(ကညွှတ်ကွင်းအိမ်ပြေး ၅၇)
တော်လေးကြာတော့ ဝက်သားတတွဲနှင့် အထုတ်တွေနှင့် အမပြန်ရောက်လာသည်။ ဆရာဝဏ္ဏကမြင်တော့ မင်း ဝက်သားမစားဘူးမို့လားဟုမေးပါသည်။ ကျွန်တော် ခေါင်းညိတ်ပြတော့ မိန်းမရေ နင်တခြား ဘာပါလာသေးလဲဟ၊ မောင်မျိုးက ဝက်သားမစားဘူးဟုပြောတော့၊ ထင်တော့ထင်သား၊ ငါးဖမ်းမဆားနယ်ပါလာတယ် အဲ့ဒါ ကြော်ပေးမယ်ဟုပြောပါသည်။ ကျွန်တော် သူ့နံမည်မသိပါ။ သိစရာလည်း မလိုဟုထင်သည်။ ငတင့်လည်း သိသည်ဟုမထင်ပါ။ အမဟုခေါ်လိုက်လျှင် ပြီးပြီမဟုတ်လား။
နောက် အမက နောက်ဖေးကြမ်းပြင်တွင်ထိုင်ကာ ထုတာထောင်းတာ လှီးတာချွတ်တာတွေလုပ်သည်။ ထိုအချိန်တွင် မီးဖိုးပေါ်မှထမင်းအိုးက ပွက်လာသည်။ အကိုရေ တချက်လောက်မွှေပေးပါဦးဟုဆိုတော့ ဆရာကထပြီးမွှေသည်။ ပြီးတော့ အဲ့အနားတွင်ပဲ ဆောင့်ကြောင်ထိုင်နေပါသည်။ ခဏနေတော့ ဆရာက ထမင်းအိုးငှဲ့ပါသည်။ ကျွန်တော်က ဆရာ့ကိုအံ့ဩနေပါသည်။ ဆရာသည် ကွင်းထဲတွင် ဆရာမဟုတ်လား။ အိမ်တွင် ထမင်းအိုးငှဲ့စရာမလိုဟုလည်း ထင်မိပါသည်။
တအောင့်လောက်ကြာတော့ ကျွန်တော်တို့ ထမင်းစားကြသည်။ ကြမ်းပြင်ပေါ်ထိုင်ပြီး စားရတာဖြစ်သည်။ ဝိုင်းအလယ်တွင် ဝက်သားဟင်းတခွက်၊ ငပိရည်တို့စရာနှင့် ကျွန်တော့်ရှေ့နားတွင် ဆနွင်းဝါဝါနှင့်ငါးဖမ်းမဆားနယ်။ အမေခတို့လိုပဲ သူတို့လည်းဇွန်းကို ညာလက်နှင့်ကိုင်သည်။ ကျွန်တော် မသတီတော့။ မွေးကတည်းက ဝက်သား စားမလာသူလည်းဖြစ်၊ ဝက်သားကို မစားထိုက်သည့်အစာလည်းဖြစ်သည်ဟု သွန်သင်ခံထားရသူလည်းဖြစ်တော့ စိတ်ထဲတမျိုးကြီးဖြစ်နေသည်။ ဆိုးတာက ငပိရည်ဇွန်း။ ဝက်သားဟင်းနှင့် အားရပါးရနယ်ဖတ်စားနေသည့် သူတို့လက်များနှင့် ငပိရည်ဇွန်းကိုကိုင်တော့ ဇွန်းတွင် ဟင်းများပေနေသည်။ ဒါကို ကျွန်တော်ကပါ ညာလက်ဖြင့်ကိုင်ပြီး ခပ်လျှင် ကျွန်တော်ဝက်သားစားတာနှင့် ဘာထူးမည်နည်း။ ကျွန်တော် ဇဝေဇဝါဖြစ်နေသည်။ သူတို့ကတော့ ရိပ်ပင်မရိပ်မိ။ ကျွန်တော်က ဘယ်လက်ဖြင့်ကိုင်ချင်သည်။ သူတို့မကြိုက်မှာလည်း စိုးရသည်။ နောက်တော့ မထူးတော့ပါဘူးကွာဟုသဘောပိုက်ကာ ညာလက်ဖြင့်ပဲ ငပိရည်ဇွန်းကိုကိုင်လိုက်သည်။
