(ဒီလုံး)
ကျွန်တော်တို့က ကိုဒီလုံးကို ကိုဒီဟုခေါ်ကြပါသည်။ သူ့အမည်ရင်း သာညိမ်းမှန်းရော သူ ကျွန်တော့်ထက် ၆ နှစ် ကြီးမှန်းရော သူသေမှသိပါသည်။ သူ့တွင် အကိုတယောက်ရှိ၍ ထိုအကို၏အမည်မှာ ကျောက်ခဲဖြစ်ပါသည်။ ကျောက်ခဲကို ကျောက်ခဲမှန်းသိသော်လည်း ဒီလုံးဆိုသည်ကိုမူ မသိပါ။ ကျန်းမာ/မာကျောစေရန်ရည်ရွယ်၍ သူ့အကို ကို ကျောက်ခဲဟုမှည့်သော်လည်း သူ့ကိုဘာကြောင့် ဒီလုံးဟုမှည့်ရသလဲကို မသိပါ။ ဒီရေကိုသိပါသည်။ လုံးသည်ဆိုသည်ကို သိပါသည်။ ထို့ကြောင့် ဒီလှိုင်းတို့ဘာတို့လို ဒီလုံးလည်းရှိမည်ဟု ထင်မိပါသည်။ သို့သော် ရေရေရာရာမရှိပါ။ ဒီဘက်ခေတ်တွင် အဆိုတော် ဒိုးလုံးလည်း ပေါ်ဖူးပါသည်။ ဒိုးလုံးကိုမူ သေသာသွားရော လူမမြင်ဖူးလိုက်ပါ။
ကျွန်တော် ငယ်ငယ်က တနေ့ ငယ်သူငယ်ချင်း သိန်းစည်၏အမေ ဦးတာတီး၏ဇနီးဒေါ်မြတင်နှင့် ပေတရာဘေးက ချောင်းရိုးချောင်းစပ်တွင် ကန်စွန်းရိုးနီလေးတွေခူးခိုက် ရေအောက်တွင် ကျောက်တုံး လုံးလုံးကြီးတလုံးကိုနင်းမိသဖြင့် လူလည်း ရေထဲ လဲကျသွားပါသည်။ စိတ်တိုတိုနှင့် ထိုအလုံးကြီးကိုဆယ်တင်လိုက်ရာ အခွံခွာပြီးသားအုန်းသီး ကြီးကြီးတလုံးစာအရွယ်ရှိပြီး သူ့တွင်ထူးခြားချက်မှာ ငါးမူးဝိုင်းခန့်အပေါက်ငယ်တခုပါပါသည်။ ထိုအပေါက်မှာ သုံးလေးလက်မခန့် နက်ပါသည်။ ဟိုဘက်ဒီဘက် တိုးလျှိုပေါက်နေတာမဟုတ်ပါ။ ကျွန်တော်က အံ့ဩပြီး ထိုအလုံးကြီးကို လက်ထဲလှည့်ပတ်ကြည့်နေသည်ကို ဒေါ်မြတင်ကမြင်တော့ သား အဲ့ဒါ ဒီလုံးခေါ်တယ်ဟု ပြောပါသည်။ လူလုပ်တာလားဒေါ်လေးဆိုတော့ အေးပေါ့ လူလုပ်တာပေါ့ဟုပြောပြီး ပေတရာပေါင်စောင်း ရေစပ်နားအထိ ဆင်းလာပြီး လက်နှင့် ရေထဲသို့ဟိုစမ်းဒီစမ်းလုပ်ပါသည်။ ကျွန်တော့်ကိုလည်း လူလေး ခုနနေရာ ပြန်ဆင်းပြီး စမ်းကြည့်စမ်းဟုပြောပါသည်။ ကျွန်တော် ပြန်စမ်းကြည့်ရာ နောက်ထပ် ဒီလုံးတွေ ထွက်လာပါသည်။ အလုံးတိုင်းတွင် အပေါက်များပါပါသည်။ ဒေါ်လေး အဲ့ဒီ ဒီလုံးတွေက ဘာလုပ်တာလဲ၊ ဘာလုပ်ဖို့လဲဟု မေးကြည့်ပါသည်။
