(ဇော်ဝင်းတင့်ခေါ် ဇ,ဝ,တ)
သူဟာ အချိန်ရှိသရွေ့ အခန်းနှစ်ခန်းကြားက အုတ်ရိုးကို တဂျိဂျိနဲ့ ဖောက်နေတော့တာပဲ။ အုတ်ရိုးဖောက်တယ်ဆိုလို့ လွန်တို့ဘာတို့လို အပေါက်ဖောက်တဲ့ကိရိယာတွေနဲ့တော့ မဟုတ်ပါဘူး။ ရေချိုးချတုန်း ရေချိုးကန်နားက သံဆူးကြိုး တတောင်လောက်ကို မရမကလိမ်ဖြတ်ပြီး ယူလာတဲ့ဟာပါ။ အဲ့ဒီ ဆူးလိမ်ကြိုးမှာ လိမ်ထားထဲ့အဆူးတွေကို အလိမ်အရင်ဖြည် သံနန်းကြိုးနှစ်ချောင်းကို ကျစ်နေအောင်ပြန်ပူးပြီး လိမ်ထားပါတယ်။ အဲ့ဒီအလိမ်ရဲ့ထိပ်တဘက်ကို အုတ်ခဲနဲ့ ခဲခဲယဉ်းယဉ်းထုပြီး ပြားထားရထားရယ်။ အဲ့သလို ပြားသွားပြီဆိုမှ အသွားတွေထက်လာအောင် သံမံတလင်းမှာ သွေးထားရတာပါ။ နှစ်ပင်လိမ်အသွားလေးတွေက သေးပေပျော့ပေမယ့် လွန်သွားအတိုင်း ထက်မြိ နေတာပါ။ တခြားတဘက်ထိပ်ကိုတော့ ပုံစံစောင်ကဆုတ်ယူလာတဲ့အဝတ်စကိုအုပ်ပြီး လက်ကိုင်လို လုပ်ထားပါတယ်။
ဒီ့နောက် သရိုးကိုင်ထားတဲ့ဘိလပ်မြေကို အရင်ခွာ၊ အောက်က အုတ်စီထားတာပေါ်တော့မှ အုတ်နှစ်လုံးကြားက လက်မဝက်လောက် အစာသွပ်ပြီး တေ့ဆက်ဆက်ထားတဲ့နေရာကို နှစ်ပင်လိမ်နန်းကြီးနဲ့ထိုးပြီး ဖြည်းဖြည်းချင်း လှည့်လှည့်ပေးရပါတယ်။ အဲ့ဒီ မဆလာသွပ်ထားတဲ့ တေ့ဆက်နေရာကိုမှ ရွေးဖောက်လို့ရတာကိုး။ အုတ်သားတွေကို ဖောက်ဆို ဘယ်ကလာဖောက်လို့ရမှာလဲ။ အုတ်ကလည်း သုံးလွှာတောင် စီထားတာကိုး။ အုတ်တွေကြားက မဆလာတွေက နှစ်တွေကြာလာတော့ ခတ်ဖွယ်ဖွယ် ဖြစ်နေပါပြီ။ ဖြစ်ဆို ဒီအဆောက်အဦးကြီးက ကိုလိုနီခေတ် ကတည်းက ဆောက်ထားတာကြီးကိုး။
ဘာလုပ်ဖို့ အပေါက်ဖောက်နေမှန်း သူ့ဘာသာသူ မသိတာ၊ ဖောက်တော့ဖောက်ကြည့်နေတာပါပဲ။ အပေါက်ကလေးကလည်း ဘာရှိတာမှတ်လို့ လက်သန်းတလုံးဝင်စာလောက်ပဲ ကျယ်မှာပေါ့။ တကယ်လို့ ဟိုဘက်ဒီဘက် ဒိုးလျှိုပေါက်သွားရင် ဟိုဘက်ဒီဘက်မမြင်ရတောင် အနည်းဆုံး အပေါက်နားပါးစပ်တေ့ပြီး စကားပြောလို့တော့ရမယ်လို့ သူထင်နေတယ်။
တခါတလေ ဒီနေရာမှာက တခန်းနဲ့တခန်စကားမပြောရအမိန့်က ရှိတတ်တာကိုး။ တခါတလေများ တခန်းတည်း အတူနေသူတွေတောင် စကားမပြောရအထိ လုပ်တတ်ပါတယ်။ အတော်အလုပ်မဖြစ်တဲ့ ဖိနှိပ်မှုပါဘဲ။
