Sunday, March 4, 2012

ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား၊ဘယ်သူတွေအတွက် ဖွင့်မှာလဲ (Watote)

0 comments

ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား ... ဘယ်သူတွေအတွက် ဖွင့်မှာလဲ
Watote
(ယူတာက ဒီနေရာကပါ) http://www.facebook.com/notes/ko-watote/ပွင့်လင်း-လူ့အဖွဲ့အစည်းတဲ့လား-ဘယ်သူတွေအတွက်-ဖွင့်မှာလဲ/309036659155916
(မူရင်းရေးသားသူနဲ့ဘာသာပြန်သူတို့ရဲ့ တွေးဆချက်နဲ့အာဘော်တွေမှာ စိတ်ဝင်စားဖွယ်ဖြစ်မယ်ထင်ပါတယ်။ သဘောတူတာ/မတူတာကတော့ လွတ်လွတ်လပ်လပ်ပေါ့ခင်ဗျာ)
မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရက်စ လာရောက်သွားပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ ဖောင်ဒေးရှင်းတွေကို ပိုက်ဆံစိုက်ပြီးဖွင့်ပေးမယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်ကြားလိုက်ရတယ်။ သိပ်မကြာဘူး၊ မကြာခင်က ပြန်လွတ်လာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တချို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ အင်ဂျီအိုတခုထောင်မယ့်သတင်းကိုပါ နောက်ဆက်တွဲကြားရတယ်။ ဂျော့ဆိုးရက်စ ခရီးစဉ်နဲ့ ၈၈ ကျောင်းသားတချို့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအင်ဂျီအိုအသံတွေ မရှေးမနှောင်းထွက်လာတာ တိုက်ဆိုင်မှုသက်သက်တော့ ဖြစ်ဟန်မတူဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုဝင်ဖို့ပြင်နေတဲ့ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရက်စအကြောင်း ကိုယ့်တိုင်းပြည်အရေးကို စိတ်ဝင်စားသူတွေသိထားသင့်တယ်လို့ယူဆတဲ့အလျောက် ယူကေနိုင်ငံက အထင်ကရ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ New Statesman ၂၀၀၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် မဂ္ဂဇင်းမှာဖော်ပြထားတဲ့ ဂျော့ဆိုးရက်စ (George Soros) အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။ New Statesman မဂ္ဂဇင်းဟာ ယူကေမှာ သိက္ခာရှိတဲ့မဂ္ဂဇင်းကြီးတစောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမဂ္ဂဇင်းရဲ့သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရသူဖြစ်တယ်။
ဆိုးရက်စကို ၁၉၉၇ အာရှငွေကြေး အကျပ်အတည်းဆိုက်ချိန်မှာ မလေးရှားရင်းဂစ်ကိုကစားပြီး အကြီးအကျယ်ပွပေါက်တိုးသွားသူအဖြစ် ကျနော်တို့ စသိကြတယ်။ ဒါပေမယ့် သူ့အရင် ဆယ်နှစ်လောက်ကတည်းက ဆိုးရက်စဟာ ပေါင်စတာလင်ကိုကစားရာကနေ ဒေါ်လာသန်းထောင်ချီပြီး အမြတ်ယူနိုင်ခဲ့သူအဖြစ် ကမ္ဘာ့ငွေကြေးဈေးကစားသူလောကမှာ တဟုန်ထိုးထင်ရှားလာသူဖြစ်တယ်။
ဆိုးရက်စက သူ့ကို ကမ္ဘာတ၀ှမ်း ဗဟိုကထိန်းချုပ်တဲ့စီးပွားရေးပုံစံကျင့်သုံးတဲ့ အရှေ့ဥရောပကနိုင်ငံတွေကို အရင်းရှင်စီးပွားရေးပုံစံကိုပြောင်းလဲကျင့်သုံးရာမှာ သူဟာ အဓိကအခန်းကဏ္ဍတွေကနေ ပါဝင် philanthropist အဖြစ် မြင်စေချင်တယ်။
သူ့ကိုယ်သူ ဘယ်အစိုးရနဲ့မှမပတ်သက်တဲ့ လွတ်လပ်တဲ့အတွေးအခေါ်ရှိသူ၊ အမေရိကန်အစိုးရရဲ့(military-industrial complex) စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်းရှိသူအဖြစ် ပုံဖော်လေ့ရှိတယ်။ ဒါပေမယ့် သူ ဖွဲ့ပေးထားပြီးပိုက်ဆံထောက်ပံ့နေတဲ့ အင်ဂျီအိုအဖွဲ့အစည်းတွေက ဘုတ်အဖွဲ့ဝင်တွေကို တချက်လောက်ကြည့်ကြည့်။ သူဟာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ရဲ့အဓိကအလှူရှင်ဖြစ်ပြီး မနှစ်က ၂၀၁၁ ခုနှစ်ကဆိုရင် လူ့အခွင့်အရေးအဖွဲ့ရဲ့ဘတ်ဂျက် ဒေါ်လာ ၁၂၈ သန်းမှာ ဆိုးရက်စရဲ့ထည့်ဝင်ငွေတခုတည်းက ဒေါ်လာသန်းတရာရှိတယ်။ ဒီလူ့အခွင့်အရေးအဖွဲ့ထဲမှာ အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးနဲ့သုတေသနဌာန လက်ထောက်ဝန်ကြီးဟောင်း Morton Abramowitz ဆိုသူ ပါတယ်။ သူဟာ ပြည်ပရေးရာတွေမှာစွက်ဖက်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားဆက် ဆံရေးကောင်စီ (Council of Foreign Relations) ရဲ့ အတိုင်ပင်ခံတယောက်ဖြစ်တယ်။ နောက်တခါ ယူဂိုစလားဗီးယားနိုင်ငံတစစီပြိုကွဲချိန်မှာ ဘဲလဂရိတ်က အမေရိကန်သံအမတ် ၀ါရင်ဇင်မာမန်း (Warren Zimmerman) နဲ့ စီအိုင်အေကထောင်ပေးပြီး ဆိုးရက်စကိုယ်တိုင်ငွေကြေးထောက်ပံ့နေတဲ့ လွတ်လပ်တဲ့ ဥရောပအသံ (Radio Free Europe/ Radio Liberty) စတဲ့ အဖွဲ့အစည်းတွေက ဒါရိုက်တာ ပေါဂိုးဘဲ (Paul Goble) စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ ဆိုးရက်စ ငွေကြေးအဓိကထောက်ပံ့နေတဲ့ နောက်အဖွဲ့တဖွဲ့ကတော့ အိုင်စီဂျီလို့သိကြတဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ဖြစ်တယ်။ ဒီအဖွဲ့ရဲ့ ဂေါပကဘုတ်အဖွဲ့မှာ သူကိုယ်တိုင်ပါရုံမက အမေရိကန်အစိုးရရဲ့အမျိုးသားလုံခြုံရေးအကြံပေးတွေဖြစ်တဲ့ ဘရက်ဇင်းစကီ (Zbigniew Brzezinski) နဲ့ ရစ်ချက်အယ်လင် (Richard Allen) စတဲ့ ပုဂ္ဂိုလ်တွေအပြင် နေတိုးကွန်မင်ဒါ ၀က်စလီကလပ် (Wesley Clark) စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ နောက်ပြီး ၈၈ အရေးအခင်းစဖြစ်ချိန်မှာ မြန်မာနိုင်ငံကို ကသောကမျောရောက်လာတဲ့ ဒီမိုကရက်တစ်ပါတီကအောက်လွှတ်တော်အမတ် စတီဗင်ဂျေဆိုလတ်ဇ (Stephen J Solarz) ဟာ ၁၉၉၄ ကနေ ကနေ့ချိန်ထိ အိုင်စီဂျီရဲ့အုပ်ချုပ်ရေးကော်မတီမှာ ထိုင်နေသူဖြစ်တယ်။ ဆိုးရက်စရဲ့အိုင်စီဂျီမှာ နောက်ထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်ကတော့ အီရတ်ကို အမေရိကန်ကကျူးကျော်သိမ်းပိုက်ဖို့ အဓိကလှုံ့ဆော်ခဲ့သူတယောက်ဖြစ်တဲ့ ကွန်ဆားဗတစ်လက်သစ် နီယိုကွန်း (Neo-cons) လို့ သိကြတဲ့ ပေါဝိုဖိုဝစ်စ (Paul Wolfowtiz) ပဲ။
