“ ဒေါ်လာနဲ့ ယွမ်တို့ရဲ့ ကမ္ဘာ့အရန်ငွေကြေး နန်းလုပွဲ”
ဒုတိယကမ္ဘာစစ်ပွဲကြီးပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာ အမေရိကန်ဟာ တကမ္ဘာလုံးထုတ်လုပ်ရေးပမာဏရဲ့ တဝက်လောက်ကို ထိန်းချုပ်ထားနှိုင်ခဲ့ပါတယ်။ ကမ္ဘာစစ်ပွဲကြီးမှာ ပါဝင်တိုက်ခိုက်ခဲ့ရတာကြောင့် မွဲပြာကျနေတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေရော၊ စစ်ရှုံးနိုင်ငံ ( ဂျာမနီနဲ့ ဂျပန်) တွေပါ အမေရိကန်ပို့ကုန်တွေအတွက် ငွေပေးချေဖို့ အခက် အခဲကြုံကြရပါတယ်။ အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် အမေရိကန်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ ( IMF) နဲ့ ကမ္ဘာ့ဘဏ် ( World Bank ) ဆိုတာကိုတည်ထောင်ပြီး အရင်းအနှီးလိုအပ်တဲ့နိုင်ငံတွေကို ငွေချေးပေးကာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအုတ်မြစ်ကို တည်ဆောက်ပါတယ်။ ဒီလိုနည်းအားဖြင့် အမေရိကန် ဟာ အများအကျိုးဆောင်ဝါဒ မျက်နှာဖုံးအောက်မှာ ကမ္ဘာ့မြီရှင်နိုင်ငံကြီးတခုဖြစ်လာခဲ့ပြီး၊ သူ့ အတွက်အလွန်ကြီး မားတဲ့ သြဇာပါဝါကိုလည်း တည်ဆောက်ခဲ့ပါတယ်။ ဒီလို ဘဏ်ကြီးနှစ်ခုတည်ထောင်တဲ့တချိန်ထဲမှာ အမေရိကန် ဒေါ်လာကိုလည်း ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးအဖြစ်ပုံဖော်လိုက်ပါတယ်။
အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ အမေရိကန်ဟာ သူ့သြဇာမခံတဲ့ နိုင်ငံတွေကိုစစ်ပြုဖို့အတွက် စစ်ဖက်ဆိုင် ရာမှာ ငွေအမြောက် အများသုံးခဲ့တာကြောင့် ဘတ်ဂျက်လိုငွေပြမှု တနေ့တခြားကြီးထွားလာပါတယ်။ ဒီလို အကြီး အကျယ် ဘတ်ဂျက်လိုငွေပြမှုတွေကြောင့် အမေရိကန်အစိုးရအဆက်ဆက်က ချေးငှားသုံးကြရပါတယ်။ အဲဒီ အခါ ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ရွှေတွေဟာ ဥရောပနိုင်ငံတွေဆီကို ပြန်လည်စီးဆင်းသွားပါတယ်။ ဒါကြောင့် သမတနစ်ဆင်လက်ထက် ၁၉၇၁ ခုနှစ် သြဂုတ်လမှာ အမေရိကန် ဒေါ်လာနဲ့ ရွှေချိတ်ဆက်ထားတာကို ဖျက်သိမ်း လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ အမေရိကန်ရဲ့ အဲဒီလိုတဖက်သတ်လုပ်ရပ်ကို ဘယ်နိုင်ငံကမျှ စိန်မခေါ်ရဲကြ ပါ။ အကြောင်းကတော့ အမေရိကန်ဒေါ်လာပြိုလဲသွားရင် သူနဲ့ကုန်သွယ်နေကြပြီး ဒေါ်လာကိုအရန်ငွေကြေး အဖြစ်ကိုင်ထားတဲ့ နိုင်ငံတွေအားလုံး ထိခိုက်နစ်နာကြတော့မှာဖြစ်လို့ပါဘဲ။ အဲဒါနဲ့ တချိန်တည်းလိုမှာဘဲ အမေရိ ကန်ဟာ ဆော်ဒီအာရေဗျနဲ့ ရေနံထုတ်လုပ်တဲ့ အိုပက်နိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာနဲ့ တန်ဘိုးသတ်မှတ်ထားတဲ့ ရေနံတွေ ပြန်ဝယ်ပါတယ်။ ဒီလိုနည်းနဲ့ ဒေါ်လာဟာ ကမ္ဘာ့ဘဏ္ဍာရေးလောကကိုလွှမ်းမိုးတဲ့ ငွေကြေးအဖြစ် ရောက်ရှိလာပါတယ်။
