လတ်တလောယူကရိန်းအရေး အရင်နောက်ခံနဲ့ဆွေးနွေးထားတဲ့
ကိုဝတုတ်ရေးတဲ့စာ
ယူကရိန်းအရေးအခင်းမှာ အနောက်မီဒီယာတွေ
သမာသမတ်မရှိလွန်းတာ၊ တဘက်စောင်းနင်းနိုင်လွန်းတာကို မခံချင်တာတကြောင်း၊ ဖေ့စ်ဘုတ်ပေါ်ကတတ်ယောင်ကားတွေစကား
နားယောင်ပြီး ဖက်ဆစ်ကို တိုးတက်တဲ့အင်အားစုအမှတ်နဲ့ သွားထောက်ခံမိမှာတကြောင်း ဒီအကြောင်းနှစ်ကြောင်းကိုအခြေခံပြီး
အခု ယူကရိန်းအဖြစ်အပျက်တွေကိုရေးဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ စကတည်းက ဖက်ဆစ်ဝါဒကြိုက်လို့
ဖက်ဆစ်နည်းဖက်ဆစ်ဟန်နဲ့ ယာနူကိုဗစ်ချစ်ကိုအာဏာဖြုတ်ချလိုက်တဲ့ right sector လို့ခေါ်တဲ့
တကယ့်လက်ျာစွန်း အမျိုးသားရေးဝါဒီတွေနဲ့ သူတို့လုပ်နည်းလုပ်ဟန်တွေကို (အဲဒီ
လက်ျာအုပ်စုအကြောင်း အင်တာနက်မှာ နည်းနည်းသုတေသနလုပ်ကြည့်ရင် သိနိုင်ပါတယ်)
ထောက်ခံတဲ့လူတွေအတွက်မဟုတ်ပါ။ ဒီလူတွေ ဖတ်စရာမလိုပါ။
ပထမဆုံးအနေနဲ့ အခုယူကရိန်းအဖြစ်အပျက်နဲ့ပတ်သက်ပြီးအရေးကြီးပေမယ့် အနောက်မီဒီယာတွေမှာမဖော်ပြတဲ့ facts တွေကို စပြောမယ်။ တကယ်က ဘယ်ကိစ္စကိုမဆို ရှင်းပြတဲ့အခါ အတိတ်ကိုဝေးဝေးသွားနိုင်ရင် သွားနိုင်သလောက် ရုပ်လုံးပိုပြီးပီပီပြင်ပြင်ပေါ်မှာ မို့ ဝေးနိုင်သလောက်ဝေးဝေးထိ သွားသင့်ပေမယ့် ပေါ်စေချင်တဲ့ရုပ်လုံးပေါ်ဖို့ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကနေ လောလောဆယ် စကြည့် ပါတယ်။ ၂ဝ၁ဝ ယူကရိန်းသမ္မတရွေးကောက်ပွဲမှာ အခု မကြာခင်ကဖြုတ်ချခံရတဲ့ ယာနူကိုဗစ်ချစ် အရွေးခံရတယ်။ ဒီရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေက လွတ်လပ်တရားမျှတတယ်လို့ သတ်မှတ်တာမို့ သူ့အာဏာဟာ legitimate ဖြစ်တဲ့၊ တရားဝင်တဲ့သမ္မတ။ http://euobserver.com/foreign/29431

ယာနူကိုဗစ်ချစ်ဟာ အရင် ဆိုဗီယက်ယူနီယံလက်ထက်က
ဆိုဗီယက်ကွန်မြူနစ်ပါတီက။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက်မှာလည်း သူဟာ
ရုသျှဖယ်ဒရေးရှင်းနဲ့ နီးစပ်တဲ့လူ။ သူ့လက်ထက်နဲ့ အရင်သမ္မတယူရှင်ကိုလက်ထက် ယူကရိန်းနဲ့ရုသျှ-အီးယူကုန်သွယ်မှုကို
ယှဉ်လိုက်ရင် ယူကရိန်းနဲ့ရုသျှကုန်သွယ်မှုဟာ ရာခိုင်နှုန်းအားဖြင့်
အီးယူ-ယူကရိန်းကိုကျော်တက်သွားတယ်။ ဒါပေမယ့်လည်း အီးယူနဲ့ ယူကရိန်းကုန်သွယ်မှုပမာဏာဟာ
