(ကညွှတ်ကွင်း အိမ်ပြေး ၅၄)
ပွဲပြီးလို့ တည်းအိမ်သို့ပြန်ရောက်တော့ ဘဘကြီးနှင့် ဆရာဝဏ္ဏ တိုးတိုး တိုးတိုး စကားပြောကြသည်။ ကျွန်တော့်အကြောင်းပြောနေတာဟု ကျွန်တော်ထင်သည်။ ညနေထမင်းဝိုင်းတွင် ဘဘကြီးက ကလေး မင်းမိဘတွေက ဘာလုပ်ကြသလဲကွဲ့ဟု မေးပါသည်။ ဘဘကြီး၏ ကလေးဟုခေါ်သံမှာ ဘာမှသိတ်မထူးခြားပါ။ အဖေဦးဖိုးထောင်၏ လူလေးခေါ်ပုံနှင့် အတော့်ကိုကွာပါသည်။ အဖေဦးဖိုးထောင်၏ လူလေးခေါ်သံမှာ နားထောင်လို့အလွန်ကောင်းပြီး အရသာလည်းရှိပါသည်။
ကျွန်တော်က ဘဘကြီးအမေးကို အမေခတို့ကို ပြောထားသလို၊ ဆရာဝဏ္ဏကိုပြောထားသလိုပဲ ပြောသည်။ မင်းမိဘတွေက ရဲစခန်းမှာတိုင်မယ်လို့ မင်းထင်လားဟုမေးတော့မှ ညနေက ဘဘကြီးနှင့်ဆရာဝဏ္ဏတို့ ပြောနေသည်မှာ ကျွန်တော့်အကြောင်းဖြစ်မည်မှန်း သေချာသွား၏။ မပြောတတ်ဘူး ဘဘကြီးဟု မရေမရာပြန်ဖြေ၏။ ကျွန်တော့်စိတ်ထဲတွင်တော့ ခုလောက်ရှိ တိုင်လောက်ပြီဟုထင်သည်။ မင်းအိမ် မင်းပြန်ပါလားဟု ဘဘကြီးက ဆက်ပြောသည်။ မပြန်ချင်ဘူး ဘဘကြီး၊ ကျွန်တော် မျက်လှည့်လည်းတတ်ချင်တယ် ဆရာဝဏ္ဏနဲ့ပဲ နေချင်တယ်ဟုပြောတော့ ဘဘကြီးက မင်းနေတာကနေလို့ရပါတယ်၊ ဝဏ္ဏဆီမှမဟုတ်ဘူး ငါ့ဆီနေလည်းရတယ်၊ ဒါပေမယ့် မင်းအိမ်ကရဲစခန်းတိုင်ထားရင်တော့ နေလို့မရဘူး၊ ဘဘကြီးတို့ လက်မခံဘူးဟုပြောပါသည်။ ကျွန်တော် တော်တော် စိတ်ညစ်သွားပါသည်။ ဘာပြန်ပြောရမှန်းလည်း မသိပါ။
ကျွန်တော်တွေးမိတာ တခုတော့ရှိသည်။ တကယ်လို့အိမ်က ရဲစခန်းတိုင်ထားသည်ဆိုလျှင် သတင်းစာထဲလည်း ကြော်ငြာထည့်လောက်သည်။ ကြော်ငြာထည့်မထည့်ကို ကျွန်တော်လည်း သေချာမသိ။ အမေခတို့အိမ်ကလည်း သတင်းစာဟောင်းတွေသာ ဆေးလိပ် လိပ်သောက်သော်လည်း သတင်းစာမဖတ်။ ခု ဘဘကြီးတို့အိမ်ကတော့ ဖတ်လောက်သည်ထင်ပြီး ဘဘကြီးတို့အိမ်မှာ သတင်းစာရှိလားဟုမေးတော့ မရှိဘူးကွ ငါတို့ကသတင်းစာမယူဘူး ဟုပြောပြီး ဘာလုပ်မလို့လဲဟုမေးရာ ကျွန်တော်က လူပျောက်ကြော်ငြာထည့်မထည့် သိချင်လို့ပါဆိုတော့ သူတို့ အားလုံးကျွန်တော့်ကို အထူးအဆန်းသတ္တဝါလိုကြည့်နေကြသည်။ အမေခတို့ဆီနေတုန်းက သတင်းစာဟောင်း တွေထဲက ကာတွန်းတွေကိုဖတ်တုန်းကလည်း အမေခတို့ သည်လိုပဲ အံ့ဩတကြီးဖြစ်ဖူးသည်။
ကျွန်တော်တို့အိမ်မှာက ကြေးမုံသတင်းစာရော ဗိုလ်တထောင်သတင်းစာပါ ၂ စောင်လုံးယူသည်။ မနက် ၈ နာရီလောက် သတင်းစာလာပို့လျှင် မောင်နှမတွေ အလုအယက်။ အမေက သတင်းစာကို တခါတလေလှန်လှောကြည့်သည်မှလွဲ၍၊ နာရေးကြော်ငြာတွင် ဆွေမျိုးတွေ အသိမိတ်ဆွေတွေ ပါသည့်အခါကြည့်သည်မှလွဲ၍ သိတ်စိတ်မဝင်စား။ အကိုကြီး အမကြီးတွေက သတင်းစာတွေကို စေ့စေ့စပ်စပ်ဖတ်သည်။ အကိုကြီးကသတင်းစာထဲက နိုင်ငံခြားသတင်းတွေကို ဖတ်ရုံမက နိုင်ငံတကာရေးရာဂျာနယ်ကိုပါယူသည်။ ကျွန်တော်က သတင်းစာထဲက ကာတွန်းတွေကို သဘောကျသည်။
