(ကညွှတ်ကွင်းအိမ်ပြေး ၅၅)
ထိုညက ကျွန်တော် တော်တော်နှင့်မအိပ်ပါ။ ငတင့်ကတော့ ဘာ အပူအပန်မှမရှိ တရှူးရှူးနှင့် အိပ်မောကျနေသည်။ ကျွန်တော်မအိပ်မှန်းသိသဖြင့် ဆရာဝဏ္ဏ မင်းဘာမှ ဒီလောက်ကြီးစိတ်ပူမနေနဲ့ မင်း ငါနဲ့လိုက်မယ်ဆိုလည်း ငါခေါ်သွားမယ်။ ငတင့်လည်းရှိနေတာပဲဟု အားပေးပါသည်။ မနက်မိုးလင်းတော့ ဆီထမင်းနှင့်ငါးကြော်စားရပါသည်။ ဆရာဝဏ္ဏက ဘဘကြီးကို ဆရာကျွန်တော်တို့ ကျွန်းကလေးမှာ တပွဲခင်းမယ်။ ပြီးရင် အိမ်ပြန်မယ်။ နောက်တကြောက မှော်ဘီကနေ ပြည်ဘက်အထိ တက်မယ်စိတ်ကူးတာပဲဟုပြောပါသည်။
မှော်ဘီဆိုမှ ကျွန်တော် စိတ်ပူသွားပြန်သည် မှော်ဘီတွင် ဆရာကြီးဦးကျော်တင့်တို့ မိသားစုရှိသည်။ သူတို့က မိသားစုလိုက်ပါရင်းနှီးကြသူတွေ။ သူ့မိသားစုတွေက ကျွန်တော့်ကို မမှတ်မိဦးတောင် ဆရာဦးကျော်တင့်က ကျွန်တော့်ကို မှတ်မိနိုင်သည်။ ဆရာဦးကျော်တင့်တိုက ချမ်းသာသည်။ ပြီးတော့ပညာတတ်မိသားစုတွေ။ လမ်းဘေးမျက်လှည့်ပွဲတော့ မကြည့်လောက်ဟုတွေးမိတော့ စိတ်နည်းနည်းသက်သာသွားပါသည်။
သည်လိုနှင့် ကျွန်းကလေးသို့ရောက်လာကြပြီး ကျွန်းကလေး-လှည်းကူး ဆိုက္ကားဂိတ်နားတွင်တပွဲပြသည်။ ဆိုက္ကားဆရာတွေက မျက်လှည့်ပွဲကိုစိတ်မဝင်စားကြ။ ဂိတ်ထိုးထားသည့် သူတို့ဆိုက္ကားတွေပေါ်၌သာ ထိုင်နေကြသည်။ ကျွန်တော်က ဘင်ထုပြီး လူစုရသည်။ ငတင့်က စည်းသားတာတွေဘာတွေလုပ်သည်။ ကျွန်တော် ဘင်သာ ထုနေသော်လည်း စိတ်ကသိတ်မဖြောင့်။
အမေတခါ ပြောဖူးသည် ဘွက်ကြီးက ဒေါ်အမာဘီ့သားမက်ဆိုတာ ကျွန်းကလေးသား။ ဘွက်ကြီးသူနှင့် အိမ်ထောင် ကျသော်လည်း လယ်မလုပ်တတ်။ ကျွန်းကလေး-လှည်းကူးဆိုက္ကားနင်းသည်။ ထိုသူ့ကို ကျွန်တော်သိသည်။ မှတ်လည်းမှတ်မိပါသည်။ ခုဆိုက္ကားဂိတ်မှာ သူရှိသလားမပြောတတ်။ ကျွန်တော် ဘင်ထုနေတာက ဆိုက္ကားဂိတ်နှင့် ဘေးတစောင်း။ ထို့ကြောင့် နောက်ကျောပေးမိအောင် အနေအထားကိုပြောင်းသည်။ ငတင့်က ဟေ့ကောင် ဘေးတိုက်ကြီး ဖြစ်နေတယ်။ တည့်တည့် ထု။၊ ဆရာဝဏ္ဏတွေ့ရင် ဆူလိမ့်မယ်ဟုပြောသဖြင့် ဘင်ကိုပြန်တည့် လိုက်သည်။ သို့သော် မျက်နှာလွှဲပြီးထုသည်။
