စစ်အေးတိုက်ပွဲကို ရှုဒေါင့်တခုကမြင်ရတဲ့အမြင် (ကိုဝတုတ်)
စစ်အေးတိုက်ပွဲကို အိုင်ဒီယော်လော်ဂျီတိုက်ပွဲအဖြစ်ပုံဖော်ပြီး
(အဲဒီထဲမှာ လက်ဝဲရော လက်ျာရောပါတယ်) မြင်ကြည့်သူတွေက ဘာလင်တံတိုင်းပြိုကျမှု၊
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကို လစ်ဘရယ်ဒီမိုကရေစီအနိုင်ရမှုအဖြစ် မြင်ကြတယ်။
စစ်အေးတိုက်ပွဲမှာ အဓိက ရန်ဘက်နှစ်နိုင်ငံမှာ အနောက်အုပ်စုရဲ့လူမှုရေးနဲ့စီးပွားရေးစံနစ်က
အရှေ့အုပ်စုထက်သာတယ်ဆိုတာ မငြင်းရင်တောင် ၂ဝ ရာစုရဲ့ စစ်အေးတိုက်ပွဲနိဂုံးကို
လစ်ဘရယ်ဝါဒဖြန့်သမားတွေပြောသလို လစ်ဘရယ်ဒီမိုကရေစီအနိုင်ရမှုအဖြစ်မြင်တာ
အဓိပ္ပါယ်မရှိဘူး။ (ဒါတောင် တကယ်တမ်း ပြောစရာတွေအများကြီးရှိတယ်။ ဆိုဗီယက်ပြည်ထောင်စုက
စစ်ကြောင့် အကြီးအကျယ်ပျက်စီးခဲ့ရသလို (၁၉၅၉ ထိ ဆိုဗီယက်မှာ အသက် ၃၅ နဲ့ ၅ဝ ကြားတွေမှာ
အမျိုးသမီး ၇ ယောက်မှာ အမျိုးသားက ၄ ယောက်ပဲရှိတယ်။ ဒုတိယကမ္ဘာစစ်ကြောင့်
ဆိုဗီယက်ရဲ့ စီးပွားရေးအသားတင်အမြတ်ထွက်မှုက သုညအောက် ခပ်လှမ်းလှမ်းမှာရှိရင်
အမေရိကန်ကတော့ သုညအပေါ် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ တနည်းအားဖြင့် စစ်အေးကို
နှစ်နိုင်ငံ စ ဝင်ချိန်မှာ စမှတ်က မတူကြဘူး။ နောက်တခါ ဆိုဗီယက်ပြည်ထောင်စုအနေနဲ့
ရဲဘော်ရဲဘက်စိတ် (နှစ်ဆယ်ရာစုအကုန် moral milieu နဲ့ ကြီးပြင်းလာသူတွေအများကြီးရှိနေတာမို့
တချို့ ဆိုဗီယက်ပြည်ထောင်စု လုပ်ရပ်တွေဟာ အကျိုးစီးပွားသက်သက်ကြည့်လုပ်တာတွေမဟုတ်တာကို
ဒီနေရာမှာ ထည့်ပြောမှဖြစ်မယ်) နဲ့ subsidise လုပ်ပေးရတဲ့ နိုင်ငံတွေရှိသေးတယ်။ သူ့မှာ
ပစ္စည်းမဲ့တော်လှန်ရေးအလံကို ကိုင်ထားတဲ့အလျောက် (အကျိုးစီးပွားသက်သက်ကိုပဲစဉ်းစားလို့မရ)
သင့်တော်တဲ့တာဝန်ခံမှုလည်း ရှိရသေးတယ်။ အရင်းရှင်နဲ့ကွန်မြူနစ်ကွာတာက အရင်းရှင်က
ငါ့မှာသူငယ်ချင်းမရှိဘူး၊ အကျိုးစီးပွားပဲ ရှိတယ်လို့ ကြွေူးကြော်ပြီး
တခြားလူတွေကို အဲဒီလိုသဘောထားဆက်ဆံလို့ရပေမယ့် ကွန်မြူနစ်က အဲဒီ maxim နဲ့
တခြားနိုင်ငံတွေကို ဆက်ဆံလို့မရသလို ကြွေးကြော်ဖို့ဆိုတာ ဝေးသေး။ ကြောင်ဖြူတာမဲတာအရေးမကြီးဘူးလို့
ပြောနိုင်တဲ့အနေအထားကွန်မြူနစ် ရုသျှဆီမှာ မရှိဘူး။ အဲဒီလို
