"စာရေးခြင်း အတတ်ပညာ"
(မြသန်းတင့်)
နာရီတလုံးကိုလုပ်တဲ့နေရာမှာ အတတ်ပညာရှိသလို စာအုပ်တအုပ်ကို လုပ်တဲ့နေရာမှာလည်း အတတ်ပညာရှိတယ်လို့ လာဘရုယေးက ပြောခဲ့ဖူးတယ်။ ဒီအချက်ကို ကာလအတန်ကြာကတည်းက သဘာတူခဲ့ကြပြီးဖြစ်မှာပါ။
စာအုပ်တအုပ် လုပ်တယ်ဆိုတဲ့နေရာမှာ အတတ်ပညာတခုကို လေ့လာသင်ကြားရခြင်းဖြစ်တယ်ဆိုတာ ဘာသံသယမှ ရှိစရာမလိုဘူး။ ဒီအတတ်ပညာဟာလည်း စာရေးခြင်းအလေ့အကျင့်ဖြင့််သာ ရနိုင်ပါတယ်။ ပထမတပုဒ်၊ ပထမတခါ ရေးရုံနဲ့ အောင်မြင်တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။
တချို့ စာရေးဆရာတွေရဲ့ ပထမဆုံးပုံနှိပ်ထုတ်ဝေတဲ့ လက်ရာတွေဟာ သိပ်ကောင်းပြီး အတတ်ပညာကျွမ်းကျင်မှု ရှိတယ်လို့ ထင်ရတယ်။ ဒါပေမယ့် တကယ်ကတော့ သူတို့ဟာ လက်သင်စာရေးဆရာတွေ၊ ခုမှ စာစရေးတဲ့သူတွေ မဟုတ်ကြပါဘူး။ တချို့က သူတို့ အခန်းကလေးထဲမှာ သူတို့ဘာသာ သူတို့စာတွေကို တကုတ်ကုတ် ရေးနေကြတယ်။
တချို့ကလည်း ရှေးခေတ်က စာရေးဆရာကြီးတွေရဲ့စာတွေကို လေ့လာဖတ်ရှုခဲ့ကြရတယ်။ ဒါပေမယ့် စာရေးဆရာ အလုပ်ဟာ အတတ်ပညာတခုဖြစ်တယ်လို့ဆိုခဲ့သည့်တိုင် နာရီပြင်ဆရာရဲ့ အတတ်ပညာနဲ့တော့ မတူဘူး။ နာရီပြင်ဆရာကတော့ အဆင်သင့်ရှိတဲ့ ပစ္စည်းကိရိယာ အပိုင်းအစလေးတွေကို သူ့နေရာနဲ့သူ အတိအကျကောက်ပြီး တပ်ဆင်သွားရုံပါပဲ။ စာရေးဆရာကတော့ ကလောင်တံနဲ့ စက္ကူပေါ်မှာချရေးနေစဥ်အတွင်းမှာပဲ ကိုယ့်စာအုပ်ရဲ့ ဖွဲ့စည်း တည်ဆောက်မှုပုံစံတို့ကို ဖန်တီးယူရတယ်။ ဒါတင်မကဘူး။ စာအုပ်ထဲမှာ ထည့်ပြီး ရေးရမယ့် အကြောင်းအရာတွေကိုလည်း ဖန်တီးယူရတယ်။
ကောင်းပြီ။ ဒီလိုဆိုရင် စာရေးဆရာတယောက်ရဲ့ သင်ကြားမှုဟာ ဘယ်လိုသဘာဝမျိုးလဲ။ စာအုပ်တအုပ်ဟာ စကားလုံးတွေနဲ့ပြုလုပ်ထားတာဖြစ်တယ်။ စာရေးဆရာအလောင်းအလျာတယောက်ရဲ့အဖို့ အရေးကြီးအရာကတော့ ဝေါဟာရကြွယ်ဝဖို့နဲ့ သဒ္ဒါကိုနိုင်နင်းဖို့ပါပဲ။သူဟာ မိမိ တိုင်းရင်းသား ဘာသာစကားအကြောင်းကို ကောင်းစွာ နားလည်ပြီး ရေးထုံးကိုနားလည်ရပေလိမ့်မည်။ ဒါမှသာလျှင် ကိုယ်ဆိုလိုချင်တဲ့အဓိပ္ပါယ်ကိုဖော်ပြတဲ့ စကားလုံးကို ရွေးချယ်နိုင်လိမ့်မယ်။ ဒါမှသာလျှင် ရှုပ်ထွေးပြီး ခွန်အားမဲ့တဲ့ဝါကျတို့ကို မတည်ဆောက်မိဘဲ ရှောင်ကွင်းနိုင်လိမ့်မယ်။