နောက်တခါ ဆိုးရက်စရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေကိုကြည့်ရင် ကမ္ဘာမှာအကြီးဆုံးပုဂ္ဂလိကအစုစပ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေထဲတခုအပါအ၀င်ဖြစ်တဲ့ ကာလိုင်းအစု (Carlyle Group) မှာ သူဟာ ဒေါ်လာသန်းရာချီ ရင်းနှီးမြှုပ်နှံထားသူဖြစ်ပြီး ဒီကုမ္ပဏီရဲ့ဝင်ငွေအများစုဟာ စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ကန်ထရိုက်ယူလုပ်ရာကနေ လာတာဖြစ်တယ်။ ကာလိုင်းအစုရဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေရိကန်သမ္မတဟောင်း ဘုရှ်အကြီး(George Bush Senior)၊ ယူကေ ၀န်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ (John Major) နဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရားမို့စ (Fidel Ramos) ... စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။
ဆိုးရက်စဟာ စီအိုင်အေက လက်သပ်မွေးထားသူဟုတ်မဟုတ်မပြောနိုင်ပေမယ့် သူ့ရဲ့ကုမ္ပဏီတွေနဲ့ သူထောင်ပေး၊ ပိုက်ဆံထောက်ပံ့ပေးနေတဲ့အင်ဂျီအိုတွေဟာ အမေရိကန်အစိုးရရဲ့နယ်ချဲ့ဝါဒနဲ့ ဘယ်လိုမှခွဲခြားလို့မရဘူးဆိုတာကတော့ တစက်ကလေးတောင် သံသယဖြစ်စရာမရှိဘူး။
ဒီနေရာမှာ တချို့မျက်မှောင်ကြုတ်မိကောင်း ကြုတ်မိမယ်။ ဘာလို့ဆို ဆိုးရက်စဟာ တချိန်မှာ စစ်သွေးဆာနေတဲ့ တက္ကဆက်ကကောင်းဘွိုင်သမ္မတ George W Bush ကိုဖယ်ရှားရေးဟာ သူ့အတွက် သေရေးရှင်ရေးတမျှအရေးကြီးတယ်။ GWB ပြုတ်ကျဖို့ စည်းစိမ်ပြုတ်ချင်ပြုတ်ပါစေဆိုပြီး ကြွေးကြော်ခဲ့လို့ပဲ။ တကယ်တော့ ဒါက နားလည်ဖို့မခက်ပါဘူး။ သူဟာ GWB ရဲ့ ရည်ရွယ်ချက်တွေကို မကြိုက်လို့မဟုတ်ဖူး။ သူတို့နှစ်ယောက်စလုံးဟာ Pax Americana လို့သိကြတဲ့ ဆိုးရက်စတို့လို ကမ္ဘာ့အရင်းရှင်ကြီးတွေ တကမ္ဘာလုံးကို စိတ်တိုင်းကျဖလှယ်နိုင်မယ့် ကမ္ဘာ့အခင်းအကျင်းမျိုးဖန်တီးရေးကို လိုလားသူတွေဖြစ်ပြီး တကယ်က GWB ရဲ့ လုပ်နည်းလုပ်ဟန်ကိုမကြိုက်တာသာ ဖြစ်တယ်။ ဘုရှ်အစိုးရက အမေရိကန်တွေအနေနဲ့ ကိုယ့်ရည်ရွယ်ချက်ဘာဆိုတာကို ဘာမှဖုံးကွယ်ထားစရာမလိုဘူး။ မင်းတို့ ဈေးကွက်တွေဖွင့်ပေး၊ မဖွင့်ပေးရင် ဆက်ဒမ်ဟူစိန်ကိုကြည့် ဆိုတဲ့ မောက်မောက်မာမာဆက်ဆံပုံမျိုးနဲ့ဆိုရင် ကိုယ့်ရည်ရွယ်ချက်ပြည့်မြောက်မှာမဟုတ်တာကို ဆိုးရက်စ ကောင်းကောင်းသိတယ်။ တဘက်မှာ လူသိခံစရာမလိုဘဲ သူ့ရဲ့အင်ဂျီအိုတွေကတဆင့် ပွင့်လင်းတဲ့ကမ္ဘာရဲ့နယ်နမိတ်တွေကို တဖြည်းဖြည်းနဲ့ချဲ့ချဲ့လာနေတဲ့နည်းဟာ ဘယ်လောက်ထိရောက်သလဲဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ ဒီတော့ တကမ္ဘာလုံးကိုကြီးစိုးရေးရည်မှန်းချက်ကို ဂျော့ဘုရှ်လို ကောင်းဘွိုင်စတိုင်နဲ့ ဖော်ဆောင်ဖို့မဖြစ်နိုင်ဘူးဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ အမေရိကန်ရဲ့ရည်မှန်းချက် သိပ်သိသာထင်ရှားလာတဲ့အခါ သူ့ရန်ကိုဟန့်တားဖို့ တန်ပြန်မဟာမိတ်အဖွဲ့တွေ ဖွဲ့လာတဲ့အထိဖြစ်လာရင် ဘယ်အင်ပိုင်ယာမဆိုကျဆုံးရမှာမုချဆိုတာ LSE လန်ဒန် ဘောဂဗေဒပညာသင်ကျောင်းထွက် ဆိုးရက်စ တယောက် ကောင်းကောင်းသိတယ်။ ဒီတော့ ကလင်တန်လက်ထက်တုန်းကလို ခြိမ်းခြောက်တဲ့ပုံစံမပြဘဲ လာဘ်ထိုးတဲ့နည်း၊ ချော့တဲ့နည်း၊ multilateralism နည်းနဲ့သွားတာက အင်ပိုင်ယာတွေ ပိုပြီးတည်တံ့နိုင်မယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ ဘုရှ်အစိုးရရဲ့ပေါ်လစီတွေကြောင့် ဥရောပမှာ သဘောထားတွေကွဲတယ်။ နေတိုးအဖွဲ့လည်း ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ နောက် ရုရှ၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ သီးသန့်မဟာမိတ်အဖွဲ့ဖွဲ့တဲ့ထိဖြစ်လာသလို အာရပ်နိုင်ငံတွေထဲမှာလည်း နာဆာ (Nasser) နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ညီညွတ်မှုတည်ဆောက်ဖို့ အဓိပ္ပာယ်ရှိရှိစလုပ်လာတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဆိုတော့ ဂျော့ဘုရှ်နဲ့အပေါင်းပါ ကွန်ဆားဗေးတစ်လက်သစ်တွေရဲ့ unilateralism နဲ့ဆို အမေရိကန်ရဲ့ရည်မှန်းချက် ပျက်ကိန်းဆိုက်မှာကို ဆိုးရက်စ မြင်တာပေါ့။ အဲဒီအတွက် သူဟာ ဂျော့ဘုရှ်ပြုတ် ကျရေးကို အသည်းအသန်ကြိုးပမ်းခဲ့တာဖြစ်တယ်။
ဒီတော့ ဆိုးရက်စရဲ့နည်းက ဘာလဲ။ ပိုက်ဆံ ဒေါ်လာ သုံးလေး ဘီလီယံလောက်ရယ်၊ လက်တဆုပ်စာ အင်ဂျီအိုတွေရယ်ကိုအားပြုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မျက်စိမှိတ်ပြ၊ ခေါင်းညိတ်ပြတာ ကိုစောင့်ပြီး ဟန်ချက်ညီကြိုးစားသွားမယ်ဆိုရင် ပြည်ပစီးပွားရေးလုပ်ငန်းတွေကိုအ၀င်မခံချင်တဲ့အစိုးရတွေကိုဖြိုချပြီး အဲဒီ့နိုင်ငံထဲက အတွင်းပစ္စည်းတွေကို အချောင်ဝင်နှိုက်၊ ပြီးရင် ကိုယ့်လုပ်ရပ်အတွက် စေတနာရှင်အဖြစ် ကိုယ့်ကိုကျေးဇူးတောင်တင်ကြဦးမယ်။ ဆိုးရက်စရဲ့နည်းဟာ ဒီနည်းပဲ။
