Wednesday, March 26, 2014

မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်(တူမောင်ညို)

0 comments
မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်(တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်)
အညှီရှိလို့ယင်အုံတာလို့ပဲ။ ယင်ကောင်နဲ့အညှီအပုပ်ဆိုတာ မိတ်ဖက်မဟုတ်လား။ ဒီတော့ Dhaka Tribune မှာ ရေးသားဖော်ပြတဲ့ ဆောင်းပါးနဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့ဟာ ယင်ကောင်နဲ့အညှီအဟောက်ပဲ။ ဒီတော့ အညှီအဟောက်ရှိရာ ယင်အုံတာ ဘာမျှ မဆန်းဘူး။  
             ယင်ကောင်လာအောင် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အညှီတွေအဟောက်တွေ၊ အပုပ်အပွတွေ တမင်ဖန်တီးထားပြီး၊ ယင်ကောင်လာအုံတော့မှ လက်ညှိုးထိုးအကြောင်းပြပြီး “မျိုးချစ်စိတ်ဓါတ်” ထက်သန်ပြနေကြတာကတော့ဖြင့် ရယ်စရာကောင်းလှပါတယ်။
 (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “မျိုးချစ်စိတ်ဓါတ်”ထက်သန်ပြနေတာ မဆန်းပေမယ့်။ ဒီမိုကရေစီရေးလုပ်ဆောင်နေသူတွေက ယင်အုံတာကို ယိုးမယ်ဖွဲ့ပြီး အချုပ်အခြာအာဏာထိခိုက်တယ်လို့ လက်သီးလက်မောင်းတန်းပြီးပြောဆိုနေကြတာကဖြင့် မသိသားဆိုးဝါး လွန်းရာကျပါတယ်။ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ “ဆင်”ကွက်ထဲ “အ”တတ၊ ဂွကျကျ ဝင်တိုးနေသလိုမျိုးလည်းဖြစ်နေပါတယ်။
ကိုလိုနီဘဝမှာ နယ်ချဲ့ဗြိတိသျှတွေသွင်းတဲ့ လူမျိုးရေးအပင်းအဆိပ်မှိုင်းကို  “ဓါး မသွေးလောက်ဘူး”ဆိုပြီး ဆရာကြီးမှိုင်းက ပြည်သူတွေကို ရှင်းရှင်းပြတ်ပြတ်မျက်စေ့ဖွင့်ပေးတဲ့နိုင်ငံရေးအသိအမြင်မျိုး ယနေ့မြန်မာ့နိုင်ငံရေးစင်ပေါ်ကလူတွေမှာ ရှိသင့်ရှိထိုက်ပါတယ်။ မရှိရင် နိုင်ငံရေးကိုယ်ကျိုးနည်းပြီး၊ ဒီမိုကရေစီရေစုန်မျောပါလိမ့်မယ်။
မနေ့တနေ့ကလို့ ပြောလို့ရတဲ့ (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးစဉ်ကာလမှာ အာဘောင်အာရင်းသန်သန် သူတို့ အော်ခဲ့၊ ဟစ်ခဲ့ ကြတဲ့ “လက်သစ်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး”ဘယ်ရောက်သွားပြီလဲ။ “ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေတဲ့ အနောက်အုပ်စု နိုင်ငံကြီးတစ်နိုင်ငံ”ဆိုတဲ့အသုံးအနှုန်း ဘယ်ချောင်ထိုးထားလိုက်ပြီလဲ။ သူတို့ဗိုလ်ကျအုပ်စိုးမှုကို တစ်စုံတစ်ရာအသိအမှတ်ပြုလိုက်တာနဲ့  ဒီလိုလေလုံးထွားမှုတွေ/ဒီလိုစကားလုံးတွေ တခါထဲနှုတ်ဆိတ်သွားတာပဲ မဟုတ်လား။  
သူတို့ပြောတဲ့ “မျိုးချစ်စိတ်ဓါတ်” ၊ သူတို့ပြောတဲ့ “ကိုလိုနီနယ်ချဲ့လက်သစ်ဆန့်ကျင်ရေး”ဆိုတာ သူတို့အုပ်စိုးမှုကို ဖိအားပေးဝေဖန် နေစဉ်မှာသာ ငယ်သံပါအောင်အော်ဖို့ဟစ်ဖို့နဲ့ ပြည်သူတွေကိုလှည့်စားဖြားယောင်းဖို့သက်သက်သာဖြစ်ပါတယ်။  