ဒေါ်လေးတို့ ငယ်ငယ်က ဒီလမ်းကြီးဖောက်တာ။ အဲ့ဒီတုန်းက လမ်းက လယ်တွေနဲ့ တပြင်တည်းလေ၊ မိုးတွင်းမို့ မိုးရွာပလားဆို လမ်းပေါ် ရေကအမြဲကျော်နေတာပေါ့၊ ဒီတော့ ဒီလမ်းက မိုးတွင်းဆိုသွားရလာရခက်တယ်။ အဲ့ဒါကို အင်္ဂလိပ်အစိုးရက လမ်းပေါင်မြှင့်ဖို့ မြေဖို့ ဖို့လုပ်တယ်၊ မြေဖို့လည်း ခဏပဲ၊ မိုးကြီးရင် လမ်းကပျော်ကျသွားတာပဲ၊ ဒီတော့ လမ်းဗိုလ်တွေနဲ့ ဝန်ထောက်တွေက အုတ်ဖုတ်ပြီး လမ်းကိုအုတ်ခင်းဖို့ အကြံပေးတယ်၊ ကျောက်က ဒီနားနီးနီးမှာ တူးလို့မှမရတာကိုး၊ အုတ်ကျတော့ လွယ်တယ်လေ၊ ဒီမှာ ရွှံ့စေးမြေက ပေါမှပေါ့ဆိုတော့၊ လက်လုပ်အုတ် ဖုတ်ဖို့ အုတ်ဖိုတွေတည်လိုက်ရုံပဲ၊ ဒါပေမယ့် အုတ်က ရွှံ့စေးကိုပြန်နယ်ရတာ အုတ်ရိုက်ပုံသွင်းရတာ၊ ညီညီညာညာစီပြီး တင်ရတာတွေနဲ့ အချိန်ကြာတယ်၊ ဒီတော့ မိုးပြတ်တာနဲ့ အုတ်ဖိုတည်၊ အုတ်ဖုတ် လမ်းခင်းဖို့က တရာသီတည်းနဲ့ မပြီးနိုင်ဘူး၊ ဒီတော့ အုတ်လိုလည်းမာကျောရအောင် တရာသီတည်းနဲ့လည်းပြတ်အောင် ကြံကြရင်း “ဒီလုံး”လုပ်ဖို့ အကြံရသွားတာ၊ ဒီလုံးက လွယ်တယ်၊ အုပ်လိုလည်း ဘာမှရွှံ့စေးနယ်စရာမလိုဘူး၊ နေထဲလည်း သွေ့အောင် ထားစရာမလိုဘူး၊ ကျောက်ခဲသေးသေးလေးတွေ ရောပါသွားလည်း ကိစ္စမရှိဘူး၊ ပုံလည်းရိုက်စရာမလိုဘူး၊ လက်ထဲလုံးလိုက်ရုံပဲ၊ အုတ်လိုလည်း စီထည့်နေစရာမလိုဘူး၊ ဒီအတိုင်းပစ်ထည့်ပြီး ကြုံသလိုစီလိုက်ရုံပဲ၊ မီးပေးတာကတော့ အုပ်ဖိုလိုပဲ၊ အုတ်ဖုတ်တာနဲ့အတူတူပဲ၊ ဒီလုံးတွေ မီးကျက်သွားတော့ ဖိုဖျက်ပြီး လမ်းခင်းရတာပေါ့၊ သူက အုတ်လိုလည်းမာတယ်၊ ကယိကထလည်းနည်းတယ်၊ အချိန်လည်းသက်သာတယ်လေဟု တနံတလျား ရှင်းပြပါသည်။ ကျွန်တော်က စာတလုံးမှမတတ်သည့် ဒေါ်မြတင်က ဤမျှသိနေပါလားဆိုကာ ထပ်အံ့ဩရပြန်ပါသည်။
ဒေါ်လေးက အဲ့ဒါတွေ ဘယ်လိုလုပ်သိတာလဲဟုမေးတော့ ဟဲ့...ငါ ငယ်ငယ်လေးကတည်းက အလုပ်လုပ်ရတာ၊ အဲ့ဒီလမ်းခင်းတော့ ဒီလုံးလုံးမယ့်အလုပ်သမတွေ လမ်းခင်းဖို့လူတွေလိုတယ်ဆိုတော့ ငါလည်း လာအလုပ်လုပ် ရတာပေါ့၊ အလုပ်ကြမ်းပေါ့၊ တအားပင်ပန်းတယ်၊ တနေ့ တမတ်ရတယ်၊ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်လာရတာဟု ပြောပါသည်။ ဒေါ်လေး အဲ့ဒီအလုံးကို ဘာကြောင့် ဒီလုံးလို့ခေါ်တာလဲဟုမေးတော့ ငါလည်းမသိဘူး။ ဘယ်သူစခေါ်မှန်းလည်း မသိဘူး၊ ဒါပေမယ့် ဒီအလုံးတွေကို ဒီလုံးမခေါ်လို့ ဘယ့်နှယ်ခေါ်မတုန်းဟု ဖြေပါသည်။ အပေါက်ပါတာကျတော့ရော ဒေါ်လေးဟုမေးတော့ ဟဲ့...