Saturday, March 22, 2014

ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲ(သို့မဟုတ်) ဒီချုပ်ပါတီအတွက် အကဲစမ်းမှုတစ်ခု တူမောင်ညို

0 comments
ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွ(သို့မဟုတ်) ဒီချုပ်ပါတီအတွက် အကဲစမ်းမှုတစ်ခု တူမောင်ညို (၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်) အစပထမတွင် “ဆင်သွားလျှင်လမ်းဖြစ်တယ်”ဟူသော  ဆင်သွားမူဖြင့် အတိုက်အခံပါတီကြီးမှ ဒီမိုကရေစီဆင်မယဉ်သာကြီးသည် “၂၀၀၈အခြေခံဥပဒေ”စည်းဝိုင်းအတွင်း ဇွတ်တိုးဝင်သွားခဲ့သည်။၂၀၁၂ ခုနှစ်၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။ လစ်လပ်နေရာအားလုံးနီးပါး အနိုင်ရခဲ့သည်။ လက်တွေ့ခရီးစဉ်တွင်လျှောက်ရင်းလှမ်းရင်း အတိုက်အခံဒီမိုကရေစီဆင်မယဉ်သာကြီးသည် “၂၀၀၈အခြေခံဥပဒေ”စည်းဝိုင်းထဲ၌ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ“ထူးခတ်”ထားခြင်းခံရသဖြင့် ဒီမိုကရေစီခရီးလမ်းသည် ထင်တိုင်းမပေါက်လှပဲရှိနေသည်။ ဤအခြေအနေဆိုးမှလွတ်မြောက်အောင် မည်သို့ရုန်းထွက်ကြမည်နည်း။  

“ပြည်သူ့အင်အားသုံးမည်”ဟု ပြည်တွင်းခရီးစဉ်တစ်ခုတွင်ပြောဖူးသော်လည်း ပြည်သူ့အင်အားကို မည်သို့သုံးမည်ဆိုသည်နှင့်ပတ်သက်၍ တိတိကျကျပြောဆိုခြင်း၊ ပြင်ဆင်လုပ်ကိုင်ခြင်းဟူ၍ကား မရှိခဲ့။ ကြံ့ဖွံ့အစိုးရဘက်မှ အထစ်အငေါ့ကလေးတွေနှင့်ပညာပြလာတော့မှ ပြန်လည်တုန့်ပြန်သည့် စကားမျိုးတော့ဖြင့် မဖြစ်သင့်ချေ။ ယခုတဖန် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲဟူသော စိမ်ခေါ်ပွဲနှင့်တိုးနေပြန်ပြီ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးက ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အစီအစဉ်ရှိကြောင်း ပြောသည်။

သို့ဖြင့် ၂၀၁၄ ခုနှစ်ထဲတွင် ဒီချုပ်နှင့်ကြံ့ဖွံ့ပါတီတို့အတွက် နိုင်ငံရေးခြေစမ်းပွဲတစ်ခု နဖူးတွေ့ဒူးတွေ့ တွေ့ကြပေတော့မည်။ ၂၁ လကျော်မျှလိုသေးသော “၂၀၁၅ အထွေထွေရွေးကောက်ပွဲ” အတွက် မဟာဗျူဟာစီမံကိန်းရေးဆွဲပြီးနောက် လက်တွေ့ကြိုတင်စမ်းသပ်မှုတစ်ခုအဖြစ်ရည်ရွယ်လျက် ဤဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကို ရွေးကောက်ပွဲကော်မရှင်က တမင်တကာ ကျင်းပပေးခြင်းဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။ ယခုနှစ်(၂၀၁၄ခုနှစ်)အတွင်း ကျင်းပမည်ဆိုသည့် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၂ ဧပြီလတွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ ဒီချုပ်ပါတီအား လွှတ်တော်တွင်းကျုံးသွင်းနိုင်ရေးအတွက် တံခါးဟပေးသည့် ရွေးကောက်ပွဲမျိုးကားမဟုတ်ချေ။ 