 “ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သော အနောက်အုပ်စုနိုင်ငံကြီးတချို့”လို့  စစ်အစိုးရကအော်ဟစ်ခဲ့ပြီး၊ “ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံးအစိုးရ”လို့ အပြန်အလှန်ပြစ်တင်ကြိမ်းမောင်းခဲ့သူတွေ အခုတော့ပြန်လည်သင့်မြတ်ကုန်ကြပြီ၊ ကြည်စေ အေးစေဖြစ်နေကြပါပြီ။ အီးယူကဆိုလျှင် လုံထိန်းရဲတွေကို လူထုအုံကြွမှုနှိမ်နင်းရေးနည်းလမ်းတွေ ကိုယ်ဖိရင်ဖိလာရောက်သင်ကြားပို့ချပေး နေပါပြီ။ အမေရိကန်နဲ့ဗြိတိန်ကလည်း စစ်တပ်ကို ပရောဖက်ရှင်နယ်စစ်တပ်ကြီးဖြစ်စေဖို့ ထရိန်နင်ပေးချင်နေပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊မောင်တောက လူဝင်မှုပြဿနာပဲဖြစ်ဖြစ်၊ တရုတ်ကုမ္မဏီတွေနဲ့ဆက်စပ်ပတ်သက်နေတဲ့ မြစ်ဆုံ/လက်ပံတောင်းအရေးအခင်းပဲဖြစ်ဖြစ် ဒီပြဿနာတွေရဲ့ပင်မလက်သည်တရားခံဟာ (နဝတ-နအဖ)စစ်အစိုးရနဲ့ (နဝတ-နအဖ) စစ်အစိုးရရဲ့အာဏာအမွေကို လွှဲပြောင်းလက်ခံထားတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့သာလျှင် ဖြစ်ပါတယ်။ ဒီအချက်ကို မျက်ခြည်ပြတ် တာနဲ့ “မျိုးချစ်မှိုင်း/မျိုးစောင့်မှိုင်း”တွေမိပြီး ချာချာလည်လည်သွားမှာ သေချာပါတယ်။ တချို့လည်နေပါပြီ။  
တိုင်းပြည်ရဲ့နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာဏာကို တကယ်တန်းထိန်းသိမ်းလိုတယ်ဆိုရင် တတိုင်းတပြည်လုံးသွေးစည်း ညီညွတ်နေမှသာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရတစ်ရပ် ရှိဖို့လိုအပ်ပါတယ်။
လက်ရှိစစ်တပ်ကိုလည်း စစ်အုပ်စုတစ်လက်ကိုင်ခါးပိုက်ဆောင်တပ်အဖြစ်ကနေ ပြည်သူ့အကျိုးကို တကယ်တမ်းကာကွယ်တဲ့ တပ်မတော်တစ်ရပ်အဖြစ် ပြောင်းလဲဖို့လည်းအရေးတကြီး လိုအပ်ပါတယ်။  
ဒီအခြေခံအချက် ၃ ချက် ဖြစ်မြောက်ရေးအတွက် ရှေးဦးလိုအပ်ချက်က “၂၀၀၈ အခြေခံဥပဒေ”ဖျက်သိမ်းပြီး၊ တန်းတူရေးနဲ့ ဒီမိုကရေစီရေးကိုတိတိကျကျအာမခံနိုင်မယ့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် အလျှင်အမြန်ရေးဆွဲပြဋ္ဌာန်းကြရေးသာလျှင်ဖြစ်ပါတယ်။
 ပြင်ဦးလွင်မှာ မန္တလေးကစာရေးဆရာတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတဲ့အထဲက စကားရပ်အချို့ကို ကောက်နုတ်ပြီး နိဂုံးချုပ်ပေးလိုက်ပါတယ်။ ဒေါ်စုက တိုင်းပြည်နဲ့လူထုကြုံတွေ့နေရတဲ့ အညှီအဟောက်အားလုံးရဲ့လက်သည်တရားခံ အစစ်ဘယ်သူလဲဆိုတာ ပြတ်ပြတ်သားသားညွန်ပြထားတယ်။
“ဒီနိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲဖြစ်စေ၊  အခြားတစ်နိုင်ငံအောက်ပဲဖြစ်စေ၊ ကိုလိုနီသဖွယ် မကျသွားစေချင်ဘူးဆိုရင် ဒီ နိုင်ငံအတွက် အလိုအပ်ဆုံးက နိုင်ငံရဲ့အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့ထမ်းဆောင်မယ့်အစိုးရတရပ်ပဲဖြစ်ပါတယ်။ စီးပွားရေးကိစ္စတွေ ဘာတွေနဲ့ပတ်သက်ရင် ပြည်သူလူထုကလည်း ကျမကို ခဏခဏလာပြောပါတယ်။ ဒီမှာ တရုတ်ကုမ္ပဏီတွေက မတော်မတရားတဲ့ အခွင့်အရေးတွေဘာတွေ ယူထားတယ်။ ကျမကပြန်မေးတယ်၊ ဘယ်သူတွေက ဒီအခွင့်အရေးတွေပေးထားပါသလဲ။ ဒီမေးခွန်းကို ကျမတို့ သတ္တိရှိရှိနဲ့မေးရမယ်။ ဒီနိုင်ငံရဲ့ခွင့်အရေးတွေ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ အစိုးရမှာ တာဝန်အရှိဆုံးပဲ။ ဘာဖြစ်လို့ အစိုးရက ဒါကို မကာကွယ်ခဲ့သလဲ။ ကိုယ့်အစိုးရကမှ ကိုယ့်ကိုမကာကွယ်လို့ရှိရင် ဘာကိစ္စတခြားအစိုးရက ကိုယ့်အကျိုးကို ကြည့်နေရမှာလဲ”။



0 comments:

Post a Comment