ဗောလ်တဲရ်ဟာကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ပြဇတ်ရေးဆရာ၊ စာတမ်းရေးဆရာ၊ ဝတ္ထုတိုရေးဆရာ၊
သမိုင်းဆရာ၊ ဒဿနိက ဆရာ၊ လွတ်လပ်စွာတွေးခေါ်ရေးလစ်ဘရယ်ဝါဒရေးရာ ဆရာကြီးဖြစ်တယ်။ ပါရီမြို့တော်မှာ
ဗောလ်တဲရ်ကို ၁၆၉၄ မှာ မွေးတယ်။ မျိုးရိုးဗီဇက လူလတ်တန်းစား အဖရှေ့နေ၊ ငယ်စဉ်က ပါရီမှာရှိတဲ့
ဂျက်စဝတ်တေကောလိပ်(Jesuit college ခရစ္စယာန်စာသင်ကျောင်းတော်ဖြစ်တဲ့ လူဝေ-လ-ဂရန်မှာ
ဗောလ်တဲရ်နေဘူးတယ်။ ပါရီမှာလူရွှင်လူနောက်၊ ထက်မြက်စူးရှတဲ့ပျက်လုံးနဲ့သရော်စာကို ကဗျာဖွဲ့တဲ့အနေနဲ့
ထင်ရှားလာတယ်။ တစ်ခါတော့သူရေးတဲ့နိုင်ငံရေးကဗျာကြောင့် ဗောလ်တဲရ်ကိုဖမ်းပြီး ဗက်စတီးထောင်ထဲထည့်လိုက်တယ်။
ထောင်ထဲမှာ ဟင်န်ရိအိတ်သမိုင်းလင်္ကာကြီးတစ်စောင်ကို ရေးဖြစ်တယ်။ ဒီလင်္ကာကြီးရဲ့ကောင်းသတင်း
ထွက်လာတယ်။ ဗောလ်တဲရ် ထောင်ကထွက်ပြီးစ သူရေးတဲ့ သြဧဒစ်ပဲကို ၁၇၁၈ ပါရီမှာရုံတင်တယ်။
အဲဒီမှာ ထပ်မံနာမည်ကြီးပြီး အသက် ၂၄ နှစ်မှာကျော်အမော်ဖြစ်လာပြီးတဲ့နောက်
အသက် ၆ဝ အတွင်းမှာဘဲ ပြင်သစ်စာပေခေါင်းဆောင်လို့ အသိအမှတ်ပြုကြပါတယ်။ အဟောအပြောပျက်လုံးကောင်းတယ်လို့
ပြိုင်စံရှားထင်ရှားကျော်ကြားလာပါတယ်။ ဒါပေမယ့် အဲဒီခေတ်က တန်ရာတန်ရာပြောဆိုကြရတယ်။
မင်းမျိုးစိုးမျိုး သူကောင်းမျိုးနဲ့တွေ့ရင် "မော့ ဖူးစေ"ဆိုမှကြည့်ရဲတာ၊
မမေးဘဲနဲ့ကိုယ်ပြောချင်တာ ပြောလို့ရှိရင် ချက်ချင်း ရိုက်ပုတ်နှိပ်စက်ခံရတတ်တယ်။ လူအများရှေ့မှာ
ဗောလ်တဲရ်နဲ့သူကောင်းမျိုး ရှဗလျာဒေရိုဟန်တို့ လူပရိတ်သတ်ရှေ့မှာ စကားအခြေအတင်ပြောမိတယ်။
စကားအရာမှာ သူကနိုင်ပေမယ့် မကြာခင်ရှဗလာကလွှတ်တဲ့လူကြမ်းတွေက ဗောလ်တဲရ်ကို ရိုက်နှက်
ထုနှက်တယ်။ နောက် ဘက်စတီးထောင်ထဲမှာသွင်းပစ်ခဲ့တယ်။ ထောင်ထဲမှာသိပ်မကြာပေမယ့် အင်္ဂလန်ကိုပြည်နှင်ဒဏ်နဲ့
၂ နှစ်ခွဲလောက် နေခဲ့ရပါတယ်။ အင်္ဂလန်ကို ဗောလ်တဲရ်နေခဲ့တာဟာ သူ့ဘဝအတွက် အရေးကြီးအဆင့်ကိုရောက်ခဲ့ပါတယ်။
ကျော်ကြားတဲ့ ဂျန်လော့ခ်၊ ဖရန်စစ်ဘေကွန် ၊ အိုင်စက်နယူတန်၊ ဝီလီယမ်ရှိတ်စပီးယားတို့လို
