ဆို၊ ခု ဦးဝင်းတင်က သူ့ဘုန်းကြီး ကိုယ့်ဘက်သားဖြစ်အောင်လုပ်တာမဟုတ်ဘူး ပြောနိုင်မလား။ သူ့ဘုန်းကြီးကိုင်ပြီး ကိုယ့်နိုင်ငံရေးလုပ်ဖို့ပြင်တာမဟုတ်ဘူးပြောနိုင်မလား၊ ဟုတ်တယ်ဆို ဒါ အလွန်အဆင့်မြင့်တဲ့ နိုင်ငံရေးကစားကွက်လို့ ပြောလို့မရဘူးလား၊ ရှင်လည်း အ သလိုလိုနဲ့ အတော် န တဲ့သူပဲ”တဲ့။
မယ်သာကီရေ ဘုန်းကြီးကိုင်ပြီး နိုင်ငံရေးကစားတာက ခုမှမဟုတ်ပါ။ အနော်ရထာကနေ စတာလို့ တုတ်ထမ်းပြီးပြောချင်တယ်။ အကောင်းအဆိုးအကျိုးအပြစ်က သမိုင်းနဲ့ချီထင်ရှားပြီးသားမို့ ထပ်ကွန့်စရာ မရှိပါ။ ကိုင်သူနဲ့အကိုင်ခံသူမှာ အကျိုးစီးပွားတူမှဖြစ်ရတဲ့အခြေအနေပါ။ သူ့လူကိုယ့်ဘက်သားနဲ့ ပဉ္စမံတပ်သားဆိုတာ နေရာတကာမှာရှိပါတယ်။ ခု ဦးဝင်တင်က ဝီရသူကိုကိုင်ပြီး နိုင်ငံရေးကစားရအောင် ဝီရသူက “ဘုန်းကြီးလို့” လား။ (မယ်သာကီနဲ့ပလီစေ့ခြောက်ချက်)

ဦးဝင်းတင်နဲ့ဝီရသူတွေ့တယ်။ အသံထွက်လာတယ်။ ငြင်းကြခုန်ကြတယ်။ ကျနော်ကတော့ ဒေါ်စုသဘောထားမပါပဲဖြစ်ခဲ့တာမဟုတ်ဘူးထင်ကြောင်းကလွဲလို့ ဘာမှ မပြောဖြစ်ခဲ့ပါ။ ပြောစရာလည်း မရှိလောက်သေးဘူးထင်လို့။ ဟုတ်/မဟုတ်ကတော့ ကာယကံရှင်တွေ ထုတ်ပြောမှအတိကျသိရမှာပါ။ ဒေါ်စုနဲ့တွေ့ချင်ကြောင်း ဝီရသူဆီက အသံထွက်ဖူးပါတယ်။ ဒေါ်စုဘက်ကလည်း ဘယ်ဘုန်းကြီးပါ ပါရင် အတွေ့ခံမယ်သဘောမျိုးသတင်းလည်း ပျံ့ခဲ့ဖူးပါတယ်။ ခု ဦးဝင်တင်က ဓါးအစမ်းထိုးခံကြည့်ဖို့ ဗိုက်လှန်ပေးသလား၊ လေးသွားပစ်တာလား၊ ခေါင်း သွားရောင်းတာလားပြောဖို့အလွန်ခက်ပါတယ်။ ဘယ်သူက ဘာ့ကြောင့်တွေ့တွေ့၊ တွေ့တာဟာ တွေ့တာ ပါပဲ။ အလွတ်သဘောတွေ့တာလို့ ပြောလို့မရပါ။ နှစ်ဘက်စလုံးမှာ ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှုတွေရှိပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စလို့ ပြောလို့မရပါ။ ကိုယ်ရေးကိုယ်တာ ပြောကြတာမဟုတ်ပါ။ တွေ့တော့ ဘာဖြစ်လဲ.. ဘယ်သူနိုင်ငံရေးအမြတ်ထွက်သလဲ တွေးစရာပါ။ ဦးဝင်းတင် မမြတ်ပါဘူး။ နိုင်ငံရေးလုပ်တာ အာဏာလိုလို့၊ အာဏာယူဖို့လုပ်တာဆိုပြီး အင်န်အယ်လ်ဒီမှာ အာဏာရယူရေးသဘောထား
ရှိတဲ့အကြောင်း တင်းတင်းရင်းရင်း တိတိလင်းလင်းမပြောခဲ့တာတွေ့ပါတယ်။ ဒေါ်စုက အာဏာလိုကြောင်း (သမ္မတဖြစ်ချင်တယ်လို့)အတိအလင်းပြောနေတဲ့ကြားက (ပါတီထောင် နိုင်ငံရေးလုပ်နေရက်နဲ့ အင်န်အယ်လ်ဒီ ရေတက်ဦးကာလများကနေ နှစ် ၂ဝ ကျော်စွဲတဲ့နိုင်ငံရေးစိတ္တဇ) “အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာမဟုတ်”ဆိုတဲ့ဆီ ပြန်လည်ထွက်သွားတာလို့မြင်မိတယ်။ အာဏာလိုလို့ ပါတီထောင်နိုင်ငံရေးလုပ်တာဖြစ်ကြောင်းပြောရတာ ဘာမှမမှားပါ။ နိုင်ငံရေးဟာ အာဏာပြဿနာပါ။ ဦးပြည်းထား သင်္ကန်းဝတ် လောကီအရှုပ်ထဲဝင်မပါ ဝိမုတ္တိအရေးနဲ့မွေ့လျော်မယ်ကြုံးဝါးသူကတောင် အာဏာကိစ္စကို ဟီရိသြတ္တပကင်းကင်းပြောတဲ့ကြားက "ဒေါ်စုက သမ္မတဖြစ်ဖို့နိုင်ငံရေးလုပ်တာမဟုတ်ဘူး" လို့ပြောတာက ဘယ်သူ့ဆီကမေတ္တာတော်များမျှော်မိလို့လည်း စဉ်းစားစရာပါ။ ပြန်ချုပ်ရရင် ဦးဝင်းတင် နိုင်ငံရေးအရမမြတ်ပါ။ “ထသွားမှကျိုးမှန်းသိ” အထိတော့ မရောက်သေးဘူးလို့ထင်ပါတယ်။ (ဝ နှစ်လုံးတွေ့ကိစ္စ)