တခါတလေမှာ စာရေးဆရာကြီးတွေကိုယ်တိုင် စကားလုံးဟောင်းတလုံးကို အဓိပ္ပာယ်အသစ်တမျိုးနဲ့သုံးတာ၊ ဝါကျဖွဲ့ထုံးမှာ ကပြောင်းကပြန်တွေလုပ်ပစ်တာတွေ မရှိဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။ ရှိပါတယ်။ သူတို့လို စာရေးဆရာကြီးကျတော့ ဒီလို လွတ်လပ်ခွင့်ယူပြီး သမရိုးကျအစဥ်အလာတွေကိုဖောက်ပြီး ရေးကြတဲ့အတွက် တော်ပါတယ်လို့ ချီးကျူးကောင်းချီးကျူးကြမယ်။ ဒါပေမယ့် ကလောင်အသစ်လေးတွေက သွားရေးရင်တော့ လမ်းသစ်ထွင်တယ်လို့ထင်မှာ မဟုတ်ဘူး။ နားမလည်လို့ရေးတယ်လို့ ထင်ကြမှာပဲ။
ဂီတစာဆို အကျော်အမော်တယောက်ဟာ သူ့သံစဥ်ထဲမှာ အသံကြောင်လေးတွေကို ထည့်ပြီးသုံးနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီလိုနည်းအားဖြင့် မျှော်လင့်မထားတဲ့ အသံလေးတွေကို နားထဲရောက်သွားအောင် လုပ်ပိုင်ခွင့်ရှိတယ်။ ထူးချွန်တဲ့ ပန်းချီဆရာတယောက်ဟာ သူ့ပုံတပုံကို ကို့ရို့ကားယား ဆွဲချင်ဆွဲမယ်။ ဒီလိုဆွဲတာဟာ ပန်းချီမဆွဲတတ်လို့ မဟုတ်ဘူး။ ပန်းချီကို သိပ်နိုင်နင်းတဲ့အခါကျတော့ ဆန်းသစ်တီထွင်မှုတွေကိုလုပ်လို့ဖြစ်တယ်။ ဒီလို လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဒါကြောင့်မို့ လူငယ် စာရေးဆရာတွေအတွက် ပထမဆုံး အရေးကြီးတဲ့အရာကတော့ တိကျတဲ့စကားလုံးတွေ၊ ဝေါဟာရတွေကိုစုဆောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါဖြစ်ရင် ဘယ်လောက်ထိ စုဆောင်းရမှာလဲ။ အများကြီး စုဆောင်းရမှာလား။ ကျွန်တော့အထင်ပြောရရင်တော့ ဘယ်ရွေ့ဘယ်မျှထိ စုဆောင်းရမယ်။ ဝေါဟာရကို နိုင်နင်းရမယ် လို့တော့ ပုံသေကားချမပြောနိုင်ဘူး။ ရှေးက ဂန္တဝင်စာရေးဆရာကြီးတချို့ဆိုရင် သူတို့ပြောချင်တာ၊ ပြောလိုတာ မှန်သမျှကို စကားလုံးနည်းနည်း ကလေး နဲ့ ပြောသွားကြတာပဲ။
ဒီနေရာမှာ ရေစင်းထက်ကောင်းတဲ့ ဥပမာတော့ ရှိမယ် မထင်တော့ဘူး။ တချို့ စာရေးဆရာကြီးတွေကျတော့လည်း ခိုင်မာတဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတွေကို အများကြီးသိကြတယ်။ ရှာတိုဘရိုင်းယန်းဆိုလို့ရှိရင် ရှေးဟောင်းပေါရာဏ စကားလုံးတွေကို အစားထိုးလေ့ရှိတယ်။ စုဆောင်းလေ့ရှိတယ်။ ဘားလ်ဇက်ကတော့ ဘဏ်လုပ်ငန်းရှင်တွေ၊ သတင်းစာဆရာတွေ၊ ရဲအရာရှိတွေ၊ ရှေ့နေရှေ့ရပ်တွေနဲ့ အခြားသော အသက်မွေးမှုလုပ်ငန်းရှင်တွေ သုံးလေ့သုံးထရှိတဲ့ စကားတွေကို အများကြီးနားလည်တယ်၊ ဗာလေရီကတော့ စကားပြေရေးရင် သိပ္ပံပညာကစကားလုံးတွေကို သဘောကျလေ့ရှိတယ်။
