Tuesday, March 4, 2014

နာခြင်းမနာခြင်း(၁) မျိုးမြင့်ချို

0 comments
ချုပ်ပြီးပြောရရင်နာကျင်ခြင်းဆိုတာ အကြားအစပ် မရှိ အစူအစဉ်မပြတ်ဖြစ်နေတဲ့အရာလည်း မဟုတ်၊ တစ်ခုချုပ်ပြီးမှတစ်ခုဖြစ်၊ တစ်ခုပြတ်ပြီး မှ နောက်တစ်ခုပေါ်တဲ့အရာလည်း မဟုတ်၊ အနာရှိနေ/ဖြစ်နေတဲ့နေရာကနာတာလား၊ ဘယ်ကနာတာလားလည်း တပ်အပ်မပြောနိင်ဘူး။ တကိုယ်လုံးဒဏ်ရာဗလဝနဲ့ နာလွန်းမက နာတဲ့ဒဏ်မခံနိုင်လို့၊ နာတယ်ဆိုတာဘာပါလိမ့် သိချင်စိတ်ဖြစ်လာလို့ ကိုယ်တိုင်လုပ်ကြည့်ရင်း အသိတခု၊ အတွေ့အကြုံတခု၊ စိတ်အခြေအနေတခု ကိုယ်တိုင်သိရကြုံရတယ်။ ခုတော့ စာနဲ့ပေနဲ့ပြန်ပြောမယ်တွေးတယ်။ ပြောချင်တာ ၁၉၈၄ ခုနှစ်ကတည်းကပါ။ ဘာသာရေးတွေ၊ သမထတွေ၊ ဈန်တွေ၊ ဉာဏ်စဉ်တွေ၊ ဝိပဿနာတွေ၊ နိရ်ဗ္ဗာနတွေ၊ တရားထိုင်တရားမှတ်တွေနဲ့ ဘာသာရေးသမားတွေခေါင်းစဉ်အမျိုးမျိုးနဲ့လာရှုပ်မစိုးလို့ ပြောဖို့မပြောဖို့ ချိန်ဆရင်း ခုလောက်ကြာနေတာပါ။ စာနဲ့သာ မပြောဖြစ်ပေမယ့် နှုတ်နဲ့ကတော့ လူနဲ့ဘုန်းကြီးတချို့ကို အပြင်မှာရောထောင်ထဲမှာပါ ပြောပြဖူးပါတယ်။ ပြုံးစိစိအကြည့်၊ လှောင်တောင်တောင်အပြော၊ မထိတထိ ကလိ၊ သရော်တော်တော်အမဲ့ စတာတွေလည်းရခဲ့ဖူးသလို တလေးတနက်နားထောင်၊ ပြန်လှန်မေးမြန်း၊ အတွေ့အသိ ဖလှယ်သူတွေလည်းရှိပါတယ်။ မှတ်မိသူတွေ မှတ်မိကြမှာပါ။