အိုင်ဒီယော်လော်ဂျီအရပျော့ပြောင်းနိုင်တဲ့အနေအထားမရှိမှုနဲ့ ရုသျှဗြူရိုကရေစီပေါင်းစပ်မိရာကနေ
ဆိုဗီယက်ပြည်ထောင်စု အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုအပ်တာသိတဲ့ကြားက၊
လုပ်ဖို့ပြောနေတာတွေရှိတဲ့ကြားကကို တကယ်တမ်းလက်တွေ့လုပ်ဖို့ သိပ်ခက်နေတဲ့အချက်ကို
ရှင်းပြလို့ရနိုင်စရာရှိတယ်)
ပြောရရင် စစ်အေးတိုက်ပွဲကို
အရင်းရှင်စံနစ်နဲ့ကွန်မြူနစ်စံနစ်တို့ရဲ့တိုက်ပွဲသက်သက်အဖြစ် ပုံဖော်တာ အပြည့်အဝမမှန်ဘူး။
အိုင်ဒီယော်လော်ဂျီဟာ အရေးကြီးတဲ့အချက်တချက်အနေနဲ့ပါတာ မှန်တယ်။ ဒါပေမယ့်လည်း
ဆိုဗီယက်ရုသျှအနေနဲ့ အရင်းရှင်စနစ်ကို တော်လှန်အနိုင်ယူမယ်ဆိုတဲ့ ကြွေးကြော်သံမျိုး
ကြွေးကြော်မနေရင်တောင် ၂ဝ ရာစု စစ်အေးတိုက်ပွဲဟာ အခု တွေ့ခဲ့ကြတဲ့ပုံစံအတိုင်း
ထွက်လာစရာရှိတယ်။ (ဆိုဗီယက်အနေနဲ့ ကမ္ဘာ့တော်လှန်ရေးအိပ်မက်ကို စွန့်လွှတ်ခဲ့တာ ၁၉၂ဝ
ဆယ်စုနှစ် ခပ်စောစောကတည်းကပဲ။ ကမ္ဘာ့နိုင်ငံတွေမှာ တော်လှန်ရေးဖော်ဆောင်ဖို့ကြိုးစားတဲ့ကြိုးစားမှုတွေ
(၁၉၂၃ ဂျာမနီနဲ့ ဘူဂေးရီးယား၊ ၁၉၂၆ အင်ဒိုနီးရှား၊ ၁၉၂၇ တရုတ်နဲ့ နောက်ပိုင်း ၁၉၃၅
ဘရာဇီး) မအောင်မြင်တာကိုကြည့်) အထူးသဖြင့် ဒုတိယကမ္ဘာစစ်မှာ နာဇီတွေကို
အနိုင်ယူရေးကို အဓိကဦးစားပေးဖို့ လိုတာကိုသိတဲ့အလျှောက် စတာလင်ဟာ
ကမ္ဘာ့တော်လှန်ရေးဖော်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တဲ့ ကွန်မင်တန်းကို
မဟာမိတ်တွေနဲ့ ဆက်ဆံရေးပိုကောင်းဖို့စဉ်းစားချက်နဲ့ စစ်တွင်းကာလ ၁၉၄၃ မှာ
တရားဝင်တောင် ဖျက်ပေးခဲ့သေးတယ်။ နောက်ပိုင်း အမေရိကန်က မာရှယ်စီမံကိန်းစတော့မှ
ကွန်မင်ဖောင်းကို tit-for-tat အနေနဲ့ ပြန်ဖွဲ့တယ်) တကယ်တော့ အဓိကအားဖြင့် ခြွင်းချက်မရှိ
လက်နက်ချလိုက် ရတဲ့ စစ်ရှုံးနိုင်ငံတွေနဲ့ပတ်သက်ပြီး ဘယ်လို/ဘာဆက်လုပ်မလဲဆိုတဲ့မေးခွန်းတွေမှာ
ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်နဲ့ဗြိတိန်စတဲ့ အဓိက စစ်နိုင် နိုင်ငံသုံးနိုင်ငံကြား
ဘယ်လိုမှ ညှိလို့မရတဲသဘောထားတွေရှိနေတဲ့အချက်က စစ်အေးတိုက်ပွဲအစကိုရှင်းပြရမှာ ပြောခဲ့တဲ့
အိုင်ဒီယော်လော်ဂျီချင်းမတူတဲ့အချက်လို အရေးပါတယ်လို့ တချို့လေ့လာသူတွေက (Hobsbawm