အင်္ဂလိပ်ကြီးတွေရဲ့စာပေကို လေ့လာခွင့်ရပါတယ်။ အင်္ဂလန်ရဲ့ ရှေ့ဆောင်တွေ ပညာရှင်တွေနဲ့ကိုယ်တိုင်ဆွေးနွေးခွင့်ရပါသေးတယ်။
ရှိပ်စပီးယာကို သူ သိပ်အံ့သြတယ်။ အင်္ဂလိပ်တွေရဲ့သိပ္ပံပညာအရာမှာ ကျွမ်းကျင်ပုံကိုလည်း
သိခွင့်ရတယ်။ အင်္ဂလိပ်တွေဘာမဆို လက်တွေ စမ်းသပ်ကြည့်ပုံကိုလည်း သိပ်အားကျတယ်။ သူစိတ်ထဲမှာ
အလေးစားဆုံက အင်္ဂလိပ်နိုင်ငံရေးစနစ်ပါ။ အင်္ဂလိပ်ဒီမိုကရေစီနဲ့ လူတစ်ဦးချင်းရဲ့ရပိုင်ခွင့်ဟာ
သူတို့ပြင်သစ် အနေနဲ့ မကြားဖူးတဲ့ကိစ္စဖြစ်နေတယ်။ ဘယ်အင်္ဂလိပ်မြို့စားအရှင်သခင်မှ ဗောလ်တဲရ်ခံခဲ့ရသလိုမျိုး
မျိုးရိုး တံဆိပ်ခပ်နှိပ်ထားတဲ့စာရွက်မှာ ”ဒီကောင့်ကိုဖမ်းပြီးထောင်ချလိုက်”ဆိုတာမျိုး
မလုပ်နိုင်တာကိုသိရတဲ့အပြင် သူ့ကိုဘာအပြစ်နဲ့အရေးယူထားတယ်လို့မသိရဘဲနဲ့ အခုလိုချုပ်နှေင်ခံနေရရင်
လူကောင်းကိုရှေ့တော်သွင်းစေအမိန့်နဲ့ လွှတ်ပေးလိမ့်မယ်ဆိုတာမျိုးကိုလည်း တွေ့ရပါသေးတယ်။
ဗောလ်တဲရ်ပြင်သစ်ကိုပြန်ရောက်တဲအခါ သူရဲ့အကြီးကျယ်ဆုံးဒဿနိကစာတမ်းကို
၁၇၃၄ မှာရေးသားပုံနှိပ် ဖြန့်ဝေပါတယ်။ ဒီကျမ်းကိုအင်္ဂလိပ်တို့အကြောင်းလို့ဘဲ အလွယ်ခေါ်ကြပါတယ်။
အဲဒီကျမ်းဟာ ပြင်သစ်ဉာဏ်အလင်းဖွင့်ပွဲရဲ့အစလို့ ပြောကြပါတယ်။ အင်္ဂလိပ်အကြောင်းမှာ အင်္ဂလိပ်နိုင်ငံရေးစနစ်ကို
အတော်များများကျေနပ်နှစ်သက် ချီးမွမ်းစိတ်နဲ့ရေးသားဖော်ပြပါတယ်။ ဂျွန်လော့နဲ့ တခြား
အင်္ဂလိပ်ဒဿနိကဆရာတို့ တွေးခေါ်ပုံတွေကိုလည်း ထည့်သွင်းရေးသားဖော်ပြပါတယ်။ ဒီစာအုပ်ကို
ပုံနှိပ်ဖြန့်ဝေလို့ ပြင်သစ်အာဏာပိုင် တွေက သိပ်ပြီးစိတ်ဆိုးကြလို့ ဗောလ်တဲရ်ဟာ ပါရီက
နောက်တစ်ကြိမ်ထွက်ခွာသွားရပြန်တယ်။
ဗော်လ်တဲရ်ဟာ ပြင်သစ်အရှေ့ပိုင်းစီရဲမှာ တစ်ဆယ့်ငါးနှစ်ကြာအောင် နေခဲ့ပါတယ်။
အဲဒီဒေသမှာ မြို့စားကြီးရဲ့ ပညာတတ် ဥဏ်ထက်မျက်တဲ့ဇနီး မရမ်ဒုရှလေနဲ့ ချစ်သူဖြစ်ခဲ့တယ်။
၁၇၅ဝ ခုနှစ် ချစ်သူသေဆုံးပြီးတစ်နှစ်ကြာတဲ့အခါ ဗောလ်တဲရ်ကိုပရပ်ရှားက မဟာဖက်ထရစ်ကိုယ်တိုင်ကဖိတ်ခေါ်လို့