စာစပြီး ရေးတဲ့ ကလောင်အသစ်တယောက်အဖို့ ဘယ်လို စကားလုံးတွေ၊ ဘယ်လို ဝေါဟာရတွေ လေ့လာရမလဲ ဆိုတာကတော့ သူဘယ်ဘာသာရပ်ကို ရေးဖို့ ရွေးချယ်သလဲဆိုတာပေါ်မှာ တည်တယ်။ ပညာရပ်ဆိုင်ရာ စကားလုံးများဟာ၊ စာပိုဒ်များဟာ ပညာရပ်ဆိုင်ရာအကြောင်းအရာများအတွက် အကောင်းဆုံးဖြစ်ပေမယ့် ဝတ္တုတို ရေးတဲ့အခါမျိုးကတော့ ဟိတ်ဟန်များပြီး ဖောင်းပွနေတတ်တယ်။ အများသုံးတဲ့ ရှင်းလင်းလွယ်ကူတဲ့ စကားလုံးတွေဟာ ပညာရှိဆန်တဲ့စကားလုံးတွေထက် အမြဲတမ်းကောင်းတယ်။ ဒဿနဆရာတွေသုံးတဲ့ စကားကြီး စကားကျယ်တွေဟာ အတွေးအခေါ်ခေါင်းပါးတာကို အမြဲတမ်းဖုံးကွယ်မထားနိုင်ပါဘူး။ ကလောင်သစ်များအဖို့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ စာရေးဆရာကြီးတွေရဲ့ စာတွေကိုဖတ်တာဟာအကောင်းဆုံးပဲ။ အဲဒီစာတွေကို ဖတ်လိုက်ရင် ဝတ္တုကောင်းတပုဒ်၊ လက်ရာကောင်းတပုဒ်ဖြစ်အောင် ဘယ်လိုရေးလို့ရတယ်ဆိုတာကို သိလာနိုင်တယ်။ စာရေးဆရာကြီးတွေရဲ့နည်းနာတွေကို ရင်းနှီးကျွမ်းဝင်လာရင် နမူနာကောင်းတွေကို ရလာလိမ့်မယ်။
အစမှာတော့ အခြား စာဖတ်ဝါသနာပါသူတဦးလို အပျင်းပြေလျှောက်ဖတ်ကြည့်တာမျိုးပေါ့။ နောက်တော့ အဲဒီစာအုပ်နဲ့ တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာပြီး အဲဒီစာအုပ်ကို တစစီတစစီ လေ့လာပုံမျိုးနဲ့ အထပ်ထပ် ဖတ်ဖြစ်သွားပါလိမ့်မယ်။ ဒီလိုနည်းနဲ့ သူတို့ ဒီလိုကောင်းအောင် ဘယ်လိုများရေးပါလိမ့်မလဲလို့ စူးစမ်းလာမိလိမ့်မယ်။ ဘားလ်ဇက်ရဲ့ ဝတ္တုတပုဒ်၊ ချက်ကော့ရဲ့ ဝတ္တုတပုဒ်၊ ရှိတ်စပီးယားရဲ့ ပြဇာတ်တပုဒ်ဟာ ဘယ်လိုများရေးပါလိမ့်လို့ စူးစမ်းလာမိလိမ့်မယ်။ ပါရမီရှင်တယောက်ဖြစ်ဖို့အတွက် ဆေးနည်းရယ်လို့တော့ ဘယ်ရှိမလဲ။ ဒါပေမယ့် အဲဒီ စာအုပ်တွေဖတ်ပြီး ဖွဲ့နွဲ့မှုအနုပညာ၊ တည်ဆောက်မှုအနုပညာနဲ့ အချီအချ စကားပြောခန်းတွေကို အသုံးချပုံ စတာတွေကိုတော့ လေ့လာနိုင်မှာပဲ။ ကိုယ်ရေးထားတဲ့ ဇာတ်ဆောင်တွေကို တော်စတွိုင်းရဲ့ဇာတ်ဆောင်တွေလို အသက်ဝင်နေအောင်လုပ်ချင်ရင် သူ့ရေးဟန်ကို လေ့လာရမယ်။
တော်စတွိုင်းဟာ သူ့ဇာတ်ဆောင်တွေကို အမူအရာတွေနဲ့ဖော်ပြတာ၊ စိတ်အပြောင်းအလဲတွေနဲ့ဖော်ပြတာ သူတို့ရဲ့ စကားအသုံးအနှုန်းတွေနဲ့ဖော်ပြတာကို တွေ့ရလိမ့်မယ်။ ယေဘုယျ အတွေးအခေါ်တွေကနေပြီး လူပုဂ္ဂိုလ်တယောက်ရဲ့လုပ်ဆောင်မှုအဖြစ် ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကိုပြတဲ့ ပရုစ်ရဲ့နည်းတွေကို ကျွန်တော်တို့ အထူးလေ့လာ သင့်တယ်။ သူဟာ အဲဒီနည်းတွေကို ဂျော့အဲလိယော့၊ ဒစ်ကင်းစ်နဲ့ ရပ်စကင်းနဲ့ စတဲ့ စာရေးဆရာကြီးတွေဆီက ရခဲ့ခြင်းဖြစ်ပါတယ်။ ဘယ်လိုရခဲ့သလဲ။ သူတို့ စာအုပ်တွေကို အမြဲတမ်းဖတ်၊ သူတို့ စာတွေကို ဘာသာပြန်၊ သူတို့စာတွေကို ကောက်နုတ်ကိုးကား၊ သူတို့ စာတွေလို လိုက်ရေးကြည့်ခြင်းဖြင့် ရခဲ့တာဖြစ်ပါတယ်။