ဂျပန်၊ ဂျာမနီနဲ့ ယူကေ (ဗြိတိသျှ) လိုနိုင်ငံတွေဟာ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ ရရှိလာတဲ့ ကုန်သွယ်ရေး ပိုငွေ (အမြတ်ငွေ) တွေကို အမေရိကန်ရဲ့ အစိုးရငွေချေးစာချုပ်တွေပြန်ဝယ်ယူတာကို မလွှဲမရှောင်သာ လုပ်ကြရ ပါတော့တယ်။ ( ရွှေနဲ့လဲယူလို့ မရတော့ အတိုးရတဲ့ ငွေချေးစာချုပ်ဘဲ ဝယ်ထားရတာပေါ့) ဒီလိုနည်းနဲ့ အမေရိကန် ဒေါ်လာကို ကမ္ဘာ့ အရန်ငွေကြေးအဖြစ် ခိုင်မာအောင် ထပ်မံကျားကန်ပေးသလို ဖြစ်သွားပါတော့တယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေက သူတို့ရတဲ့ ကုန်သွယ်ရေးပိုငွေတွေကို အမေရိကန်ငွေတိုက်စာချုပ် တွေပြန်ဝယ်ယူခြင်းအားဖြင့် အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို အနိမ့်မှာ တန့်နေအောင် ထိန်းထားပေးပါ တယ်။ ဘဏ်အတိုးနှုန်းနိမ့်တဲ့အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေက ဘဏ်ကငွေချေးငှားပြီး ရင်းနှီးမြှုပ်နှံ ငွေလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ သွားရောက်ချေးပေးမြှုပ်နှံကြပါတယ်။ ဒီလို ငွေချေးပေးတဲ့အတွက် မြီရှင် အဖြစ်နဲ့ လက်ဝါးကြီးအုပ်ခွင့်ရရှိအောင်လည်း ဖိအားတွေပေးပါတယ်။
ဒီလို အမေရိကန် ဒေါ်လာကလွှမ်းမိုးတဲ့အနေအထားက ဘယ်လိုအဓိပ္ပါယ်ဆောင်နေသလဲဆိုရင် ကျန်ဖွံ့ဖြိုး ဆဲ ကမ္ဘာတခုလုံးဟာ အမေရိကန်ရဲ့လက်အောက်ခံလိုဖြစ်လာပါတယ်၊ တချိန်တည်းမှာဘဲ အဲဒီနိုင်ငံတွေက သဘာဝသယံဇာတတွေကို အများအပြားထုတ်ယူသုံးစွဲပြီး အနည်းအကျဉ်းလောက်သာ ပြန်ပေးပါတယ်။
ဒီလိုအနေအထာားက တရုတ်ပြည်နဲ့ ဘာဆိုင်သလဲ၊ အမေရိကန်က တရုတ်ကို ဘာကြောင့် ခြိမ်းခြောက်မှုလို့ မြင်တာလဲ ဆိုတာကို ရှင်းပြပါ့မယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် လေးခုလောက်ကစပြီး တဖြည်းဖြည်းတိုးတက်လာခဲ့တာ အခုချိန်မှာ ကမ္ဘာ့နံပါတ်နှစ် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လို့လာပါပြီ။ ဒါကြောင့် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေကို ချေးငှားပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်နှိုင်လာပါတယ်။ တရုတ်က ချေးပေးတဲ့ ဒီငွေပင်ငွေရင်းတွေအတွက် အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်တို့က တောင်းဆိုသလို စနစ်အပြောင်းအလဲတွေလုပ်ဖို့ မလိုပါဘူး။ ဒီလိုငွေချေးယူ နှိုင်တဲ့ ပင်ရင်းနေရာရွေးချယ်ခွင့်ရှိလာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ သြဇာခံစရာ မလိုတော့ သလို အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ကြောက်စရာမလိုတော့ပါဘူး။
တကယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သူတို့ဖာသာဖူလုံတဲ့ အခြေခံလယ်ဗယ်တခုကို တည်ဆောက်နှိုင်ပြီး တခြား နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ သူတို့ကိုယ်ပိုင်ငွေကြေးနဲ့ ဆောင်ရွက်နှိုင်ပြီဆိုရင် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုဟာ တဖြည်းဖြည်းမှေးမှိန်သွားမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ တရုတ်ကို ခြိမ်းခြောက်မှုတခုလို့ ရှုမြင်တဲ့ အရင်းခံအကြောင်းရင်းဖြစ်ပါတယ်။
တရုတ်ရဲ့ စစ်ရေးအင်အား တောင့်တင်းလာတာကြောင့်မဟုတ်သလို၊ တရုတ်မှာ အနောက်တိုင်းဒီမိုကရေစီ စနစ်ကို မကျင့်သုံးလို့လည်းမဟုတ်ပါဘူး။ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် လည်းမဟုတ်ပါဘူး။
အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုနဲ့ အမေရိကန် ဘဏ္ဍာရေးလက်ဝါးကြီးအုပ်မှုကို တရုတ်က ခြိမ်းခြောက်နေတဲ့ အတွက်ကြောင့်သာဖြစ်ပါတယ်။ အမေရိကန်ဟာ တရုတ်ကို အထီးကျန် ဝိုင်းပယ်ထားဖို့ လွန်ခဲ့တဲ့ နှစ်များစွာက တည်းက လုပ်ဆောင်နေခဲ့တာပါ။ အထူးသဖြင့် တရုတ်ဦးဆောင်တဲ့ စီးပွားရေးဟာ ရွေးချယ်စရာတခုအနေနဲ့ ထင်ထင် ရှားရှားပေါ်ထွက်လာခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပတ်ဝန်းကျင်လောက်က စခဲ့ကြတာလို့ဆိုနှိုင်ပါတယ်။
ဘာဘဲပြောပြော မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက စစ်ဖြစ်ဖို့ အလားအလာတွေ ပိုမိုများ ပြားလာနေတယ်ဆိုတာကို ပြနေပါတယ်။
ပထမအချက်အနေနဲ့ ၂၀၁၆ ခုနှစ်မှာ တရုတ်ဟာ (ဝယ်ယူသုံးစွဲနှိုင်အားနဲ့ တွက်ချက်ထားတဲ့) ဂျီဒီပီအရ ကမ္ဘာ့ အကြီးဆုံးစီးပွားရေးအဖြစ် အမေရိကန်ကို ကျော်တက်သွားပါပြီ။ ပုံမှန်တွက်ချက်တဲ့ ဂျီဒီပီ အရလည်း နောက် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ကျော်တက်သွားဘွယ်ရှိနေပါတယ်။
ဒုတိယအချက်အနေနဲ့ အမေရိကန်က ဖြစ်လည်းမဖြစ်စေချင်၊ မျှော်လင့်လည်းမထားတဲ့ ကိစ္စတခုဖြစ်တဲ့ တရုတ်နဲ့ ရုရှားဆက်ဆံရေးဟာ ပိုမိုအားကောင်းလာနေတာပါ။
တတိယအချက်အနေနဲ့ တရုတ်ရဲ့ စစ်အင်အားဟာ အမေရိကန်နဲ့ ဗိန်မသာလိန်မသာ အဆင့်အထိ အလျင် အမြန် ကြီးထွားလာနေပါတယ်။ အမေရိကန်တိုက်ခိုက်မှုကို ကြီးကြီးမားမား ခုခံကာကွယ်နှိုင်တဲ့ အားသာချက်တွေ တရုတ်မှာရှိနေပါပြီ။ ဒီအချက်က အမေရိကန်ရေတပ်ကို ပစ္စဖိတ်သမုဒ္ဒရာတဝှမ်းလုံး ဖြန့်ကျက်ဖို့ ဖိအားပေးနေပါ တယ်။
စတုတ္ထအားဖြင့် BRIC ( ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် ကြီးလေးကြီးအဖွဲ့)၊ SCO ( ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) BRI ( ခါးပတ်လမ်း ပဏာမခြေလှမ်း) စတာတွေဟာ စက်မှုလုပ်ငန်းနဲ့ အခြေခံအဆောက်အ အုံတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုတွေအဖြစ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စိတ်ဝင်တစားအားပေးမှုကို အလျင်အမြန် ရရှိနေပါတယ်။