စစ်အေးတိုက်ပွဲကာလမှာ အရှေ့ဥရောပနိုင်ငံတွေမှာ ဆိုရှယ်လစ်စနစ်ကျဆုံးရတာဟာ စနစ်မှာကို အားနည်းချက်တွေရှိနေလို့အပြင် အုပ်ချုပ်သူတွေက အောက်ခြေလူတန်းစားဆီကထောက်ခံမှုကို ရေရှည်ထိန်းနိုင်အောင်မလုပ်ခဲ့ကြလို့ လို့ သုံးသပ်ကြတာတွေဟာ မှန်သင့်သလောက်မှန်တယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ ဆိုရှယ်လစ်ဝါဒပြိုကျရာမှာ ဆိုးရက်စရဲ့အခန်းကဏ္ဍဟာလည်း အင်မတန်အရေးပါတယ်။ ၁၉၇၉ ခုနှစ်မှာ သူဟာ ပိုလန်က ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုလို အစိုးရဆန့်ကျင်ရေးအုပ်စုတွေ၊ ချက်ကိုစလိုဗက်ကီးယားက ဗားစလပ်စဟာဗယ်လ (Vaclav Havel) တို့လူသိုက် စတည်ထောင်တဲ့ ၇၇ လှုပ်ရှားမှုနဲ့ ဆိုဗီယက်ယူနီယံက အွန်ဒရေဆားခရော့ဗ (Andrei Sakrov) တို့ကို အဲဒီ့အချိန်က ပိုက်ဆံ ဒေါ်လာ သုံးသန်းထိ ထောက်ပံ့ခဲ့တယ်။ (ဟိုတနေ့က ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ပိုလန်ကိုလည်းအတုယူစရာအဖြစ် ပြောသွားတာကြားလိုက်ရတော့ ကြက်သီး ထမိသေးတယ်။) ၁၉၈၄ မှာ သူဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ဟန်ဂေရီမှာ ပထမဆုံး ပွင့်လင်းလူ့အဖွဲ့အစည်း အင်စတီကျု (Open Society Institute) ကို စတည်ထောင်တယ်။ ဒီအဖွဲ့အစည်းကနေ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေကို ဒေါ်လာသန်းချီပုံပြီးထောက်ပံ့ခဲ့သလို ရေဒီယိုအသံလွှင့်ရုံတခုလည်း ထောင်ပေးခဲ့တယ်။ အပြင်ပန်းမှာတော့ Civil Society အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်ရည်ရွယ်တယ် လို့ပြောပေမယ့် တကယ်တမ်းမှာတော့ ဒီလုပ်ရပ်တွေ၊ လှုပ်ရှားမှုတွေဟာ လက်ရှိ ရှိပြီးသား ဟန်ဂေရီနိုင်ငံရေးအဆောက်အဦကို နှဲ့ပစ်ပြီး နောက်ဆုံးမှာကမ္ဘာ့အရင်းအနှီးတွေနဲ့ ဒီနိုင်ငံတွေကို စီးပွားရေးကိုလိုနီပြုကျင့်တဲ့ထိ လုပ်တော့တာဖြစ်တယ်။ Americanisation of Europe ဥရောပကို အမေရိကန်မှုပြုတဲ့ဖြစ်ရပ်မှာ သူဟာ အဓိကဇာတ်ကောင်ပဲဆိုပြီး ဆိုးရက်စကိုယ်တိုင် သူ့ထုံးစံအတိုင်း ခပ်ကြွားကြွားလေးပြောဖူးတယ်။
အရှေ့ဥရောပက နိုင်ငံတွေရဲ့ဈေးကွက်တွေ တခုပြီးတခုပွင့်လာခဲ့ပေမယ့် ယူဂိုစလားဗီးယားတနိုင်ငံကတော့ တင်းခံပြီး ကျန်နေခဲ့တယ်။ အဲဒီ့မှာ ပြည်သူလူထုက ဆလိုဗိုဒမ် မီလိုဆိုဗစ်ချကိုပဲ အကြိမ်ကြိမ် ရွေးကောက်တင်မြှောက်တယ်။ ဆိုးရက်စကလည်း ဂီယာထပ်တင်တယ်။ ၁၉၉၁ ကစပြီး ဆိုးရက်စရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအင်စတီကျုဟာ မီလိုဆိုဗစ်ချ ဆန့်ကျင်ရေးအဖွဲ့အစည်းတွေ၊ အတိုက်အခံပါတီတွေကို ဒေါ်လာသန်းတရာကျော်ထောက်ပံ့ခဲ့သလို ဒီပိုက်ဆံတွေနဲ့ပဲပုံနှိပ်တိုက်တွေ၊ နောက် B92 လို့ သိကြတဲ့ အနောက်ဝါဒဖြန့်ရေဒီယိုအသံလွှင့်ရုံတခုကို ထောင်ပေးခဲ့တယ်။ ပုံမှန်အားဖြင့်ကြည့်ရင် တက္ကသိုလ်ရေဒီယိုအသံလွှင့်ရုံသက်သက်လို့ ထင်စရာရှိပေမယ့် ဒီလှုပ်ရှားမှုတွေအားလုံးကို ကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံကြီးကိုကိုယ်စားပြုပြီး ကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲ
တယောက်အပါအ၀င်ဖြစ်တဲ့ ဆိုးရက်စကိုယ်တိုင် ပိုက်ဆံတွေထောက်ပံ့ခဲ့တာဖြစ်တယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို ဆိုးရက်စက ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတော့ ပြီးပြည့်စုံခြင်းမရှိဘဲ တိုးတက်မှုတွေကိုဖွင့်ထားတဲ့အဖွဲ့အစည်းလို့ အဓိပ္ပာယ်ဖွင့်တယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကနေ သူ့အဖွဲ့အစည်းရဲ့တကယ့်သရုပ်မှန်ကို ဖမ်းမိမှာမဟုတ်ဖူး။
ဆိုးရက်စက Open Society ဆိုတဲ့ နာမည်ကို LSE မှာ သူတွေ့ခဲ့တဲ့ ဖီလော်ဆော်ဖာ ကားပေါ်ပါ (Karl Popper) ဆီက ယူတယ်လို့ဆိုတယ်။ စိတ်မကောင်းစရာကောင်းတာက ပေါ်ပါရဲ့ လစ်ဘရယ်အရေးအသားတွေကို သူ့အဖွဲ့အစည်းမှာယူသာသုံးတယ်၊ တကယ်တမ်းမှာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့် တွေကိုလေးစားတဲ့လူ့အဖွဲ့အစည်းကိုခေါ်တာမဟုတ်ဘဲ သူနဲ့ သူ့စီးပွားဖက်တွေ ပိုက်ဆံရှာနိုင်အောင်ဖွင့်ပေးထားတဲ့အဖွဲ့အစည်းကသာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်တယ်။ ဆိုးရက်စဟာ သူ ကူညီပြီး ‘ဖွင့်’ ပေးခဲ့တဲ့ နိုင်ငံတိုင်းကနေ ပိုက်ဆံရှာနိုင်တာတွေ့ရတယ်။ ဥပမာ - ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုကိုဖဲ့ထုတ်ပြီးနောက်မှာ ကိုဆိုဗိုက သတ္ထုတူးဖော်တဲ့ Trepca ကုမ္ပဏီမှာ ဒေါ်လာသန်းငါးဆယ် စရင်းနှီးမြှုပ်နှံတယ်။ အဲဒီ့ကုမ္ပဏီပိုင်တဲ့ ငွေ၊ ရွှေ နဲ့ တခြားတွင်းထွက်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဒေါ်လာသန်းငါးထောင်အထက်မှာရှိတယ်လို့ ခန့်မှန်းရတယ်။ ပြည်ပအရင်းအနှီးတွေ အ၀င်မခံချင်တဲ့နိုင်ငံတွေကို ပထမ ဆေးပြင်းတိုက်၊ ပြီးရင် ‘စီးပွားရေးပြုပြင်ပြောင်းလဲမှု’ တွေကို အကြံပေး၊ နောက်ဆုံးမှာ အစိုးရပိုင်တွေကို အောက်ဈေးနဲ့ဝင်နှိုက်တဲ့နည်းနဲ့ ဆိုးရက်စဟာ ဘာလင်တံတိုင်း ပြိုပြီးတဲ့နောက် အရှေ့ဥရောပနိုင်ငံတွေမှာ သရဖူမဆောင်းတဲ့မင်း ဖြစ်လာခဲ့တယ်။
သူ ထောင်ပေးခဲ့တဲ့ Central European University ဟာ ဟန်ဂေရီ၊ ပိုလန်နဲ့ချက်သမ္မတနိုင်ငံတွေမှာ လက်ခွဲတွေရှိပြီး ထုံးစံအတိုင်း ဒီကောလိပ်တွေမှာ လစ်ဘရယ်လက်သစ်အရင်းရှင်စနစ်ရဲ့အကျင့် စရိုက်တွေကို ဗြောင်ပဲ ဖြန့်တယ်။ ဒေသတွင်းမှာ အမေရိကန်လိုလားတဲ့ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်တွေကို စနစ်တကျမွေးထုတ်တဲ့အလုပ် လုပ်တယ်။ အကျိုးဆက်အဖြစ် ကနေ့ဆိုရင် အရှေ့ဥရောပနိုင်ငံတွေမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ ပိုပို ကြီးသထက် ကြီးလာနေတာကို တွေ့လာရတယ်။
ဆိုးရက်စဟာ ကျနော်တို့နိုင်ငံကို ဝင်ဖို့ ပြင်နေပြီ။ ကျနော်တို့အားလုံး သတိရှိကြရလိမ့်မယ်။
[1] OSI ရဲ့ ၂၀၁၁ ထည့်ဝင်ငွေစာရင်းကို ကိုးကားပြီး Wikipedia အင်တာနက်ဆိုက်မှာ ဖော်ပြထား။
Watote
အင်္ဂလိပ်လို ဖတ်ချင်သူတွေအတွက် လင့်က ဒီမှာပါ။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.htm