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အဖက်ဖက်ကကြိုတင်ခန့်မှန်းတွက်ဆနိုင်ရေး 
ဒီချုပ်ပါတီနှင့်ကြံ့ဖွံ့ပါတီတို့ နှစ်ဖက်စီးချင်းထိုးကြရမည့် အကျိတ်အနယ်ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မည်။ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဗိုလ်ရွှေမန်းတို့ယှဉ်ပြိုင်ကြသည့်ပွဲအဖြစ်လည်း ရှုမြင်ကြရမည်ဖြစ်သည်။ တကယ်တော့ ဒီချုပ်ပါတီသည် ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်တို့နှင့် ယှဉ်ပြိုင်ရခြင်းလည်းဖြစ်သည်။ ”၂၀၀၈အခြေခံဥပဒေ”တည်ရှိနေသမျှ ပြုလုပ်သောရွေးကောက်ပွဲများသည် 
လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း၊ တရားမျှတလိမ့်မည်မဟုတ်ဟု ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့သောဒီချုပ်ပါတီသည် ဒုတိယအကြိမ်ရွေးကောက်ပွဲ၌လည်း ပါဝင်ယှဉ်ပြိုင်လိမ့်ဦးမည်သာဖြစ်သည်။ လစ်လပ်နေသည့်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုပြောထားသည်။ ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲသည် “ပွင့်လင်းရှေ့ဆောင်”အတွက် ရွေးကောက်ပွဲဆိုင်ရာလက်တွေ့လေ့ကျင့်ခန်းတစ်ခုဖြစ်နိုင်သလို၊ ၈၈ငြိမ်း/ပွင့်များအတွက်လည်း ဝင်ရောက်ကံစမ်းနိုင်မည့် အခွင့်အခါကောင်းတစ်ခုပင်ဖြစ်သည်။ 
၈၈ ငြိမ်း/ပွင့်များသည် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီမှကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်လော။ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း မသမာသော နည်းလမ်းပေါင်းစုံဖြင့် သင်ခန်းစာသစ်များပေးပေလိမ့်ဦးမည်။ 

ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် “ဆန္ဒမဲလက်မှတ်များ၌ ဖရောင်းသုတ်ထားသည်”ဟူသော စွပ်စွဲချက်အတွက် ဒဏ်ငွေဆောင်ခဲ့ရဖူးသောဦးဉာဏ်ဝင်း၏နာကျင်ဖွယ်သင်ခန်းစာကို မမေ့သင့်ကြချေ။ ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီအနိုင်ရရှိလျှင်လည်း သိပ်တော့ထူးခြားလှမည် မဟုတ်ချေ။ ဒီချုပ်ကိုယ်စားလှယ်များသည် လွှတ်တော်ထဲ၌ အနည်းစုဖြစ်မြဲသာဖြစ်မည်။ လစ်လပ်သွားသောမဲဆန္ဒနယ် စုစုပေါင်း ၃၀ ရှိသည်ဟုဆိုသည်။ ပြည်သူ့လွှတ်တော်တွင် (၁၃) နေရာ၊ အမျိုးသားလွှတ်တော်တွင် (၆)နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် (၁၁) နေရာ လစ်လပ်လျက်ရှိသည်ဟုဆို၏။ 

ဤအရေအတွက်မှာ၂၀၁၂ခုနှစ်၊ဧပြီလ၊ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲနှင့်နှိုင်းယှဉ်လျှင် နည်းပါးသည့်ပမာဏဖြစ်သည်။ အောက်ပါဇယားကိုကြည့်ပါ။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေသောပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ လစ်လပ်နေသောအမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ လစ်လပ်နေသောတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ပထမအကြိမ်၂၀၁၂ ဧပြီ ၄၀ ၂၀ ၆ ဒုတိယအကြိမ်၂၀၁၄ --- ၁၃ ၆ ၁၁ ၂၀၁၂ ဧပြီကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်လောင်း (၁၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးနောက် မှတ်တင်ခဲ့သည့်ပါတီသစ် ၂၀ ကျော်ရှိပါသည်။ သူတို့ထဲမှာ ဘယ်နှပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်လဲ။ ကျင်းပမည့်နေ့ရက်ကို ၃ လကြိုတင်ကြေညာ မည်ဆိုသော်လည်း မိုးတွင်းကာလဆိုသည့်အကြောင်းပြချက်ကိုပြောနေသဖြင့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲသည် နိုဝင်ဘာ/ဒီဇင်ဘာလများအတွင်း ကျင်းပနိုင်ဖွယ်ရှိသည်ဟုဆိုသည်။ ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီချုပ်ပါတီသည် ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ်အနိုင်ရနိုင်ပါဦးမည်လော။ ဒီချုပ်ပါတီအတွက် အကဲစမ်းမှုတစ်ခုသည် အသင့်စောင့်ကြိုလျက်ရှိနေပြီ။

0 comments:

Post a Comment