ရဲ့ အစွန်းများခေတ် စာအုပ်က Cold War အခန်းကိုကြည့်) သုံးသပ်တယ်။
ဒီသဘောမတူညီမှုတွေနဲ့ပတ်သက်တဲ့
အသေးစိတ်အချက်တွေကို ဒီမှာပြောမနေတော့ဘူး။ (စစ်အေးနဲ့ပတ်သက်တဲ့စာအုပ်တွေထဲမှာ
Martin Walker ရဲ့ Cold War နဲ့ Fred Halliday ရဲ့ Making of the Second Cold War
နှစ်ခုကို အဓိကညွှန်းချင်တယ်) ပထမတချက်အနေနဲ့ စတာလင်ခေါင်းထဲမှာရှိတဲ့ တခုတည်းသောစဉ်းစားချက်က
ဂျာမနီနောက်တခါ သူတို့ကို ထပ်မကျူးကျော်နိုင်ရေးပဲ။ ဒီတော့ ဂျာမနီနဲ့ သူနဲ့ ကြားဒေသကို
'friendly territory' အဖြစ် ထားချင်တယ်။ ဒါ သူရဲ့အဓိကစဉ်းစားချက်။
ကွန်မြနစ်ဝါဒဖြန့်ဖို့တို့၊ ကမ္ဘာ့တော်လှန်ရေးတို့ဆိုတာ အိပ်မက်တောင်
မက်နိုင်တဲ့အနေအထားမရှိဘူး။ (အဲဒီအတွက်ကြောင့်ပဲ မော်စကိုဟာ ကမ္ဘာ့တော်လှန်ရေးကိုသစ္စာဖောက်တယ်ဆိုတဲ့
စွပ်စွဲချက်တွေကို နောက်ပိုင်းကြားရတာ) အင်္ဂလိပ်က ဥရောပမှာ သူ့ဂွင်
ပျောက်မသွားချင်ဘူး။ အမေရိကန်ကတော့ ဥရောပနိုင်ငံတွေရဲ့ (ကိုလိုနီဘဝကလွတ်တော့မယ့်
နိုင်ငံတွေအပါ) စီးပွားရေး ပြန်ထူထူထောင်ထောင်ဖြစ်လာရေးကို အဓိကလိုလားတယ်။ သို့သော်လည်း
လက်တွေ့ဖြစ်နေတဲ့အချက်တွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုကန့်သတ်ဖို့ဖြစ်လာတယ်။ အဲဒီ
လက်တွေ့ဖြစ်နေတဲ့အချက်တွေထဲမှာ အဓိကအကျဆုံးအချက်တွေက ဂျာမနီလက်နက်ချချိန်မှာ
ဆိုဗီယက်ဟာ ဥရောပအရှေ့တခြမ်းလုံးမက (ပြောရရင် ဘာလင်အရှေ့ဘက် မိုင်တရာလောက်ထိတင်မက
ဇာဘုရင်တွေလက်ထက်မှာ အိပ်မက်တောင်မမက်ဝံ့တဲ့ မဟာဗျူဟာရည်မှန်းချက်ဖြစ်တဲ့
ပင်လယ်နက်နဲ့ မြေထဲပင်လယ်ကြားက တူရကီပိုင် Dardanelles ရေလက်ကြားထိပါ)
စီးထားနိုင်သလို နာဇီလက်အောက်ကလွတ်လာတဲ့ ဆိုင်ရာတိုင်းပြည်တွေမှာ မကြာခင် အစိုးရအကြီးအကဲဖြစ်လာတော့မယ့်လူတွေဟာ
ကွန်မြူနစ်တွေ၊ ကွန်မြူနစ်လိုလားသူတွေဖြစ်နေတယ်။ တဘက်မှာ အမေရိကန်ဟာ အဲဒီအချိန်မှာ
အဏုမြူဗုံးကို တဉီးတည်းပိုင်ထားပြီး (တကယ်က အဏုမြူဗုံးကိုထွင်ရာမှာ ဗြိတိသျှ
သိပ္ပံပညာရှင်တွေကို အများကြီးသုံးခဲ့ပေမယ့် ဗုံးလျှို့ဝှက်ချက်ကို အမေရိကန်ဟာ
အင်္ဂလိပ်ကိုတောင် မမျှဘူး) စီးပွားရေးအရလည်း တခြားနိုင်ငံတွေကို
စိုးမိုးနိုင်လောက်တဲ့အင်အားရှိတယ်။ ဆိုဗီယက်က အမေရိကန်ရဲ့လက်တလောအင်အားကို လန့်သလို
