(ကညွှတ်ကွင်းအိမ်ပြေး ၅၈)
ကျွန်တော့စိတ်တွေ နည်းနည်းရှုပ်ထွေးလာသလို ဆရာဝဏ္ဏကိုလည်း ဟိုလိုလိုဒီလိုလိုထင်မိပါသည်။ အိမ်ပြန်ရောက်တော့ ငတင့်က ဓားမကြီးတလက်နှင့် ထင်းခွဲနေတာတွေ့ရပါသည်။ ဆရာဝဏ္ဏက ငတင့်ရေ ပြီးရင်လာကွာ လုပ်စရာရှိတယ်ဟုပြောသည်။ ငတင့်လာတော့ ဇလုံယူခဲ့ဟုပြောပါသည်။ ငတင့်က ရေဖြည့်ထားသည့် ဇလုံခတ်လတ်လတ်တလုံးယူလာပြီး ဆရာဝဏ္ဏလှမ်းပေးသည့် ပင်နီဆလင်ပုလင်းလေးကိုယူကာ ဇလုံထဲဖောက်ထည့်ကာ တုတ်တလေးဖြင့်မွှေ၏။ တခန်းလုံး မွေးကြိုင်သွား၏။
နောက်မှ ဖောင်တိန်မင်ထည့်သည် ပလပ်စတစ်စုပ်ပြွန်လေးနှင့်စုပ်ယူကာ ကျွန်တော်သယ်လာသည့် မိုးရေပုလင်းလေးတွေထဲကို စိတ်ရှည်လက်ရှည် ဖြည့်ပါသည်။ ပထမဆုံးပုလင်းပြည့်တော့ ကျွန်တော့်အား မင်းက ဟိုဖော့စို့လေးတွေနဲ့ ပုလင်းကိုပိတ်ဟုပြောသဖြင့် ပိတ်ကြည့်ရာ အဆင်မပြေပဲ ပုလင်းထဲက နံ့သာဖြူရည်တွေပါ ထွက်ကျကုန်ပါသည်။ ဆရာဝဏ္ဏက ငါပြမယ်ဟုပြောပြီး ပြပေးပါသည်။ နောက်ပုလင်းတွေကျ အားလုံး အဆင်ပြေသွား၏။ ဤသို့ဖြင့် ငတင့်ကအရည်ဖြည့်လိုက် ကျွန်တော်က ဖော့စို့လေးဆို့လိုက်နှင့် ပုလင်းတထောင်ခန့် ရှိသွားပါသည်။
ဆရာဝဏ္ဏ ပုလင်းငါးဆယ်ခန့်ကို အတက်ချီကေ့စ်ထဲက ဘူးလေးတဘူးထဲထည့်သည်။ ကျန်တာတွေကို ပလပ်စတစ်အိတ်ဖြင့်ထုတ်သည်။ ထို့နောက် အတက်ချီကေ့စ်ထဲက ပလပ်စတစ်အထုတ်ကလေး တထုတ် ထုတ်ကာ နည်းနည်းသွန်ချလိုက်တော့ ရှင်သီဝလိရုပ်ပွားတော်တွေ ထွက်ကျလာသည်။ အဆူ ငါးဆယ်ခန့်ရေပြီး ဖန်ကြုတ်ကလေးထဲထည့်ကာ ကျန်တာကို ပြန်သိမ်းထားလိုက်တာတွေ့ရပါသည်။ ကျွန်တော့်အထင် ပလပ်စတစ်အိတ်ထဲတွင် ရုပ်ပွားတော်အဆူရာနှင့်ချီ၍ရှိမည်ထင်ပါသည်။ ဆရာဝဏ္ဏပြောတော့ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးတပါးက ဆင်စွယ်အစစ်ဖြင့်ထုထားသည့် ရှင်သီဝလိရုပ်ပွားတော်အဆူ ငါးဆယ်ခန့် သူ့ကို စွန့်ကြဲ သွားခဲ့သည်ဟုဆိုသည်မဟုတ်လား။ ခုတော့ ရုပ်ပွားတော်တွေက တပုံကြီး။ ဒါ့အပြင် မျက်လှည့်ဝိုင်းထဲမှာတုန်းကလို ရုပ်ပွားတော်တွေကိုလည်း လက်အုပ်ချီတာဘာတာမတွေ့ရ။ သာမန်ပစ္စည်းတွေလို ကိုင်တွယ်နေတာဖြစ်သည်။ ကျွန်တော်စိတ်တွေ ပိုရှုပ်ထွေးကုန်သည်။ မေးမိတော့မလို့ဖြစ်ပြီးမှ ညကျမှ ငတင့်ကို မေးတော့မယ်ဟု တေးထား လိုက်ပါသည်။ ဤသို့ဖြင့် ညနေစာ စားကြပါသည်။ ဆရာက မနက်ဖြန်တရက်နားဦးမယ်၊ နောက့်နေ့ကျမ မှော်ဘီမှာ တပွဲပြပြီး တိုက်ကြီးဘက်တက်ကြတာပေါ့ဟုပြောပါသည်။
ညအိပ်ယာဝင်တော့ ကျွန်တော်က ငတင့်ကို တိုးတိုးမေးပါသည်။ ငတင့်က မင်းကလည်းကွာ ဒီလိုပဲပေါ့ဟုပြောပါသည်။ မဟုတ်ဘူးလေကွာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ ပုပ္ပါးကအထက်ပုဂ္ဂိုလ်တွေဆိုတာ မဟုတ်ဘူးပေါ့၊ ဒါတွေအားလုံးက လိမ်တာချည်းပဲပေါ့ဟု ထပ်မေးတော့ မင်းကလည်းကွာ ဒီလိုပဲပေါ့ဟု ထပ်ပြောပါသည်။ ပြီးတော့မှ လေသံ ခတ်ဆတ်ဆတ်ဖြင့် မင်းသိထားရင် မင်းစိတ်ထဲမှာပဲထား၊ ဟေ့ကောင်၊ အပြင်မှာလျှောက်မပြောနဲ့၊ ဆရာသိရင် မင်းကိုမောင်းထုတ်လိမ့်မယ်၊ အဲ့ဒီကျ မင်းဘယ်သွားနေမလဲဟု ပြောပါသည်။ ဘယ်သွားနေမလဲဟူသည့်စကားကြောင့် ကျွန်တော် အတော်လန့်သွားပါသည်။ ငတင့်ပြောတာ ဟုတ်သည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို မောင်းထုတ်လိုက်လျှင် ကျွန်တော် ဘယ်သွားနေမလဲ။ အမေခတို့ဆီပြန်လို့လည်း မဖြစ်။ အိမ်ပြန်လို့လည်းမရနှင့် ကျွန်တော်ဒုက္ခတွေ့တော့မည်။
ဒီအရာတွေအားလုံး ငတင့်သိထားပြီးဖြစ်သည်။ သို့သော် ဘာမှမမေး။ မပြော၊။ မသိသလိုနေသည်။ လုပ်စရာရှိ လုပ်သည်။ စားစရာရှိစားသည်။ ခိုင်းတာမှန်သမျှ အကုန်လုပ်သည်။ အလုပ်ရှိသည့်နေ့ တနေ့ ၅ ကျပ်ပေးတာကို ယူသည်။ ကျွန်တော့်မှာ လောလောဆယ် သွားနေစရာ ဘာမှမရှိ။ ဆရာဝဏ္ဏဆီပဲ နေရမည်။ ထိုသို့နေလျှင် ဆရာဝဏ္ဏအကြိုက်ပဲနေရမည်။ ငတင့်လိုနေရမည်။ ဆရာဝဏ္ဏပြောသည့် ငတင့်လိုနေဆိုသည်မှာ ဒါပဲဖြစ်မည်။