နားလည်သလိုပြန်ပြောရရင် နာတယ်ဆိုတာ တောက်လျှောက်ဖြစ်မနေဘူး။ နာတယ်၊ ပြီးတော့ နောက်တစ်ကြိမ်နာတယ်။ အဲ့ဒီ နာချိန် နှစ်ကြိမ်ကြားမှာ မနာချိန် တချိန်ရှိတယ်။ အဲ့ဒါ လုံးဝသေချာတယ်။ ဒါပေမယ့် နာချိန်တစ်ကြိမ် ဘယ်လောက်ကြာလည်းမသိ။ နာချိန် တစ်ကြိမ်နဲ့တစ်ကြိမ်အကြားရှိတဲ့မနာချိန် ဘယ်လောက်ကြာသလဲလည်း မသိ။ ပြောရရင် နာချိန်ဘယ်လောက်ကြာရော မနာချိန် ဘယ်လောက်ကြာရောမပြောတတ်။ နာချိန်နဲ့မနာချိန်ဘယ်လောက်ကြာမှတခါဖြစ်လည်း မပြောတတ်။ တစ်စက္ကန့်ရဲ့ ဘယ်နှပုံ ပုံ တစ်ပုံစာ ကြာသလဲလည်းမသိ။ ခေါင်းခတ်ပြင်းပြင်းကိုက်တဲ့အခါ နားထင်မှာသွေးတိုးသလို တဒိတ်ဒိတ်ဖြစ်နေတာမျိုးလည်းမဟုတ်။ နားထင်သွေးတိုးက အချိန်တိုင်းထွာကြည့်လို့ရနိုင်သလို ဒိတ်ဒိတ်-ဒိတ်ဒိတ်တစ်ခုနဲ့တခုကြား ဘယ်လောက်ကြာကိုလည်းပြောလို့ရတယ်။ အဲ့ဒီ ဒိတ်ဒိတ်တွေကြားက မဒိတ်တဲ့အချိန်ဟာ မနာချိန်ဟုတ်မဟုတ်တော့မပြောတတ်။ ခု ကိုယ်တိုင်သိလိုက်တဲ့ မနာ-အနာကြာချိန်နဲ့ စာရင် အဲ့ဒီ နားထင်သွေးတိုးတဒိတ်ဒိတ်ဟာ အလွန့်ကိုကြာတဲ့အချိန်အလျားကြီးလိုပဲ။ မပြီးတော့သလိုကြီးပဲ။ ခု ကျနော်ပြောတဲ့ကြာချိန်က တိုင်းထွာလို့ မရတဲ့အနေအထား။ အချိန်နဲ့လွတ်နေတာလား မလွတ်တာလားလည်းမပြောတတ်။ သေချာတာက နာကျင်ခြင်းမှာနာချိန်၊ မနာချိန်နဲ့ပြန်နာချိန်ရှိတယ်။ အဲ့ဒီအတိုင်း တကြော့ပြီးတကြော့ ပြန်ပြန်ကြော့နေတယ်။ တစ် နှစ် သုံး သဘောနဲ့ပြောရရင် ပထမ တစ်က နာချိန်ထား။ ဒုတိယနှစ်က မနာချိန်ထား။ တတိယသုံးက နာချိန်လို့ထားပြီးသိလို့ရတယ်။ တစ် နှစ် သုံး၊ တစ် နှစ် သုံး နဲ့ ဖြစ်နေတယ်။ အဲ့ဒီ တစ်နှစ်သုံး တစ်ခုလုံးကိုရော၊ တစ်ခုခြင်းစီကိုရော ဘယ်လောက်ကြာဆိုတာရေတွက်ဖို့မပြောနဲ့ ခန့်မှန်းယူလို့တောင် မရနိုင်ဘူး။ တစ်စက္ကန့်ရဲ့ အပုံတစ်သန်းပုံတစ်ပုံလည်း ဖြစ်ရင်ဖြစ်မယ်။ မသေချာဘူး။ ဒါပေမယ့် သူ့အချိန်နဲ့သူရှိတယ်။ နာခြင်းမနာခြင်း ကြာချိန်အလျား အတူတူပဲ။ အလျားအတိအကျကို ရှိကိုရှိတယ်။ ဘယ်လောက်ကြာသလဲပဲ ပြောလို့မရတာ။ အဲ့ဒီလို နာကျင်ခြင်းသဘောကို ကိုယ်တိုင်ကိုယ်ကျသိလာဖို့ တစ်ပတ်လောက် စိတ်ကို စိုက်စိုက်မတ်မတ်တည်ယူ တည့်ယူခဲ့ရတာပါ။ ကုန်ကုန်ပြောရရင် အိပ်ပျော်နေတဲ့အချိန်ကလွဲလို့ အီးပါသေးပေါက်ချိန်တောင် အလွတ်မခံပဲစူးစိုက်နေခဲ့တာပါ။ ဓာတုဆေးဝါးတွေအရှိန်နဲ့ မိန်းမိန်းမူးမူးဖြစ်နေချိန်တောင် အလွတ်မပေးခဲ့ပါ။ အပမ်းကြီးသလားဆိုတော့ ပြောရလောက်အောင်မကြီးပါဘူး။ တခါတလေ ဝန်းကျင်က ကိုယ်လိုပဲဒဏ်ရာဗလပွတွေ နာကျင်အော်ဟစ်ငြီးတွားသံတွေကြောင့်ဖြစ်ရတဲ့ အနှောင့်အယှက်တော့ရှိပါတယ်။ ဒါလည်း သိတ်မကြာဘူး ကျော်လွှားသွားနိုင်ပါတယ်။