ထမင်းစားပြီးကြတော့ ၄ ယောက်လုံး အိမ်ရှေ့ခန်းတွင်ထိုင်ကြသည်။ ညနေလည်း စောင်းနေပြီ။ ဆရာက အမကို ပိုက်ဆံတွေအပ်သည်။ တရက်နှစ်ရက်လောက်နေပြီး တိုက်ကြီးဘက်တက်မယ်၊ ပြည်လောက်အထိပေါ့၊ ဆယ်ရက်လောက်တော့ ကြာမှာပဲဟုပြောသည်။ အမက ဘာမှမထူးဆန်းသလိုပင် အကို အဝတ်တစုံလောက် ထပ်ချုပ်ပေါ့။ ခု ရလာနဲ့ဆို ဟိုဘက်ဆယ်ရက်လောက် လောက်တာအပြင် ပိုပါသေးတယ်ဟုပြောပါသည်။ ထား..ထား အဝတ်မချုပ်သေးဘူး၊ ငါ ဝယ်ရမှာလေးတွေရှိသေးတယ်ဟုပြောပါသည်။
ညကျတော့ ကျွန်တော်နှင့် ငတင့်က အပြင်ခန်းကဖျာပေါ်တွင် အိပ်ရသည်။ စောင်က နောက်တထည်ရသော်လည်း ခေါင်းအုံးကတလုံးတည်း။ ခြင်ထောင်လည်းတလုံးတည်း။ ကျွန်တော်က ခေါင်းအုံးကိုမအုံးချင်တာနှင့် မအုံး။ ခြင်ထောင်တလုံးတည်းနှစ်ယောက်အိပ်ရတာအပြင် စောင်ကသေးစော်လည်းနံသေးသည်။ တော်တော်နှင့်အိပ်မပျော်။ တအောင့်လောက်ကြာတော့ ကြမ်းက ကျွိကျွိ ကျွိကျွိနှင်မြည်ကာ လှုပ်လည်းလှုပ်လာပါသည်။ တကျွိကျွိအသံမှာ ပိုကျယ်လာသည်။ ကြမ်းလည်း ပိုလှုပ်လှုပ်လာသည်။ ထိုအချိန်တွင် ငတင့်လည်းနိုးလာပြီး ကျွန်တော့်ကို လက်ကုပ်ကာ အထဲဘက်လို့ လက်မနောက်ပြန်ပြပါသည်။ ကျွန်တော် ချက်ခြင်းသဘောမပေါက်။ ငတင့်က အမတို့ အလုပ်ဖြစ်နေကြပြီဟု လေသံတိုးတိုးဖြင့်ပြောမှ ကျွန်တော်လည်း သဘောပေါက်သွားပါသည်။ ခဏနေတော့ ကျွိကျွိမည်သံတွေတိတ်ကျသွားသည်။ အထဲက လှုပ်လှုပ် လှုပ်လှုပ် လုပ်နေသံတွေတော့ ကြားရပါသည်။ ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။
မနက်ကြတော့ ထမင်းကြမ်းနှင့်ပဲပြုတ်သုတ်စားကြပါသည်။ ဆရာဝဏ္ဏက ငါဒီနေ့ မြို့ထဲသွားရမယ်၊ ပစ္စည်းလေးနည်းနည်းဝယ်ဖို့ ကိုအောင်ကျော်မိုးတို့ဆီသွားရမယ်၊ ငတင့်မင်းနေခဲ့ ငါ မောင်မျိုးကို ခေါ်သွားမယ်ဟု ဆိုပါသည်။ ကျွန်တော်နှင့် ဆရာဝဏ္ဏမှော်ဘီရန်ကုန်ကားနှင့် ရန်ကုန်ဘက်ထွက်လာကြပါသည်။ ထောက်ကြန့်တွင် ကားရပ်သော်လည်း အသိတယောက်နှင့်မှ မတိုးပါ။ ကားပေါ်တွင်လည်း အသိတယောက်မှမပါပါ။ စိတ်အတော်သက်သာရာရပါသည်။