တော်တော်နှင့် အိပ်မပျော်တော့။ အမေခတို့ကိုလည်း လွမ်းသလိုလိုဖြစ်မိသည်။ အမေ့အိမ်ကလို မွေ့ယာနှင့် ခြင်ထောင်နှင်အိပ်ရသလိုမဟုတ်သော်လည်း အမေခတို့တဲကြီးက ကောက်ရိုးခင်းအိပ်ယာကို အောက်မေ့မိသည်။ ညဘက်ဆိုလျှင် အဖေဦးဖိုးထောင်နှင့် အမေခအကြားအိပ်ရတာ စိတ်လုံခြုံသည်။ အဖေ့အရက်စော်နံနံလေးကို ပြန်အမှတ်ရသည်။ အမေ့ ကြွက်ကြပ်တိုက် ခြောက်စပ်ကြော်လေးကို ပြန်စားချင်သည်။ အဖေနှင့် ကြွက်ထောင် ပြန်လိုက်ချင်သည်။ ကျွန်တော်အမေခတို့ဆီနေတုန်းက ငတင့်လို မနေခဲ့ရ။ ငတင့်လုပ်တာတွေလည်း မလုပ်ရ။ ခုတော့ လုပ်ရတော့မည်။ ကျွန်တော်က နေရာသစ်တွေရောက်ဖူးချင်သည်။ အတွေ့အကြုံသစ်တွေရချင်သည်၊ ခရီးတွေ သွားချင်သည်။ အမေခတို့ဆီတွင် ဒါတွေမရ။ ဒါတွေရနိုင်တာက ဆရာဝဏ္ဏဆီမှပဲဖြစ်သည်။ ဒီတော့ ဆရာဝဏ္ဏဆီ နေမှဖြစ်မည်။ ထိုသို့နေမည်ဆိုလျှင် ငတင့်လိုနေမှရမည်။ ဟုတ်သည် ကျွန်တော် ငတင့်လိုနေရမည်။
ဤသို့ဖြင့် ခရီးစထွက်မည့်နေ့ရောက်လာသည်။ ဘာ့စ်ကားဖြင့် မှော်ဘီသို့သွားကြသည်။ ကျွန်တော်တို့ ဈေးရှေ့ မှော်ဘီကားဂိတ်နားတွင် မျက်လှည့်ပြမည်။ ဝိုင်းခင်းနေတုန်း ကျွန်တော်က ဘင်ထု၍ လူစုရသည်။ လူတွေ များများလာတာကြည့်ရင်း ကျွန်တော်ပျော်လာပါသည်။ ခေါင်းတွေကိုယ်တွေပါ လှုပ်လာသည်။ လူမမြင်အောင် မျက်နှာငုံ့ထားရန်တွေဘာတွေ မရှိတော့။ မျက်နှာမော့ကာ ဘင်ထုရင်းအားလုံးကို မေ့သွားသည်။ ဘင်ထုနေတာထဲပဲ စိတ်ကစူးနေသည်။ ဆရာဝဏ္ဏကတော့ ဂိတ်တဲထဲတွင်ထိုင်ပြီး ကားသမားတွေနှင့် စကားပြောလိုက် တဝါးဝါး ပွဲကျလိုက်နှင့်။ ငတင့်ကလည်း စားပွဲတွေခင်းလိုက် စည်းတွေသားလိုက်နှင့်။
ထိုအချိန်တွင် တစုံတယောက်က ကျွန်တော့်လက်မောင်းကို ညှစ်ကာဆွဲထူရင်း သား...လာ..ထ အိမ်ပြန်မယ်ဟု ပြောသံကိုကြားရလိုက်သည်။ မော့ကြည့်လိုက်တော့..............။
(ဆက်ပါဦးမည်)
0 comments:
Post a Comment