Thursday, March 2, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၂

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၂)

ကျွန်တော်တို့ ထောက်ကြန့်အာရဗီကျောင်းက ကျောင်းသားတွေနှင့် လှည်းကူးအာရဗီကျောင်းက ကျောင်းသားတွေ အကူးအလူးရှိကြပါသည်။ တခါတလေ လှည်းကူးတွင် ဖွာသေဟာ(အလှူ)ကြီးကြီးရှိလျှင် ကျနော်တို့ကိုဖိတ်ပြီး ကုရ်အန်ဖတ်ကြပါသည်။ နောက်တခုက တခုသော တမန်တော်မြတ်ကြီး မိုဟာမက်မွေးနေ့တွင် လှည်းကူး အာရဗီကျောင်းမှကျောင်းသားများနှင့် ထောက်ကြန့်အာရဗီကျောင်းကကျောင်းသားတွေ ကုရ်အန်အဖတ်ပြိုင်ကြသည်။ ဘယ်သူအရင်ပြီးလဲဟု မြန်တာတခုတည်းကို အမှတ်ပေးတာမဟုတ်။ မှန်လည်းမှန် မြန်လည်းမြန် အသံနေသံထား အဆွဲအငင်တွေပါမှန်အောင်၊ ရွတ်ဖတ်ရာတွင် ဌာန်ကရိုင်းကျရန်သာမက ရွတ်ဖတ်သူ၏အသံကိုပါ ဒိုင်လူကြီးများက အမှတ်ပေးပါသည်။ ထိုပွဲတွင် ကျွန်တော်နှင့်အခြားကျောင်းသားတယောက်က တမန်တော်မြတ်ကြီးအကြောင်း အပြန်အလှန်အချီအချ အမေးအဖြေပုံစံဖြင့် စကားပြောခန်းတခုပါပါသည်။ ၄၅ မိနစ်ခန့်ကြာပါသည်။ လှည်းကူးမှ ကျောင်းသားနှစ်ယောက်လည်း ကျွန်တော်တို့လို စကားပြောခန်းလုပ်ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့ နှစ်ယောက်ကို မမီပါ။ ပြိုင်ပွဲပြီးသောအခါ ကျွန်တော်တို့အနိုင်ရပါသည်။ ထိုပြိုင်ပွဲတွေအတွက် အစမ်းလေ့ကျင့်ရန် မိုက်ခရိုဖုန်းနှင့်စကားပြောတတ်ရန် ပရိတ်သတ်ကိုမရှိန်ရန် လှည်းကူးသို့ အကြိမ်ကြိမ်လာရပါသည်။ ထို့ကြောင့် လှည်းကူးတွင် ကျွန်တော့်ကို မှတ်မိနေသူများရှိနိုင်ပါသည်။

 

နောက်တချက်က လှည်ကူးနှင့်ထောက်ကြန့်သည် အိမ်ဦးနှင့်ကြမ်းပြင်ဖြစ်ပါသည်။ ထောက်ကြန့်ကလူတွေ လှည်းကူးကို ဈေးဝယ်တာခြမ်းတာအပါအဝင် အခြားကိစ္စမျိုးစုံဖြင့် လာကြသွားကြသည်များလည်းရှိသည်။ အရေးအကြီးဆုံးအချက်က ထောက်ကြန့်-လှည်းကူးဆွဲသော ဂျစ်ကားလေးမောင်းနေသည့် ဦးဝါဟတ်။ ဦးဝါဟတ်က ကျွန်တော့်မိဘတွေနှင့် ရင်းနှီးသည်။ သာရေးနာရေး၊ ဘာသာရေးကိစ္စတွေတွင်လည်း အမြဲလိုလို ဦးဆောင်ပါနေတတ် သူ။ ထောက်ကြန့်မြို့အထွက်တွင် ထမင်းဆိုင်နှင့် စက်ဘီးအပိုပစ္စည်းအရောင်းဆိုင်လေးလည်း ဖွင့်ထားသည်။ ကျွန်တော်တို့ ညီအကိုတွေကိုလည်း စာတော်သဖြင့်ရော ဘာသာရေးစာတော်လို့ရော အမြဲချီးမွမ်းသူ။ ကျွန်တော့်ကို ကောင်းကောင်းမှတ်မိသည်။

