"ဆုံစေ့ချင်ပြီ"
ဟိုတနေ့က ကုန်စုံဆိုင်သွားရင်း ဗမာပြည်မှာနေမရတော့လို့ ဗမာပြည်ကနေ ထိုင်း၊ ထိုင်းကတဆင့် အမေရိကအထိ ဒုက္ခသည်ဖြစ်နဲ့ရောက်လာသူတဦးနဲ့ဆုံပါတယ်။ သူကတော့ ဒီကိုရောက်လာပြီး သူ့မိသားစုက ခုထိ ထိုင်းနိုင်ထဲက ဒုက္ခသည်စခန်းတခုမှာ ကျန်နေသေးတဲ့သူဖြစ်ပါတယ်။ မိသားစုက ခုထိ ထိုင်းအစိုးရက ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရသေးပါ။ ဒီကိုလာဖို့ အခြေအနေက ရွှေပြည်တော် မျှော်တိုင်းဝေးလိုဖြစ်နေရှာတာပါ။ မယားတကွဲသားတကွဲဖြစ်နေသူဆိုတော့ သူ့အပူလည်း မသေးပါဘူး။
သူက ဒီကစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့ သာမန်အလုပ်သမားတယောက်ပါ။ တယောက်တည်းသမားဆိုတော့ အိမ်လည်းမဝယ်ဖြစ်၊ အိမ်ငှားနဲ့နေရ၊ သူ့တယောက်စာ စားဝတ်နေရေးနဲ့ သူ့လုပ်ခနဲ့က ပိုလည်း အများကြီး ပိုပိုလျှံလျှံမရှိ၊ လဆန်းတိုင်း ဒုက္ခသည်စခန်းက မိသားစုကိုလည်း ပုံမှန်ထောက်ပံ့နေတာဆိုတော့ သူရှာတဲ့ငွေဟာ လောက်ငှတယ်ဆိုရုံလောက်ပါပဲ။ တယောက်ရှာပြီး နှစ်မိသားစုစားနေရသလိုပါပဲ။
ဒီမှာက သာမန်အလုပ်သမား တယောက်တည်းသမားတွေအဖို့က သိတ်မကိုက်လှပါဘူး။ အလုပ်သိတ်ကောင်းလွန်းပါမှ အလုပ်အချိန်ပိုလုပ်နိုင်ပါမှ တန်ကာကျတာပါ။ ငွေပိုငွေလျှံရှိတာပါ။ နို့မဟုတ်လို့ကတော့ ရရစားစားဝါးဝါးမြိုမြိုပါပဲ။ "ကျွန်တော်ဗျာ မိသားစုနဲ့ ဗီဒီယိုကောလ်ခေါ်ပြီး စကားပြောတိုင်း မျက်ရည်ကျမိတာပဲ၊ ကိုယ်ကလည်း ဘာမှမလုပ်ပေးနိုင် ဘာမှလည်း လုပ်မပေးတတ်နဲ့၊ အကူအညီပေးတဲ့အေဂျင်စီတွေကလည်း ဘာမှလုပ်ပေးလို့မရနဲ့"လို့ပြောတော့ ယောက်ျားတန်မဲ့ သူ့မျက်လုံးမှာ မျက်ရည်တွေ အိုင်ထွန်းနေတာပါ။ ကျွန်တော်လည်း စာနာစိတ်အပြည့်နဲ့ နားထောင်ပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ။
"ထိုင်းအစိုးရ တော်တော်ညစ်တယ်ဗျာ။ မကောင်းဘူး၊ ဒုက္ခသည်စခန်းက လူတွေကိုကျတော့ နှစ်ပေါင်းများစွာညစ်ထားပြီး ခုမှ လက်သုံးချောင်းထောင် ထွက်ပြေးလာကြသူတွေကိုတော့ အမေရိကန်ကိုထွက်ခွင့်ပေးနေတယ်လေ"လို့ သူပြောတော့ ကျွန်တော်လည်း ခေါင်းပဲ ညိတ်နေမိပါတယ်။
သူပြောတဲ့ လက်သုံးချောင်းထောင် ထွက်ပြေးလာကြသူတွေဟာ အမေရိကန်ရဲ့အထူးအစီအစဉ်နဲ့ ခေါ်ယူတာဖြစ်လို့ UNHCR နဲ့ ထိုင်းအစိုးရတို့က လိုက်လျောပြီး လုပ်ပေးနေတာမှန်း သူ သိဟန်မတူပါဘူး။ ကျွန်တော်လည်း ဒီအစီအစဉ်ကို ဒီ့ထက်ပို နက်နက်ရှိုင်းရှိုင်းမသိပါဘူး။ သေချာတာကတော့ အာဖဂန်နီတွေ၊ ယူကရိန်းနီးယန်းတွေနဲ့ သူပြောတဲ့ လက်သုံးချောင်းထောင် ထွက်ပြေးလာကြသူတွေကတော့ ဒီကို ရောက်လာနေကြတာပါပဲ။ ဒီတော့ သူပြောမယ်ဆိုလည်း ပြောချင်စရာပါ။
ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ သူ့အမြင်အပေါ်တော့ "ထိုင်းနိုင်ငံက မကောင်းဘူးဆိုပေမယ့် ကျွန်တော်တို့ခင်ဗျားတို့အတွက်တော့ ဗမာစစ်အစိုးရတွေထက် အပုံကြီးသာပါတယ်ဗျ၊ ကျွန်တော့်တို့ကို ခိုလှုံခွင့်ပေးတာရယ်၊ ဘာသာယုံကြည်တယ်ဆိုလည်း ဘာသာရေးလွတ်လပ်ခွင့် ထိုက်သလောက်ရှိနေတာရယ်၊ တတိယနိုင်ငံတွေထွက်ဖို့ အခွင့်အလမ်းရယ်တော့ ပေးသေးတယ်မဟုတ်လား" လို့ သူ့တကိုယ်စာ နားလည်လွယ်အောင် ပြောဖြစ်ပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံဟာ ဗမာပြည်အပြောင်းအလဲအတွက် ဘာမှ တိုက်ရိုက် လုပ်မပေးနိုင်ပါဘူး။ လုပ်လည်း လုပ်မပေးပါဘူး။ လုပ်မပေးတဲ့အပြင် တခါတလေကျ သူ့ ဗမာပြည်ပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒကဗမာပြည်မှာ ဘယ်အစိုးရတက်တက် ငါ့အစိုးရလုပ်ချင်တာပါပဲ။ ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ မျက်နှာမပျက်ရအောင်နေပြီးသူ့စီးပွားရေး နင်းလုပ်နေတာပါ။
ဒါပေမဲ့ တဘက်ကြည့်ပြန်တော့လည်း ထိုင်းနိုင်ငံဟာ သူ့မြေပေါ်နင်းပြီး ဗမာပြည်စစ်အုပ်စုကို ဆန့်ကျင်အာခံနေကြသူတွေကိုတော့ အတိုင်းအတာတခုအထိ လုပ်ခွင့်နေခွင့်ပြုပါတယ်။ အဲ့လိုအဖွဲ့အစည်းတွေ အခြေစိုက်နေတာကို မသိကျိုးကျွန်ပြုပေးပါတယ်။ ဗမာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသူတွေကို သူ့မြေပေါ်မှာ အကန့်အသတ်တခုနဲ့ နေခွင့်ပြုပါတယ်။ အဲ့သလိုလူတွေ အဖွဲ့အစည်းတွေအတွက်တော့ အိမ်နီးခြင်းနိုင်ငံတွေထဲမှာ ထိုင်းက အသာဆုံးပါပဲ။ လက်ရှိအနေအထားမှာ အဲ့သလိုမျိုး ထိုင်းလောက် ဘယ်အိမ်နီးချင်းနိုင်ငံကမှ မလိုက်လျောပါဘူး။
သူပြောသလို လက်သုံးချောင်ထွက်ပြေးလာကြသူတွေ တတိယနိုင်ငံတွေမှာ အခြေချခွင့်ရကြသလိုဒုက္ခသည် စခန်းတွေမှာ နှစ်ပေါင်းဆယ်ချီပြီး နေနေကြရရှာတဲ့ သူ့မိသားစုလိုဒုက္ခသည်တွေကိုလည်း အသီးသီးသော တတိယနိုင်ငံတွေမှာ အခြေချနေစေ့ချင်လှပါတယ်။ မိသားစုတွေပြန်စုံစေချင်လှပါတယ်။ ဗမာပြည်အပြောင်းအလဲအတွက်လည်း ထိုင်းနိုင်ငံအနေနဲ့ တတ်နိုင်သလောက် ဝင်ပြောတာ ဝင်ပါတာလုပ်စေချင်ပါတယ်။ (ခက်နေတာက ထိုင်းလက်ရှိအစိုးရကလည်း ဗမာပြည်စစ်အုပ်စုနဲ့ ပိန်မသာလိန်မသာဖြစ်နေတာ မဟုတ်လား)
မျိုးမြင့်ချို မတ် ၂၆။ ၂၀၂၃
0 comments:
Post a Comment