အမေရိကန်အနေနဲ့ ပိုသတိထားစောင့်ကြည့်နေတာက BRICS အဖွဲ့အစည်းပါ။ ဒီအဖွဲ့ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ စီးပွားရေးမဟာမိတ်အဖွဲ့ပါ။
ဒီနိုင်ငံတွေရဲ့ စုစုပေါင်းလူဦးရေက သန်းပေါင်း ၃၂၀၀ ရှိလေတော့ တကမ္ဘာလုံးလူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းရှိ သလို၊ စီးပွားရေးအရလည်း တကမ္ဘာလုံး ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ကို အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ အီရန်၊ အီဂျစ်၊ နိုက်ဂျီးရီးယား၊ ဆူဒန်နဲ့ တခြားနိုင်ငံအတော်များများ ဝင် ရောက်လာကြဖို့ တန်းစီနေပါတယ်။ ဒီအထဲက နိုင်ငံတချို့ဟာ BRICS မှာဝင်ခွင့်ရဖို့ လျှောက်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်းသတ်မှတ်ချက်တွေ ကြေငြာထားတာမရှိသလို၊ ဘယ်နိုင်ငံတွေ ကလျှောက်လွှာတင်ထားပြီးဖြစ်တယ်ဆိုတာလည်း ထုတ်ဖေါ်ပြောထားတာမရှိသေးပါဘူး။ ဒီ BRICS မဟာမိတ် အဖွဲ့က ၂၀၁၅ ခုနှစ်ကတည်းက ရှန်ဟိုင်းမှာ အခြေစိုက်တဲ့ NDB- new development Bank ဖွံ့ဖြိုးရေးသစ် ဘဏ် ဆိုတာကို တည်ထောင်ထား ပြီးဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေအနေနဲ့ ငွေချေးငှားရာမှာ အိုင်အမ်အက်ဖ်တို့ ကမ္ဘာ ဘဏ်တို့နဲ့ အပြိုင် ရွေးချယ်စရာတခု အဖြစ် ရှိလာနေပါတယ်။
BRICS အဖွဲ့ကိုစတင်တည်ထောင်တဲ့ နိုင်ငံတွေအနေနဲ့ ညီတူမျှတူ ရှယ်ယာထည့်ဝင်ကြပြီး၊ တူညီတဲ့ မဲပေးခွင့် ရရှိကြပါတယ်။ ဒီအချက်ကလည်း အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ဘဏ်တို့မှာ ပေါ်လစီချမှတ်တဲ့နေရာ နဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမေရိကန်က သိပ်ဗိုလ်ကျလွန်းလို့ ဝေဖန်သံတွေဆူညံနေတာနဲ့ နှိုင်းယှဉ်ကြည့်နှိုင်ပါ တယ်။
အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ်အသုံးပြုကြရတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ အခြား နိုင်ငံတွေအပေါ် အများကြီး အသာစီးရမှုတွေရှိပါတယ်။ အမေရိကန်က ဒေါ်လာကို လက်နက်အဖြစ် အသုံးချ တိုက်ခိုက်ရမှာကိုလည်း ဝန်မလေးဘဲ အီရန်၊ ဗင်နီဇွဲလား၊ ဆီးရီးယားနဲ့ တခြားနိုင်ငံတွေကို ဆန့်ရှင်ချ ပိတ်ဆို့ အရေးယူတာမျိုးလုပ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်လာတော့ အမေရိကန်က ဒေါ်လာကိုလက် နက်အဖြစ်အသုံးချပြီးတိုက်ခိုက်တာကို အဆင့်သစ်တရပ်မြှင့်တင်ပြီး လုပ်ခဲ့ပါတယ်။ အဲဒါက အမေရိကန်နိုင်ငံ ဘဏ်တွေထဲမှာထားတဲ့ ရုရှားရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံခြားအရန်ငွေတွေကို ထုတ်ယူခွင့်ပိတ်ပင်တာပါ။ ဒီလိုလုပ်တာဟာ နိုင်ငံတကာဥပဒေတွေ စံချိန်စံနှုန်းတွေနဲ့ မညီညွတ်တဲ့ ဗြောင်ကျကျ စော်ကားမှုတခုပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ အချုပ်အခြာအာဏာပိုင် ဓနဥစ္စာတွေဟာ တခြားနိုင်ငံတခုရဲ့ သိမ်းပိုက်မှု၊ စွက်ဖက်မှု ကင်းလွတ်ခွင့်ရှိလို့ဖြစ်ပါတယ်။ အမေရိကန်က ဒီလိုလုပ်လိုက်တဲ့အတွက် ဒေါ်လာအပေါ် ကမ္ဘာ့အရန်ငွေကြေး အဖြစ်လက်ခံ ယုံကြည်မှုနဲ့ တည်ငြိမ်မှုကို ဖျက်ဆီး လိုက်သလိုဖြစ်သွားပါတယ်။