တကယ်လို့ အိမ်ကလူပျောက်တိုင်ထားသည်ဆိုလျှင် ကျနော် ဆရာဝဏ္ဏဆီမှာနေလို့မရတော့။ ပိုဆိုးသည်က ဦးစိန်ဝင်းသိသွားခြင်းပင်။ ဦးစိန်ဝင်းကနေမည်မဟုတ် မျက်လှည့်ဝိုင်းအမည်နှင့်ပါ အမေ့ကိုပြောနိုင်သည်။ ထိုအခါ အမေက ရဲစခန်းသွားပြောမည်။ ရဲကသိလျှင် လိုက်လာပြီးကျွန်တော့်ကို ဖမ်းကာအိမ်ပြန်အပ်မည်။ အိမ်ပြန်ရောက်လျှင် အိမ်ပြန်ရောက်လျှင်....ကျွန်တော်ဆက်မတွေးချင်တော့။ ဒါနှင့် ဘဘကြီး ကျွန်တော့်ကိုခေါ်ထားပါလား၊ ကျွန်တော် ဘဘကြီးတို့ဆီနေမယ်လေဟု အားကိုးတကြီးပြောမိသည်။ ဘယ်ဖြစ်မလဲကွ၊ မင်းမိဘတွေက ရဲတိုင်ထားရင် ခက်မယ်၊ နောက်ပြီး ငါက လူလည်းမလိုဘူးကွဟုပြောပါသည်။
ဤတွင် ကျွန်တော် အမေခတို့ကို ဆရာဝဏ္ဏတို့နှင့် ဘဘကြီးတို့နှင့် နှိုင်းကြည့်မိသည်။ အမေခက ကျွန်တော့်ကို ခေါ်သွားသည်မှာ သူတို့တွင် လူလိုနေလို့မဟုတ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း ဘာမှမလုပ်ခိုင်း၊ ကျွန်တော်က မနေတတ်လို့သာ ဝင်ဝင်လုပ်ခြင်းဖြစ်သည်။ လူပျောက်ကြော်ငြာတွေ ရဲစခန်းတိုင်တာတွေလည်း သူတို့မသိ၊ သိလျှင် ဘယ်လိုနေမလဲတော့ မပြောတတ်။ သေချာတာကတော့ ကျွန်တော့်ကို ခိုင်းဖို့ခေါ်ထားတာမဟုတ်။ ကျွန်တော်တွေးရင်း ဝမ်းနည်းလာသည်။ ငိုလည်းငိုချင်လာသည်။ အမေခတို့ဆီပဲ ပြန်ရင်ကောင်းမလားတွေးမိပါသည်။
ကဲ..ကဲ.. မောင်မျိုး မငိုနဲ့ မငိုနဲ့၊ ဘာမှလည်း ဝမ်းနည်းမနေနဲ့၊ လောလောဆယ်တော့ မင်း ဝဏ္ဏတို့နဲပဲနေ၊ နောက် ငါ လူလိုတဲ့အခါ မင်းကိုခေါ်မယ် ဟုတ်ပြီလားဟုပြောပါသည်။ ကျွန်တော် ဝမ်းနည်းတာ ငိုချင်တာက ရောထွေးနေသည်။ အမေခတို့ဆီပြန်ချင်တာလည်းပါသည်။ ဦးစိန်ဝင်းတွေ့သွားတာလည်းပါသည်။ ဘဘကြီးတို့ဆီ နေမရတာလည်း ပါသည်။ အိမ်ပြန်ရမှာကို စိုးကြောက်နေတာလည်းပါသည်။
တကယ်တော့ ကျွန်တော် အိမ်မပြန်ချင်။ ခုလိုပဲနေချင်သည်။ နောက်ဘာတွေဆက်ဖြစ်မည်ကိုလည်း မတွေးချင် မတွေးတတ်။ စိတ်ဓာတ်တော့ကျသလိုလိုဖြစ်သည်။ ဆရာဝဏ္ဏက မင်း ငါနဲ့နေမယ်ဆိုလည်းနေပါ၊ ငါလည်း စုံစမ်းကြည့်ပါဦးမယ်၊ တကယ်လို့ မင်းမိဘတွေက ရဲစခန်းတိုင်ထားတယ်ဆိုရင်တော့ မင်းဘာသာပြန်ချင်လည်းပြန် ငါ့လိုက်ပို့ပေးဆိုလည်းပို့ပေးမယ် ဟုတ်ပြီလားဟုပြောပါသည်။ ကျွန်တော် စိတ်နည်းနည်းသက်သာသွားသော်လည်း ဦးစိန်ဝင်းလို နောက်ထပ်အသိတွေနှင့် နောက်ထပ်ပွဲတွေမှာ တိုးမှာကြောက်တာတော့ အမှန်ပင်။ ဒါကို ငတင့်ပြောပြတော့ တွေ့တော့လည်း ဘယ်တတ်နိုင်မလဲကွာ ကြည့်ကြက်လုပ်တာပေါ့ဟုပြောသည်။ သူ့ ကြည့်ကြက်လုပ်တာပေါ့ကို ကျွန်တော် သေချာမသိသော်လည်း ကြည့်ကြက်လုပ်ရမည်ကတော့ အမှန်ပင်။
(ဆက်ပါဦးမည်)
0 comments:
Post a Comment