 

ကျွန်တော်တို့ ညီအကို ခေါင်းနင်းဆင်းလေးယောက်ထဲတွင် ကျွန်တော်က စာအတော်ဆုံးဖြစ်သလို၊ ကဲလည်း အကဲဆုံးဖြစ်သည်။ မပါသည့်ကစားဝိုင်းလည်းမရှိ။ မရောက်သည့်ရပ်ကွက်လည်း မရှိ။ ရန်လည်း ခဏခဏဖြစ်သည်။ အိမ်ကို လာအတိုင်ခံရဆုံးလည်း ဖြစ်သည်။ တခုခုဆို အတတ်လွယ်သည်။ လူလည်းသိတ်မကြောက်။ တခါတခါရဲလွန်းသဖြင့် မိဘတွေကပင် ဘရိတ်အုပ်အုပ်နေရသူ။ ထို့ကြောင့် ကျွန်တော့်ကို လူသိပိုများကြသည်။

 

ယခု လှည်းကူး-ထောက်ကြန့်ကားဂိတ်ကပွဲသည် ကျွန်တော့်အတွင် ဘင်တီးရသဖြင့် စိတ်လှုပ်ရှားသလို ဦးဝါဟတ်အပါအဝင် အိမ်ကအသိတွေနှင့်တိုးမိလျှင်ဒုက္ခဆိုကာ တထိတ်ထိတ်တလန့်လန့်လည်း ဖြစ်ရပါသည်။ ဘင်သာတီးနေရသော်လည်း စိတ်ကသိတ်မဖြောင့်။ စိတ်က သိတ်မလုံ။ တတ်နိုင်သမျှ ခေါင်းကြီးငုံ့ကာတီးသည်။ တချက်တချက် ဆရာဝဏ္ဏနှင့် အဝင်အထွက်တွေလွဲသည်။ ဆရာဝဏ္ဏက ဘာမှမပြောသော်လည်း သတိပေးသလို ကြည့်ပါသည်။ စိတ်ထဲတွင် ခုနေ အမေခ ဝယ်ပေးသည့် ခမောက်ကလေးပါလာရင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။ ခမောက်ကလေးဆောင်းထားလျှင် နေလည်းကွယ်မည်။ လူတွေကိုလည်း ကျွန်တော့်မျက်နှာ ကွယ်ထားနိုင်မည်မဟုတ်လား။

 

သို့ဖြင့်မျက်လှည့်ဝိုင်းလည်း လူစည်လာသည်။ နေကလည်း ပူသည်။ ကျွန်တော်လည်း ဘင်တီးရင်း ချွေးပြန်လာသည်။ ခေါင်းလည်းကြာကြာငုံ့မထားနိုင်။ ချွေးသုတ်ရန် ခဏခဏခေါင်းမော့ရသည်။ ခေါင်းငုံ့တီးနေရင်း စိတ်ထဲတွင် တယောက်ယောက်က ကိုယ့်ကိုယ်စူးစူးစိုက်စိုက်ကြည့်နေသလို ခံစားရသည်။ ထိုခံစားမှုမျိုး အရင်ကလည်း ဖြစ်ဖူးပါသည်။ တယောက်ယောက်က ကိုယ့်ကိုကြည့်နေသည်ဟုခံစားရပြီး ထိုကြည့်နေသူရှိရာ မျက်နှာမူလိုက်လျှင် ထိုသူနှင့် မျက်လုံးချင်းဆုံမိပြီး ထိုသူက မျက်နှာအရင်လွှဲလိုက်တာမျိုးဖြစ်သည်။ မျက်နှာမလွှဲလျှင်လည်း မျက်လုံးလွှဲပစ်တာမျိုးဖြစ်သည်။ ခုလည်း ထိုခံစားမှုက ဝင်လာသည်။ ဒါနှင့် ရုတ်တရက်ခေါင်းမော့လိုက်သည်။ စိတ်ထဲ ဟာကနဲဖြစ်သွားသည်။ ရင်တွေ တဒုန်းဒုန်းခုန်သွားသည်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment