Thursday, March 13, 2014

၂ဝ၁၄ မတ်ခ်ျ ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မတ်ခ်ျ ဒုတိယပတ်ထဲရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ဒီတခါ မောင်မျိုးချစ်နှင့်မယ်သာကီ တို့ ကြောင်းတူသံကွဲ ခွဲလှော်ဖို့ကြံရွယ်လေသလား မပြောတတ်။ ဟိုနေ့ကရေးတဲ့ ကျနော့်စတေးတပ်စ် ဖတ်အပြီး မက်ဆေ့ဂ်ျကိုယ်စီ ပို့လာ၏။ မောင်မျိုးချစ်က “ခင်ဗျားတို့ ဒီလောက်အမုန်းခံ အဆဲအဆိုခံပြီးပြောနေလည်း အပိုပဲဗျ၊ ခင်ဗျားပြောတာတွေလည်း လူတွေမကြိုက်ကြဘူးဗျ၊ ဖတ်ပြီးလည်း လူတွေကအချိုးပြင်မှာမဟုတ်ဘူး၊ မပြင်တဲ့အပြင် ပိုတောင် ဆိုးဦးမှာ၊ ခင်ဗျားတို့ အမုန်းခံရ အဆဲခံရသာအဖတ်တင်မှာ၊ တိုင်းပြည်က ဘာမှ ထူးမလာဘူး၊ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အမေရိကားမှာ အေးဆေးနေစမ်းပါဗျာ”ဟုဆိုကာ မယ်သာကီက “ရှင့်မလဲ တနေ့တနေ့ ရေးလိုက်ပြောလိုက်ရတာ၊ နားချိန်စားချိန်လေးမှ ရှိရဲ့လား၊ နဂိုကမှ လူကဒုက္ခိတ၊ ဒီကြားထဲ ဒါတွေပြောနေရေးနေတော့ အဆဲခံရပြီး စိတ်ပါဒုက္ခခံရတာပေါ့၊ စိတ္တဒုက္ခ ကာယဒုက္ခနှစ်ထပ်ကွမ်းနဲ့ ကြာရင် အသက်တိုမှာ မစိုးဘူးလား၊ လူ့ဘဝ ခနလေးနေရတာ စိတ်ချမ်းသာအောင် အေးရာအေးကြောင်းသာနေ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းမှတ်ရင်လည်းမှတ် ဒါမှမဟုတ် သဗ္ဗေသတ္တာကံမ္မသကာလို့သာမှတ်ပြီးနေပါလား”လို့ဆိုပါတယ်။

မောင်မျိုးချစ်ရေ တကူးတကန့်အမုန်းခံပြီး အဆဲအဆိုခံပြီးပြောနေတာမဟုတ်ရကြောင်း အရင်ပြောပါရစေ။ ပြောချင်စိတ် စေ့ဆော်မှုကြောင့် ပြောတာပါ။ ဆဲတာမုန်းတာက ဆဲသူမုန်းသူအလုပ်ပါ။ ပြောတာက ကျနော့်အလုပ်ပါ။ ဆဲသူမုန်းသူ ဆဲချင်ကြမုန်းချင်ကြရှာမှာပါ။ ကျနော်လည်း ပြောချင်ရှာသူပါ။ ဘဝတူတွေမို့ ကိုယ်ချင်းစာပါတယ်။ ခံစားမှုတူသူတွေမို့ နားလည်ယူလို့ရပါတယ်။ ဆန့်ကျင်ဘက်မှာ သွားတူသူတွေမို့ မိတ်ဆွေလိုတော့ဘယ်ဆက်ဆံကြပါ့မလဲ။ ကျနော်ပြောတာတွေ လူတိုင်းကြိုက်မယ်လို့ ခင်ဗျားက ဘာလို့တွေးမိရ ပြန်တာတုန်း ကျနော်တောင် တခါမှ အဲ့သလိုမတွေးမိပါ။ ဖတ်ပြီး ပိုတောင်ဆိုးသွားမယ်ဆိုလည်း ဆိုးကြပါစေ။ ကျနော်က လောကနီတိတွေ ဆုံးမစာတွေရေးနေတာမှမဟုတ်ပဲကိုး။ ဆိုးရင် အဆိုးဒဏ်ခံနိုင်ရည်ရှိဖို့ပါပဲ။ ဆိုးတဲ့ဒဏ်ဆိုတာ ဘက်တဘက်တည်းခံရတာမဟုတ်ပါ။ ဆိုးသူ/အဆိုးခံရသူ အရိုးမပါတဲ့အသွားနှစ်ဘက်ဓါးကို ခါးလည်ကကိုင်ခုတ်သလိုကို သူပြတ်ကိုယ်ပြတ် ပြတ်ကြရှကြရတာမျိုးပါ။ အချိုးပြင်တာ မပြင်တာလည်း သူတို့ကိစ္စပါ။ ကိုယ်ပြောလို့ သူတို့အချိုးပြင်ကြမယ်လို့တွေးပြီး မျှော်လင့်ပြီး ယုံကြည်ပြီး ဘယ်တော့မှ ဘာစကားမှ ဘယ်သူ့ကိုမှ မပြောဖူးပါ။ (နေရာတိုင်းမဟုတ်ပေမယ့်) ခင်ဗျားအပါအဝင် ရွှေပြည်ကြီးက နင်းပြားတွေအဖိနှိပ်ခံတွေကို စိတ်လွတ်လပ်မှု ဘဝလုံခြုံမှုနဲ့ ကျနော့်လိုပဲအေးဆေးနေစေချင်တာပါ။

ပူပန်ရန်ကော မယ်သာကီ။ ရှိပါ့ နားချိန်စားချိန်ရောအပြည့်။ တခါတလေ သောက်ချိန်လေးတောင်ရှိသေး။ ဟုတ်ပါ့ နဂိုကမှ လူက ဒုက္ခိတ။ ဒါပေမယ့် ကိုယ့်ဝန် သူများကိုဖိတဲ့ဒုက္ခတော့ ဘယ်သူ့ကိုမှ တတ်နိုင်သလောက်မပေးမိဖို့ ကြိုးစားနေထိုင်ပါတယ်။ စိတ်ဒုက္ခကတော့ ခုမှ မဟုတ်ပါ၊ လူမှန်းသိတတ်စကတည်းက ခံခဲ့ရတာပါ၊ ခုချိန်ထိမလွတ်ပါ။ ရုပ်ဆိုတဲ့သဘောမရှိပဲ စိတ်သဘောမှမရှိတာ။ နမ်ဆိုတဲ့သဘောက ရုပ်မရှိပဲ တည်ရိုးလား။ ရုပ်မရှိပဲ ခံလို့ရမယ့် စိတ်ဒုက္ခသက်သက်များ ရှိရိုးလား။ ရုပ်ရှိသရွေ့ ရုပ်ဒုက္ခ စိတ်ဒုက္ခကနေလွတ်ရိုးလား။ မတည်ရိုး မရှိရိုး မလွတ်ရိုးမယ့်တူတူ ဝအောင်ခံ ခံနိုင်အောင်ခံရမှာပါ။ အသက်ကတော့ မသေမချင်းရှည်မှာပါ။ တစ်ခုပဲ တောင့်တမိတယ် မသေခင် ကျန်းမာချင်တယ်။ သေခါမှသေရော။ အသက်တိုတိုရှည်ရှည်။ လူ့ဘဝက ရှိနေတဲ့စိတ်ပိုင်းရုပ်ပိုင်းဘဝအခြေအနေပေါ်တည်ပြီး တခါတခါ ခနလေး၊ တခါတခါ ပြီးပဲမပြီးနိုင် ဆုံးပဲမဆုံးနိုင်လောက်အောင် ရှည်သကိုး။ ဆိုတော့ လူ့ဘဝ ခန မခနက ဘဝနဲ့ပဲဆိုင်ပါသကော။ ဖြစ်သမျှအကြောင်းက အကောင်းချည်းလို့မှတ်ရင် ခင်ဗျားတောင် ကျနော့်ဆီ ခုလို တကူးတကန့်တွေရေးနေမယ်မဟုတ်ဘူး။ သဗ္ဗေသတ္တာကံမ္မသကာက ပျားသကာလိုချိုရင်တော့ ကောင်းပါ့။ ချိုရင်ချိုတယ်မှတ်  ဆိုကာ မှတ်ချည်းပဲနေမိမှာပါ။ ကျေးဇူးပါဗျား။
(သဗ္ဗေသတ္တာကံမ္မသကာကိစ္စ)

သင်္ကြန်နီးတော့ သင်္ကြန်သူငယ်ပြန်တယ် သင်္ကြန်နာကျတယ်။ ငယ်သင်္ကြန်အောက်မေ့တာ ငယ်ချစ်ဖူးကိုလွမ်းမိတဲ့ခံစားမှုနဲ့တူတယ်။ သင်္ကြန်အကြောင်းရေးမယ်ဆိုတော့ ရာသီစာပေါ့။ သူလည်း သင်္ကြန်မှာရေးတော့ သင်္ကြန်စာပဲဆိုရမယ်။ ဒါပေမယ့် မန္တလေးဗေဒဝိဇ္ဖာဆရာဦးအောင်သန်းနဲ့တော့ လားလားမှတူစရာလည်းမရှိ။ သင်္ကြန်နာကျနေမှတော့ ဘာဖြစ်လတံ့ ညာဖြစ်လတံ့တွေလည်း ပါဖို့လမ်းမမြင်။ ပုဏ္ဏားဖြူပုဏ္ဏားညို ဟူးရားသမားဆရာတွေလည်း ဟောကြပါစေ၊ လောကလည်း ချမ်းသာပါစေ၊ လူများလည်း မေတ္တာစိတ်ဝင် ချစ်ခြင်းမျက်စေ့ဖြင့်ရှိကြပါစေ၊ ကြည့်ကြပါစေ။ ဆန်ရေစပါးများလည်း ပေါများပါစေ၊ မင်းဆိုးမင်းညစ်ဒဏ်မှလည်း လွတ်ကြပါစေ။
(သင်္ကြန်စာနဲ့သင်္ကြန်နာ)

သင်္ကြန်နီးပြီ။ ငယ်ဘဝကျခဲ့ဖူးတဲ့သင်္ကြန်တွေ ပြန်အောက်မေ့တယ်။ အိမ်ဘေးကအဒေါ်ကြီးရဲ့အတာအိုးအတွက် ကျောင်းဘောကွင်းစပ်နားသွား
မြေဇာမြက်နှုတ်ရင်းဆိတ်သိုးလိုက်ဝှေ့လို့ ခွေးပြေးဝက်ပြေးခဲ့ရတဲ့သင်္ကြန်မျိုး၊ လမ်းထိပ်မီးသတ်ရေကန်ထဲဆင်းဆော့လို့ ခြေထောက်ပုလင်းကွဲရှပြီး
ဆေးခန်းမှာအစိမ်းချုပ်ချုပ်ချိန် အသားထဲအပ်ထိုးကြိုးတင်းဆွဲချည် ရွှိကနဲရွှိကနဲ စိတ်ထဲကျိကနဲကျိကနဲဖြစ်ရတဲ့သင်္ကြန်မျိုး၊
