Tuesday, March 14, 2023

စပ်မိစပ်ရာများ

0 comments

(စပ်မိစပ်ရာများ)

Shanghai Cooperation Organization SCO ဟာ အစိုးရတွေအချင်းချင်းစုဖွဲ့ထားတဲ့ အဖွဲ့အစည်းပါ။ ၂၀၀၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှာ ရှန်ဟိုင်းမှာ စတည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာ အဖွဲ့ဝင် ၈ နိုင်ငံ (China, India, Kazakhstan, Kyrgyzstan, Russia, Pakistan, Tajikistan and Uzbekistan) နဲ့ လေ့လာသူ ၄ နိုင်ငံ (Afghanistan, Belarus, Iran, and Mongolia) ရှိပါတယ်။ ဒီ ၄ နိုင်ငံက တချိန်ကျရင် အချိန်ပြည့်အဖွဲ့ဝင်တွေအဖြစ် တက်လှမ်းသွားမယ်လို့ ယူဆရပါတယ်။ ဆွေးနွေးဘက် ၆ နိုင်ငံ (Armenia, Azerbaijan, Cambodia, Nepal, Sri Lanka and Turkey) ရှိပါတယ်။ ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်က ဒေသတွင်းလုံခြုံရေးကိစ္စရပ်များအပေါ် ဗဟိုပြုထားပြီး ဒေသတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဒေသတွင်း လူမျိုးစုခွဲထွက်ရေးဝါဒနဲ့ ဘာသာရေးအစွန်းရောက်မှုများကို ဆန့်ကျင် တိုက်ဖျက်ရေးတို့ဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းတွေအရဆိုရင် အဖွဲ့ရဲ့ရည်မှန်းချက်တွေထဲမှာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးပါ ပါလာပြီဖြစ်ပါတယ်။ ကမ္ဘာ့ GDP ရဲ့ ၄၀ ရာခိုင်နှုန်းဟာ SCO ကနေ ထုတ်နေတာဖြစ်ပါတယ်။ တကယ်တော့ SCO စုဖွဲ့မှုဟာ နေတိုးလို “စစ်ရေး”စုဖွဲ့မှုမဟုတ်ပါ။ အသေးစိတ်အချက်အလက်နဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို သိချင်ရင်တော့ အွန်လိုင်းနဲ့ စာစောင်စာတမ်းတွေမှာ ရှာဖွေလေ့လာဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကပြောချင်တာက SCO ဟာ NATO လို စစ်စာချုပ်မဟုတ်ဘူး ဆိုတာပါ။ ဒါကို စစ်စာချုပ်သဖွယ်ပြောနေရေးနေတာတွေ မြင်နေရလို့ပါ။

 

ခု SCO အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ကုန်သွယ်ကြတဲ့အခါ ရောင်းဝယ်ဖောက်ကားကြတဲ့အခါ မိမိတို့နိုင်ငံသုံးငွေကြေးတွေနဲ့ ပေးချေတာရှိသလို တရုတ်တို့ ရုရှတို့နဲ့လုပ်ကြရင်တော့ မိမိငွေကြေးတဝက် ယွမ်ငွေတဝက်၊ မိမိငွေကြေးတဝက် ရူဘယ်လ်ငွေတဝက်ပုံစံနဲ့ လုပ်ကြတာလည်းရှိပါတယ်။ သဘောက ယွမ်နဲ့ရူဘယ်လ်ငွေကြေးတွေကို အဖွဲ့အစည်းအတွင်းက နိုင်ငံတွေမှာ လှည့်ပတ်သုံးစွဲစေတာဖြစ်ပါတယ်။ သူတို့ငွေတွေကို ဒေသတွင်းသုံးငွေဆန်ဆန်ဖြစ်လာအောင် လုပ်နေတာဖြစ်ပါတယ်။ နောက်ဆို အိန္ဒိယရူပီးငွေပါ ပါလာလိမ့်မယ်ထင်ပါတယ်။

 

