(ကညွှတ်ကွင်းအိမ်ပြေး ၅၁)
ဤသို့နှင့် ကျွန်တော်တို့ လှည်းကူးကို ညနေတွင်ရောက်ပါသည်။ တည်းမည့်အိမ်သို့ဆိုက်ကားဖြင့် သွားကြပါသည်။ လမ်းကြိုလမ်းကြားလေးတွေနင်းပြီး သွပ်မိုးပျဉ်ထောင် နှစ်ထပ်အိမ်တလုံးရှေ့ရောက်ပါသည်။ ဆရာဝဏ္ဏက ခြံပေါက်ဝက ကြိုးကလေးကိုဆွဲလိုက်သည့်အခါ အိမ်ထဲတွင် ကလောင်ကလင်နှင့်မြည်ပါသည်။ အိမ်တံခါးဖွင်ပြီး လူကြီးတယောက်ဆင်းလာပါသည်။ ကျွန်တော်တို့ကိုမြင်တော့ ဟာ...မောင်ဝဏ္ဏတို့ပါလား၊ လာဟေ့ဟုဆိုသဖြင့် အိမ်ထဲဝင်လိုက်လာကြပါသည်။ ထိုလူကြီးအား ဆရာဝဏ္ဏက ဆရာခေါ်သလို ငတင့်ကလည်း ဘဘကြီးဟုခေါ်ပါသည်။ ကျွန်တော်တို့ ပါလာသည့်ဝန်စည်စလှယ်များကို နေရာချနေတုန်း အဒေါ်ကြီးတယောက်ပေါ်လာပြီး ဝဏ္ဏရေ ရေမိုးချိုး၊ ကလေးတွေလည်း ချိုးခိုင်း၊ ဟိုမှာ လုံချည်တို့တဘက်တို့ရှိတယ်ဟုပြောပါသည်။ တဆက်တည်း မင်းတို့ ၃ ယောက် အိမ်မှာပဲစားကြမလားဟု မေးရာ ဆရာဝဏ္ဏက ဟုတ်ကဲ့ အမကြီးဟုဖြေပါသည်။ ကျွန်တော့်မှာ တနေကုန် စမူဆာလေးလေး တခုနှင့်တပိုင်းသာစားထားရဖြင့် ဗိုက်အတော်ဆာနေပါသည်။ ငတင့်ကတော့ အေးဆေးပင်။
သည်အိမ်မှာ အတော်အတန်ချောင်လည်ပုံရပါသည်။ အိမ်အောက်ထပ်တွင်လည်း ဆောင်းဘောက်စ်ကြီးတွေ ဘင်အကြီးကြီးတွေနှင့်၊ သစ်သားသေတ္တာကြီးတွေလည်း တလုံးပေါ်တလုံးဆင့်ကာ ချထားပါသည်။ ရေချိုးတော့လည်း ကာဘော်လစ်ဆပ်ပြာနှင့်ဘာနှင့်ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်တော် သွားအလွန်တိုက်ချင်နေပါသည်။ ရေမိုးချိုးပြီး ပက်ဆိုးဒင့်သွားတိုက်ဆေးနှင့် သွားတိုက်လိုက်ရလျှင် ပါးစပ်ထဲသန့်ရှင်းကာ အလွန်နေလို့ကောင်းပါသည်။ သွားတိုက်ဆေး၏ပူရှိန်းရှိန်းအရသာနှင့် မွှေးမွှေးမြမြ လတ်လတ်ဆတ်ဆတ်အရသာကို ကျွန်တော် မခံရသည်မှာ ကြာနေပါပြီ။ ပြောရလျှင် အိမ်ကစပြေးကတည်းကဖြစ်ပါသည်။ အမေခတို့ဆီနေတုန်းကလည်း ဆားဖြင့်သွားတိုက် ခဲ့ရပါသည်။ ယခု