ရာခိုင်နှုန်းအားဖြင့် ဘာမှ သိသိသာသာပြောင်းမသွားဘူး။ အောက်က ဇယားကိုကြည့်။
နောက်တခါ ဥရောပတတိုက်လုံးနီးနီးဟာ လောင်စာအတွက် ရုသျှပေါ်မှီခိုနေရတာမို့ ရုသျှနဲ့
ဖြစ်နိုင်ရင်ပြဿနာမဖြစ်ချင်ကြဘူး။ ရုသျှဆီက ဓာတ်ငွေ့မဝယ်တဲ့ဥရောပနိုင်ငံ
တနိုင်ငံမှမရှိဘူး၊ ပြည်တွင်း ဓာတ်ငွေ့သုံးစွဲမှုမှာ
ရုသျှဆီကမှာယူရတဲ့ရာခိုင်နှုန်းကိုကြည့်မယ်ဆို (ဂျာမနီ ၃၆%၊ ပြင်သစ် ၁၄%၊ အီတလီ ၄၉%
ကနေ ရုသျှနားကပ်နေတဲ့ ဖင်လန်နဲ့ဘောလတစ်နိုင်ငံတွေဆို ၁ဝဝ% ရှိတယ်။ ယူကရိန်းက ၆၆% ။
ဒေတာတွေကို ၂ဝဝ၉ အီးယူစွမ်းအင်အစီရင်ခံစာက ယူပါတယ်။ http://eur-lex.europa.eu/LexUriServ/LexUriServ.do?uri=SEC%3A2009%3A0978%3AFIN%3AEN%3APDF)
ဒီအတွက်ကြောင့်ပဲ အီးယူနိုင်ငံတွေက
အခုကိစ္စမှာ ဝတ်ကြေတန်းကြေ ကြေညာချက်ထုတ် 'ရှူံ့ချ' တာကလွဲပြီး လက်သီးလက်မောင်းတန်းသူ
တယောက်မှမရှိဘူး။ အင်္ဂလိပ်ပဲ အရှက်မရှိဝင်ပြီး သူတို့လုပ်နေကြထုံးစံအတိုင်း
ပဏာဝင်ယူတာ။ (ကေ့ခေတ် နိုင်ငံတကာဆက်ဆံရေးမှာ 'ရှူံ့ချ'တယ်ဆိုတဲ့ဝေါဟာရဟာ
ဘယ်လောက်ထိ လေးနက်မှုရှိသေးလဲဆိုတာ ငြင်းခုန်စရာပေ)
ယာနူကိုဗစ်ချစ် သမ္မတသက်တမ်းလေးနှစ်နီးနီးအကြာ ၂ဝ၁၃ နှစ်ကုန်ခါနီးမှာ အခုနောက်ဆုံး ဆန္ဒပြမှုတွေ စ တယ်။ အနောက်မီဒီယာတွေမှာ ပြောတာက ယူကရိန်းက အီးယူနဲ့သဘောတူညီချက်ကိုစွန့်လွှတ်ပြီး ရုသျှနဲ့ဆက်ဆံရေးပိုကောင်းဖို့ဆုံးဖြတ်ရာကနေ ဆန္ဒပြမှုတွေ စဖြစ်တယ် ဆိုပြီး မရေမရာရေးတယ်။ (ဘီဘီစီ အွန်လိုင်းသတင်းကိုကြည့်) ဒါပေမယ့် တကယ့်ပြဿနာကို ဘီဘီစီက မပြောဘူး။ ဒီအချက်က အများကြီးပိုပြီးတာသွားတယ်။ အဲဒါကတော့ ယူကရိန်းအစိုးရဆီမှာ သုံးစရာပိုက်ဆံ cash ပြတ်လာနေတဲ့ 'အချက်' ပဲ။ ယူကရိန်းဟာ ၂ဝဝ၈၊ ၂ဝ၁ဝ မှာ IMF ဆီကပိုက်ဆံယူပြီး၊ အဲဒီတုန်းကသဘောတူညီချက်တွေကိုမစောင့်ထိန်းတဲ့အတွက် IMF ဆီက နောက်တခါ ပိုက်ဆံယူဖို့ ခက်နေတယ်။ တချို့ဘဏ္ဍာရေးအကဲခပ်တွေအပြောအရ IMF ဆီက အကူအညီကို နောက်တကြိမ်ထပ်ယူရင်တောင် ဒီပိုက်ဆံနဲ့အတူ ပါလာမယ့်နှောင်ကြိုးတွေက ပိုတောင်တင်းတင်းကျပ်ကျပ်ဖြစ်လာဖို့ရှိတယ်လို့ သုံးသပ်ကြတယ်။ ဥပမာ စကတည်းက တရိပ်ရိပ် ကျဆင်းနေတဲ့ ယူကရိန်းငွေကြေးကို နောက်ထပ် ၃ဝ ရာခိုင်နှုန်းထပ်ချတာတို့၊ အစိုးရက ဓာတ်ငွေ့ကို subsidise လုပ်ရောင်းပေးနေတာကို ဖျက်သိမ်းဖို့နဲ့ ထုံးစံအတိုင်း အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်းကို အောက်ဈေးနဲ့ထိုးရောင်းခိုင်းတာတွေလုပ်မယ်။ ဒါတွေအားလုံးဟာ ယူကရိန်းပြည်သူတွေအတွက် ရေတို၊ ရေရှည်ဒုက္ခရောက်စေမှာပဲ။