ဒီလုပ်ရပ်က တခြားနိုင်ငံတွေကိုပါ သတိပေးခေါင်းလောင်းထိုးလိုက်သလိုပါဘဲ။ အဲဒီနိုင်ငံတွေက သူတို့ကိုင် ထားတဲ့ ဒေါ်လာတွေကို တခြားအစားထိုးစရာ ဓနဥစ္စာတွေနဲ့ အစားထိုးဖို့ ကြံစည်တွေးတောလာကြပါတော့တယ်။ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ တရုတ်ယွမ်ငွေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ နေရာယူမှု ပိုမိုများပြားလာတာကို တွေ့ရပါတယ်။
ခါးပတ်လမ်း ပမာဏစီမံကိန်း ( BRI ) ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် နှစ်နိုင်ငံအကြား ငွေကြေးလဲလှယ်ခြင်း ဆိုင်ရာ သဘောတူညီချက်ကိုလည်း နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့ တရုတ်က လက်မှတ်ထိုးခဲ့ပါတယ်။ တရုတ် ယွမ်ငွေနဲ့ စာရင်းရှင်းဖို့ က နိုင်ငံ ၈ နိုင်ငံနဲ့ သဘောတူထားပါတယ်။ တရုတ်က ရုရှားနဲ့ ကုန်သွယ်ရေးကိုလည်း ပိုမိုတိုးချဲ့လာ ခဲ့ပါတယ်။ အဲဒီကုန်သွယ်မှုရဲ့ ကြီးမားတဲ့ ပမာဏတစိတ်တပိုင်းဟာ တရုတ်ယွမ်ငွေနဲ့ စာရင်းရှင်းလင်းကြမှာဖြစ်ပါ တယ်။
တရုတ်ပြည်အနေနဲ့ ရေနံဒေါ်လာ ( petrodollar ) လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့အတွက် ဆော်ဒီအာရေဗျ နဲ့လည်း ဆွေးနွေးနေပါတယ်။ တချို့ ရေနံအဝယ် ကန်ထရိုက်စာချုပ်တွေမှာ ယွမ်ငွေနဲ့ စျေးနှုန်းသတ်မှတ် ရောင်း ဝယ်ကြဖို့ ချုပ်ဆိုထားပါတယ်။ တရုတ်ဟာ အခုချိန်မှာ ဆော်ဒီအာရေဗျရဲ့ အကြီးဆုံးရေနံဝယ်လက်ဖြစ်နေတဲ့ အတွက် ရေနံဘိုးကို အမေရိကန်ဒေါ်လာနဲ့ ပေးချေရတာက လုံးဝမဆီလျော်တဲ့ကိစ္စပါဘဲ။
BRICS အဖွဲ့ကလည်း ဒေါ်လာအပေါ်မှီခိုနေရမှု လျှော့ချဖို့အတွက် အရန်ငွေကြေးအသစ်တခု တီထွင်ဖို့ အလွန်စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ BRICS နိုင်ငံတွေရဲ့ ၁၄ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ဗလာဒီမာ ပူတင်က ၎င်းတို့အနေနဲ့ မျှတတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးသစ်တမျိုးကို ပေါ်ထွန်းလာ စေဖို့ ပြင်ဆင်နေပြီလို့ ကြေငြာပါတယ်။
တကယ်လို့ BRICS က ငွေကြေးအသစ်ထုတ်ဝေမယ်၊ အဖွဲ့ဝင်သစ်တွေကိုလည်း တိုးချဲ့မယ်ဆိုရင် ဒီငွေကြေး အသစ်ဟာ မုချဘဲ ဒေါ်လာကို စိန်ခေါ်လာတော့မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ BRICS အဖွဲ့ဝင်တွေနဲ့ နောက်တိုးချဲ့လာမဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ ကမ္ဘာ့ သယံဇာတအများပိုင်းကို ပိုင်ဆိုင်ကြလို့ဖြစ်ပါတယ်။