စာနာနားလည်နိုင်တဲ့စိတ်နှလုံးပိုင်ရှင် သို့မဟုတ် ဟံသာဝတီဦးဝင်းတင် (ငြိမ်းချမ်းအေး)

0 comments

စာနာနားလည်နိုင်တဲ့စိတ်နှလုံးပိုင်ရှင် သို့မဟုတ် ဟံသာဝတီဦးဝင်းတင်
(ငြိမ်းချမ်းအေး)
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှာပါသွားတဲ့ ဆရာဦးဝင်းတင်ရဲ့ဓာတ်ပုံတွေကို ခုတက်လာတဲ့သတင်းတွေမှာ သိပ်မတွေ့ရဘူး။ ခုခေတ်မန္တလေးအနေနဲ့တော့ မပြောတတ်ဘူး။ ဟိုးအရင်ကတော့ ဦးဝင်းတင်ကို မန္တလေးရဲ့ထောက်ခံမှု၊ ချစ်ခင်မှုက တော်တော်ကြီးတယ်။ စာပေအသိုင်းအဝန်း၊ စာဖတ်သူပရိသတ်တင်မက လူထုမောင်နှံလို မြို့မိ၊ မြို့ဖတွေနဲ့အတူ မန္တလေးလူမှုပတ်ဝန်းကျင်မှာ အရေးပါအရာရောက်ဝင်ဆန့်ပြီး လူထုချစ်ခင်မှုရခဲ့တယ်။ ဦးဝင်းတင်နဲ့သူရဲ့သတင်းစာဟံသာဝတီအတွက် မန္တလေးဟာအောင်မြေဖြစ်ခဲ့တယ်။

ဦးဝင်းတင် မန္တလေးရောက်သွားပုံ၊ နောက်ခံအကြောင်းအရာကို သူကိုယ်တိုင် သူ့ဘဝဇတ်ကြောင်းပြန်ပြောတဲ့ လွတ်လပ်တဲ့အာရှအသံ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း" အစီအစဉ်မှာ ထည့်ပြောသွားတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

စစ်တပ်ကအာဏာသိမ်းပြီး () နှစ်အကြာ တော်လှန်ရေးကောင်စီခေတ် ၁၉၆၈ မှာ အဲ့တုန်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ်သောင်းဒန် (ကျနော်သိသလောက် သူက ကာကွယ်ရေးဦးစီးချုပ် (လေ) လည်းဖြစ်တယ်။) နဲ့သတင်းစာတွေ၊ ဌာနဆိုင်ရာ အစည်းအဝေးမဟုတ်ပဲ၊ (informally, ထမင်းလက်ဆုံစားပွဲပုံစံနဲ့) တွေ့ဆုံမှုလေးဖြစ်ခဲ့တယ်။ အမှန်က ဗိုလ်နေဝင်းက သတင်းစာဆရာတွေရဲ့ လက်ရှိအမြင်တွေသိရအောင် ဗိုလ်သောင်းဒန်ကို တွေ့ခိုင်းလိုက်တယ်လို့ယူဆရတယ်။ အဲ့တုန်းက သတင်းစာအများစုကို ပြည်သူပိုင်သိမ်းပြီးသွားပြီဆိုတော့ သူ့အောက်မှာ အစိုးရဝန်ထမ်းအနေနဲ့လုပ်နေရတဲ့ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေကို ဝန်ကြီးကခေါ်တွေ့တာလည်းဖြစ်တယ်။ သတင်းစာအသီးသီးက အယ်ဒီတာချုပ်နဲ့လက်ထောက် အယ်ဒီတာချုပ်တွေတက်ရတယ်။ နောက်ပြန်ကြားရေးက အတွင်းဝန်၊ ဒါရိုက်တာ စတဲ့ရာထူးတွေယူထားတဲ့ စစ်ဗိုလ်တွေလည်းပါတယ်။  ကြေးမုံကို စတင်တည်ထောင်တဲ့ ကြေးမုံဦးသောင်းလည်း ပြန်ကြားရေးဌာန အကြံပေးအရာရှိအနေနဲ့ပါတယ်။ (ကြေးမုံ ဦးသောင်းရဲ့ အဲ့ရာထူးက ဗိုလ်နေဝင်းက တိုက်ရိုက်ဖန်တီးပေးပြီးခန့်လိုက်တာ။ လူကိုထောင်ချ၊ ပြီးတော့ သူပိုင် ကြေးမုံကိုသိမ်း၊ ပြီးတော့မှ ထောင်ကလွှတ်တော့ ဗိုလ်နေဝင်းက ချော့တဲ့အနေနဲ့ အဲ့ရာထူးဖန်တီးပေးလိုက်တာ၊ အသေးစိတ်ကို အောက်မှာညွှန်းထားတဲ့ ဦးသောင်းရဲ့စာအုပ်များတွင် ရှု)

ကြေးမုံအနေနဲ့အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာဇဝနနဲ့အတူ လက်ထောက်အယ်ဒီတာချုပ် (အမှုဆောင်/တာဝန်ခံအယ်ဒီတာ) ဦးဝင်းတင်လည်းတက်ရတယ်။ အဲ့မှာ ဒီတွေ့ဆုံပွဲဟာ အမြဲ မျက်စိရှင်နားပါးနေတတ်တဲ့ဗိုလ်နေဝင်းက သတင်းစာတွေ အခြေအနေနဲ့ သတင်းစာဆရာတွေရဲ့ လက်ရှိအမြင်ကိုသိချင်လို့ပဲဆိုတာကိုသတင်းရတဲ့ (ဒါမှမဟုတ် ခန့်မှန်းနိုင်တဲ့) ခေတ်အဆက်ဆက် နိုင်ငံရေးသြာဇာရှိခဲ့တဲ့၊ တော်လှန်ရေးကောင်စီခေတ်မှာလည်း အရေးပါအရာရောက်နေတဲ့ ဦးသိန်းဖေမြင့်က (ဗိုလ်တစ်ထောင်သတင်းစာအယ်ဒီတာချုပ်အနေနဲ့) စပြီး ဝန်ကြီးကို သတင်းစာတွေအခြေအနေဆွေးနွေးဖို့ခွင့်တောင်းပြီး သူကစပြီး သတင်းစာလောကအခြေအနေကိုမိတ်ဆက်အနေနဲ့ နည်းနည်းပြောတယ်။ ပြီးတော့ ဦးဝင်းတင်ဘက်လှည့်ပြီး အောင်မြင်နေတဲ့ကြေးမုံကို အဓိကတာဝန်ခံလုပ်တဲ့ပုဂ္ဂိုလ်အနေနဲ့ သတင်းစာလုပ်ငန်းအခြေအနေကို ဆက်လက်ဆွေးနွေးဖို့ပြောတယ်။ ဦးဝင်းတင်က ဆရာကြီးတွေ (ရွှေဥဒေါင်း (လုပ်သားပြည်သူ့သတင်းစာ) ဇဝန၊ ဦးခင်မောင်လတ် (Working People's Daily ဦးသိန်းဖေမြင့် အစရှိသဖြင့်) ကို ကျော်ပြီးမပြောချင်ပေမယ့် သူ့ကိုပြောခိုင်းနေတော့ မတတ်သာဘဲ လက်ရှိ စစ်တပ်ခေတ် သတင်းစာလောကကို ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုခဲ့တယ်။