လှိုင်ရောက်တော့ တနေရာတွင်ဆင်းကြပါသည်။ ရပ်ကွက်တွေထဲဖြတ်ပြီး လျှောက်လာရင်း ပျဉ်ထောင်အိမ်ကြီးကြီး တလုံးရှေ့ရောက်တေ့ ဒါ ဆရာ အောင်ကျော်မိုးအိမ်ပဲ။ နောက်အပတ်လောက်ဆို ငတင့်ဒီမှာနေရတော့မှာ၊ မင်းကတော့ ငါနဲ့အတူနေပေါ့ဟုပြောပါသည်။ ငတင့်ပြောပြောနေသည့် ဆရာကြီးအောင်ကျော်မိုးဆိုပါလား။ ကျွန်တော် တွေ့ဖူးချင်နေသည်။ ဆရာကြီးမှာ ပြကွက်တွေအများကြီးကွ၊ သံစည်ပိုင်းထဲလူထည့်ပြီး မီးရှို့ပြတာတွေ၊ ထန်းခေါက်ဖာထဲလူထည့်ပြီး သံချွန်တွေနဲ့ ထိုးပြတာမျိုးတွေရောပဲကွဟု ငတင့်ပြောဖူးသည်။
ကျွန်တော်တို့ အိမ်ထဲဝင်သွားတော့ အောက်ထပ်ကဧည့်ခန်းထဲမှာ ဆရာအောင်ကျော်မိုးနှင့်တွေ့ရသည်။ ဝဏ္ဏလာကွ ဘယ့်နှယ်လဲ မင်းတောင်ငူပွဲဆက်တွေဟုမေးပါသည်။ ဆရာဝဏ္ဏပြန်ပြောတာတွေကြားတော့မှ တောင်ငူကနေ ကျွန်းကလေးအထိ တောက်လျှောက်ပြလာခဲ့မှန်းသိရသည်။ မဆိုးပါဘူးဆရာ အလုပ်ဖြစ်ပါတယ်ဟုပြောပြီး စကားအဆုံးသတ်သည်။ ဆရာအောင်ကျော်မိုးကို ပိုက်ဆံတွေပေးတာမြင်သည်။ ကျွန်တော်ဆယ်ရက်လောက် ဆက်ယူထားဦးမယ်ပြောတော့ မြွေကြီးကိစ္စများလားဟု တွေးမိပါသည်။ ပစ္စည်းယူဦးမယ်ဆရာဟု ပြောပြီး နှစ်ယောက်သား အပေါ်ထပ်တက်သွားကြပါသည်။ ဆရာအောင်ကျော်မိုးကအိမ်မှာက ဘဘကြီးတို့အိမ်မှာလိုပဲ ပစ္စည်းတွေစုံသည်၊။ ဆောင်းဘောက်ကြီးတွေ သေတ္တာကြီးတွေလည်း မြင်သည်။ နောက်တော့ ဆရာဝဏ္ဏက သူ့ အတက်ချီကေ့စ်လေးဆွဲကာ ပြန်ဆင်းလာသည်။ လက်ထဲမှာတော့ အထုတ်တဘက်နှင့်။
ပြန်ကြစို့ကွာ သမိုင်းလမ်းဆုံရောက်ရင် ထမင်းစားမယ်ဟုပြောပြီး သူ့လက်ထဲကအထုတ်ကို ကျွန်တော့်အားပေးသည်။ အထုတ်က တော်တော်မွှေးသည်။ ဆရာပြောသည့် သိဒ္ဓိတင်ပြီးသားနံ့သာဖြူဆီအနံ့။ အထဲမှာ ဖန်ပုလင်းတွေက တလုံးနှင့်တလုံးပွတ်တိုက်သံကြောင့် တကျီကျီမြည်နေသည်။ ဟာ...ဒါ ဆရာပြောတဲ့ ဓာတ်ခန်းဝင်ထားတဲ့ ကြုတ်ကလေးတွေပါလား။ ကျွန်တော် တော်တော်အံ့အားသင့်သွားပါသည်။ ဆရာပြောတော့ ပုပ္ပါးနယ်ဘက်က တရားကျင့်ကာ သာသနာပြုရင်း ဘုရားတည်နေသည်ဆိုသည့် အထက်လမ်းပုဂ္ဂိုလ်ဆီကမဟုတ်ဘဲ ဆရာအောင်ကျော်မိုးဆီကဖြစ်နေသည် မဟုတ်ပါလား။
(ဆက်ပါဦးမည်)
0 comments:
Post a Comment