ရေရွှဲရွှဲစိုနေတာနဲ့ ရောင်တော်ပြန်လွှတ်ပြီး ပုဆိုးထဲကနေရှူရှူးပေါက်ချတော့ ပေါင်တံတလျှောက်နွေးကနဲဖြစ်ရတဲ့သင်္ကြန်မျိုး၊ ထမီတိုတိုရေစိုစိုနဲ့ ရွှေရင်သိမ်းသစ်ငယ်ချစ်ဖူးကိုအမြင် ခုန်လိုက်တဲ့နှလုံးအဟုန်မှာ တကိုယ်လုံးသိမ့်သမ့်တုန်ခဲ့တဲ့သင်္ကြန်မျိုး၊
ကုန်သွယ်ရေး(၄)အရက်ဖြူကို မရမ်းပြားချိုချဉ်နဲ့မြည်း ဘိလပ်ရည်နဲ့မျှောချရင်း မမူးတတ်မူးတတ်သင်္ကြန်မျိုး၊ နွားလှည်းဘီးလှည်းငဆီထဲ အိုးမဲပါထပ်ရောပြီးအသုတ်ခံရမျက်စေ့ထဲဝင်လို့ ကျောင်းဆရာဦးနီ(ဦးစိုးမြင့်)ကို မအေနှမကိုင်တုတ်ရင်း မပြီးနိုင်မစီးနိုင်ငိုကြောရှည်ခဲ့တဲ့သင်္ကြန်မျိုး၊ ထမင်းပြော့ပြော့ကြီးတွေတစိစိဝါး၊ နို့ကြီးလှန်ညှစ် နို့ရည်တွေနဲ့ပယ်ပယ်နယ်နယ်နှဲပြီး ပါးစပ်အတင်းဖြဲခွံ့တော့ တဂေ့ဂေ့နဲ့အော့အော့ပြီး တဝေါ့ဝေါ့နဲ့ထိုးထိုးအန်ခဲ့တဲ့ သင်္ကြန်မျိုး၊ မုန့်လုံးရေပေါ်ထဲ ငရုပ်သီးစိမ်းကူထည့်ပေးရင်း သူများထိတော့ပျော်ပြီး
ကိုယ့်ထိမှ မခံချည့်မခံသာဖြစ်ရတဲ့သင်္ကြန်မျိုး၊ အတက်နေ့ညနေ နေဝင်ရီတယော ပရိတ်ရွတ်အပြီး ဘုန်းကြီးတွေပြန်မကြွခင်ကတည်းက ချထားတဲ့သံပုံးစုတ်တွေတဗြုံးဗြုံးတီး တဝေးဝေးတဝါးဝါးနဲ့ မကောင်းဆိုးရွားတောထုတ်ခဲ့တဲ့သင်္ကြန်မျိုး၊ ပြောရရင် သိကြားမင်းနဲ့ ခွေးရေပုရပိုက်မပါတဲ့ သကြန်၊ ဥပုသ်သီတင်းအခါတွင်းကြီးတို့မပါတဲ့ သင်္ကြန်၊ ပါတိတ်အကီင်္ျတွေမပါတဲ့ သင်္ကြန်၊ ဘီယာအရက် စီးကရက်ကြော်ငြာတွေမပါတဲ့ သင်္ကြန်၊ ငယ်ငယ်တုန်းကလိုသင်္ကြန်မျိုး ခုနေပြန်ရလို့ကတော့ ဘာပြောကောင်းမလဲ။ ခုခေတ်လည်း သူ့ခေတ်နဲ့သူ့အခါ ပျော်ကြပါစေ။ သူ့ဘဝနဲ့သူ့အလှ မော်ကြပါစေ။ (သင်္ကြန်နီးလို့ကျွဲမြီးတိုကိစ္စ)