အိုင်အမ်အက်ဖဆီက မယူရင် ယူကရိန်းအနေနဲ့ ကိုယ့်ကို ပိုက်ဆံလှည့်မယ့်နိုင်ငံတနိုင်ငံနဲ့ bilateral သဘောတူညီချက်ကို စဉ်းစားဖို့ပဲရှိတယ်။ အဲဒီမှာ ရုသျှက ယူကရိန်းကို ဒေါ်လာ ၁၅ ဘီလီယံချေးမယ်လို့ကတိပေးတယ် (အခု ယာနူကိုဗစ်ချ ပြုတ်ကျသွားတော့ ရုသျှက ဒီကတိအတိုင်း ပေးမယ်မထင်တော့ဘူး) ဒါ့အပြင် ဓာတ်ငွေ့ကိုလည်း တန်ဖိုးသက်သက်သာသာနဲ့ရောင်းပေးမယ်ပြောတယ်။ အီးယူက ကမ်းလှမ်းတဲ့ deal နဲ့ ရုသျှကမ်းလှမ်းချက်မှာ ယူကရိန်းအစိုးရက ရုသျှကိုရွေးတာကိုဘာအပြစ်ပြောမလဲ။ ဒါပေမယ့် ဆန္ဒပြမှုတွေစတယ်။ အနောက်မီဒီယာတွေမှာ ဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အကြောင်းပြချက်ကိုမှန်းဆရာမှာ ပြောခဲ့တဲ့ ရုသျှနဲ့သဘောတူညီချက်ဟာ ယူကရိန်းကို ရုသျှနဲ့ပိုပြီးနီးစပ်သွားစေမှာမို့လို့ အကြောင်းပြတယ်။ ဒါတော့မှန်တယ်။ ဒါ ဘာဆန်းလဲ။ သူတို့ ယူကရိန်းကိုလိုချင်ရင် ရုသျှ ကမ်းလှမ်းတာ ထက် ပိုပြီးကောင်းတဲ့ကမ်းလှမ်းချက်မျိုးလုပ်နိုင်တာပဲ။ ဘာလို့မလုပ်လဲ။
ဆန္ဒပြမှုတွေကို အစိုးရရဲ့ကိုင်တွယ်ပုံကိုမကျေနပ်လို့ဆိုပြီး ဆန္ဒပြမှုတွေ ပိုပြင်းတယ်။ အစိုးရက ပိုပြီးပြင်းထန်တဲ့ဥပဒေတွေ ချတယ်။ နောက်ဆုံးမှာ ဒီဆန္ဒပြမှုတွေကိုဖြေရှင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ယာနူကိုဗစ်ချနဲ့ အတိုက်အခံတွေ ဖေဖော်ဝါရီ ၂၁ မှာ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးကြတယ်။ ဂျာမနီ၊ ပြင်သစ်၊ ပိုလန်နဲ့ရုသျှတို့က သက်သေတွေအဖြစ်လက်မှတ်ထိုးတယ်။ အဲဒီသဘောတူညီချက်က ဒီမှာ။ စာမျက်နှာ ၂ မျက်နှာပဲရှိတယ်။ ဖတ်ကြည့်။ http://www.auswaertiges-amt.de/cae/servlet/contentblob/671348/publicationFile/190025/140221-UKR_Erklaerung.pdf

အနှစ်ချုပ်လိုက်ရင် လက်မှတ်ထိုးပြီး၁၂
ရက်အတွင်း ညွန့်ပေါင်းအမျိုးသားအစိုးရဖွဲ့မယ်၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို
ချက်ချင်းစလုပ်ပြီး ဒီနှစ် စက်တင်ဘာမှာ အပြီးလုပ်ပြီး ဒီနှစ်မကုန်ခင် အတည်ပြုမယ်၊