ဂျာမဏီကိုသွားတယ်။ အစပထမမှာ စာပေကျွမ်းကျင်တဲ့ဖက်ထရစ်နဲ့ပြေလည်တယ်။ နောက်ရန်ဖြစ်ပြီး
၁၇၅၁ မှာ ဂျာမဏီကထွက်ခဲ့တယ်။ ဂျာမဏီကထွက်လာပြီး ပြင်သစ်မင်း၊ ပရပ်ရှားမင်းတွေရဲ့ဘေးကကင်းလွတ်
အောင် ဂျီနီဗာအနီးကခြံကြီးတစ်ခုမှာ အခြေချနေထိုင်ပါတယ်။ ဒါပေမယ့် သူအယူအဆတွေဟာ ရှေ့ရောက်ပြီးခေတ်ဆန်လွန်းလို့
ဆွစ်ဇာလန်လို ဒေသမှာတောင် ဒုက္ခရောက်နိုင်တယ်လို့သိရတာနဲ့ ပြင်သစ်စွစ်နယ်စပ် ဖာနေက ခြံသစ်ကို
ဘယ်သူကရန်လုပ်လုပ် ဘေးလွတ်မယ့်ဘက်ကို ပြေးသာတယ်ဆိုပြီးစိတ်ကူးနဲ့ နိုင်ငံနယ် ခြားနှစ်ခုခြားနယ်စပ်မှာနေထိုင်ပါတယ်။
အဲဒီမှာနှစ်နှစ်ဆယ်ကြာတယ်။ စာပေနဲ့ဒဿနိကကျမ်းတွေ အဆက်မပြတ်ရေးတယ်။ ဥရောပတစ်ခွင်ဉာဏ်ကြီးရှင်တွေကို
စာပေးစာယူလုပ်တယ်။ မိတ်ဆွေသင်္ဂဟကိုဧည့်ခံ ကျွေးမွေးပြုစုတယ်။ ဒီနှစ်တွေအတွင်းမှာ ဗော်လ်တဲရ်က
စာရေးမပျက်ကြိုးစားမှုလျော့နည်းမသွား၊ သူက အံ့သြစရာကောင်းလောက်အောင် ဘက်စုံရစာရေးဆရာ
တစ်ယောက် ဖြစ်ပါတယ်။ ဗော်လ်တဲရ်ရဲ့ စွဲစွဲမြဲမြဲယုံကြည်ထားတဲ့အချက်တစ်ခုက သူလည်းသူ့အကြိုက်
ငါလည်းငါ့အကြိုက်ကိုးကွယ် ယုံကြည်မှုပြုပါစေဆိုတဲ့ဘာသာရေးသီးခံချက်ရှိရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒါပေမယ့် အသက်(၆ဝ)ကျော်(၇ဝ)ဘက်နီးတဲ့အခါ ပြင်သစ်မှာ ကြောက်ခမန်းလိလိ ပရိုတက်စတင့်ဂိုဏ်းသစ်တွေကို
အပြစ်ဒဏ်ခတ်တယ်လို့သူသိရတယ်။ ဒေါသထွက်ပြီး ”ဉာာဏ်ပညာနဲ့ ဘာသာရေးအယူသီးမှုကို ငါဖယ်ရှားတိုက်ဖျက်မယ်”လို့ဆုံးဖြတ်လိုက်တယ်။
ဘာသာရေးချုပ်ချယ်မှုကိုဆန့်ကျင်တဲ့ ဘာသာရေးလက်ကမ်းစာတွေ အများအပြားရေးတယ်။ သူ့ကိုယ်ပိုင်စာကို
အဆုံးသတ်တဲ့အခါတိုင်း ”အပုတ်သတင်းထွက်လှတဲ့ အချင်းအရာကိုသုတ်သင်ကြ”လို့ရေးလိုက်တယ်။
ဗော်လ်တဲရ်အဖို့ အပုတ်နံ့ထွက်တဲ့ကိစ္စက သာသနာယုံကြည်မှုနဲ့ပတ်သက်လာရင် သင့်မသင့် မချင့်ချိန်ဘဲ
အယူသီးတာကို ဆိုလိုတယ်။
အသက်(၈၃)နှစ်ရောက်တဲ့ (၁၇၇၈)ခုနှစ်မှာ ဗော်လ်တဲရ် ပါရီကိုပြန်သွားတယ်။