အဲ့ဒီ ရွှံ့စေးအလုံးကြီးကို လက်နှစ်ဘက်နဲ့သယ်နေရရင် ခရီးမတွင်ဘူး၊ တခါသည် တလုံးပဲရမှာပေါ့၊ အဲ့ဒီတော့ လက် ၂ ဘက်မှာ ၂ လုံးသယ်လို့ရအောင် ရွှံ့စေးလုံးကြီးထဲ လက်မနှိုက်ပြီး လက်ချောင်းလေးလေးချောင်းနဲ့ ဆုပ်သယ်တာပေါပေါ့၊ တဘက် တလုံးလေ၊ နောက်ပြီး ဖိုဆရာတွေကပြောတယ် ဒီလုံးမှာအပေါက်ပါမှ အကျက်မြန် အကျက်ညီတယ်တဲ့၊ ကျက်သွားလို့ သယ်တော့လည်း အဲ့ဒီအပေါက်တွေပါတော့ တဘက်တလုံးသယ်လို့ရတာပေါ့ဟု ပြောပြပါသည်။ ကျွန်တော်သဘောပေါက်သွားပါသည်။ ကျောက်ခဲပြီးလျှင် နောက်မွေးလာသည့်သားကို အုတ်ခဲဟု မှည့်ရန်မဖြစ်။ ဒီတော့ ဒီလုံးဟုမှည့်လိုက်ခြင်းဖြစ်မည်။ သူလည်း ကျောက်ခဲလိုမာကျော၍ ခံနိုင်ရည်ရှိသည်မဟုတ်လား။
ကိုဒီသည် အလွန်မာကျော ကြံ့ခိုင်တောင့်တင်းသူဖြစ်ပါသည်။ လမ်းလျှောက်လျှင် ခေါင်းမော့ရင်ကော့ လက်ကားကား ကားကားဖြင့်လျှောက်တတ်သဖြင့် ကြည့်ရအဆင်မပြေပါ။ ဘယ်သူ့ကိုမှရန်မလိုသလို ရန်လည်း မစောင်တတ်ပါ။ ထောက်ကြန့် ခလရ(၈၂)နှင့် ခမရ(၁၀၆)မှ စစ်သားများကိုမူ အလွန်မုန်း၏။ သူတို့နှင့် မကြာခဏလည်း ရန်ဖြစ်တတ်၏။ ကရာတေးဂျုဒို မြန်မာ့သိုင်းများကိုလည်း ဆရာဖြစ်အထိ တတ်မြောက်ထားသူဖြစ်ပါသည်။ နံချပ်ကူတွေဘာတွေလည်း ကစားတတ်ပါသည်။ ကျွန်တော်၊ သိန်းစည်နှင့် ဇော်ဝင်း(ဇော်ဝင်းလွင် ယခုနော်ဝေ)တို့အား ယောင်ကြီးကိုငွေထွန်းနှင့် အတူ ကရာတေးသင်ပေးခဲ့သူဖြစ်ပါသည်။ သူအမြဲပြောနေကြစကားမှာ “ဒါတွေသင်တယ်ဆိုတာ ကျန်းမာရေးအတွက်က ပထမ၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့က ဒုတိယ၊ သူများကိုပြန်ချဖို့ဆိုတာက တတိယကွ”ဟု ဖြစ်ပါသည်။ သူ စစ်သားတွေနှင့်ရန်ဖြစ်တာမှာ “ပြန်ချ”တာပဲဖြစ်ပါလိမ့်မည်။ ခုနေ ကိုဒီရှိသေးလျှင် စစ်သားတွေကို “ပြန်ချ”နေမှာပဲဟုထင်ပါသည်။
ခု ကိုဒီလုံး အသက် ၆၆ နှစ်တွင်ဆုံးပါသည်။
မျိုးမြင့်ချို။ မတ် ၆။ ၂၀၂၃
0 comments:
Post a Comment