အုတ်တလွှားစာပေါက်သွားတော့ သူ အခက်ကြုံရတယ်။ ပြဿနာက အုတ်တွေက ရိုးစိစီထားတာဆိုတော့ စုံ,မ ဖြစ်နေပြီး အလွှားက မထပ်ပါ။ အလျားတခဲ အနံတခဲစီထားတာပါ။ အလျားလိုက်အခဲကိုဖေါက်သွားတော့ အနံလိုက်အခဲက ထိပ်ကပိတ်ခံနေတာပေါ့။ ဒီတော့ သူက နှစ်ပင်လိမ်နန်းကို နည်းနည်းကွေးယူပြီး ကွေ့ပြီး ဖောက်ရတာပါ။ တော်တော့်ကို ကပ်သီးကပ်သပ်နိုင်သလို လက်လည်းဝင်ပါတယ်။ လက်ချောင်းဖျားတွေ လက်ကောက်ဝတ်တွေ မခံနိုင်အောင်ကိုနာတဲ့အထိပါပဲ။ အခန်းထဲက လူတွေကလည်း သူလုပ်နေတာကို ကြည့်သာ ကြည့်နေကြတာ ဘာမှမှတ်ချက်ပေးတာမလုပ်သလို သူ့ကို ကူလည်း မကူကြပါဘူး။ ဒါပေမယ့် သူကတော့ ဇွဲခတ်ပြီးဖောက်နေတာပါပဲ။
သူ့ဘက်က အုတ်နှစ်လွှားကိုပေါက်ပြီးတော့မှ ဟိုဘက်အခန်းက မိလ္လာချချိန်မှာ သူ အပေါက်ဖောက်နေတဲ့ အကြောင်းပြောပြီး ဘယ်နေရာလောက်မှာ လာပေါက်လိမ့်မယ်လို့ပြောပြလိုက်တယ်။ ဟိုလူတွေလည်း အံ့အားသင့်နေကြတယ်။ တယောက်ကတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်လို့ပြောတော့ သူက အုတ် နှစ်လွှားပေါက်သွားပြီဗျ၊ ခင်ဗျားတို့ဘက် ပေါက်လာရင်သာ အဲ့အပေါက်လေးကို ထုံးအရည်ဖျော်ပြီး ပြန်မံထားဗျလို့ပြောတယ်။
နောက်တော့ သူပြောတဲ့အတိုင်း ဟိုဘက်ဒီဘက် ထုတ်ချင်းခတ်ပေါက်သွားတယ်။ တဘက်နဲ့တဘက်တော့ ဘယ်မြင်ရမလဲ။ အလယ်အလွှားကအုတ် ခံနေတာကိုး။ ဒီတော့မှ သူက အောင်မြင်မှုရတဲ့ဟန်နဲ့ ကဲ...ကျုပ်တော့ ဖောက်ပြီးသွားပြီ ဘာလုပ်ကြမလဲလို့ အခန်းထဲကလူတွေကိုမေးတယ်။ အခန်းထဲကလူတွေကလည်း ချက်ခြင်းတော့ ဘယ်သူမှ ဘာမှပြန်မပြောကြဘူး။ သူကတော့ တခန်းခန်းနဲ့တခန်း လှမ်းပြောလို့ရတဲ့စကားတွေကိုရော ပြောလို့မရတဲ့စကားတွေကိုရော အပေါက်ကလေးနားပါးစပ်တေ့ပြောလိုက် နားရွက်ကပ်နားထောင်လိုက်နဲ့ သူ့ဟာသူ ကျေနပ်နေတာပဲ။ ဒီနေရာမှာ “တခန်းနဲ့တခန်း လှမ်းပြောလို့ရတဲ့စကားတွေ”ဆိုတာက နေကောင်းလား။ ဘာလုပ်နေလဲ။ အိမ်ကို လွမ်းတယ်ဗျာ။ ဧည့်တွေ့ ဘယ်နေ့လဲ။ သီချင်းဆိုဗျာ။ စတာမျိုးတွေလောက်ပါပဲ။ ဒါတောင် အစောင့်တွေလစ်မှ ပြောလို့ရတာပါ။
တနေ့တော့ သူ ဘယ်ကနေဘယ်လိုဖန်လာတာမှန်းမသိတဲ့ ဝါယာကြိုးနှစ်ချောင်းပါလာတယ်။ နှစ်လန်လောက်ရှိမယ်။ နောက်တော့ နို့ဆီခွက်တခွက်လည်းပါလာတယ်။ နို့ဆီခွက်ကို အုတ်ခဲနဲ့ထုပြားပြီး ခေါက်တယ်။ ခေါက်ရာအတိုင်း ဖြန့်ချည် ခေါက်ချည်လုပ်တော့ သံပြား နှစ်ပြားပြတ်ထွက်လာတယ်။ အဲ့သံပြားတွေကိုခွေပြီး အလယ်က ဝါးခြမ်းပြားလေးခံပြီး တွဲတယ်။ ကျန်လူတွေက ရေနွေးကျိုတဲ့ဂေါက်လုပ်မှန်း အဲ့တော့မှသိကြတာ။ နောက်တော့ အခန်းထဲမီးပေးတဲ့ လျှပ်စစ်ဝါယာကြိုးရှိတဲ့အထိ လူပေါ်လူဆင့်တက်ပြီး