သူရေးတဲ့အိရန်ပြဇာတ် ပထမပွဲကို သူကိုယ်တိုင် လာကြည့်တယ်။ သူ့ကို ပြင်သစ်ဖျော်ဖြေပွဲရဲ့ဘဘကြီးလို့ခေါ်ပြီး
လူထုကြီးက လက်ခုပ်သြဘာတစ်ခဲနက်တီးတယ်။ ဘင်ဂျိုမဲန်ဖရင့်ကလင် အပါအဝင် သူ့ကိုကြည်ညိုလေးစားသူတွေ
တစ်ဖွဲဖွဲတွေ့ကြတယ်။ အဲဒီအခါ ဗော်လ်တဲရ်ရဲ့ဘဝ နိဂုံးပိုင်းကိုရောက်ပါပြီ။ ပါရီမှာ
(၃ဝ)မေ (၁၇၇၈) နေ့ရက်မှာ ကွယ်လွန်သွားပါတယ်။
သူက”ပွင့်ပွင့်လင်းလင်း ယုံကြည်မှုကိုအသုံပြုပြီး အယူသီးတဲ့အလုပ်တွေကို
အတင်းတိုက်ဖျက်တဲ့လူဖြစ်တယ်”ဆိုပြီး ပါရီသင်္ဂျိုင်းမှာ ခရစ္စရမ်ဘာသာဝင်တွေပြုမြဲဝတ်ကိုပြုပြီး
မြှုတ်နှံခွင့်မပေးပါ။ တစ်ဆယ့်သုံးနှစ်ကြာတဲ့အခါ သူရုပ်ကြွင်းကိုပြန်ဖော်ပြီး ဂုဏ်ပြုထိုက်သူတွေရဲ့သင်င်္ဂျိုင်းဖြစ်တဲ့
ပါရီပန်သယ်ရွန်မှာ တခမ်းတနားမြှုပ်နှံကြပါတယ်။ ဗော်လ်တဲရ်ရေးတဲ့စာတွေများလွန်းလို့
အသေးအဖွဲကိုဖယ်ပြီး အရေးပါတဲ့စာတွေကိုရေးမယ်ဆိုရင်တောင် ဒီစာတမ်းငယ်မှာရေးသားဖော်ပြနိုင်မှာမဟုတ်ပါ။
"မင်းပြောတာကိုငါမနှစ်သက်ပေမယ့် မင်းပြောချင်တာပြောခွင့်ရအောင်တော့
ငါအသက်စွန့်ပြီးဆောင်ရွက်ပေးမယ်"ဆိုတဲ့စကားကို သူပြောသွားလို့ လူအများက သူပဲဒါမျိုးပြောမှာလို့
စွဲလမ်းနေကြတယ်။ နောက် ဗော်လ်တဲရ်ရဲ့ဦးတည်ချက်ဖော်ထုတ်တဲ့အယူအဆတစ်ခုက ကိုးကွယ်ယုံကြည်မှုမှာ၊
သာသနာရေးမှာ ချုပ်ချယ်ခြင်းနှိပ်ကွပ်ခြင်းကို ဇွဲနဲ့အမြဲဆန့်ကျင်ခဲ့ပါတယ်။ ဗော်လ်တဲရ်ဟာ
ထာဝရဘုရာသခင်ကို ယုံကြည်ပါတယ်။ သို့သော် ဘာသာရေးနဲ့ပတ်သက်ပြီး ချဲ့ထွင်ဆောင်ရွက်ပြောဟောကြပုံကိုတော့
လုံးဝမကျေနပ်ပါ။ ”အဖွဲ့အစည်းအားကိုးပြီး ပိတ်ပင်တားမြစ်ချက်တွေကတော့ အချေအမြစ်မရှိလိမ်လည်ချက်တွေဖြစ်တယ်”လို့
အမြဲတင်ပြရေးသားခဲ့တယ်။ သူရဲ့နိုင်ငံရေး၊ သာသနာရေး အယူအဆဟာ ပြင်သစ်ဉာဏ်ပွင့်လင်းမှုမှာ
ပင်မရေစီးကြောင်းဖြစ်တယ်။ ပြင်သစ်တော်လှန်ရေးကို (၁၇၈၉)မှာပေါ်ပေါက်လာအောင် ရှေ့ဆောင်ပေးခဲ့တယ်လို့ပြောနိုင်ပါတယ်။
သူရေးတဲ့ ထင်ရှားပြီးအရေးပါဆုံးဖြစ်တဲ့သမိုင်းကျမ်းက ”နိုင်ငံတကာရဲ့စိတ်ဓါတ်နဲ့အမူအကျင့်”ဖြစ်ပါတယ်။