ရွေးကောက်ပွဲလည်း စောစောခေါ်ပေးမယ်။ ယာနူကိုဗစ်ချအနေနဲ့ ဒီထက် လိုက်လျောဖို့မဖြစ်နိုင်တော့ဘူး။
ပြောခဲ့တဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို စပြီး အခြေအတင်ဆွေးနွေးတဲ့အခါ အတိုက်အခံတွေဟာ မူလသဘောတူထားတဲ့ ဘောင် framework ထက် ကျော်ပြီး လုပ်တဲ့အပြင် ယူကရိန်းအရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း၊ တောင်ပိုင်းနေသူတွေရဲ့အကျိုးစီးပွားကို လုံးဝ ထည့်မစဉ်းစားဘဲလုပ်ခဲ့တယ်။ အကောင်းဆုံးဥပမာကတော့ ရုသျှဘာသာစကားကို တရားဝင်ဘာသာစကားအဖြစ်အသုံးမပြုဖို့ ဆုံးဖြတ်တာပဲ။ အဲဒီဒေသတွေမှာ ရုသျှစကားကို မိခင်ဘာသာစကားအဖြစ်ပြောသူက အများစုဖြစ်ပြီး နေရာအတော်များများမှာ ၈ဝ ကနေ ၉ဝ ရာခိုင်နှုန်းထိ ရှိတယ်။ ဒီ linguistic map ကို အင်တာနက်မှာ အလွယ်ရှာကြည့်နိုင်တယ်။ ဒီတော့ ဒီလူတွေဟာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုကနေ အကျိုးယုတ်ဖို့ပဲရှိတယ်။ ဒါတွေကို အနောက်မီဒီယာတွေမှာ မဖော်ပြသလောက်ပဲ။ ဒီလောက် လိုက်လျောထားနေရတာတောင်၊ အလျှော့ပေးမှုတွေ အများကြီးလုပ်ထားတဲ့ကြားက right sector ဖက်ဆစ်တွေက ကောက်ကာငင်ကာနဲ့ လုံခြုံရေးအာဏာပိုင်တွေနဲ့ပေါင်းပြီး ရွေးကောက်ခံသမ္မတကို မောင်းထုတ်တာပဲ။
ဒီလို မောင်းထုတ်မှုဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တရက်ထဲမှာ ထပ်လောင်းအတည်ပြုထားတဲ့ ၂ဝဝ၄ ဖွဲ့စည်းပုံကို အကြီးဆုံး ချိုးဖောက် လိုက်တာပဲ။ တခြား ချိုးဖောက်မှုတွေလည်း ရှိသေးတယ်။ ဒီဖွဲ့စည်းပုံအရ သမ္မတအနေနဲ့ ရာထူးကနေနှုတ်ထွက်ချင်နှုတ်ထွက် resign လုပ်ချင်လုပ်မဟုတ်ရင် သူ့ကို formal impeachment လုပ်ပြီးမှသာ သမ္မတရာထူးကဖယ်ရှားပိုင်ခွင့်ရှိတယ်။ ဒီနှစ်ချက်လုံးနဲ့မကိုက်ဘူး။ ယာယီတာဝန်ယူတဲ့ သမ္မတသစ်အနေနဲ့ parliament speaker အဖြစ် ဆောင်ရွက်ခွင့်ကလွဲပြီးတခြား ဘာအခွင့်အာဏာမှ မရှိဘူး။ ယာနူကိုဗစ်ချစ်ကို formal impeachment မလုပ်ပြီးမချင်း ပါလီမန်အနေနဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီး၊ ရှေ့နေချုပ်၊ နိုင်ငံတော်လုံခြုံရေးဥက္ကဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးခန့်အပ်ခွင့်၊ ဖွဲ့စည်းတရားသူကြီးတွေကိုဖြုတ်ချခွင့် စတဲ့ စတဲ့အခွင့်အရေးတွေ ဘာတခုဆို တခုမှ မရှိဘူး။ အခု အာဏာသိမ်းလိုက်တဲ့အတိုက်အခံတွေ (တနည်းအားဖြင့် လက်ျယိမ်းအုပ်စုတွေနဲ့ ဖက်ဆစ်တွေဟာ) တတိုင်းပြည်လုံး အာဏာကို သူတို့လက်ထဲထည့်ထားလိုက်တာပဲ။