သတင်းလုပ်ငန်းတွေမှာ ဝန်ကြီး၊ ဝန်ကလေး၊ အတွင်းဝန်၊ ဒါရိုက်တာ၊ စစ်တပ် အစရှိသဖြင့် အဆင့်ဆင့်ဝင်ရောက် ခြယ်လှယ်ပုံ၊ သတင်းပိတ်ဆို့မှု စတာတွေကိုပြောတယ်။ အဲ့သလိုပြောတော့ သတင်းစာတွေနဲ့တကယ်ဆက်ဆံပြီး အလုပ်လုပ်နေရတဲ့ ပြန်ကြားရေးကစစ်ဗိုလ်အရာရှိတွေက ခုဦးဝင်းတင်ပြောနေတာတွေဟာ စာပေလွတ်လပ်ခွင့်ကိုအခြေခံပြီး တောင်းဆိုနေတာဆိုပြီး ပုဒ်မ အကြီးကြီးတပ်ပြီး ပြန်လည်ပြောဆိုတဲ့အပြင် အဲ့ကိစ္စကိုသူတို့ဘယ်လိုကိုင်တွယ်ရမလဲဆိုတာပါ တခါတည်း သူတို့ အထက်အရာရှိဖြစ်တဲ့ဝန်ကြီးကို မေးတယ်။ ဗိုလ်သောင်းဒန်လည်း ဘာပြောလို့ပြောရမှန်းမသိဖြစ်နေတဲ့အချိန်မှာ ဆရာဦးခင်မောင်လတ်က ဝင်ပြီးပြောတယ်။ ဦးခင်မောင်လတ်နဲ့သူ့ဇနီး ဒေါ်ခင်မြ (ဒေါ်ခင်မျိုးချစ်) က ဗိုလ်နေဝင်းနဲ့ပုဂ္ဂိုလ်ရေးရင်းနှီးကျွမ်းဝင်လို့ တော်လှန်ရေးခေတ်သတင်းစာလုပ်ငန်းမှာ ဝင်လုပ်ပေးနေတာဖြစ်တယ်။

ဦးခင်မောင်လတ်က ပညာတတ်၊ လူကြီးပီပီ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ပြောတတ်ပေမယ့် အဲ့အချိန်မှာတော့ စိတ်ထဲအချည်ပေါက်နေတာကြာနေတဲ့ခံစားမှုနဲ့ ဦးဝင်းတင်ဘက်ကနေထောက်ခံပြီး စစ်ဗိုလ်တွေကို ပြင်းပြင်းထန်ထန် ပြန်ပြောတယ်။ "ဟုတ်တယ်.. ကိုဝင်းတင်ပြောတာ မှန်တယ်။ အတွင်းဝန်တွေ၊ ဒါရိုက်တာတွေ၊ စစ်ဗိုလ်တွေက နည်းအမျိုးမျိုးနဲ့ သတင်းစာတွေကိုဖိနှိပ်နေတယ်။ အဲ့သလိုလုပ်ရအောင် ခင်ဗျားတို့စစ်ဗိုလ်အရာရှိတွေက ဘာကောင်တွေလဲ.. ဝန်ကြီးကခိုင်းလို့ သတင်းတွေပိတ်ရတယ်ပြောတယ်။ ဝန်ကြီးဆိုတာကော ဘာကောင်လဲ.. တော်လှန်ရေးကောင်စီဝင်ရဲ့ အမိန့်ကြောင့်ပါလို့ပြောတယ်။ အဲ့ တော်လှန်ရေးကောင်စီဝင် ဆိုတာကကော ဘာကောင်လဲ.. သတင်းစာလုပ်ငန်းကို ဘာသိလဲ..." အစရှိသဖြင့် တော်လှန်ရေးကောင်စီဝင်၊ ဝန်ကြီး၊ စစ်ဗိုလ်ချုပ် ဗိုလ်သောင်းဒန်တစ်ယောက်လုံးကို ရှေ့မှာငုတ်တုတ်ထားပြီး ပြင်းပြင်း ထန်ထန်နဲ့ဝင်ပြောတယ်။

ဗိုလ်သောင်းဒန်ကလည်း လူကြီးတွေအားလုံးရှေ့မှာဆိုတော့ စစ်တပ်ထုံးစံနဲ့ရုပ်ပျက်အောင်ပြန်ပြောလို့ မရမှန်းသိတော့ (သူကိုယ်တိုင်လည်း လူကြီးလူကောင်းအနေနဲ့ဖြစ်အောင်ကြိုးစားပြီး) ကဲ..ဒါတွေ ထားလိုက်ပါတော့.. ခုမိတ်ဖြစ်ဆွေဖြစ်တွေ့ကြတာ.. ထမင်းပဲဆက်စားကြရအောင်ပါလို့ပြောပြီး အဲ့ဒီဆွေးနွေးပွဲကိုအမြန်နိဂုံးချုပ်လိုက်တယ်။

အဲ့အဖြစ်အပျက်ပြီးတော့ ဗိုလ်နေဝင်းက ဦးခင်မောင်လတ်နဲ့ဒေါ်ခင်မျိုးချစ်ကို သူ့အိမ်တော်ကိုဖိတ်ပြီး ကဲ..ကိုလတ်ရေ.. ခင်ဗျားလည်း ဒီကောင်တွေနဲ့(သူ့အောက်ကစစ်ဗိုလ်တွကိုပြောတာ။) ဆက်ဆံရတာ အဆင်မပြေဘူးကြားတယ်.. ကိုလတ်လည်း စိတ်ညစ်နေမှာပဲ.. ခုလက်ရှိအလုပ် (အစိုးရသတင်းစာရဲ့ အယ်ဒီတာချုပ်ရာထူး) ဆက်မလုပ်ရင်ကောင်းမယ်။ နိုင်ငံခြားမှာ သံအမတ်ကြီးရာထူးစီစဉ်ပေးမယ်.. အစရှိသဖြင့် ယဉ်ယဉ်ကျေးကျေးနဲ့ပြောပြီး အလုပ်ကထုတ်တော့တာပဲ.. အဲ့တော့ ဦးခင်မောင်လတ်ကလည်း "ကျနော်  သတင်းစာအလုပ်ကိုပဲ လုပ်ချင်တယ်။ ဒါပေမယ့် မကျေနပ်ရင်ထွက်ပေးမယ်။ ကျနော်ဟာ အစကတည်းက ကျောင်းဆရာအလုပ်လုပ်ခဲ့တယ်။  ခုလည်းကျောင်းဆရာအလုပ်ပဲ လုပ်မှာပေါ့" လို့ပြောပြီး အဲ့အချိန်က စစ်ဗိုလ်တိုင်းမက်မောတဲ့ သံအမတ်ရာထူးကို ငြင်းပြီးထွက်ခဲ့တယ်။

အဲ့သလို ဦးခင်မောင်လတ်ထွက်ရတာကို ဆရာကြီးရွှေဥဒေါင်းကြားတော့ စိတ်မကောင်းဖြစ်ပြီး သူလည်းထွက်မယ် ဖြစ်တယ်။  ရွှေဥဒေါင်းဟာ တော်လှန်ရေးကောင်စီစတက်ပြီး နောက်နှစ် (၁၉၆၃) အစိုးရသတင်းစာအသစ် (လုပ်သားပြည်သူ့နေ့စဉ်) ထုတ်မယ်စီစဉ်ကတည်းက သူ(ဗိုလ်နေဝင်းကိုယ်တိုင်) ကိုယ်တိုင် မန္တလေးကနေပင့်ပြီး ယောက်လမ်း စစ်အရာရှိရိပ်သာတိုက်ခန်းမှာ ကား၊ ယဉ်မောင်း၊ အဆောင်အယောင်အပြည့်အစုံနဲ့ လိုလေးသေးမရှိအောင်ထားပြီး အယ်ဒီတာချုပ်ရာထူးယူခိုင်းခဲ့တဲ့ သတင်းစာဘုရားဆိုတော့ ဗိုလ်နေဝင်းက ဆရာကြီး... ထွက်မယ်မဆုံးဖြစ်ခင် သူ့အိမ်တော်မှာလာနေပြီး ဥပုတ်သီလစောင့် တရားအားထုတ်လှည့်ပါလို့ ဖိတ်တယ်။ အနေအထိုင်၊ အစားအသောက်စီစဉ်ပေးပြီး ဆရာကြီး တရားအားထုတ်တာကို ဝတ်ကြီးဝတ်ငယ်ပြုစုရင်း ချော့တယ်။ ဒါပေမယ့် ဆရာကြီးက ဥပုတ်ထွက်တော့လည်း သူ့ဆုံးဖြစ်ချက်ကိုမပြင်ဘဲ အလုပ်ကထွက်ပြီး မန္တလေးပြန်သွားတယ်။ (အကြောင်းအရာနဲ့သိပ်မဆိုင်ပေမယ့် ဆရာကြီးကို ဗိုလ်နေဝင်းတို့စောင့်ရှောက်တာအကောင်းလွန်ပုံကို ပြောရရင် ဆရာကြီးကတော် မျက်စိတိမ်စွဲတော့ အရပ်ဆေးရုံမတက်စေဘဲ စစ်ဆေးရုံတင်ပြီးခွဲလိုက်တာ ဒေါ်ကြီးစိုးခမျာ မျက်စိတစ်လုံးကွယ်ပါလေရော..)