အမေရိကန် ကလည်း ဆိုဗီယက်ရုသျှရဲ့ အနာဂတ်မှာ ကမ္ဘာကိုစိုးမိုးနိုင်ခြေ future potential
ကို လန့်တယ်။ နှစ်နိုင်ငံစလုံးရဲ့စိုးရိမ်သောကဟာ လုံးဝ တရားတယ်၊ အဓိပ္ပါယ်ရှိတယ်။
အခြေအနေဟာ တကယ့်ကိုအတိမ်းအစောင်းမခံတဲ့ အနေအထားမျိုး။ (တခြားအကြောင်းတွေလည်း ရှိသေးတယ်၊
ဥပမာ ရူးစဗဲ့က စစ်မပြီးခင်သေပြီး ထရူးမင်းတက်အလာ အစိုးရအကူးအပြောင်းကာလမှာ
သဘောထားတင်းမာတဲ့ အကြံပေးတွေရဲ့စကားကိုယုံဖို့ ထရူးမင်း ဆုံးဖြတ်ခဲ့တာ
စတာတွေဟာလည်း ထည့်စဉ်းစားစရာ၊ ထည့်စဉ်းစားကြတဲ့အချက်တွေပဲ)
နိုင်ငံတကာဆက်ဆံရေးမှာ threat
inflation ဆိုတဲ့ စကားတခုရှိတယ်။ ကိုယ့်ပြိုင်ဘက်က ပေးလာနိုင်တဲ့အန္တရယ်၊ သူ့လုပ်ရပ်နဲ့ပတ်သက်ပြီး
ကိုယ်က တိတိကျကျမသိတဲ့အခါ အဓိပ္ပါယ်မကောက်နိုင်တဲ့အခါ ကိုယ့်ကို စလုပ်နိုးနဲ့
ကိုယ်ရင်ဆိုင်ရလာဖွယ်ရှိတဲ့အန္တရယ်ကို ကိုယ့်ဟာကိုယ် ပုံကြီးချဲ့မိမှန်းမသိ ချဲ့မိတာမျိုးကိုပြောတာ။
၁၉၄၅/၄၆ က စစ်တွင်းမဟာမိတ်နိုင်ငံနှစ်နိုင်ငံရဲ့ဆက်ဆံရေး အချိန်တိုအတွင်း သိသိသာသာကြီး
ပြောင်းလာပုံဟာ အဲဒီ threat inflation အတွက် အကောင်းဆုံးဥပမာပဲ။ အဲဒီ အတွက်ကြောင့်ပဲ
ကမ္ဘာ့နိုင်ငံကြီးတွေဟာ threat inflation ကနေ တကယ် ထ ချတဲ့အထိမဖြစ်အောင် အရေးရယ်အကြောင်းရယ်ဖြစ်လာရင်
သက်ဆိုင်ရာနိုင်ငံတွေက တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေအချင်းချင်း ချက်ချင်း
တိုက်ရိုက်အဆက်အသွယ်လုပ်နိုင်မယ့်လမ်းကြောင်းကို စဉ်းစားကြတယ်။ အစိုးရတွေကြား
hot-line ထားတဲ့ ဓလေ့ဟာ စစ်အေးတိုက်ပွဲကာလက threat inflation ရဲ့ အဓိကအကျိုးဆက်ပဲ။
မော်စကို အမေရိကန်သံရုံးက
ဆိုဗီယက်အရေးလေ့လာသူ George Kennan ဆီက စတာလို့ သိကြတဲ့ Containment Policy ဟာ
ဆိုဗီယက်တွေ ဥရောပတခုလုံးကိုစီးသွားမယ့်
အနာဂတ်ဖြစ်နိုင်ခြေကိုစဉ်းစားရာကနေထွက်လာတဲ့ ပေါ်လစီ။ ဒီပေါ်လစီရဲ့အနှစ်သာရက
ဥရောပတင်မက တကမ္ဘာလုံးမှာ ဆိုဗီယက်အုပ်စုနဲ့ အမေရိကန်အုပ်စုကြား
သူ့ဂွင်ကိုယ့်ဂွင်ခြားထားမယ့်စည်းတခုကို တိတိကျကျ သတ်မှတ်ပြီး အဲ့ဒီစည်းကိုမကျော်ရေး၊
အကျော်မခံရေးဘဲ။ တကယ်က ဒီပေါ်လစီဟာ အင်မတန်မှသင့်မြတ်တဲ့ပေါ်လစီပဲ။ (အသေးစိတ်
သိချင်ရင် appeasement, containment, rollback စတဲ့ ပေါ်လစီတွေကိုဆက်လေ့လာကြည့်)