ဒါ့ကြောင့် ဒီအာဏာသိမ်းမှုကြောင့် ဆိုးကျိုးကြုံတွေ့ရမယ့်သူတွေဟာ ယူကရိန်းအရှေ့ပိုင်းတင်မကဘူး။ ဒါပေမယ့် ယူကရိန်းအရှေ့ပိုင်း၊ အထူးသဖြင့် ခရိုင်းမီးယားကတော့ ပိုပြီးအန္တရယ်ရှိတယ်။ ရုသျှလိုလားသူတွေဆိုပြီး အညှိုးးနဲ့ ရက်ရက်စက်စက်တိုက်ခိုက်တာတွေ ဒီဘက်တွေမှာ အများဆုံးကြုံတွေ့ရဖွယ်ရှိတယ်။
ခုတခါ ခရိုင်းမီးယားနဲ့ပတ်သက်တဲ့ myth တွေကို ရှင်းချင်တယ်။ ခရိုင်းမီးယားဟာ ယူကရိန်းပိုင်ပမာ ပြောနေ၊ ရေးနေကြတယ်။ ဒါပေမယ့် ခရိုင်းမီးယားဟာ ၁၉ ရာစုတလျှောက်လုံးကနေ ၂ဝ ရာစု နှစ်လယ်ထိ ရုသျှပိုင်နယ်မြေ။ ခရူးရှက်လက်ထက် ၁၉၅၄ ကျမှ ယူကရိန်းဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရီပတ်ဗလစ်အဖြစ်နဲ့ အုပ်ချုပ်မှုသစ် စတာ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်ကစပြီး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံးမှာ ခရိုင်းမီးယားဟာ ယူကရိန်းကနေခွဲထွက်ပြီး သီးခြားနိုင်ငံထောင်ဖို့၊ ဒါမှမဟုတ် ရုသျှနဲ့ပေါင်းဖို့ကို တောက်လျှောက်တောင်းဆိုလာတဲ့ ဒေသ။ ရုသျှကိုယ်တိုင်က ဒါကို အကြောင်းကြောင်းကြောင့် မထောက်ခံနေချိန်မှာတောင် ဒီဆန္ဒကို လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လုံးလုံး တောက်လျှောက်ကိုင်ဆွဲထားခဲ့တာဖြစ်တယ်။
နောက်တခါ တကယ်တမ်းမှာ အရှေ့ဥရောပက ဒီနိုင်ငံတွေအားလုံးရဲ့ nationhood, statehood နဲ့ပတ်သက်ပြီးအင်မတန့်အင်မတန် အငြင်းပွားစရာတွေ အများကြီးပဲ။ အရှေ့နဲ့ အလယ်ပိုင်းဥရောပက နိုင်ငံတော်တော်များများဟာ ပထမကမ္ဘာစစ်အပြီး ဗာဆိုင်းစာချုပ်ကနေ၊ ဒါမှမဟုတ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရာကနေထွက်လာတဲ့နိုင်ငံတွေ။ တချို့ဆို သူတို့တသက်မှာ နိုင်ငံသုံးလေးနိုင်ငံရဲ့နိုင်ငံသားဘဝကို ရောက်ခဲ့ဖူးတယ်။ (အခြေခံဗဟုသုတအနေနဲ့ E J Hobsbawm ရဲ့ အစွန်းများခေတ် ပထမခန်း၊ (ဝတုတ် ဘာသာပြန်) နဲ့ သူ့ရဲ့ On History ဆိုတဲ့စာအုပ်က ပထမအခန်းကိုကြည့်) ချက်ကိုစလိုဗါးကီးယား၊ ယူဂိုစလားဗီးယားတို့ဟာ ဗာဆိုင်းကနေပေါ်လာတဲ့နိုင်ငံတွေ။ ဘဲလရုတို့၊ ယူကရိန်းတို့ဆိုရင် ပထဝီအနေအထားအရစုထားတဲ့ အစုကြီးသက်သက်အဖြစ်သာရှိပြီး နိုင်ငံတနိုင်ငံအဖြစ်သတ်မှတ်လို့ရတဲ့သမိုင်း၊ ethnicity ဘယ်လောက်ရှိသလဲဆိုတာ တကယ့်ကိုအငြင်းပွားစရာ။ အခု ယူကရိန်းဆိုရင် နိုင်ငံအနေနဲ့ပေါ်လာတာ ၁၉၉၁ ကမှ ပထမဆုံးအကြိမ်ပေါ်လာတာ။ နောက် အသည်းနာစရာကောင်းတဲ့အချက်တခုက အခု ယူကရိန်းအမျိုးသားရေးဝါဒီတွေ အမျိုးသားရေးစိတ် နိုးကြားလာတယ်ဆိုတာ တကယ်တမ်းမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့အစိတ်အပိုင်းအနေနဲ့ ဒီပြည်ထောင်စုထဲကဒေသတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကို တကယ်တမ်း နှစ်နှစ်ကာကာမြှင့်တင်မှုတွေလုပ်ပေးခဲ့လို့သာ ကနေ့ခေတ်မှာ ယူကရိန်းတွေအနေနဲ့ အမျိုးသားစိတ်ဓာတ်မဆိုစလောက်ပေါ်ဖို့ အခြေအနေပေးတာဖြစ်တယ်။ (ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားမှုကို ဒါ့ကြောင့် တချို့တွေက ဘဝကြီးတခုလုံးပေးဆပ်လိုက်ရတဲ့ဆုံးရှုံးမှုအဖြစ် သဘောထားကြတာ။ ဆိုဗီယက်ပြည်ထောင်စုဟာ တကယ့်ကို စေတနာထားပြီး ဘာကိုယ်ကျိုးစီးပွားအခြေခံနဲ့မှမဟုတ်ဘဲလုပ်ခဲ့တဲ့လုပ်ရပ်တွေ အများကြီးမှ အများကြီး။ ဥပမာ တောင်ပိုင်း မွတ်စလင်တွေအများစုနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအခွင့်အရေးတွေတိုးတက်ရရှိလာအောင် တကယ့်ကိုစေတနာထားလုပ်ခဲ့တာတွေ အများကြီး)
ပြန်ကောက်ရမယ်ဆိုရင် အခု ယူကရိန်းအာဏာသိမ်းတဲ့ကိစ္စမှာ အာဏာသိမ်းသူတွေဟာ သူတို့ကိုယ်တိုင်သဘောတူထားတဲ့ဖွဲ့စည်းပုံကို ဗြောင်ချိုးဖောက်ပြီး လောလောဆယ် သူတို့အာဏာရဲ့တရားဝင်မှုက ဘယ်ကလာလဲဆိုတာ ပြောစမ်းပါ။ ဒီတော့ကာ ယူကရိန်းကိစ္စဟာ ဒီမိုကရေစီတောင်းဆိုတဲ့ပြည်သူလူထုက အကျင့်ပျက်ချစားတဲ့အစိုးရကိုဖြုတ်ချလိုက်တယ်ဆိုတဲ့၊ ရုသျှက စစ်အေးတုန်းကလို တင့်ကားလွှတ်တယ်ဆိုတဲ့အခြေအမြစ်မရှိတဲ့ naive simple view အဖြစ် မြင်လို့မရဘူး။ ဖြုတ်ချတဲ့လူတွေဟာ ဒီမိုကရေစီတောင်းဆိုတဲ့ လူအုပ်မဟုတ်တဲ့အပြင် သူတို့ကိုယ်တိုင်သဘောတူထားတဲ့ဖွဲ့စည်းပုံကို ချိုးဖောက်သူတွေပဲ။ ဒါကို လူထုက အစိုးရကို ဖြုတ်ချလိုက်ပြီဆိုပြီး ဖြုတ်ချတဲ့ဖက်ဆစ်တွေ၊ လက်ျာယိမ်းအစွန်းရောက်အမျိုးသားရေးဝါဒီတွေကို သွားမထောက်ခံမိဖို့သတိပြုသင့်တယ်။ အမေရိကန်က ဘာ့ကြောင့် ဒီနီယိုနာဇီတွေကိုထောက်ခံနေလဲဆိုတာကိုတော့ စာဖတ်သူတွေမှန်းဆကြည့်စေလို။