ရေချိုးသည့်နေရာတွင် လူကြီးသွားပွတ်တံနှင့် သွားတိုက်ဆေးဗူးတွေ့ပါသည်။ ဘာမပြော ညာမပြောနှင့် သွားပွတ်တံကိုယူ၊ ရေနည်းနည်းဆေးကာ သွားတိုက်ဆေးညှစ်ထည့်ပြီး ပါးစပ်တခုလုံး အမြှုပ်တွေ ပေကျံကုန်အောင် တိုက်ချလိုက်ပါသည်။ အရသာရှိလိုက်သည့်ဖြစ်ခြင်း။ ကျွန်တော် သွားတိုက်နေတာကိုကြည့်ရင်း ငတင့်က ရွံစရာကြီးဟု ပြောပါသည်။
ရေမိုးချိုးပြီး ခဏနေတော့ ကျွန်တော်တို့ ထမင်းစားကြပါသည်။ ထမင်းစားပြီး ဧည့်ခန်းထဲ ခဏထိုင်တော့ ဆရာဝဏ္ဏနှင့် ဘဘကြီးတို့ စကားတွေပြောကြပါသည်။ ဆရာဝဏ္ဏက ပိုက်ဆံတွေထုတ်ပေးရင်း သူ့ အတက်ချီကေ့စ်လေးထဲ ပစ္စည်းတွေထည့်ပါသည်။ ကျွန်တော်ကသာ စပ်စပ်စုစုကြည့်သော်လည်း ဘာတွေမှန်းတော့ မသိပါ။ ငတင့်က တဝါးဝါး သန်းနေပါသည်။ ကဲကဲ..ကလေးတွေလည်း အိပ်ချင်ပြီဟုဆိုကာ ကျွန်တော်တို့ နှစ်ယောက်အတွက် သင်ဖြူးဖျာကြီးခင်း ခေါင်းအုံးတွေ စောင်တွေချကာ ခြင်ထောင်ပါ ထောင်ပေးပါသည်။ ကွန်တော် အိမ်စပြေး ကတည်းက သည်တကြိမ်ပဲ ခြင်ထောင်နှင့်အိပ်ရခြင်းဖြစ်ပါသည်။ အမေခတို့တဲကြီးကို သတိရမိပါသည်။ ခုချိန်ဆို အဖေ အရက်ကလေး မူးစပ်စပ်ဖြင့် ကွန်ထိုးနေမည်။ အမေခကတော့ လှဲရင်လှဲနေ၊ မနေလျှင် တခုခုလုပ်နေလိမ့်မည်။ ကျွန်တော့်ကို သူတို့ သတိရချင်ရနေမှာဟုလည်း တွေးမိပါသည်။ ခဏဖြုတ်တွေးမိရင်း ကျွန်တော် ခေါင်းချလိုက်သည်နှင့် တချိုးတည်း အိပ်ပျော်သွားပါသည်။
မနက်လင်းတော့ ပဲပြုတ်ထမင်းကြော်နှင့် ရေနွေးကြမ်းတိုက်ပါသည်။ ထမင်းဝိုင်းတွင် ဘဘကြီးက မင်းလည်း စင်ပွဲလေးဘာလေးအတွေ့အကြုံရအောင် ငါနဲ့တခေါက်နှစ်ခေါက်လိုက်ခဲ့ကွာ၊ ဝိုင်းပွဲတွေကတော့ လူသက်သာပေမယ့် အကုန်အကျနည်းပေမယ့် အရလည်းနည်းသလို နံမည်လည်း ဒီလောက် မထွက်ဘူးကွ၊ အောင်ကျော်မိုးတို့ ပဏ္ဏဝတို့ နံမည်ထွက်တယ်ဆိုတာက ပစ္စည်းလဲစုံ ပြကွက်လည်းများ လူလည်းပြည့်တာ မဟုတ်လားဟု ပြောပါသည်။ ဆရာက ဟုတ်ကဲ့ ကျွန်တော်လည်း ပြကွက်ပြောင်းမလားတွေးနေတာဟုဆိုတော့ ဘဘကြီးက ခုပြကွက်လည်း ကောင်းပါတယ်ကွ၊ ဒါပေမဲ့ မြွေဆိုပိုကောင်းတာပေါ့ဟု ပြောပါသည်။ သူတို့စကားတွေ အများကြီးပြောကြသည်။ ကျွန်တော် နားမလည်သည့်စကားတွေဖြစ်ပါသည်။ ငတင့်ကတော့ ထမင်းကြော်ကိုသာ မဲပြီးစားနေသည်။