ဒီပေါ်လစီအတိုင်းကျင့်သုံးသွားမယ်ဆို စစ်အေးတိုက်ပွဲဟာ ဒီ့ထက်မက ကြာဖို့တောင်ရှိတယ်။
နောက် ဒီပေါ်လစီအရ သာဆို ဂျာမနီရော၊ ဂျပန်ရော နှစ်နိုင်ငံစလုံးဟာ ကနေ့ တွေ့ရသလို
ထူထူထောင်ထောင်ဖြစ်လာစရာလမ်း မရှိဘူး။ (စစ်ပြီးနောက် ဂျာမနီကို
ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကိုဖြေကြရာမှာ အဲဒီတုန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ မော်ဂင်သောင်အစီအစဉ်
Morganthau Plan ဆိုတာရှိတယ်။ ဒီအစီအစဉ်အရ ဂျာမနီ နောက်တခါ စစ်မတိုက်နိုင်အောင်
သူ့ရဲ့အကြီးစားစက်မှုလုပ်ငန်းတွေအားလုံးကို တစစီဖြစ်အောင်လုပ်ဖို့။ တနည်းအားဖြင့်
ဂျာမနီကို ၁၉ ရာစု အစထိ ပြန်ပို့ဖို့အစီအစဉ်။ ဂျပန်နဲ့ပတ်သက်ပြီးတော့လည်း အလားတူ
Zaibatsu busting ခေါ်တဲ့ အစီအစဉ်တခုရှိသေးတယ်။ အဲဒါကတော့ မောင်ဂင်သောင်အစီအစဉ်လို
ဂျပန်ရဲ့ဘဏ္ဍာရေးနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေကို တစစီ ဖျက်ပစ်ဖို့ပဲ။ J M Keynes တို့လို
အမြော်အမြင် ကြီးတဲ့ စီးပွားရေးပညာရှင်တွေက ဒီအစီအစဉ်တွေကိုကန့်ကွက်သလို တခြား
ပိုအရေးပါတဲ့စဉ်းစားချက်တွေကြောင့် ဒီအစီအစဉ်တွေကို ဖျက်ပြီး သူတို့ရဲ့ဆန့်ကျင်ဘက်ပေါ်လစီကို
ဖော်ဆောင်ဖို့ဖြစ်လာတယ်။ ဒါတွေကို အခုပြောမယ်)
ကွန်တိန်းမင့်ပေါ်လစီ
ပျက်ဖို့ဖြစ်လာရတဲ့အကြောင်းရင်းတွေထဲမှာ တရုတ်ပြည်ကြီး ကွန်မြူနစ်လက်ကျသွားတာနဲ့
ကိုရီးယားစစ်ပွဲက အဓိကအကျဆုံးအဖြစ်အပျက်တွေ ဖြစ်ဖွယ်ရှိတယ်။ (နောက်တခါ ဗြိတိသျှနဲ့
အမေရိကန်နိုင်ငံတွေက အစိုးရထိပ်တန်းအရာရှိတွေထဲမှာ ကွန်မြူနစ်သူလျှိုတွေ
နက်နက်ရှိုင်းရှိုင်းထိုးဖောက်နေတာတွေပေါ်လာတာကလည်း အမေရိကန်က
သဘောထားတင်းမာသူတွေအတွက် ကွန်မြူနစ်ရန်ကို ပိုတွက်ပြလို့ကောင်းနေတယ်။ Manhattan
လျှို့ဝှက်ချက်တွေကြောင့် ဆိုဗီယက်က အဏုမြူဗုံးစောစောစီးစီးရသွားသလို ဗြိတိန်မှာဆိုလည်း
MI6 တန်ပြန်ထောက်လှန်ရေးဌာနရဲ့အကြီးဆုံး၊ မကြာခင် MI6 တခုလုံးမှာ အကြီးဆုံးဖြစ်လာမယ့်ပုဂ္ဂိုလ်ဟာ
မော်စကိုကို သတင်းမှန်မှန်ပို့နေတဲ့ ကွန်မြူနစ်ဖြစ်နေတယ်။ ဆက်လေ့လာချင်သူတွေ
Cambridge Spies ကိုကြည့်) ဒီဖြစ်ပေါ်တိုးတက်မှုတွေကိုကြည့်ပြီး အမေရိကန်က