(အခု အာဏာသိမ်းမှုမှာ စီအိုင်အေနဲ့အင်အီးဒီတို့ နောက်ကွယ်ကနေထောက်ပံ့နေတာ သံသယရှိစရာမလို။ သို့သော်လည်း ဒါကို လောလောဆယ် လက်ဆုပ်လက်ကိုင်မပြနိုင်သေးသမို့၊ ကွန်ထရိုဗာရှယ်မဖြစ်ချင်သမို့ ဒီအဆိုကို ခဏ ဆပ်စပင်းလုပ်ထားလိုက်အုံးမယ်၊ ဒါပေမယ့် အခုအာဏာသိမ်းမှုမှာတွေ့ခဲ့ရတဲ့လုပ်နည်းလုပ်ဟန်တွေဟာ ကျူးဘား၊ ဗင်နီဇွဲလား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေမှာ စီအိုင်အေဝင်စွက်ပုံနဲ့တထေရာထဲဆိုတာကို မပိန်းသူမှန်သမျှ သိတယ်။ အမေရိကန်သြဇာကိုစိန်ခေါ်နိုင်မယ့် အစိုးရခေါင်းဆောင်တွေကိုဖြုတ်ချဖို့ လက်မရွံ့လူမိုက်တွေကိုပိုက်ဆံပေးပြီးမွေးမယ်၊ များသောအားဖြင့် အဲဒီလို၏အမွေးခံတဲ့ကောင်တွေဟာ ကျင့်ဝတ်တန်ဖိုးတွေဂရုမစိုက်တဲ့ကောင်တွေ၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့စိတ်ထားမျိုးရှိတဲ့ကောင်တွေမို့ လက်ျာတိမ်းညွတ်မှု ရှိသူတွေ၊ ဖက်ဆစ်တွေဖြစ်နေတတ်တယ်။ ဒီလိုကောင်မျိုးတွေရရင် အချိန်ကောင်းကိုစောင့်မယ်၊ အချိန်ကောင်းဆိုတာ လက်ရှိအစိုးရ အကြောင်းတခုခုကြောင့်အကျပ်ရိုက်ချိန်မျိုး။ အဲဒီလိုအချိန်ရောက်ရင် မီဒီယာတွေအားကိုးနဲ့ အော်ပရေးရှင်းစတာပဲ။ (ယူကရိန်းအစိုးရဟာ IMF ဆီက ၂ဝဝ၈ နဲ့ ၂ဝ၁ဝ မှာ အကူအညီယူခဲ့ရပြီးအဲဒီတုန်းကသဘောတူညီချက်တွေကို လိုက်နာဖို့ပျက်တဲ့အတွက် ပိုက်ဆံ ဘယ်ကမှ ချေးမရဖြစ်နေပြီး ဒေဝါလီခံရလုဆဲဆဲ အခြေဆိုက်လာတယ်) အဲဒီမှာ သူတို့ပစ်မှတ်ထားတဲ့အစိုးရ၊ နိုင်ငံရေးခေါင်းဆောင်ဟာ လာဘ်စားမှု၊ ကိုယ်ကျင့်စာရိတ္တပျက်မှု စသဖြင့် နံမယ်ဖျက်လို့ကောင်းရင် ဒါမျိုးက ပိုတောင်အောင်မြင်သေးတယ်၊ ဘာ့ကြောင့်ဆို လာဘ်စား၊ ကိုယ်ကျင့် စာရိတ္တပျက်တဲ့ခေါင်းဆောင်မျိုးကို ပြည်သူလူထုကအသက်ပေးကာကွယ်ထိုက်သူအဖြစ် မမြင်တာဓမ္မတာပဲ၊ ဆက်ဒမ်ဟူစိန်ကိုကြည့်။ ဒီအချက်တွေကို ဟန်ချက်ညီ maximize လုပ်နိုင်ရင် ဘယ်အစိုးရမဆို အနည်းဆုံး ယာယီကမောက်ကမဖြစ်တာပဲ။ ၂ဝဝ၃ တုန်းက ရှားဗက်ဇကို ဒီအတိုင်းလုပ်တာပဲ။ ဒါပေမယ့် သူက လူထုထောက်ခံမှုတကယ်ရှိတဲ့လူ၊ ပြည်သူလူထုက သူတို့ကိုတကယ်ဂရုစိုက်တဲ့လူလို့ မြင်တဲ့လူမို့ မသမာတဲ့အာဏာသိမ်းမှုက ပျက်သွားရတယ်)

0 comments:
Post a Comment