တော်သေးသည် ပွဲပြီးသည်အထိ ဘယ်အသိနှင့်မှမတိုး။ လူလည်း ဒီလောက်မဝင်။ ဆရာဝဏ္ဏလည်း ရုပ်ပွားတော်တွေ မြန်မြန်ရောင်းကာ ခါတိုင်းလို အချိန်သိတ်မဆွဲမှ ပွဲမြန်မြန်သိမ်းလိုက်သည်။ တွက်ချေလည်းသိတ်ကိုက်ပုံမရ။ ပွဲပြီးတော့ ကျွန်းကလေးမှ ထောက်ကြန့်သို့ ကားစီးပြီးလာခဲ့ကြသည်။ ကားပေါ်တွင် အသိတယောက်မှမပါ။ ချောင်းသစ်ရောက်တော့ ကားရပ်သည်။ ချောင်းသစ်သည် ကျွန်းကလေးနှင့် ထောက်ကြန့် အလည်တည့်တည့် လောက်တွင်ရှိသည်ဟု ထင်ပါသည်။ ချောင်းသစ်ကနေ ငါးမျှားတံတွေနှင့် ကိုကြည်တက်လာသည်။ ကိုကြည့်တော့ ကျွန်တော် ဂရုမစိုက်။ သူက အိမ်ကလူတွေနှင့်မသိ။ သိစရာအကြောင်းလည်းမရှိ။ သူ နေတာက ဂျိုးဖြူပိုက်လုံးဘေး။ လူက ဂလေ။ မိသားစုရှိသော်လည်း ထင်သလိုနေတတ်သူ။ လုပ်တာက ကြုံရာကျပန်း။ တခါတလေ ဘုရားပွဲတွေ လိုက်ပြီး ဂလုံးဂလွမ်းဟုခေါ်သည် ခြောက်ကောင်ဂျင် သမား။ တခါတလေ ရဟတ်လှည့်သူ။ တခါတလေ မှောဘီကားဂိတ်မှာ ဆေးလိပ်ကွမ်းယာဗန်းနှင့် ဈေးရောင်းသူ။ ခင်စရာတော့ အတော်ကောင်းသည်။ ပျော်ပျော်နေတတ်သည်။ ကျွန်တော့်အကိုကြီးနှင့် ရွယ်တူလောက်။
ငါးမျှားရာသီရောက်လျှင်တော့ အလုပ်တွေအားလုံးပစ်ထားပြီး ချောင်းသစ်တို့ ဘာလားချောင်းတို့တွင် တနေကုန် တနေခမ်း ငါးမျှားတတ်သူ။ သူက ငါဆွဲသည့်နေရာတွေသိသလို ဘယ်အချိန်ဆို ဘာငါးအဟပ်များသည် ဘာအစာနှင့်ပိုဆွဲသည်တို့ကိုလည်းသိသည့် ငကျွမ်းကြီး။ ကျွန်တော့်ကိုတော့ ဘုမသိဘမသိနှင့် ချစ်သည်။ ကျွန်တော်လည်း ငါးမျှားဝါသနာပါသူမဟုတ်လား။ လှော်ကားကန်ထဲကိုထွေးမောင်နှင့်ငါးမျှားလိုက်သလို ချောင်းသစ်တို့ ဘားလားတို့တွင်လည်း ကိုကြည်နှင့် ငါးအကြိမ်ကြိမ်မျှားဖူးသည်။ ကျွန်တော်အတွင်းထဲမှာ ထိုင်နေတာတွေ့တော့ ဟာ..ဟေ့ကောင် ဘယ်ဘပြန်လာတာလဲဟုမေးပါသည်။ လှည်းကူးကပြောပြီး စကားဖြတ်လိုက်သည်။ သူက မရ ငါးပြေမတွေအဆွဲကြမ်းတယ်ကွ၊ ကိုသိုက်တို့အင်းနားမှာဟုပြောသည်။ ဟုတ်ကဲ့ ကိုကြည် နောက်နေ့မှလိုက်မည်ဟု ခတ်တည်တည်နှင့်ပြောတော့ ရှေ့တည့်တည့်မှထိုင်နေသည့် ဆရာဝဏ္ဏက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်သည်။ စကားမပြောနဲ့ဆိုသည့်သဘော။ ကျွန်တော်လည်း မျက်နှာလွှဲလိုက်ပြီး ကားအပြင်သို့ကြည့်ကာ လိုက်လာပါသည်။