ဦးဝင်းတင်အကြောင်းဆက်ရရင် အထက်ကဆွေးနွေးပွဲမှာ စာပေလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စပြောခဲ့တဲ့သူဆိုတော့ သူ့ကိုလည်းထိတာပေါ့။ အဲ့အချိန်မှာ ပြည်သူပိုင်သိမ်းပြီးဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ဟံသာဝတီတစ်ခုခုကို မန္တလေးပြောင်းပြီးထွက်မယ်။ (၁၉၆၇ ကတည်းက မန္တလေးက လူထုသတင်းစာလည်း ပိတ်လိုက်ရပြီ။အဲ့မှာ ဦးဝင်းတင် အယ်ဒီတာချုပ်လုပ်စေဆိုပြီး နယ်နှင်ဒဏ်ပေးခံရတယ်။

ကျနော်တစ်ယောက်တည်း အယူအဆရတော့ ဦးဝင်းတင် နယ်နှင်ဒဏ်လောက်ပဲထိတာဟာ ဗိုလ်နေဝင်းက ဦးဝင်းတင်အပါ် ဆရာဇဝနနဲ့ဆက်စပ်ပြီး ခင်မင်ရင်းစွဲစိတ်ရှိတာကြောင့်လို့ထင်တယ်။  ဗိုလ်နေဝင်းနဲ့ ဆရာဇဝနက တစ်နယ်တည်းသားတွေဖြစ်တဲ့အပြင် သူငယ်ချင်းတွေဖြစ်တော့ တော်တော်ရင်းနှီးတယ်။ အဲ့တော့ အမြဲတမ်းသူ့ရဲ့အိမ်(နောင် အစိုးရအိမ်တော်) ကို ထမင်းစား၊ အရက်သောက်ဖိတ်တယ်။ အဲ့သလို ဖိတ်ရင် ဆရာဇဝနနဲ့တွဲလျက် သူနဲ့အတူတူကြေးမုံမှာလုပ်နေတဲ့ ကြေးမုံဦးသောင်း၊ ဦးဝင်းတင်တို့ကိုပါ ခေါ်လေ့ရှိတယ်။ ဆရာဇဝနက ဗိုလ်နေဝင်းနဲ့ဘယ်လောက်ရင်းနှီးသလဲဆို အရက်ကလေးတစ်ခွက်နှစ်ခွက် ဝင်ရင် စပြီး ဗိုလ်နေဝင်းကို စလိုက် နောက်လိုက် ငေါ့လိုက်လုပ်တော့တာပဲ။ ဗိုလ်နေဝင်းကလည်း ကိုသိန်း..ကိုသိန်းနဲ့ ဆရာဇဝနကိုခေါ်ပြီး ရယ်(ရီ)ရင်းမောရင်းနဲ့ပဲ ဆရာဇဝနငေါ့သမျှ ခံတယ်။

သူတို့နှစ်ဦးရင်းပုံကို သာဓကတစ်ခုပြရရင်...

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ သခင်စိုးအပါအဝင် တောထဲကပုဂ္ဂိုလ်တွေပြန်တဲ့ အချိန်မှာ မြို့ပေါ်မှာရှိသမျှ လက်ဝဲအရောင်ရှိသူရော၊ မရှိသူပါ နိုင်ငံရေးနဲ့ဆက်စပ်နေတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားတွေကို စစ်ထောက်လှမ်းရေးကအကုန်လိုက်ဖမ်းတယ်။ သခင်စိုးကြီးကို  ကျပ်တစ်ထောင်တန်ညစာစားပွဲနဲ့ဂုဏ်ပြုရမယ်လို့ကြေညာပြီး ဧည့်ဝတ်ပြုတဲ့ (စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ) အထောက်တော်လှအောင်ကအစ သခင်စိုးကြီး စွန့်ပစ်ထားခဲ့တဲ့ မြို့ပေါ်က မယားကြီးကိုယူမိတဲ့ နောက်အိမ်ထောင်သစ် (ကံဆိုးရှာသူ) ယောင်္ကျားအဆုံး ရှိရှိသမျှအဖမ်းခံနေရတဲ့ အချိန်ပေါ့. အဲ့အချိန်တုန်းက ဖမ်းခံထိတဲ့ထဲမှာ ဟာသဖြစ်ရတဲ့ဇာတ်လမ်းတစ်ပုဒ်ဆို ဇိမ်အိမ်မှာ လူငယ်တစ်ယောက် သူ့ကိစ္စပြီး၊ ပြန်မယ်လုပ်တဲ့အချိန်မှာ ဇိမ်မယ်က အပိုဘောက်ဆူးတောင်းတယ်။  အဲ့လူငယ်က သနားတာနဲ့ အပိုကြေး () ကျပ် ပေးလိုက်တယ်။ အဲ့တော့ ဇိမ်မယ်က () ကျပ်ကတော့ နည်းပါတယ်၊ ထပ်ပိုပေးပါလို့ပြောတော့ လူငယ်က "ဟဲ့ နင်က ငါ့များ စစ်ဗိုလ်မှတ်နေသလား.. ငါ့က ရိုးရိုးသာမန်သမ္မာအာဇီဝနဲ့စီးပွားလုပ်စားနေတဲ့လူဟ၊ စစ်ဗိုလ်တွေလိုတော့ မပေးနိုင်ဘူး" လို့ ပြောပြီးပြန်ခဲ့တယ်။ နောက် တစ်နေ့မိုးလင်းတော့ အဲ့လူငယ်လေး မတော်တရော်နေရာသွားပြီး စစ်ဗိုလ်သိက္ခာချရပါ့မလားဆိုတဲ့ ပုဒ်မနဲ့ဖမ်းခံထိတယ်။

အဲ့သလိုမဲမဲမြင်ရာဖမ်းနေတဲ့အချိန်မှာ ကြေးမုံက လက်ဝဲအရောင်ရှိတဲ့ အယ်ဒီတာစိန်ခင်မောင်ရီ(နာမည်ကြီး ရုပ်ရှင်ဝေဖန်ရေးဆရာ) နဲ့ဦးသောင်းရဲ့အတွင်းရေးမှုးပါ ဖမ်းခံရတယ်။ အဲ့တော့ ကြေးမုံဦးသောင်းလည်း ရန်ကုန်မြို့ထဲမှာပဲပတ်ပြီး တိမ်းရှောင်နေရတယ်။ အဲ့သလိုနဲ့ လေး ငါးလကြာတဲ့အချိန်မှာ ဗိုလ်နေဝင်းက ဆရာဇဝနကို အိမ်တော်မှာထမင်းစားဖိတ်တယ်။ (လူထုဦးလှလည်းပါတယ်။) စားရင်းသောက်ရင်း၊ ထွေရာလေးပါးပြောရင်းနဲ့ ဗိုလ်နေဝင်းက ဆရာဇဝနကို "ကိုသိန်း ခင်ဗျားလူကို သူ့သတင်းစာပြန်လုပ်ပါစေ၊ သူ့ကိုဖမ်းဖို့စာရင်းမှာ မပါဘူး၊ ဖမ်းလည်းမဖမ်းချင်ပါဘူး" လို့ပြောတယ်။ အဲ့သလိုပြောပြီးနောက် ခဏနေတော့ ဗိုလ်နေဝင်းကထပြီး နောက်ဖေး၊ နောက်ဖီထွက်သွားတယ်။ အဲ့အချိန်မှာ ထမင်းစားပွဲမှာအတူတက်ရတဲ့ ဒေါက်တာမောင်မောင် (ဗိုလ်နေဝင်းရဲ့လူယုံ၊ လက်ရင်း)က ဆရာဇဝနနဲ့လူထုဦးလှကို "ကျနော့် ယောက္ခမကြီးလည်း ခုဖမ်းခံထိနေတယ်။ ဗိုလ်ချုပ်ကြီးကို ပြောပေးဦး" လို့တောင်ပန်းရှာတယ်။ ဗိုလ်နေဝင်းပြန်လာတော့ ဆရာဇဝနနဲ့လူထုဦးလှက ဒေါက်တာမောင်မောင်ရဲ့ ယောက္ခမလည်း ဖမ်းခံနေရတယ်။ လွှတ်ပေးပါလို့ ပြောပေးရတယ်။ အဲ့သလိုပြောတော့ ဗိုလ်နေဝင်းကအံ့သြတကြီးနဲ့ "..မောင်မောင်ရာ .. မင်းနဲ့ ငါ့ နေ့တိုင်းတွေ့နေတာ၊ စောစောကဘာလို့မပြောသလဲ" လို့မေးတယ်။ ဒေါက်တာမောင်မောင်ကမဖြေရဲတော့ ဘာမှမဖြေဘဲ ငိုင်နေတယ်။ ဆရာဇဝနကသာ အရက်ကလေးနည်းနည်းဝင်နေပြီဆိုတော့ ထုံးစံအတိုင်း "ကြောက်လို့ပေါ့ဗျာ" လို့ ပြန်ပြောရဲတယ်။