ကျနော်နဲ့မတူလို့ ဆဲဆိုနေမယ့်အစား ပြန်ပြောပြန်ရေးတာ မကောင်းလားဗျာ။ မကြိုက်တိုင်း ထိုင်ဆဲကြကြေးဆို ဆဲရင်းသေသာသွားမယ် ဆဲစရာတွေကတော့ ကုန်မယ်မထင်ဘူး။ ပြန်ရေးပြန်ပြောတယ်ဆိုတာ ကိုယ့်အမြင်ကိုယ့်အတွေး ကိုယ့်အသိကိုယ့်အတွေ့အကြုံတွေ သူများနဲ့ပြန်ဝေငှ ခံစားဖလှယ်ကြတဲ့သဘောပါပဲ။ အဆဲအဆိုချန်ပီယံ မယ်သာကီနဲ့မောင်မျိုးချစ်တွေ နှုတ်အာကြမ်းတမ်းပုံကတော့ ပြောရမှာတောင်ပါးစပ်ရှက်စရာပါ။ အခြားသူတွေနဲ့ အလွန်ခြားနားလှပါတယ်။ ဖရုဿဝါစာပြောတဲ့နေရာမှာတော့ ပြိုင်စံရှားတွေပါ။ ယူဇာအများစုကြီးကတော့ သိမ်မွေ့ပျူငှာပြီး ဆင်ခြင်တုံတရားနဲ့ တွေးခေါ်မြော်မြင်မှု ရှိကြသူတွေပါ။ ကျနော့်ပြန်ချေပရေးလို့လည်း ကျနော်ပြန်မဆဲပါဘူး အကျိုးအကြောင်းသင့် ပြန်ရှင်းပြရမယ့်သူဆို လေးလေးနက်နက်တည်တည်ကြည်ကြည်
ပြန်ရှင်းပြန်ပြောပြောပါတယ်။ ပြန်ဆဲမယ်ထင်ပြီး ထိုင်ဆဲနေတော့ မရှူံးဘူးလား။ အဆဲခံရသူနာမှသာ ဆဲရခြင်းမှာအာတွေ့ပြီး အပြန်အလှန်ဆဲရေးတိုင်းထွာကြမှ ဆဲရခြင်းအနှစ်သာရနဲ့ပြည်စုံကာ အရသာလည်းပြည့်ပြည့်ဝဝကြီးရမှာမဟုတ်လား။
(အဆဲသန်သူတို့အရေး)

အရင်တုန်းက(သေနတ်ခါးထိုးနည်လှည့်ပါးရိုက်ချိန်)ဆို လူထုဘက်ကဝင်ရပ် ဝင်နာ ဝင်ပါလို့ ဘုန်းကြီးတစ်ပါးပါးများ စစ်အစိုးရဖမ်းလိုက်လို့ရှိရင် သံဃာထုအစုအသင်းကြီးထဲကရော နံမည်ကျော်ကိုယ်တော် တစ်ပါးချင်းအလိုက်တွေရော ပြန်လွှတ်ပေး မတရားမလုပ်နဲ့ ဘာညာတောင်းဆိုတိုက်ပွဲခေါ်သံတွေ ဟိန်းနေအောင်ကိုထွက်တယ်။ လူထုကြားထဲမလည်း သူတို့အသံများ ကြားရပလားဆို အားတွေမန်တွေဖြစ်လို့၊ စစ်အာဏာရှင်တွေကို ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွေများလုပ်ပလားဆို လူတွေခမျာဝမ်းသာလုံးဆို့ပြီး မျက်ရည်ဝဲဝဲနဲ့ အံကြိတ်ကာကြိတ်ကာ လက်သီးဆုပ်ကာဆုပ်ကာနဲ့၊ ၂ဝဝ၇ ရွှေဝါရောင်ကြီးလည်းဖြစ်ရော ဘာပြောကောင်းမလဲ တိုင်းပြည်ကြက်သီးမွှေးညှင်းထခဲ့သလို ကမ္ဘာတုန်အောင် ဝှဲချီးအားပေးခဲ့ကြတာပဲ။ ခုများတော့(ခေါင်းပေါင်းနဲ့ ချိတ်လုံချည်အားကိုး ကမ္ဘာလှည့်လိမ်လည်ချိန်)လက်ပန်းတောင်းအရေးကစလို့ ဟိုနေ့က အဖမ်းခံအရိုက်ခံရတဲ့ကိုယ်တော်အထိ လူထုဘက်ကပါ လူထုဘက်ကနာ လူထုဘက်ကရပ်တဲ့ကိုယ်တော်တွေကို အရပ်သားအရေခြုံ ဒီမိုကရေစီအယောင်ဆောင် စစ်တပိုင်းအစိုးရက ထင်သလိုလုပ်နေတာတောင် သံဃာအသင်းအစုကြီးရော နံမည်ကျော်ကိုယ်တော်တွေရော ရေငုံနှုတ်ဆိတ် ဝစီပိတ်များကျင့်နေကြသလားတောင် ထင်ချင်စရာ။ တိတ်လို့ ဆိတ်လို့။ တစ်ပါးစနှစ်ပါးစလေသံလေးထွက်တာတောင် မျိုးစောင့်တွေငြိုငြင်မှာစိုးလို့တူရဲ့ ခတ်တိမ်တိမ်ခတ်တိုးတိုးရယ်။ ဟို ၉၆၉ မျိုးချစ်ဆိုတဲ့အကြမ်းဖက်ဘုန်းကြီးဆိုးတွေကတော့ နည်းတောင်နည်းသေးမပြောရုံတမယ်။
အဲ့ဒါဘာဖြစ်လို့လဲ။ ဘာဖြစ်လို့အခြေအနေက အဲ့သလို ဇောက်ထိုးပြန်လည်ထွက်သွားသလဲ။ အဖြေကတော့ လူတွေ/အရပ်သားတွေ/လူဝတ်ကြောင်တွေ ပြောတာထက် လူထုထဲကပြောတာထက် ဘုန်းတော်ကြီးတွေထဲကပြောမှ အမှန်နဲ့ပိုနီးမှာသေချာတယ်။ (တပတ်ပြန်အကြော့)

ခုတလော ခြေနည်းနည်းငြိမ်နေသူတွေထဲမှာ သီတဂူလည်းပါတာ သတိထားမိတယ်။ ဝီရသူကတော့ ပွဲခံပြီးရင်းခံရင်းနဲ့ ကမ္ဘာကျော်ကြီးကိုဖြစ်လို့။ သီတဂူတို့ မနာလိုမယ်ဆိုလည်း မနာလိုချင်စရာ။ ဝီရသူကတစ်ယောက် ရာဇဝတ်မှုတွေနဲ့ထောင်ကျတုန်းကတော့ တရားပဲသွားဟောတာလိုလို ဒန်ပေါက်ပဲသွားကြွေးတာလိုလိုနဲ့ တကူးတကန့်တောင် သွားတွေ့ရရှာတာ။ ခု အပြင်လည်းကြ နံမည်ကြီးဟိုးဟိုးလည်းကျော်ရော၊ တိုင်မ်းမဂ္ဂဇင်းတို့ဘာတို့တွေထဲ မျက်နှာဖုံးကနေပါလာရော သူ့ကို အဖက်မလုပ်ချင်သလို မတူမတန်သလိုလိုတွေလုပ်နေတော့ စိတ်ထဲ မခံချည့်မခံသာဖြစ်ဖြစ်လာပုံပဲ။ ဒီတင်ရှိရင်းစွဲ ဘာသာခြားလူမျိုးခြားမုန်းတီးရေးစိတ်အခံရယ် ဝန်တိုမစ္ဆေရိယစိတ်ရယ်ပေါင်းပြီး ”အိမ်ရှင်-ဧည့်သည်”တွေထပြောလိုပြော ”လူ(၂ဝဝ)သေတာပါ မျိုးမတုန်းပါဘူး”တွေဟောလိုဟောနဲ့ ဝီရသူနဲ့ အရပ်ခြင်းတိုင်းဖို့ကြိုးစားတယ်မှတ်တယ်။ ဟိုကလည်း အပါး။ အတွင်းစည်းထဲက သူ့လူသူကိုင်ထားနိုင်တဲ့သူ။ လူမွေးနိုင်တဲ့သူ။ ပလေးတတ်တဲ့သူ။ နဂိုကမှ ရှစ်စပ်က ဂျင်ခြေလည်ရတဲ့အထဲ ရာဇဝတ်ကောင် ထောင်ထွက်ဆိုတော့ ထောင်ဇယားလည်း
ကျေသလားမမေးနဲ့ဆိုတဲ့အစား။ သီတဂူ ”လူလစ်ပြီဟ၊ ဘယ်သူမှ မသိလောက်ဘူး” ဆိုပြီး ဒေါ်စုကို ကွယ်ရာမှာ လက်သီးပုန်းကျိတ်ထိုးတဲ့ ”အလွတ်သဘော” ဆိုတာကို ကောက်ကိုင်ဖေါက်ချပြီး အထုတ်လည်းဖြည်လိုက်ရော သီတဂူ ခြေမကိုင်မလက်မကိုင်မိတွေနဲ့ ဘုန်းကြီးတန်မဲ့ စကားရှုပ်စကားရှင်း စာရင်းပေါက်သွားတော့တာပဲ။ ဇာတ်ခေါင်းကွဲတော့တာပဲ။ အမှန်က ဗိုလ်လုကြတာပါ။ ဇယားရွှေ့ကြရင်း ဇယားငြိကြတာပါ။ ဇယားညပ်သွားတာက သီတဂူ့နှုတ်ကတရရပြောတဲ့ ”အရတော်စွ ဒကာမကြီးဒေါ်စု” ပဲ။ သီတဂူဗိုလ်မဖြစ်ပဲ ခြေထိုးခံလိုက်ရတော့ အငန့်လေးတွေလို့တွက်မိမှားကြောင်း နောင်တရသွားမယ့်သဘောတော့ရှိတယ်။ ဝီရသူက ဖြေဆေးတော့ပြန်ကြွေးရှာပါတယ်။ ဒါပေမယ့် ဆေးမမီတော့ဘူး ”မင်းတို့ ငါ့ကို အသုံးချတယ်” ဘာညာနဲ့ တကယ့်ပီဘိဘာမှမသိလေဟန်လုပ်ပြရတဲ့ဘဝ ရောက်သွားတယ်။ ဒီတင် ဒေါ်စုကိုဖုန်းဆက်ပြီး စကားဖါစကားထေးလုပ်ရရောပဲ။ ရဟန်းတို့ မကျူးလွန်အပ်ဘူးဆိုကာ ဗုဒ္ဓမြတ်စွာပြစ်တင်ရှုတ်ချလေတဲ့ ဝစီဒုစရိုက်နဲ့တန်းငြိတော့တာပဲ။ မျက်နှာဖုံးကွာကြတော့တာပဲ။ ဒီတင် လက်လျှိုပြီး ငုတ်နေလိုက်ပုံပဲ။ ခြုံထဲကတမြမြ လုပ်နေသလားပဲ။ အောက်ရေတိုးနေသလားပဲ။ ဘာပဲဖြစ်ဖြစ်ပါ ကြောင်ကြာရေမငုတ်ဆိုသလိုပဲ ပြန်ပေါ်လာမှာပါ။ ဝီရသူဇာတ်ရှိန်လည်း အမြင့်ဆုံးရောက်ပါပြီ။ ဇာတ်ကျချိန်မှာ ”ပျော်ရွှင်စွာပေါင်းစည်း ကြလေသတည်း”နဲ့ အဆုံးသတ်မယ့်ကိန်းတော့ ခုထိမမြင်သေး။ (ညီနောင်နှစ်ပါးစခန်းသွားကိစ္စ)


0 comments:

Post a Comment