ဒါဖြင့်ရင် စာရေးဆရာကြီးတွေကို ပုံတူခိုးချနေတာမျိုး မဖြစ်ဘူးလား၊ အန္တရာယ်မရှိဘူးလားလို့ မေးစရာရှိပါတယ်။ ကျွန်တော်တို့ပြောနေတာက ကလောင်သစ်ကလေးတွေကို ဒုတိယ ဘားလ်ဇက်ဖြစ်ဖို့၊ ဒုတိယ ဒစ်ကင်းဖြစ်ဖို့ ပြောနေတာမဟုတ်ဘူး။ သူ့ဟာသူဖြစ်ဖို့ ပြောနေတာ။ အန္တရာယ်ရှိတယ်လို့ထင်ရင် ဒါဟာ အထင်ပဲဖြစ်ပါလိမ့်မယ်။
ပထမအချက်အားဖြင့် ကလောင်သစ်ကလေးဟာ ကျွန်တော်တို့ရဲ့ ခေတ်ပြိုင်ဘဝကို ဒီနေ့အချိန်မှာ ဘားလ်ဇက်ရေးသလို ရုတ်တရတ် ချက်ချင်း ကောက်ကာငင်ကာရေးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ သိပ်ကို ဝမ်းသာစရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးဖြစ်မှာပဲ။ ဒါပေမယ့် တကယ်ကတော့ ကလောင်သစ်ကလေးဟာ ဘယ်လောက်ပဲ ပါရမီ ထူးချွန်သည်ဆိုစေ အဲဒီလို မရေးနိုင်ပါဘူး။ သူဟာ စာရေးဆရာကြီးတွေရဲ့ နည်းအချို့ကိုရကောင်းရမယ်။ ဒါပေမယ့် သူကလည်း သူနည်းနဲ့သူ သုံးမှာပေါ့။ စာရေးဆရာကြီးတွေကို အတုခိုးပြီး ရေးတယ်ပဲထားပါဦး။ တချိန်ချိန် ရောက်လာတဲ့ အခါမှာ သူ့ရဲ့ ပါရမီဉာဏ်ဟာ ရှေ့ကိုရောက်လာပြီး အတုခိုးဖို့ကိစ္စတွေဘာတွေကို အကုန်မေ့၊ အကြောင်းအရာကို သူကိုယ်တိုင်ခံစားပြီး သူ့နည်းနဲ့သူ ရေးသွားမှာပေါ့။ စာရေးဆရာ မော်ရီသေးဟာ တခါတုန်းက ဗိုဆွေးကို တသွေမတိမ်းလိုက်ပြီး အတုခိုးဖို့ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ချက်ချင်းဆိုသလိုပဲ ပထမတန်းစား မောရီယေး ပေါ်လာခဲ့တာပါပဲ။
ကျွန်တော်တို့ဟာ အရင်တုန်းက ဘယ်သူမှ မရေးခဲ့ဖူးတဲ့စာမျိုး ဘယ်သူနဲ့မှမတူတဲ့စာမျိုးကို ရေးနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပါဘူး။ စာပေမှာ စာရေးဆရာတိုင်း၊ လူတိုင်းဟာ တယောက်ယောက်ရဲ့ စိတ်ဓာတ်အမွေရတဲ့ သားသမီးတွေချည်းပါပဲ။ မူဆေးမှာ ဘိုင်ရွန်ရဲ့ ကျေးဇူးတွေ ရှိတယ်။ ဘိုင်ရွန်မှာ ဗော်လ်တဲယားရဲ့ ကျေးဇူးတွေရှိတယ်။ ဗော်လ်တဲယားမှာ ဂျိုနသန်ဆွစ်ဖ်ရဲ့ကျေးဇူးတွေ ရှိတယ်။ အရေးကြီးတာက ကလောင်သစ်တယောက်ဟာ အခြားသူများရဲ့ ရေးဟန်ကို လေ့လာခြင်းဖြင့် အဆုံးမှာ ကိုယ်ပိုင် ဟန်တခုကို မွေးမြူနိုင်အောင်လုပ်ဖို့ပါပဲ။
0 comments:
Post a Comment