ခုလိုမျိုး သူတို့ဆိုင်ရာ ငွေကြေးတွေနဲ့ အရောင်းအဝယ်လုပ်ကြတော့ ဒေသတွင်းကုန်သွယ်ရေးဟာ ပိုတွင်ကျယ်လာသလို ကုန်ဈေးနှုန်းတွေလည်း လျော့ပေါ့လာစေပါတယ်။ အရင်ကလို ကုန်သွယ်မယ်ရောင်းဝယ်ဖောက်ကားမယ်ဆို အမေရိကန်ဒေါ်လာကို အရင်ဝယ်၊ ပြီးမှအဲ့ဒါနဲ့ဖောက်ကားဆိုတာမျိုးမရှိတော့လို့ ငွေဝယ်ရတဲ့အကုန်အကျနဲ့ (ချေးယူရရင်) ပေးရတဲ့အတိုးတွေမရှိတော့လို့ပါ။ နောက်တချက်က တရုတ်အပါအဝင် အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေမှာ အမေရိကန်ဒေါ်လာငွေတခုတည်းကို နိုင်ငံခြားအရန်ငွေအဖြစ် ထားတာထက် ယွမ်တို့ ရူဘယ်လ်တို့ကိုပါ ထားလာကြပါတယ်။ ဒေါ်လာထက် ရွှေကိုလည်း ပိုစုလာကြပါတယ်။ တရုတ်ဆို ခု နောက်ပိုင်း ရွှေအတော်ဝယ်စုဆောင်းလာတာ သတင်းတွေမှာတွေ့နေရပါတယ်။

 

ဒီတော့ ဘာဖြစ်လာသလဲဆိုတော့ ဒေါ်လာငွေကို ကမ္ဘာ့ငွေကြေးသဖွယ်ဖြစ်အောင်လုပ်ထားတဲ့အမေရိကန်ရဲ့ မလိုမုန်းထားနဲ့အငြှိုးသိုတာ ခံရပါတယ်။ တခါတခါ ဓားကြိမ်း ကြိမ်းတာအထိတောင် ရှိပါတယ်။ အဲ့သလိုတွေရှိနေတဲ့ကြားကပဲ SCO နိုင်ငံတွေမှာ စီးပွားရေးအခြေခံအဆောက်အဦတွေတိုးတက်လာတာ ဒေသတွင်းကုန်သွယ်ရေးမြင့်တက်လာတာတွေအပြင်လူမျိုးရေးခွဲထွက်မှုနဲ့ အကြမ်းဖက်မှုတွေလည်း ကျဆင်းလာပါတယ်။ 

 

တပြိုင်နက်တည်းမှာ အမေရိကန်ဒေါ်လာငွေတန်ဖိုးဟာလည်း အတက်ကြမ်း နေပါတယ်။ ဒေါ်လာငွေဈေးတက်တော့ နဂိုကမှ စီးပွားရေးအကျပ်အတည်းတွေကြောင့် လူထုအုံကြွမှုဖြစ်ချင်လို့ တာစူနေကြတဲ့၊ ဒေါ်လာဝယ်ပြီး ကုန်သွယ်ရတဲ့နိုင်ငံငယ်တွေအဖို့ လဲရာသူခိုးထောင်းဖြစ်လာပါတယ်။ တချိန်တုန်းကတော့ မိမိငွေဈေးတက်တာဟာ ဂုဏ်ယူစရာဖြစ်ခဲ့တာမှန်ပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်န်းခေတ်မှာတော့ ငွေဈေးတက်ရင် မိမိကုန်သွယ်ရေးထိခိုက်မယ်၊ မိမိကုန်ပစ္စည်းတွေ ဈေးတက်မယ်၊ ဝယ်သူနည်းလာမယ်၊ တခါ ဒေါ်လာငွေနဲ့အရောင်းအဝယ်လုပ်နေရတဲ့နိုင်ငံတွေ မျက်ဖြူဆိုက်စရာဖြစ်လာပါတယ်။ 

 