ရှိပြီး သမိုင်းကျမ်းတွေနဲ့ ကွာခြားချက်နှစ်ခုရှိပါတယ်။ ပထမအချက်က ဥရောပဆိုတာ ကမ္ဘာကြီးရဲ့သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်လို့
သူကျမ်းမှာ အာရှဖက်ကို ပိုပြီးပြည့်စုံအောင်လေ့လာရေးသားပါတယ်။ ဗော်လ်တဲရ်အမြင်မှာ
”နိုင်ငံရေးသမိုင်းက ဓလေ့သမိုင်းထက်ယေဘုယျအားဖြင့် ပြောရရင် ပိုပြီးအဖိုးတန်တယ်”ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့သဘောတရားယုံကြည်မှု အချုပ်အချယ်ကင်းရှင်းရေး၊ ပညာရှင်တွေ လွတ်လွတ်လပ်လပ်တွေးခေါ်ကြံဆခွင့်တွေ
ပြင်သစ်မှာ လူအများသိရှိအောင်၊ သူတို့အသိမှာ စိမ့်ဝင်သွားအောင် အဲဒီကတစ်ဆင့် ဥရောပတစ်တိုက်လုံးပြန့်သွားအောင်
သူကဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သူ့ရဲ့ သိပ်ထိမိတဲ့စာရေးနည်း သူအသက်ရှည်ရှည်နေနိုင်ပြီး
စာကိုမပြတ်ရေးသားကြိုးစားဖြန့်ဝေနေတဲ့အချက်က သူ့လက်ရာသိပ်များတော့ လူထုပရိတ်သတ်များများသိအောင်လုပ်သူဟာ
သူပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဉာဏ်ပွင့်လင်းမှုမှာ သူ့စိတ်ကူးကိုမှီပြီးဖြစ်ပေါ်လာတာတွေများတယ်။
တတိယအချက်ကတော့ ဗော်လ်တဲရ်ဟာ အခြားပညာရှင်ခေါင်းဆောင်တွေထက် သူပေါ်ပေါက်ရောက်ရှိလာတာ
အများကြီးစောတယ်။
ဒါကြောင့် ဗော်လ်တဲရ်ဟာ ပြင်သစ်တော်လှန်ရေးကြီးလို့ ကြီးကျယ်တဲ့အတွေးအခေါ်ရာသီဥတုကို
ပြောင်းပေးနိုင်တဲ့ကိစ္စမှာ သိပ်အရေးပါတဲ့နေရာကနေ ပါဝင်ကပြနိုင်သူဖြစ်ပါတယ်။ သူဟာ ပြင်သစ်မှာသာ
သက်ရောက်တာမဟုတ်ပါ အမေရိကားရှိ သောမတ်ဂျက်ဖာဆင်၊ ဂျိန်းမဒီဆင်နဲ့ ဘင်ဂျမင်ဖရန့ကလင်တို့ဟာ
သူ့စာတွေကို ဖတ်တယ်။ ဒီတော့အမေရိကာနိုင်ငံရေးအစဉ်အလာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။
The 100; A Ranking of the Most Influential Persons in History by
Michael H.Hart
(Translated by ဒေါက်တာသန်းထွန်း " ကျော်စွာ ၁ဝဝ ")
ယူတာက ဒီနေရာကပါ။
https://www.facebook.com/groups/276223095802969/permalink/448277438597533/
0 comments:
Post a Comment