အဲ့တော့ ဆိုလိုချင်တာက ဗိုလ်နေဝင်းက ဆရာဇဝနကိုအကြောင်းပြုပြီး ဦးဝင်းတင်ကို ခင်မင်တယ်။ ဦးဝင်းတင်ကို မန္တလေးပို့ပြီးနောက်ပိုင်းလည်း ဗိုလ်နေဝင်း မေမြို့၊ ပုဂံစတဲ့ဒေသတွေ တိုင်းခန်းလှည့်လည်လို့ မန္တလေးဝင်ရင် ဦးဝင်းတင်ကိုအမြဲခေါ်တွေ့ပြီး စကားပြောတယ်။ ဦးဝင်းတင် အစိုးရကိုယ်စားလှယ်အနေနဲ့ ဥရောပခရီးစဉ်ထွက်တုန်း လန်ဒန်မှာ ဗိုလ်နေဝင်းဆေးကုတာနဲ့ကြုံတော့လည်း ဦးဝင်းတင်ကို ခေါ်တွေ့တယ်။ စကားပြောရင်လည်း ဗိုလ်နေဝင်းက ဦးဝင်းတင်ကို အသက်ကွာပေမယ့်  လေးလေးစားစား "ခင်ဗျား၊ ကျနော်" သုံးပြီးပြောလေ့ရှိတယ်။ အဲ့တော့ ဗိုလ်နေဝင်းရဲ့ မင်း၊ ငါနဲ့ပြောပြီး မအေနှမကုန်အောင် ဆဲခံနေကြ သူ့လက်အောင်က ဗိုလ်ချုပ်တွေ၊ တိုင်းမှုးတွေကပါ ဦးဝင်းတင်ကိုရှိန်ကုန်တယ်။ ဦးဝင်းတင်မန္တလေးမှာ အထိုက်အလျောက် လွတ်လွတ်လပ်လပ်နဲ့ စာပေ၊ သတင်းစာလုပ်ငန်းတွေ အောင်အောင်မြင် လုပ်နိုင်ခဲ့တာ ဟာ ဗိုလ်နေဝင်း Blessing ကြောင့်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဦးဝင်းတင် မန္တလေးမှာလုပ်ငန်းတွေအောင်မြင်၊ လူထုမေတ္တာခံယူနေတဲ့အချိန်ကျတော့ လူထုချစ်တဲ့လူတွေကို အမြဲတမ်း မနာလိုမုန်းထားလေ့ရှိတဲ့ ဗိုလ်နေဝင်းရဲ့စရိုက်အတိုင်း ဦးဝင်းတင်ကို မျက်စိဆံပင်မွှေးစူးလာပြီး နောက်ပိုင်း စနေစာပေဝိုင်းမှာ ဦးသိန်းဖေမြင့်နဲ့ပတ်သက်တဲ့စာတမ်းတင်တာကို အကြောင်းပြုပြီး ဟံသာဝတီကိုဖျက်၊ ဦးဝင်းတင်ကိုလည်း အလုပ်ကအနားယူခိုင်းခဲ့တယ်။

ဗိုလ်နေဝင်း ဦးသိန်းဖေမြင့်ကို မျက်မန်တော်ရှရတာကလည်း ကလေးကလားနိုင်တယ်။ ဦးသိန်းဖေမြင့်ဟာ  စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစိုးရတက်ကတည်းက ဗိုလ်နေဝင်းကိုထောက်ခံခဲ့တယ်။ ဗိုလ်နေဝင်းကလည်း ဦးသိန်းဖေမြင့်ကို ကြည်ဖြူတယ်။ တော်လှန်ရေးကောင်စီရဲ့ အတိုင်ပင်ခံကော်မတီမှာ ဒုဥက္ကဌခန့်တယ်။ ဒါပေမယ့် တော်လှန်ရေးအစိုးရရဲ့လုပ်ပုံကိုင်ပုံတွေ၊ နောက်ပိုင်း မဆလပါတီရဲ့ အပုတ်နံ့တွေကို တဖြည်းဖြည်းမနှစ်မြို့လာတော့ ဦးသိန်းဖေမြင့်က သူဆုံးခါနီးနှစ်တွေမှာ သူ့ သတင်းစာရဲ့"ပွင့်ပွင့်လင်းလင်းပြောပါရစေ" ကဏ္ဍကနေတဆင့် မဆလကိုဝေဖန်လာတယ်။ နောက်ဆုံး ဦးနေဝင်းရဲ့ ဝတ်လဲတော်ပုဆိုးအသုံးစရိတ် ကြီးမားတော်မူနေတာကို သရော်ပြီးရေးတော့ ရန်ကုန်ကစာနယ်ဇင်းတွေမှာ စာရေးခွင့်ပိတ်ခံလိုက်ရတယ်။ အဲ့အချိန်မှာလည်း ဦးဝင်းတင်ကတော့ သူ့ဟံသာဝတီမှာ ဦးသိန်းဖေမြင့်ရဲ့ဆောင်းပါးတွေကိုဆက်သုံးတယ်။ နောက်ဆုံး ဦးသိန်းဖေမြင့်ဆုံးတော့ လည်း အစိုးရက သူ့အကြောင်းမရေးရဆိုပြီး အမိန့်ထုတ်တယ်။ ဒါပေမယ့် ဦးဝင်းတင်ကတော့ သူ့ရဲ့ စနေစာပေဝိုင်းမှာ သိန်းဖေမြင့်အမှတ်တရအနေနဲ့ သိန်းဖေမြင့်ရဲ့နိုင်ငံရေး၊ စာရေးဆရာ၊ သတင်းစာဆရာ စတဲ့ ဘဝသုံးခုအကြောင်းစာတမ်း () စောင်ကို သခင်ကျော်စိန်၊ ချင်းတွင်းချစ်သွေးတို့နဲ့အတူတင်ပြီး ဂုဏ်ပြုတယ်။ အဲ့သလိုလုပ်ခဲ့လို့လည်း လက်ငင်းအကြောင်းအနေနဲ့ ဦးဝင်းတင် မန္တလေးကနေ
ထွက်တော်မူနန်းကခွာခဲ့ရတယ်။ တကယ့်အကြောင်းကတော့ ကျနော် အထက်ကပြောသလို ဦးဝင်းတင် မန္တလေးမှာနေခဲ့တဲ့ ()နှစ်တာကာလအတွင်းမှာလုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကိုအကြောင်းပြုပြီး ကောင်းတာလုပ်ရင်မကြိုက်တဲ့ အာဏာရှင်တွေရဲ့ထုံးစံအတိုင်း ဗိုလ်နေဝင်း၊ စစ်တပ်နဲ့မဆလပါတီက ဦးဝင်းတင်ကို ရန်သူစာရင်းသွင်းလိုက်ကြတော့တာပဲ။