သဘောထားတင်းမာသူတွေက ကွန်မြူနစ်လှိုင်းကို တကမ္ဘာလုံးမှာ rollback
မလုပ်ရင်မဖြစ်ဘူးဆိုတဲ့အမြင်က အားကောင်းဖို့ ဖြစ်လာတယ်။ (ကိုရီးယားစစ်နဲ့ပတ်သက်ပြီး
မာတင်ဝေါ်ကာက အခုလိုမှန်းဆချက်ပေးတယ်။ အမေရိကန်က ပစိဖိတ်မှာ သူ့ရဲ့ sphere of influence
ကို သတ်မှတ်ရာမှာ ဂျပန်ထိပဲသတ်မှတ်ထားပြီး ကိုရီးယားကျွန်းဆွယ်က ဒီ sphere of
influence အပြင်ဘက်ရောက်နေရာမှာ ကိုရီးယားခေါင်းဆောင်ကင်အီဆွန်းက
ကိုရီးယားကျွန်းဆွယ်ကို သူတို့သိမ်းရင် အမေရိကန်က ဝင်ပါမှာမဟုတ်ဘူးလို့စဉ်းစားပြီး
သိမ်းဖို့လုပ်တာဖြစ်နိုင်တယ်တဲ့။ တဘက်မှာ အပြန်အလှန် ဆွ နေတာတွေတော့ ရှိတာပဲ) ၁၉၅၁
မတ်လ ၂၈ ရက်နေ့ထုတ် ကြောင်ချီးသတင်းစာ နယူးယောက်တိုင်းရဲ့
ပထမဆုံးစာမျက်နှာမှာပါတဲ့ သတင်းခေါင်းစဉ်ငါးခုမှာ ကွန်တိန်းမင့်ပေါ်လစီကို rollback
လုပ်ချင်တဲ့အမြင်တွေကို အထင်အရှားတွေ့နိုင်တယ်။ (Walker စာအုပ်ထဲကနေ ကိုးကားရရင်)
တခုက Acheson (ထရူးမင်းရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ မာရှယ်စီမံကိန်းနဲ့
နေတိုးဖွဲ့ဖို့ကိစ္စ အဓိကပါသူ) Exhorts Americans to Meet Soveit Peril Now တဲ့၊
နောက်တခုက US Power Must 'Frighten' Enemy, Wilson Asserts တဲ့၊ နောက်တခါ Danger
of Atom Bomb Attack Is Greatest in Period up to This Fall, Expert Asserts တဲ့၊
တခါ Red China Rejects MacArthur's Offer၊ နောက်ဆုံး Ferrer Denies He Is Red တဲ့။
ဒီ ခေါင်းစဉ်တွေကိုကြည့်ရင် အဲဒီအချိန်မှာ အမေရိကန်တွေ ဘယ်လောက်မလုံမခြုံခံစားနေရသလဲဆိုတာ
မှန်းကြည့်လို့ရတယ်။
ပြောခဲ့တဲ့ ကွန်မြူနစ်လှိုင်းက ကမ္ဘာကိုလွှမ်းသွားမယ်ဆိုတဲ့စိုးရိမ်မှုရဲ့
အကျိုးဆက်အဖြစ် NSC-68 (National Security Council) အစီရင်ခံစာဆိုတာ ၁၉၅ဝ မှာ
ထွက်လာတယ်။ (နှစ်ပေါင်းအစိတ်ကြာမှာ ဒီအစီရင်ခံစာကို de-classify လုပ်တယ်။)
ဒီအစီရင်ခံစာရဲ့ အနှစ်သာရက ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်ဖို့ ပိုက်ဆံတောင်းတာပဲ။
တကယ်တော့ ထရူးမင်းရော၊ ကွန်တိန်းမင့်ပေါ်လစီရဲ့ဗိသုကာ ကန်နန်တို့ပါ ဒီ NSC-68 ကို
လုံးဝမကြိုက်ဘူး။ ဒါပေမယ့် ကိုရီးယားစစ်ပွဲကြောင့် ဒီအစီရင်ခံစာကိုတင်သူတွေက သူတို့လိုချင်တာကို
အကြောင်းပြချက်ပေးလို့ကောင်းသွားတယ်။ တဘက်မှာ မော်စီတုန်းကလည်း
ကိုရီးယားကျွန်းဆွယ်လိုအရေးအခင်းဟာ အမေရိကန်နယ်ချဲ့ဝါဒရဲ့ မီးတောင်နဲ့တူတဲ့သဘာဝကိုပြနေတယ်ဆိုပြီး
ပြောတယ်။ ဒီလိုနဲ့ အမေရိကန်တွေ ကွန်တိန်းမင့်ပေါ်လစီကနေ စစ်သုံးစရိတ်မြှင့်ဖို့
စတယ်။ နိုင်ငံခြားရေးဝန်ကြီး Dean Acheson က နောက်ပိုင်းမှာ 'ကိုရီးယားစစ်ပွဲက
ဒို့ကိုကယ်လိုက်တာပဲ'ဆိုပြီး ပြန်ပြောတယ်။ ဆိုလိုတာက သဘောထားတင်းမာတဲ့ သူ့ရဲ့ပေါ်လစီက
အသာရဖို့ဖြစ်လာတော့တယ်။ ကိုရီးယားစစ်အပြီး ဟယ်ရီထရူးမင်းရဲ့ ပထမဆုံး
စစ်သုံးဘတ်ဂျက်က ဒေါ်လာ ဘီလီယံ ၅ဝ ရှိတယ်။ Acheson မှန်းထားတဲ့ပမာဏ အတိအကျပဲ။
အမေရိကန် စစ်မှုထမ်း အရေအတွက်လည်းနှစ်ဆတိုးပြီး သုံးသန်းကျော်ထိရှိလာသလို
ကမ္ဘာ့နေရာအနှံအပြားမှာ အမေရိကန်အခြေစိုက်စခန်းတွေ ပေါ်လာတော့တယ်။ တနည်းအားဖြင့်
ဥရောပကနေစလိုက်တဲ့ စစ်အေးတိုက်ပွဲဟာ တကမ္ဘာလုံးကို စပြန့်ဖို့ ဖြစ်လာတော့တယ်။
ဒီနေရာမှာ ပြောချင်တာက စစ်သုံးစရိတ်။
အမေရိကန်ရဲ့စစ်ရေးဘတ်ဂျက် မှန်မှန်တက်လာလိုက်တာမှာ (တချို့နှစ်တွေမှာထိုးတက်တာ၊
ဥပမာ ဗီယက်နမ်စစ်ဖြစ်ချိန်မှာ ဗြိတိသျှကာကွယ်ရေးဌာနတခုလုံးတနှစ်သုံးစာဟာ
အမေရိကန်တွေ နှစ်ပတ်သုံးပတ်စာပဲရှိတယ်။ နောက်တခါ စစ်ဘက်ဘတ်ဂျက်ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့
တချို့က စီအိုင်အေတို့၊ ကန်အစိုးရထုတ်ပြန်ချက်တို့ကို ယူတယ်။ ပညာရှင်တချို့ကတော့
ဆွီဒင်အခြေစိုက် SIPRI စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနဌာနကကိန်းဂဏန်းတွေကိုယူတယ်။
ဒီနေရာမှာ ကိုးကားတဲ့ Fred Halliday ကတော့ SIPRI ကို ယူတယ်) ကနေ့ဆို အမေရိကန်စစ်သုံးစရိတ်ဟာ
သန်းနှစ်သန်းနီးနီးရှိတယ် (SIPRI ၂ဝ၁၃ စစ်သုံး စာအုပ်ကို ကိုးကား)။ ဒီအသုံးစရိတ်တွေဟာ
စစ်ဘက်အသုံးစရိတ်သက်သက်ရှိသေးတယ်။ စစ်ဘက်နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် စစ်အေးကိုအကြောင်းပြုပြီး
သုံးတာတွေရှိသေးတယ်။
စစ်အေးတိုက်ပွဲတလျှောက်လုံးမှာ
အမေရိကန်တွေဟာ စစ်ရေး၊ စီးပွားရေးမှာ ဆိုဗီယက်ယူနီယံထက် တချိန်လုံးအသာစီးရထားတာတောင်
ဆိုဗီယက်ကို နောက်ကောက်ကျ ကျန်ခဲ့ပြီဆိုတဲ့ အသိရဲ့ ဖိစီးမှုကို တချိန်လုံးခံနေရတယ်။
ဆိုဗီယက်က စပွတ်နစ်လွှတ်တော့တခါ၊ ဗီယက်နမ်စစ်ဖြစ်တော့တခါ၊ နောက်ဗီယက်နမ်စစ်မှာ
စစ်ရေးတင်မက ပိုအရေးကြီးတဲ့ နိုင်ငံရေးအရပါရှုံးလာတာ ပိုပို င်ရှားလာတော့တခါ၊ နောက်
၁၉၇ဝ ဆယ်စုနှစ်လယ်လောက်ကစပြီး စီးပွားပျက်ကပ်အသေးစားလေးတွေ ပေါ်လာတဲ့အခါတခါ။
(စပွတ်ညစ်လွှတ်ပြီး သိပ်မကြာခင်မှာ အားကျမခံ အာကာသထဲ အမေရိကန်ကဒုံးပျံလွှတ်သေးတယ်။
ကမ္ဘာ့မီဒီယာတွေအားလုံးရှေ့မှာ သူတို့ ဒုံးပျံဟာ လေးငါးပေတောင်မတက်ဘဲ
အဖျားရှုးသွားရာမှာ အမေရိကန်ကိုမကြိုက်တဲ့ အနောက်သတင်းစာတချို့က ဖွတ်ညစ်ဆိုပြီး ထေ့ကြသေးတယ်)
စပွတ်ညစ်လွှတ်ပြီးနောက်မှာ အမေရိကန်တွေဟာ သူတို့ပညာရေးစနစ်ဟာ ဆိုဗီယက်ကို
နောက်ကောက်ကျ ကျန်ခဲ့ပြီလို့ လန့်ပြီး ပညာရေးဘက်မှာ အကြီးအကျယ်ရင်းနှီးမြှုတ်နှံဖို့လိုတာတယ်လို့
ခံစားလာကြတယ်။ အိုင်စင်ဟောင်ဝါလက်ထက် national defense education act ဟာ
စပွတ်ညစ်ရဲ့ တိုက်ရိုက်အကျိုးဆက်ပဲ။ စပွတ်ညစ်လွှတ်အပြီးမှာ အမေရိကန်အဆင့်မြင့်ပညာရေးမှာ
ကျောင်းသူကျောင်းသားအရေအတွက် သိသိသာသာကြီးတက်လာခဲ့တယ်။ ကွန်မြူနတီကောလိပ်တွေမှာ
နှစ်နှစ် သက်သက်သာသာနဲ့ တက်နိုင်အောင် အစိုးရက subsidise လုပ်ပေးတယ်။ (ကနေ့အချိန်မှာ
အထူးသဖြင့် စီးပွားရေးလည်းကျလာချိန်မှာ အမေရိကန်မှာ ပညာရေးဘက်ရင်းနှီးမြှုတ်နှံတာ
အဓိပ္ပါယ်ရောရှိရဲ့လားဆိုတဲ့မေးခွန်းကို ပိုပြီး ကျယ်ကျယ်လောင်လောင်မေးလာကြပြီ)
နှစ်ဆယ်ရာစု ဒုတိယနှစ်ဝက်တလျှောက်လုံး အမေရိကန်တွေလက်ဖွာပုံဟာ နောက်ဆုံး စစ်အေးတိုက်ပွဲကာလအတွင်းက
Detente (အင်္ဂလိပ်လိုတော့ relaxation ခေါ်သပေါ့) လို့ သိကြတဲ့ ၁၉၇ဝ ဆယ်စုနှစ်တခုလုံးကြာတဲ့ကာလမှာတောင်
ရပ်မသွားခဲ့ဘူး။ လင်ဒန်ဂျွန်ဆင်လက်ထက်မှာ အတည်ဖြစ်လာတဲ့ Great Society အစီအစဉ်ဟာ
တဖြည်းဖြည်းကျလာတဲ့အမေရိကန်စီးပွားရေးကို အရှိန်တန့်အောင်၊ ဒါမှမဟုတ်
အရှိန်ပြန်တက်အောင် ကြိုးစားတဲ့ကြိုးစားမှုပဲ။ အဲဒီအစီအစဉ်အောက်မှာ ကနေ့ခေတ်အမေရိကန်တွေ
ရင်းနှီးနေတဲ့ medicare၊ medicaid၊ ပီဘီအက်စနဲ့ နောက်အမျိုးမျိုးသော အင်ဒေါင်းမင့်အစီအစဉ်တွေဖြစ်လာတာပဲ။
(ခုတော့ ဒါတွေအားလုံးကို ပြန်ရုပ်ဖို့ပြောလာကြပြီ)
0 comments:
Post a Comment