အဲ့ဒီအချိန်မှာ စီးပွားရေးအကြီးအကျယ်ဖြစ်ထွန်းနေတဲ့တရုတ်ဟာ သူ့ယွမ်ငွေတန်ဖိုးကို မတက်အောင် ထိန်းနေရပါတယ်။ အမေရိကန်က ယွမ်ငွေတန်ဖိုးမြှင့်ဖို့ တောက်လျှောက်ဖိအားပေးနေတာပါ။ တကယ်တော့ ခုခေတ်မှာ စီးပွားပြိုင်ဘက်နိုင်ငံတွေ ကုန်သွယ်ကြတယ်ဆိုရင် ကိုယ့်နိုင်ငံငွေတန်ဖိုးကို မကျ ကျအောင်လုပ်ပြီးမှ ကုန်သွယ်ကြတာပါ။ မဟုတ်ရင် ကိုယ့်ပစ္စည်းကဈေးကြီးပြီး အဝယ်မလိုက်တတ်တော့ပါ။ ခု ဒေါ်လာဈေး အတက်ကြမ်းတော့ တရုတ်ယွမ်ငွေဟာ သတ်သတ်လုပ်ပြီး ငွေတန်ဖိုးချနေစရာမလိုပဲ ဂွင်မှန်နေတာပါ။

 

ခုအမေရိကန်မှာ စီလီကွန်ဗယ်လီဘဏ်ပြိုကွဲသွားပါတယ်။ သူလည်း ဘဏ်ကြီးတခုပါ။ တခါထပ်ပြီး ဆစ်ဂ်နေးချားဘဏ်လည်း ပြိုပြန်ပါတယ်။ သူလည်း ဧရာမဘဏ်ကြီးတခုပါ။ သူတို့ပြိုတော့ သူတို့နဲ့ချိတ်ဆက်လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ဘဏ်တွေ ဘယ်လောက် ထိခိုက်ကြဦးမလဲကတော့ မပြောတတ်သေးပါ။ မနေ့ညကတော့ သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင် ထွက်ပြောယူရတဲ့အထိ ဖြစ်လာပါတယ်။ အမေရိကန်ဟာ ဘဏ်တွေထပ်မပြိုလဲအောင် ဒေါ်လာငွေတန်ဖိုးကျအောင် တော်တော်ကြီး ရုန်းကန်နေရတာပါ။ ဒီကြားထဲ ယူကရိန်းစစ်ဝန်ပိနေတာ၊ ဆော်ဒီအာရေဗျနဲ့ မကြည်မဖြူဖြစ်နေတာတွေကလည်း ရေနံဈေးတွေတက်စေပါတယ်။ ခုကိုပဲ ကျွန်တော်တို့နေတဲ့ ဖို့တ်ဝိန်းလိုတောမြို့မှာ ဓာတ်ဆီတဂါလန် ၃ ဒေါ်လာခွဲလောက်(ပျမ်းမျှနှုန်း)ရောက်နေပြန်ပါပြီ။ ဘယ်အထိ ထပ်တက်ဦးမလဲကတော့ မပြောတတ်သေးပါ။ 

 

ဒီနေရာမှာ သတိပြုစရာက ”အမေရိကန်ဒေါ်လာရဲ့အခန်းကဏ္ဍကို လုံးလုံးပယ်ဖျောက်လို့မရနိုင်သေးဘူး”ဆိုတဲ့ တရုတ်ရဲ့အပြောအဆိုကို သတိမူရမှာဖြစ်သလို အမေရိကန်ဒေါ်လာဈေးတက်ရုံ ဘဏ်တချို့ပြိုပွဲရုံနဲ့တော့ အမေရိကန်ဟာ ဆိုဗီယက်ယူနီယံလို တစစီ ပြိုကွဲသွားမှာတော့မဟုတ်” တဲ့အကြောင်းပါဘဲ။

မျိုးမြင့်ချို

။မတ် ၁၄။ ၂၀၂၃

0 comments:

Post a Comment