သည်လိုနှင့် ကားကလေးက ထောက်ကြန့်နား နီးနီးလာသည်။ ကျွန်တော့စိုးရိမ်စိတ်တွေ ကြီးကြီးလာသည်။ ရင်တွေပန်းတွေ တုန်တုန်လာသည်။ ကားဂိတ်တွင် အသိတွေနှင့်တိုးနိုင်သည်။ ကျွန်တော်နှင့် အာရဗီကျောင်းတက်ဖက်သူငယ်ချင်းတချို့က ကားဂိတ်တွင် ခပေါင်းဒူးယားစီးကရက်နှင့် စမူဆာဘယာကြော်ရောင်းတာရှိသည်။ သူတို့တွေ့သွားလျှင် အနည်းဆုံး သူတို့မိဘတွေတော့ပြန်ပြောလိမ့်မည်။ ပြောချင်မှလည်း ပြောလိမ့်မည်။ ကျွန်တော့်ကိုလည်း တွေ့ချင်မှတွေ့လိမ့်မည်။ သို့သော်ပြောလို့မရ။ ကျွန်တော် အိန္ဒြေပျက်နေတာကို ဆရာဝဏ္ဏရိပ်မိပါသည်။ မောင်မျိုး အေးဆေးနေဟု ပြောသည်။ ငတင့်ကတော့ ပီကေအဝါးမပျက်။
သို့နှင့် ထောက်ကြန့်ကားဂိတ်ရောက်ပြီး ကားရပ်သည်။ ခရီးသည်အကုန်ဆင်းကြသည်။ ကျွန်တော်က နောက်ဆုံးမှဆင်းသည်။ မဆင်းခင် ကားအပြင်ဘက်ကို လိုက်ကြည့်သည်။ ဘယ်အသိတယောက်မှမတွေ့။ ဈေးရောင်းသူတွေလည်း ကျွန်တော်တို့ကိုစိတ်မဝင်စား။ ခေါင်းကိုငုံ့ကာဆရာဝဏ္ဏနောက် သွက်သွက်လိုက်လာသည်။ လမ်းမှာထဲက ငတင့်ကို ဘင်ကြီး မင်းဆွဲနော်ဟုပြောထားသဖြင့် ကျွန်တော်က မြွေသေတ္တာကြီးကို မနိုင်မနင်းမရသည်။ ဘင်ကြီးနဲ့ဆိုလျှင် လူပိုသတိထားမိမှာကို စိုးရပါသည်။ ထို့နောက် လမ်းဆုံကိုကျော်က ထောက်ကြန့်-မှော်ဘီကားဂိတ်သို့ရောက်လာသည်။ ကားဂိတ်တွေအသိတွေနှင့်တိုးနိုင်သည်။ အိမ်နှင့်ကလည်း နီးနီးလေး။ မတော်အိမ်ကလူတွေနှင့်တိုးမိလျှင်၊ မတော် အိမ်ကအသိတွေနှင့်တိုးမိလျှင်ဆိုပြီး စိတ်တွေတော်တော်ကြီးပူနေသည်။ ကားဂိတ်ရောက်တော့ ကားက ထွက်တော့မည့်ဆဲဆဲမို့ ကားပေါ်တန်းတက်ရသည်။ ကားပေါ်တွင်ရော ကားအောက်တွင်ပါ အသိတွေမတွေ့ရ။ တော်သေးသည်ဟုတွေးမိသော်လည်း ခေါင်းတော့မဖော်ရဲ။ ငတင့်ကိုကွယ်ကာ ဟိုကြည့်သည်ကြည့်တော့ ကြည့်မိသည်။
0 comments:
Post a Comment