မနက် ၈ နာရီလောက်ရှိတော့ လှည်းကူး-ပဲခူး ကားဂိတ်မှာတပွဲပြသည်။ ဘာမှသိတ်ထူးထူးခြားမရှိ။ ရှင်သီဝလိ ရုပ်ပွားတော်တွေ ဆရာ့ဆီမှာ ၅ ဆယ်ပဲပါသည်ဟု ပဲခူးတွင် မနက်ပွဲပြတုန်းကရော၊ နေ့လည်ပွဲမှာရော၊ ယခု လှည်းကူးပွဲတွင်ပါ သည်အတိုင်းပြောသည်။ ဧကန္တဆရာ့ဆီမှာ ရှင်သီဝလိရုပ်ပွားတော်တွေ အများကြီးရှိနေတာ ဖြစ်မည်။ ဒါဆို ဆရာက ဘာလို့ငါးဆယ်ပဲရှိတေ့ဟုပြောရသလဲကို ငတင့်အားမေးတော့ မင်းကလည်းကွာ ဒီလိုပဲပေါ့ဟု ပြန်ဖြေပါသည်။ သူ့ ဒီလိုပဲပေါ့ ကျွန်တော်နားမလည်ပါ။
နေ့လည်အိမ်ပြန်လာကြပြီး ထမင်းစားကာ ခဏနားကြသည်။ ဆရာဝဏ္ဏ မင်းဒီပွဲမှာ ဘင်စမ်းတီးကြည့်စမ်း၊ ငတင့်တီးတာတွေ့တယ်မဟုတ်လားဟု ပြောပါသည်။ ကျွန်တော် ပျော်သွားပါသည်။ စိတ်လည်းလှုပ်ရှားသွားပါသည်။ ဆရာက ငတင့် အိမ်နောက်ဖက်သွားပြီး မောင်မျိုးကို နည်းနည်းပြပေးလိုက်ဟုဆိုသဖြင့် ကျွန်တော်တို့ အိမ်နောက်ဘက်သို့ လာခဲ့ကြသည်။ အိမ်နောက်ဖက်တွင် လူ တယောက်တွေ့ရပြီး ခုံလေးပေါ်ထိုင်ကာ စားပွဲတွင် တကုပ်ကုပ်အလုပ်ရှုပ်နေသည်။ ကျွန်တော်တို့ကို လှည့်ပင်မကြည့်။ ငတင့်က ကျွန်တော့်ကို လက်ကိုင် ကိုင်နည်း တီးနည်းတွေ သင်ပေးသည်။ ဘာမှ သိတ်မခက်။ စာသင်ခန်းထဲ ခုံခေါက်ပြီးသီချင်းဆိုတာလောက်မခက်။ ကျွန်တော် ခနဏနှင့်တတ်သွားသည်။ ငတင့်က ဆရာကြီးလေသံဖြင့် မင်းက ဘယ်ဆိုလို့တုန်းဟု ပြောပါသည်။
ဤသို့ဖြင့် နေ့လည်ဘက်ရောက်လာသည်။ လှည်းကူး -ထောက်ကြန့် ကားဂိတ်မှာတပွဲပြမည်။ ကျွန်တော် ဘင်တီးရမည်ဖြစ်ပြီး ငတင့်က ဆရာခိုင်းတာတွေ လိုက်လုပ်ရမည်။ တကယ်တော့ လှည်းကူးသည် ကျွန်တော်နှင့်မစိမ်း။
0 comments:
Post a Comment