သူတို့အချင်းချင်းကြားမှာ ဒီငွေကြေးသစ်ကို သုံးစွဲကြမယ်ဆိုတာ အလွန်ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီလို သာလုပ်နှိုင်မယ်ဆိုရင် သူတို့အုပ်စုဝင်နိုင်ငံအချင်းချင်းအကြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ရှိဖို့လိုအပ်တော့ မှာမဟုတ်ပါ။
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဟာ သူ့ကို ဝိုင်းပယ်ဖို့ လုပ်နေတယ်ဆိုတာ ခပ်စောစောကဘဲ သတိပြုမိပါ တယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက သူတို့ကိုသူတို့ အမေရိကန်စီးပွားရေးနဲ့ ချိတ်ဖြုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားနေမှုဟာ အမေရိကန်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေစတင်လာခဲ့တဲ့ သမတထရမ့်လက်ထက်က ပိုမိုအရှိန် မြင့်လာခဲ့ပါတယ်။ ရလဒ်ကတော့ တရုတ်ဝယ်ယူထားတဲ့ အမေရိကန်ငွေချေးစာချုပ်တွေရဲ့ ပမာဏကို ၂၀၂၁ ခုနှစ်ဂျွန်လလောက်ကစပြီး အလျင် အမြန်လျှော့ချပစ်လိုက်တာဘဲဖြစ်ပါတယ်။ ဒေါ်လာနယ်ပယ် ကိုစွန့်ခွာရတာ ဟာ နေ့ချင်းညချင်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ပေမဲ့ ဒီဖြစ်စဉ်ကတော့ ရပ်တန့်လို့မရအောင် ဆက်လက်လှုပ်ရှားနေပြီ ဆိုတာကတော့ သေချာပါတယ်။
အမေရိကန်က ဒေါ်လာကိုလက်နက်သဘွယ်အသုံးချတာက ကိုယ့်ကိုကိုယ်လည်း ပြန်ထိပါတယ်။ ဒေါ်လာကို မယုံကြည်တော့လို့ ကမ္ဘာ့အရန်ငွေကြေးအဖြစ် ကနေ သူ့အခန်းကဏ္ဍလျော့ကျသွားမယ်ဆိုရင် အမေရိကန်စီးပွား ရေးဟာလည်း ပူညံပူညံ မငြိမ်သက်မှုတွေဖြစ်လာနှိုင်ပါတယ်။
အမေရိကန်ဟာ လက်ရှိအချိန် (၂၀၂၃ ခုနှစ်ဖေဖေါ်ဝါရီ) မှာ အကြွေး ၃၁.၅ ထရီလီယံ ဒေါ်လာ ( ၃၁,၅၀၀,၀၀၀,၀၀၀,၀၀၀) တင်နေပါတယ်။ ဒီအဓိပ္ပာယ်က ၃၃၆ သန်းရှိတဲ့ အမေရိကန်ပြည်သူတယောက်စီတိုင်း အပေါ်မှာ အကြွေးဒေါ်လာ ၉၃၇၅၀ ဒေါ်လာ တင်ရှိနေတဲ့သဘောပါ။ ဒေါ်လာဟာ ကမ္ဘာ့အရန်ငွေကြေးဘဝက နေရာဖယ်ပေးရတော့မယ်ဆိုရင်၊ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အမေရိကန် သြဇာကို ထောက်ကန်ထားတဲ့ စစ်အခြေ စိုက်စခန်းပေါင်း ၈၀၀ ကျော်ရဲ့ တနှစ် တနှစ် အသုံး စားရိတ် ဒေါ်လာ တစ်ထရီလီယံနီးပါးကိုလည်း ပေးနှိုင်တော့မှာ မဟုတ်ပါ။ စစ်စခန်းတွေဆက် လက်မထားနှိုင်တော့တာနဲ့အမျှ သူ့ရဲ့သြဇာပါဝါဟာလည်း ယုတ်လျော့ကျဆင်း လာတော့မှာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ကမ္ဘာ့အရန်ငွေကြေးနေရာက ဆင်းပေးလိုက်ရမယ်ဆိုရင် ဖြစ်ပေါ်လာမဲ့ အကျိုးဆက် တွေဟာ အမေရိကန်အတွက် အရင်က မကြုံဘူးတဲ့ အလွန်ဆိုးဝါးတဲ့သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်ဟာ တရုတ်ကို အဲဒီနေရာ မတက်ရောက်နှိုင်အောင် တတ်နှိုင်သမျှနည်းလမ်းတွေ သုံးပြီး ပိတ်ဆို့ဟန့်တားမှုတွေလုပ်နေတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
0 comments:
Post a Comment