ဦးဝင်းတင် မန္တလေးကိုစရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာစထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကိုဦးဆောင်ပြီး "စာပေကို စကားပြောနဲ့ရေးမယ်" ဆိုတဲ့ "တယ်စာပေတိုက်ပွဲလှုပ်ရှားမှုကို  မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့သူတွေရဲ့စာတွေ မထည့်ဖို့မှာတယ်။ အဲ့တော့ ဦးဝင်းတင်က ကျနော်တို့ မန္တလေးမှာအစိုးရသတင်းစာထုတ်ဖို့သွားတာက လူထု ဦးလှတို့နဲ့ရန်ဖြစ်ဖို့သွားတာမဟုတ်ဘူး။ လူထုမောင်နှံလို စာပေသြာဇာရှိတဲ့မြို့ခံ၊ မြို့မိ၊မြို့ဖလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့စာတွေကို ကျနော်ကတော့ ငြင်းစရာအကြောင်းမရှိဘူး။ "တယ်" နဲ့ရေးလည်း စာကောင်းရင်၊ အကျိုးရှိရင်ထည့်ရမှာပဲ။ အဲ့တော့ ကျနော် အယ်ဒီတာတစ်ယောက်အနေနဲ့တာဝန်ယူပြီး သူတို့စာတွေထည့်မယ်။ ဒါပေမယ့် အစိုးရသတင်းစာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီနဲ့မကိုက်လို့ မထည့်နိုင်တဲ့ တချို့စာတွေတော့ခြွင်းချက်ပေါ့ဆိုပြီး ပြန်ပြောတယ်။ ဗိုလ်သောင်းဒန်ကလည်း (unofficially) လွတ်လွတ်လပ်လပ်လုပ်ဖို့ သဘောတူလိုက်တယ်။

တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာစထုတ်တော့ စထွက်တဲ့နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား) လူထုဦးလှ၊ လူထု ဒေါ်အမာအစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ဆောင်းပါးတွေ နဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေးခင်မင်တဲ့ (ကြေးမုံကတည်းကလည်းသုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေးစသူတွေရဲ့ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး 
သူ့သတင်းစာမှာသုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့သူတွေကိုသုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို  မွေးထုတ်ပေးခဲ့တယ်။  ဒေသရဲ့စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာဦးဆောင်နေတဲ့သူတွေရဲ့စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူတွေရဲ့အသံ၊ ခံစားချက်တွေကိုဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင်တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့သင်းထုံနေတဲ့ အောင်မြင်တဲ့သတင်းစာတစ်စောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ကြေးမုံလို intellectual works များများသုံးပြီး) သတင်းစာအဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။

စာပေ၊ အနုပညာအတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲစာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း စနေစာပေဝိုင်းဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်းမှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက်တဲ့စာတမ်းတွေ အပတ်စဉ်ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေတင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေးတက်စေဖို့ သတင်းထောက်အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေလုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။  သူရဲ့ သတင်းထောက်တွေ ကလောင်စွမ်းဘယ်လောက်ထက်သလဲဆို သူတာဝန်ကရပ်စဲခံရပြီး ဗမာပြည်အနှံ့ခရီးလှည့်လည်နေစဉ် ယောချောင်က ရွာလေးတစ်ရွာကိုရောက်တော့ ရွာဦးကျောင်းဆရာတော်ကို ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ပါလို့မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။ "ဒကာကြီးက ဟံသာဝတီကဆိုတော့ 'ကျော်မင်းကျော်' နဲ့ဘယ်သူကကြီးလဲ" လို့ဘွင်းဘွင်းကြီးမေးရော။ အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက်တစ်ယောက်က "အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက်မှာတော့ အကြီးဆုံး ဘုရား"လို့ ပြန်လျှောက်ရတယ်။ အဲ့တော့ ဆရာတော်က "ဘုန်းကြီးက 'ကျော်မင်းကျော်' တော့လေးစားတယ်၊ ပြည်သူ့ဘက်ကရပ်ပြီး အမြဲတမ်းရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့သူတွေတော့ အရေးကြီးတယ်မထင်ပေါင်" လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ကလောင်ရှင်တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။

နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမယ့် အစိုးရသတင်းစာအချင်းချင်းယှဉ်ရင် ခေါင်းတစ်လုံးမြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကိုဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန် ရပ်တည်ပေးနိုင်ခဲ့တယ်။

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကိုထိစေတဲ့ ဦးဝင်းတင်ရဲ့ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာလုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့မပတ်သက်တဲ့ သူ့ရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာစွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့အခြေခံဝန်ထမ်း လူလေးငါးခြေက်ဆယ်လောက်နဲ့ သူတို့ရဲ့မိသားစုဘဝတွေသာယာဝပြောရေးအတွက် ဦးဝင်းတင်လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာပြောစမှတ်တွင်ကျန်ခဲ့တယ်။

သူ့အတွက် ကားထားဖို့ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လဘ္ဘက်ရည် ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ထမင်းကြော်စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီးအလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေးဘဝနဲ့ အချိန်ကုန်မသွားစေဘဲ၊ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊ စာရိုက်၊ ပုံနှိပ်စက်ပညာတွေသင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့မီးဖိုချောင်စရိတ် အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက်သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်းတစ်အိမ်ထောင်စုအနေနဲ့ ဝန်ထမ်းမဟုတ်တဲ့အိမ်နီးချင်းရပ်ကွက်ထဲက မိသားစုလေးစုစာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ ဆေးခန်းမှာ လာကုခွင့်ပေးတယ်။

သူရဲ့အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်းကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်းတကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့အခန်းထဲက စားပွဲမှာသွားထိုင်ပြီး အလုပ်လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်အမြဲနေထိုင်ပြီး သူတို့ရဲ့လှုမှုဘဝ သာရေး၊ နာရေးကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့တာဝန်ယူပေးတယ်။

အဲ့သလို မန္တလေးမှာလုပ်ခဲ့တဲ့ သူရဲ့ချီးမွမ်းဖွယ်နာမည်ကျော်ဖြစ်ရပ်တွေကို လွတ်လပ်တဲ့အာရှအသံ၊ အစီအစဉ်တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ "ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဥာဏ်တွေရခဲ့လဲ" ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီးမှတ်သားနာယူ ဖို့ကောင်းတယ်။ ဦးဝင်းတင်က "ဒါတွေကိုလုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဥာဏ်ကြောင့်မဟုတ်ဘူးဗျာ.. ခံစားချက်ကြောင့်ဗျာ.. လက်တွေ့ မြင်တွေ့နေရတဲ့ လူတွေရဲ့ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်"လို့ ပြန်ဖြေတယ်။ ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိဗမာပြည်မှာဖြစ် ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ်စိတ်ထဲအသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝသာယာလာရေးအတွက်လုပ်မပေးနိုင်တဲ့ သူတို့ရဲ့စိတ်ဓာတ်တွေကိုအံ့သြရတယ်လို့ ဆက်ပြောတယ်။

ဦးဝင်းတင်ရဲ့လက်အောက်ကဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ်နဲ့သူရဲ့ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမယ့် အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့သဘောတရားက အတူတူပဲဖြစ်တယ်။ ဦးဝင်းတင် သူ့ ဝန်ထမ်းတွေကိုလုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာပညာတစ်ခုခုနဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ လူမှုဘဝ သာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမယ့် တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရားရှိတဲ့သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ဆန္ဒကသာ စကားပြောတယ်။

ခုလက်ရှိ ပြည်သူ့အစိုးရပါဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက် ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကိုသာယာဝပြောတိုးတက်အောင်လုပ်ပေးနိုင်တဲ့ အသိဥာဏ်၊ ပညာ၊ အတွေးအခေါ်မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုး ပေးလို့ရတယ်။ အစိုးရကောင်းတစ်ရပ်မှာရှိရယ့် ပြည်သူ့အသံ၊ ခံစားချက်ကိုနားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့လုပ် လို့ရမှာမဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းက ထွက်လာနိုင်မှာမဟုတ်ဘူး။ အဲ့တော့ အစိုးရသစ်ရဲ့သမ္မတက အစ၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးအထိ အခြေခံလူတန်းစာအများစုရဲ့ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစား နားလည်နိုင်တဲ့စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။

နိဂုံးချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာထုတ်စေချင်တယ်။ အနည်းဆုံး audio autobiography အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီအစိုးရသစ်လို့ အမြဲအော်အော်နေတော့ ပြည်တွင်းမှာထုတ်ဝေခွင့် ရမယ်လို့လည်း မျှော်လင့်တယ်။

ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုးဆောင်ရွက်နိုင်ပါစေ။

ငြိမ်းချမ်းအေး ၀၄၊ မတ်လ၊ ၂၀၁၂

ရည်ညွှန်း "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း" ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊ 
                    ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး "ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ" နှင့် "ဘီလူးတို့ရွာ" 
(ရေးတာက ကိုငြိမ်းချမ်းအေးပါ)
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/nyein-chan-aye/စာနာနားလည်နိုင်တဲ့-စိတ်နှလုံးပိုင်ရှင်-သို့မဟုတ်-ဟံသာဝတီ-ဦးဝင်းတင်/10150646465788704