ဒီလိုနဲ့ နာ မနာ နာ ဆိုတာကို သိမှတ်မိသွားတယ်။ နာတယ်ဆိုတဲ့သဘောသွားကို သိမိလိုက်တယ်။ ဒီတင် လူက မရပ်ချင်ဘူး။ နာနေပါရက်နဲ့ မနာအောင်လုပ်လို့ရ/မရကို သိချင်လာပြန်တယ်။ ဘာလို့လဲဆိုတော့ မော်ဖင်း/ပက်သဒိန်းတွေအပြင်အနာအကျင်အကိုက်အခဲသက်သာမယ့်ဆေးတွေ မပြတ်ပေးနေတဲ့ကြားက ဆေးရှိန်ပျယ်ရင်ပျယ်သလောက် ကျရင်ကျသလောက် အနာက ပြန်ပြန်နာတာကိုး။ သတိမေ့သွားအောင်နာတာဆိုလည်းပြဿနာမရှိ။ သူ့ဘာသာ မေ့နေသရွေ့ အနာပျောက်နေမှာပဲ။ ပြန်သတိရ ပြန်နာပေါ့။ ခုက သတိမေ့လိုက်ချင်တာလည်း မဟုတ်၊ ဆေးတန်ခိုးနဲ့ အနာသက်သာချင်တာလည်းမဟုတ်၊ နာနေမှန်းသိသိနဲ့ မနာအောင်နေလို့ ရ/မရ သိချင်တာ။ ဒီတင် စိတ်မှာ အတွေးတချက်လက်ကနဲဖြစ်တယ်။ အတွေးက “နာချိန်နှစ်ကြိမ်ကြားက မနာချိန်ကို တနည်းနည်းနဲ့ ချဲယူလို့ရင်၊ ချဲ့ယူလို့ရရင်၊ ဆွဲ့ဆန့်လို့ရရင်ရသလောက် နာချိန်တွေ ဘေးမှာကပ်ကပ်ပြီးကျုံ့သွားနိုင်တယ်၊ မနာချိန်တွေကတော့ နာချိန်နှစ်ကြိမ်ကြားမှာ ဆန့်ထွက်ပြန့်ထွက်လာမယ်၊ တဖြည်းဖြည်းချင်း ဆန့်ဆန့်ထုပ် ချဲ့ချဲ့ယူရင်း နာချိန်တွေလျော့လျော့သွားပြီး မနာချိန်တွေတိုးတိုးလာ၊ နောက်ဆုံး နာချိန်တွေကုန်စင်သွား တဲ့အခါ မနာချိန်ချည်းကျန်မယ်၊ ဒါဆို နာကျင်ခြင်းဝေဒနာကနေလွတ်မြောက်မယ်”ဆိုတာပဲ။ ဒီလို ရရင်ရနိုင်တယ်ဆိုတဲ့အတွေးကလွဲလို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းနာတော့လုံးလုံးမသိပါ။ အဲ့ဒီအတွေးဟာ သိပ္ပံနည်းကျ/မကျတွေဘာတွေလည်း မစဉ်းစားဖြစ်ပါ။ စိတ်မှာဖြစ်တဲ့အတိုင်း လုပ်စမ်းကြည့်ချင်စိတ်ပေါက် လာတယ်။ စိတ်ထဲလက်နေတဲ့အတွေးအတိုင်းလုပ်မယ် ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ လုပ်တယ်။

အရင်ဆုံး နာချိန်နှစ်ကြိမ်ကို သေချာသိအောင်လုပ်တယ်။ အကြိမ်ကြိမ်ပဲ။ နာချိန်တွေပိုပိုထင်ရှားလာအောင် လုပ်တယ်။ အကြိမ်ကြိမ်ပဲ။ သန်း ထောင်နဲ့ချီမလား မပြောတတ်၊ တွေးလည်းမတွေး၊ စဉ်းလည်းမစဉ်းစား။ ထပ်ပြန်တလဲလဲသာ နာချိန်တွေအပေါ် စူးနစ်သထက်စူးနစ်လာအောင်လုပ်တယ်။ နာချိန်တွေ ထင်းသထက် ထင်းထင်းလာတယ်။ ရှင်းသထက်ရှင်းလာတယ်။ ပိုနာတာ လျော့နာတာတော့ ဘာမှမရှိ။ နာချိန်သိမှုမှာပြက်ပြက်ထင်ထင်ရှိပြီလို့ ကိုယ့်ကိုယ်ကိုစိတ်ချချိန်ကျမှ လုပ်တာကိုရပ်လိုက်တယ်။ ပြီးတော့ အဲ့ဒီနည်းအတိုင်းပဲ မနာချိန်ကိုလည်းသိအောင်လုပ်ပြန်တယ်။ နာချိန်သိအောင်လုပ်ရတာထက် ခုဟာက ပိုခက် ပိုဖမ်းရဆုပ်ရမလွယ် ပိုအပမ်းကြီးတယ်။ ဘယ်လောက်အပမ်းကြီးသလဲဆို နေပေ့စေတော့ဆိုတဲ့ အားလျှော့စိတ်အကြိမ်ပေါင်းများစွာစိတ်မှာဖြစ်တယ်။ စိတ်ဓါတ်လည်းကျတယ်။ သတ်သေချင်တာလိုလို အားငယ်တာလိုလို ဒေါသဖြစ်တာလိုလို ဘာမှမရှိတော့တဲ့ အခွံချည်းသက်သက်အကောင်တစ်ကောင်ကောင်လိုလိုတွေလည်း ဖြစ်နေတယ်။ အော်ဟစ်ပစ်ချင်တယ်။ တချိန်လုံး တလျှောက်လုံးပဲ။ ငိုလည်း အကြိမ်ကြိမ်ငိုမိတယ်တယ်။ နောင်တ ရသလိုလည်း ခနခနဖြစ်တယ်။ မနာချိန် တစ်ခုတည်းအပေါ် သိမှုကို "တည်"ထားလို့မရဘူး။ လွတ်လွတ်ထွက်သွားတယ်။ နာချိန်နဲ့မနာချိန်တွေက သူ့အကြော့အတိုင်းပဲ လှည့်လှည့်ဝင်နေတယ်။ မနာချိန်ချည်းသက်သက် စစ်ယူလို့မရနိုင်ဘူးလို့သိမှု စိတ်မှာဖြစ်လာသလိုပဲ။

