(စပ်မိစပ်ရာ) အတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ။
ဟိုတုန်းက အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဆိုပြီးရှိခဲ့တယ်။ NLD(LA)ဆိုပြီး ရှိခဲ့တယ်။ ပြည်တွင်းမှာ ဒေါ်စု နေအိမ်အချုပ် ကျကျ/မကျကျ ပင်မ NLD ကြီးရှိနေတယ်။ အဲ့ ၂ ခုကြားမှာ နိုင်ငံရေးပွတ်တိုက်မှု (အတွေးအခေါ်တိုက်ပွဲ) မရှိပေမယ့် ပြည်တွင်း NLD က NLD(LA) တို့ NCGUB တို့နဲ့ ကင်းအောင်နေတယ်။ ပြည်ပရောက်နေတဲ့သူတွေကလည်း သူတို့လုပ်နိုင်တာ လုပ်တတ်တာတွေလုပ်ပြီး ပြည်တွင်း NLDကို ကျားကန်ပေးကြတယ်။ တချိန်မှာ ဦးအောင်ရွှေတို့က စစ်အုပ်စုအလိုကျ ဒေါ်စုကို NLD ကနေထုတ်ပေးခဲ့ရတယ်။ ပါတီတည်ရှိရေးအတွက် အကြောင်းပြတယ်။ ဒါကို ပြည်ပရောက်တွေက စိတ်အလိုမကျပေမယ့် ဦးအောင်ရွှေတို့ကို နိုင်ငံရေးအရနားလည်ပေးခဲ့တယ်။ ပါတီတည်ရှိရေးအတွက် ဇောင်းပေးခဲ့တယ်။ ဘာမှသာ မယ်မယ်ရရ မလုပ်ပေမဲ့ မီဒီယာနဲ့တွေ့လို့မေးလိုက်တိုင်း ဦးလွင်တို့ ဦးအောင်ရွှေတို့က "ကျွန်တော်တို့လုပ်စရာရှိတာတွေ လုပ်နေပါတယ်"ချည်းဖြေတာပါပဲ။ ဒေါ်စုပြန်လွတ်လာတော့ သူမရှိတုန်း ပါတီအအုပ်အစည်းမပျက်အောင် ထိန်းထားပေးတဲ့အတွက် "ကျေးဇူးရှင်ကြီးတွေပါ"လို့ပြောပြီး ဦးအောင်ရွှေတို့ ဦးလွင်တို့ကိုသွားကန်တော့တယ်။ ပြည်ပရောက်တွေကလည်း ဒေါ်စုမလွတ်သေးရင် လွှတ်ပေးဖို့တောင်းဆိုကြပြီး၊ လွတ်လာရင်လည်း "အမျိုးသားပြန်လည်သင့်မြတ်ရေး" ခေါ်ခေါ် "စစ်အုပ်စုနဲ့ရင်ကြားစေ့ရေး"ပြောပြော အဲ့ဒါလုပ်ဖို့ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ်တောင်းဆိုတယ်။ စစ်အုပ်စုကတော့ အဖက်မလုပ်ပါ။ စစ်အုပ်စုက NLD ကို ဦးတည်ရန်သူအဖြစ်ထားသလို ဖျက်လည်း ဖျက်ပစ်ချင်ပေမယ့် မဖျက်ဝံ့ပါ။ လူထုနောက်ခံရှိနေလို့ပါ။ လူထုအားရှိနေလို့ပါ။
ခုလည်း အာဏာသိမ်းပြီးနောက် ပြည်ပရောက်သူတွေစုဖွဲ့ထားတဲ့ NUG တို့ NUCC တို့ CRPH တို့ရှိနေတယ်။ ပြည်တွင်းမှာလည်း NLD (ပင်မ)ကရှိနေတယ်။ ဒေါ်စုအပါအဝင် NLD ခေါင်းဆောင်တွေအကုန်လုံးလိုလို အဖမ်းခံထားရတယ်။ ဒီအချိန်မှာ ပါတီက ဘာအလုပ်မှမယ်မယ်ရရမလုပ်နိုင်တော့ဘူး။ ထောင်ထဲလည်းမရောက် ပြည်ပလည်းမထွက်တဲ့ ပါတီဒုတိယတန်းခေါင်းဆောင်တွေလို့ပြောရမယ့်သူတွေက ပါတီ(ရုံးခန်း၊ ဆိုင်းဘုတ်၊ အဆောက်အဦး)တည်ရှိရေးကို တတ်နိုင်သလောက်ထိန်းထားကြတယ်။ ပါတီခေါင်းဆောင်တချို့ ပြန်လွတ်လာတော့ သူတို့လက်ထဲအဲ့ဒါတွေအပ်တယ်။ လွတ်လာတဲ့ခေါင်းဆောင်တွေကလည်း ဒေါ်စုမပါဘဲ ဒါမှမဟုတ် ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီ ဒါမှမဟုတ် ဗဟိုကော်မတီစုံညီအစည်းအဝေးမခေါ်နိုင်ဘဲ ဘာဆုံးဖြတ်ချက်မှ ချလို့မရတဲ့အချိန်ကြီးဖြစ်နေတယ်။ အဲ့အချိန်မှာပဲ (ဖြိုးမင်းသိမ်းကတော့ထားပါတော့) ပြည်ပရောက် NLD(CWC)က ပြည်တွင်းက ပါတီဒုတိယတန်းခေါင်းဆောင်တချို့ကို ပါတီကနေထုတ်လိုက်တယ်။ ပြည်ပရောက်နေသူတွေနဲ့ ပြည်တွင်းမှာနေရစ်ခဲ့သူတွေရဲ့ ပါတီတွင်း နိုင်ငံရေးတိုက်ပွဲ တနည်းပြောရရင် အတွေးအခေါ်ရေးတိုက်ပွဲပါ။ ပြည်ပရောက်တွေက စစ်အုပ်စုလုပ်ပေးမယ့်ရွေးကောက်ပွဲကို မဝင်ဘူးလို့ ကြေညာရုံမက စစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်သူတွေကိုပါ "နိုင်ငံတော်ပုန်ကန်မှု ကူညီအားပေးသူတွေ"လို့ အတိအလင်း ပြောလိုက်ပါတယ်။ ရန်သူများသွားပါတယ်။ ဦးကိုကိုကြီးက ဒါကို ထွက်ပြီး ချဲလင့်စ်လုပ်ပါတယ်။ ဒေါ်စန္ဒာမင်းက BBC နဲ့အင်တာဗျူးမှာ အတော်မခံချိမခံသာ ပွင့်ပွင့်လင်းလင်ပြောသွားပါတယ်။ သူကတော့ ပါတီတည်ရှိရေး (ဒေါ်စုမူ) ကိုကိုင်ထားတာတွေ့ရပါတယ်။ အချက်အလက်တွေကများ အခြေအနေတွေကရှုပ်ထွေးပြီး နိုင်ငံရေးနှင်းလည်း မကွဲသေးပါ။ သေချာတာ တခုကတော့ စစ်အုပ်စုဟာ NLD ပါတီကို ဖျက်ချင်ပေမယ့် မဖျက်ဝံ့ပါ။ နိုင်ငံကြီးတချို့နောက်ခံရှိနေလို့ပါ။ လူထုနောက်ခံကတော့ မှုန်ဝါးဝါးပါ။ ဒါ့ကြောင့် ပြည်တွင်း NLD (ပင်မ)ကို ရွေးကော်ဥပဒေထုတ်ပြီး သူ့ဘာသူပျက်သွားအောင်လုပ်တာပါ။
ကျွန်တော်ကတော့ ဒီမိုကရေစီပါတီတွေကို စစ်အုပ်စုအလိုကျလုပ်မယ့် "အာဏာသုံးရပ်လုံးမရနိုင်မယ့် ဘယ်ရွေးကောက်ပွဲကိုမှ" မဝင်စေချင်သူပါ။ အဲ့ဒီရွေးကောက်ပွဲမျိုးဝင်ဖို့ မတိုက်တွန်းမတောင်းဆိုပါ။ ပြည်တွင်း မှတ်ပုံတင်နိုင်ငံရေးပါတီတွေဆိုတာကလည်း လူထုတိုက်ပွဲလုပ်ဖို့ဝေးစွ စစ်အုပ်စုမငြိုငြင်အောင်တောင် မနည်းနေနေရတာ မဟုတ်လား။ စစ်အုပ်စုအလိုကျ "ပေါ်စေ ပျောက်စေ"ပါတီတွေဆိုပေမယ့် သူပေးထားတဲ့ကွင်းထဲ ဝင်ကစားဖို့ ကိုယ့်မှာလည်း လူလိုတယ်မဟုတ်လား။ ဒီတော့ ပြည်ထောင်စုအဆင့်ပါတီအဖြစ် ကြံ့ဖွံ့တပါတီတည်း ကျန်အောင် စစ်အုပ်စုက ဘယ်လောက် ညစ်ပတ်ညစ်ပတ် ကျွန်တော်တို့ဘက်ကလည်း စစ်အုပ်စုနဲ့နိုင်ငံရေးစကားပြောဖို့၊ လူထုနဲ့နိုင်ငံရေးလုပ်ဖို့ "တရားဝင်" ပါတီတော့ ရှိရမယ်လို့မြင်ပါတယ်။ ဒီနေရာမှာ တရားဝင်ဆိုတာက စကားပြောတာမှန်းသိပါတယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုပေမယ့်၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုပေမယ်၊ မြေပေါ်မှာပါတီတည်ရှိရေးအတွက် စစ်အုပ်စုလုပ်သမျှခံမယ်ဆိုရင်တော့လည်း မစွံပါဘူး။ လူထုတိုက်ပွဲ မသွားနိုင်တဲ့ပါတီတွေမို့(နိုင်ငံရေးသမားတွေမို့) ပါးစပ်ပဲတတ်နိုင်တာပါ။ ပြောစရာရှိ ပြောရမယ်ဆိုရမယ်၊ ဆန့်ကျင်စရာရှိဆန့်ကျင် ကန့်ကွက်စရာရှိ ကန့်ကွက်ရမှာပါပဲ။ ဒါလောက်ပဲ သူတို့တတ်နိုင်တာပါ။ ဒါမှ ဖမ်းချင်သပ ထောင်ချချင်သပဆိုလည်း လိုက်သွားလိုက်ရုံပါပဲ။ တကယ်တမ်းသတ္တုချကြည့်တော့ စစ်အာဏာရှင်စနစ်အောက်မှာ လက်နက်မကိုင်ထားတဲ့နိုင်ငံရေးပါတီဆိုတာ စစ်အာဏာရှင်တို့စိတ်တိုင်းကျသာ ရှင်သန်ခွင့်ရှိတာပါ။ ဒီလိုပြောလို့ နိုင်ငံရေးပါတီတိုင်း လက်နက်ကိုင်ရမယ် မဆိုလိုပါ။ လက်နက်ရှိရင်တော့ ရန်သူကစကားပြောပါတယ်။ “ဝ”UWSA ကိုကြည့်ပါ။ အပစ်ရပ်ထားပေမယ့် သေနတ်သုံးသောင်းကထွက်တဲ့အသံဟာ စကားပြောပါတယ်။ “လက်နက်နဲ့ဖိနှိပ်လို့ လက်နက်ကိုင်တော်လှန်ရတယ်” ဘယ်လိုပဲပြောပြော နဂိုကတည်းက “လက်နက်နဲ့ဖိနှိပ်ရင် လက်နက်နဲ့ပြန်ချမယ်” ဆိုတဲ့ သဘောထားမရှိရင် လက်နက်ကိုင်လို့မရပါဘူး။ ဒေါ်စုမှာ စစ်အုပ်စုက ဘယ်လောက်ပဲ လက်နက်နဲ့ဖိနှိပ်ဖိနှိပ် လက်နက်နဲ့ပြန်ချဖို့သဘောထား ဘယ်တုန်းကမှမရှိခဲ့ပါ။
ချုပ်ရရင် ခု ပြည်တွင်း/ပြည်ပ(အတွင်းအပြင်)အတွေးအခေါ်ရေးတိုက်ပွဲ ရှိနေတယ်။ ဒါဟာ လူထုကို စိတ်ဓာတ် ပျက်ပြားစေတယ်၊ ဝေဝါးစေတယ်။ အတွင်းအပြင်ချိတ်ဆက်ပြီးလုပ်မရတောင် အပွတ်အတိုက်မရှိအောင်နေဖို့ ကောင်းတယ်။ စစ်အာဏာရှင်စနစ်အောက်မှာဆိုပေမယ့် ဒီမိုကရေစီပါတီတွေရှိစေ့ချင်တယ်။ ပြောလို့ရသလောက် လုပ်လို့ရသလောက်လုပ်စေ့ချင်တယ်။ ပါတီတိုင်း လက်နက်မကိုင်ပါ။ ကိုင်ဖို့လည်း မတောင်းဆိုပါ။ သူတို့လုပ်တဲ့ရွေးကောက်ပွဲမဝင်လို့ ဖျက်ပစ်မယ်ဆိုလည်း ဖျက်ချင်တိုင်းဖျက်မရအောင် လူထုနောက်ခံအား ရှိထားဖို့လိုပါတယ်။ ပြည်ပနိုင်ငံကြီးတွေရဲ့ထောက်ခံမှုကိုတော့ စစ်အုပ်စုကမမှုပါ။ လူထုသာ အခရာကျပါတယ်။ လူထုကသာ သမိုင်းကိုဖန်တီးပါတယ်။
မျိုးမြင့်ချို။ မတ် ၆ ။ ၂၀၂၃
0 comments:
Post a Comment