Friend Request တွေ သတိလေးနဲ့လက်ခံတဲ့ကြားက ခရီးသွားဟန်လွှဲ အလိမ်တခုသွားဖော်မိတယ်။ အကောင့်ပရိုဖိုင်လ်က ကလေးကာတွန်းလက်ရာလေးလိုလို ဘာလိုလို၊ အကောင့်ရှင်အမည်ကလူနံမည်၊ သူ့ပုံတွေထဲမယ် ဒေါ်စုနဲ့ရှင်ဆန္ဒာဓိကပုံလည်း ညှပ်ပြီးတင်ထားသေးတယ်။ မိတ်ဆွေလည်း နည်းနည်းပဲ ရှိသေးသလို ဘာစတေးတပ်စ်မှလည်း များများစားစားတင်ထားတာမရှိ။ မိတ်ဆွေဖြစ်လက်ခံလိုက်ပြီး သိတ်မကြာဘူး ချက်တင်န်းဝင်ပြီး ”မင်္ဂလာပါ ပြည့်စုံကျန်းမာပါစေခင်ဗျား”နဲ့ အစချီ နှုတ်ဆက်တော့ ကြောင်စီစီဖြစ်သွားတယ်။ ဒါနဲ့ အလိုက်အထိုက်ပြန်ပြောရင်း ပဋိသန္ဓာရတာပေါ့။ နောက် တနေ့လည်းကျရော ဘာသာရေးအစွန်းမလွတ်တလွတ်လေးရေးပြီး ဗုဒ္ဓဘာသာသာလျှင်အမြတ်ဆုံး ဘာညာလုပ်လာတယ်။ ဒါလည်း ကိစ္စမရှိ။ နောက်တဆင့် တက်လာတော့ အခြားဘာသာတွေ မကောင်းကြောင်းဆိုလာတယ်။ ဒါလည်းပြဿနာမရှိ။ နောက်တဆင့်ကျ အခြားဘာသာအယူမှန်သမျှ မိစ္ဆာဒိဌိလုပ်လာပြန်တယ်။ ဒါလည်း စကားလုပ်ပြောစရာမလို။ နောက်တဆင့်ကျ အမျိုး ဘာသာ သာသနာနဲ့မျိုးစောင့်ဥပဒေဖြစ်လာတယ်။ ဒါတော့ ကိစ္စကရှိလာပြီ နည်းနည်းတော့ ပြောဖို့လိုတယ်တွေးပြီး ”တိုင်းပြည်ကို ကမ္ဘာပုံအလယ် မတင့်တယ်စေမယ့်ကိစ္စ”လို့ပြောလိုက်တယ်။ ချက်ခြင်းပဲ ဆတ်ကနဲဖြစ်ကာ ”မင်းတွေ ငါတွေ”ဖြစ်သွားတယ်။ ဒါနဲ့ သူက မင်းငါဆိုတော့ ကိုယ်လည်း ခင်ဗျားကျနော် မနေတော့ဘူး။ ဒီတော့မှပြောရင်း ပွင့်ကျသွားတယ် လူယောင်ဆောင်ထားတဲ့ ဘုန်းကြီးအစစ်ကြီးမှန်း။ (ထက်ရာဇာပြောတဲ့ဇာတ်လမ်းလို) လူချင်းမမြင်ဖူးပဲ တယ်လီဖုန်းနဲ့ရည်းစားဖြစ်၊ ကြားတယောက်ကထောင်လို့ ကောင်မလေးက သူ့လူ ဘုန်းကြီးဆိုတာသိတော့ ဖုန်းနဲ့ပဲ မေးတယ်...”ကိုကို သမီး အသိတယောက်ကပြောတယ် ကိုကိုက လူမဟုတ်ဘူးတဲ့၊ ဘုန်းကြီးဆို ဟုတ်လား”တဲ့။ ဒီတော့ ကိုကိုလည်း ဆတ်ကနဲဖြစ်သွားပြီး ” ဘုန်းကြီး မဟုတ်ရပါဘူး ဒကာမလေးရယ်”ဆို ပြန်ဖြေတာမျိုး ကျနော်ဖြစ်တဲ့အဖြစ်က။ (အလိမ်ဖော်ခံရတဲ့ဘုန်းကြီးဆိုးကိစ္စ)

0 comments:

Post a Comment