သူ့ဝါယာကြိုးနှစ်ချောင်းနဲ့ အပေါက်ဖောက်ပြီး ချိတ်တယ်။ အားလုံးပြီးသွားပြီဆိုမှ ပလပ်စတစ်သောက်ရေခွက်ထဲ ရေထည့်ပြီးကျိုတယ်။ ဂေါက်နဲ့ဝါယာကြိုးက အရှင် ချိတ်ရုံလေးချိတ်ထားတာဆိုတော့ ရေနွေးပွက်ရင် ချိတ်ကလေးဖြုတ်ထားလိုက်ရုံပဲ။ အဲ့သလိုနဲ့ ရေနွေး တခွက်ပြီးတခွက်ကျိုတယ်။ အခန်းထဲမှာ ရေနွေးကြမ်းမပြတ်သလို ကော်ဖီမစ်က်လည်း သောက်ချင်တဲ့အချိန် ဖျော်သောက်ရုံပဲ။ သောက်ချင်တဲ့အချိန်ဆိုပေမယ့် နေ့ဘက်ပဲရတာ။ အဲ့ဒီရေနွေးကျိုတဲ့ဂေါက်နဲ့ဝါယာကို ပလပ်စတစ်အိတ်နဲ့ထုတ်ပြီး ညနေ မိလ္လာချချိန်ဆို အပြင်ထုတ်မြေကြီးထဲမြှုပ်ထားရတာ။ မနက်မနက်တွေဆို တလာစီတယ်ခေါ်တဲ့ရှာဖွေရေးက အချိန်မရွေးဖြစ်တတ်တာကိုး။ တလာစီလို့ အဲ့ဒါတွေသာ လက်ထဲမိလို့ကတော့ သေပြီဆရာပဲ။ မနက် တန်းဖွင့်ပြီးမိလ္လာချချိန်ကျမှ အဲ့ဒါတွေပြန်ဖော် အခန်းထဲယူလာ တနေကုန်ထားရတာ။
တနေ့တော့ သူက ဘယ်ကနေဘယ်လိုဖန်လာမှန်းမသိတဲ့ လူကို သွေးတို့ ဂလူးကို့စ်တို့သွင်းတဲ့ ပိုက်အကြည်အပျော့ အဟောင်းတချောင်းပါလာတယ်။ ပိုက်က ရှိလှမှ သုံးတောင်ပဲ။ ဘာလုပ်ဖို့လဲဆိုတော့ ဟိုဘက်အခန်းကလူတွေ ရေနွေးလိုချင်ရင်ပေးဖို့တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ပိုက်ယူလာတဲ့နေ့မှာပဲ ဟိုဘက်အခန်းကလူတယောက်ဖျားတယ်။ အစောင့်ကိုပြောပြီး ရေနွေးတောင်းတာ မရဘူး။ ဒီတော့ သူက မပူနဲ့ ကျွန်တော်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။ နောက်တော့ သွေးသွင်းပိုက်ကို အုတ်ရိုးအပေါက်ကြားနေ ခက်ခက်ခဲခဲထိုးထိုးသွင်းတယ်။ ဟိုဘက်ကို ပိုက်အစတဘက် ရောက်သွားတော့ ဂေါက်နဲ့ရေနွေးကျိုတယ်။ ရေနွေးပွက်တော့ ဒီဘက်ကနေခွက်ကို ခတ်မြင့်မြင့်ထားပြီး ပိုက်အစကိုနှစ်ထားတယ်။ အပေါက်ကနေပဲ ဟိုဘက်ကလူကို ပါးစပ်နဲ့နည်းနည်းစုပ်လိုက်၊ ပြီးရင် ခွက်ခံထားလို့ ပြောတယ်။ ဟိုဘက်က အိုကေဆိုတော့ သူ့ခွက်ကိုပိုမြှင့်ပေးလိုက်တယ်။ သူ့ခွက်ထဲကရေအကုန် ဟိုဘက်ကို ပိုက်ကတဆင့် စီးသွားတယ်။ ဟိုဘက်လူက ကျေးဇူးကျေးဇူးတဲ့။ သူက ရပါတယ်ဗျ၊ နောက်လိုလည်းပြောပါလို့ ပြောလိုက်သေးတယ်။ အဲ့သလိုနဲ့ ဟိုဘက်အခန်းကလူတွေလည်း နေ့ဘက်ရေနွေးလိုချင်တဲ့အချိန်တိုင်း ရေနွေးပေးနိုင်တယ်။ သူလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ပီတိတွေဝေလို့။
မျိုးမြင့်ချို။ မတ် ၁၀။ ၂၀၂၃
0 comments:
Post a Comment