ဆက်လုပ်ရရင်ကောင်းမလား၊ ရပ်ပစ်လိုက်တာကောင်းမလားဝေခွဲရခက်ပြီး ခေါင်းကြီးတခုလုံး ပူလောင် လာတယ်။ မီးတောက်မီးလျှံကြီးတွေ ခေါင်းထဲကရော တကိုယ်လုံးကနေပါ ဝုန်းဝုန်း-ဝုန်းဝုန်းနဲ့ ထွက်နေသလိုပဲ။ လောင်နေသလိုပဲ။ ရေလည်းဆာ၊ ခံတွင်းလည်းခြောက်၊ မျက့်စေ့တွေပါအောင့် တက်လာတယ်။ အထူးသဖြင့် အဲ့ဒီအချိန်က ၃ ကြိမ်မြောက်ခွဲပြီး မိုင်းစတွေထုတ်ထားတဲ့ဘယ်ဘက်မျက်စေ့က အဆိုးဆုံးပဲ။ မခံမရပ်နိုင်အောင်ကိုပဲ။

နောက်ဆုံး ဘာမှမတွေးမိတော့ပဲ ရှိုက်ကြီးတငင်ငိုချလိုက်တယ်။ ငိုတာမှ တစ်ကိုယ်လုံး ပျောက်ထွက်သွား သလိုကို ငိုပစ်လိုက်တာ။ နာလို့ငိုတာမဟုတ်မှန်း ကိုယ့်ဘာသာကိုယ်သိနေတယ်။ ကုတင်ဘေးမှာ လူနာထိုင်စောင့်နေတဲ့အမေနဲ့ ဧည့်တွေ့လာတွေ့တဲ့အမဝမ်းကွဲလည်း မျက်စေ့မျက်နှာ အပျက်ပျက်နဲ့ ကျောဖိရင်ဖိခြေကိုင်လက်လှုပ် အားပေးစကားတွေပြောတယ်။ သူတို့ထင်နေကြတာက နာလွန်းလို့၊ နာတဲ့ဒဏ်မခံနိုင်လွန်းလို့ငိုတာလို့ ထင်နေတယ်။ တကယ်က မဟုတ်ဘူး။ ဘာလို့ ငိုတာလဲလည်း သူတို့ကိုမပြောပြချင်ဘူး။ ပြောပြလည်း သူတို့ နားလည်မှာမဟုတ်ဘူး။ နားမလည်ပဲ လည်ချင်ယောင်ဆောင်ပြီး အားပေးစကားပြောရင် စိတ်ပိုတို ဒေါသပိုထွက်များဖြစ်မလားလည်း ကိုယ့်ဘာသာစိုးရိမ်နေတယ်။

အားကုန်သလို ခြေကုန်လက်ပမ်းကျသလိုဖြစ်ပြီး ဖြတ်ထားတဲ့ခြေတွေလက်တွေ တဆတ်ဆတ်တုန်လာတယ်။ မောလည်းမောလာတယ်။ အသက်ရှူလို့မရသလိုဖြစ်လာတယ်။ အဲ့ဒီကနေ လူတကိုယ်လုံးလေထဲလွင့်ထွက်မြောက်တက်သွားပြီး အောက်ကို အမှီအတွယ်မဲ့ ခြေလွတ်လက်လွတ်ကြီးပြုတ်ကျသွားတယ်။ (ဆက်ပါမယ်)

0 comments:

Post a Comment