(ကညွှတ်ကွင်းအိမ်ပြေး ၅၉)
အမေ။ ကျွန်တော် အံအားလည်းသင့် လန့်လည်းလန့်သွားပါသည်။ ပါးစပ်မှလည်း “အမေ”ဟုထွက်သွားပါသည်။ လန့်သွားသည်ဆိုမှာ အမေ့ကိုကြောက်ခြင်း မဟုတ်ဘဲ မထင်မှတ်သည့်အချိန် မထင်မှတ်သည့်နေရာတွင် အမေ့ကို တွေ့လိုက်ရသောကြောင့် အထိတ်တလန့် ဖြစ်သွားခြင်းဖြစ်ပါသည်။ ကျွန်တော့်လက်မောင်းကိုင်ထားသည့် အမေ့လက်မှာ တင်းတင်းကျပ်ကျပ်။ ဘယ်တော့မှ ပြန်မလွှတ်တော့မည့် တင်းကျပ်မှုမျိုး။ ကျွန်တော် နည်းနည်းရုန်းကြည့်သည်။ မရ။ သို့ဖြင့်ကျွန်တော်မတ်တပ်ရပ်လိုက်ရသည်။
ထိုအချိန်တွင် လူလည်း အထိုက်အလျှောက် စုမိနေပြီ။ လူတွေက ကျွန်တော်နှင့် အမေ့ကိုကြည့်နေကြသည်။ ငတင့်ကလည်း အူကြောင်ကြောင်ဖြင့် ကျွန်တော်တို့ကိုကြည့်နေသည်။ အမေက ဘယ်မှာလဲ ဝဏ္ဏဆိုတာဟုမေးတော့ ကျွန်တော် အယောင်ယောင်အမှားဖြင့် ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသေးသည်။ စိတ်ပူနေသော်လည်း အမေ့လေသံမှာ ပုံမှန်ပင်။ ကားဂိတ်တဲထဲက ဆရာဝဏ္ဏအား လက်ညှိုးထိုးပြရင်း ဟိုမှာအမေဟုပြောလိုက်ချိန်တွင် သူကလည်း ကျွန်တော်တို့ကို ကြည့်နေချိန်ဖြစ်သည်။ အမေက ကျွန်တော့်လက်ကိုဆွဲယူကာ ကားဂိတ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။
ကားဂိတ်ထဲတွင် ကားသမားများနှင့် ခရီးသည်တချို့ရှိနေသည်။ အမေက ကျွန်တော့်လက်မောင်းကိုဆွဲကာ ဆရာဝဏ္ဏဆီသို့တည့်တည့်သွားပြီး ဒါငါ့သားပဲ၊ ပျောက်လို့လိုက်ရှာနေတာ၊ ရဲစခန်းမှာလည်း လူပျောက်အမှု ဖွင့်ထားတယ်၊ ငါ အခု ခေါ်သွားမယ်၊ ယီးတီးယားတာလုပ်ရင်တော့ ငါ ရဲခေါ်မယ်ဟု တဆက်တည်းပြောတော့ ဂိတ်တဲထဲက လူတွေက အမေ ကျွန်တော်နှင့် ဆရာဝဏ္ဏတို့ကို တလှည့်စီကြည့်နေကြသည်။ မင်းနှယ်ကွာ ဘယ်ကမှန်းမသိတဲ့ ဘယ်သူ့သားသမီးမှန်းမသိတဲ့ကလေးတယောက်ကို ခေါ်ခိုင်းရတယ်လို့ဟုပြောသည် အမေ့လေသံတွင် ပြစ်တင်သံ ပါနေသည်။ ကျွန်တော်ခေါ်လာတာမဟုတ်ပါဘူး အန်တီ သူ့ဘာသာကျွန်တော့်နောက် လိုက်လာတာပါ ဟု ဆရာဝဏ္ဏက ရို့ရို့ကျိုးကျိုးပြန်ဖြေပါသည်။
အေးလေ သူက လိုက်လာဦးတောင် မင်းက မိဘတွေအကြောင်းမေးမြန်းပြီး အိမ်လိုက်ပို့ဖို့ကောင်းတာပေါ့၊ ခုတော့ ဘယ့်နှယ်ကွယ် မျက်လှည့်ဝိုင်းမှာ ခိုင်းစားရတယ်လို့ဟု ထပ်ပြောပါသည်။ ထိုအခါ ဆရာဝဏ္ဏလေသံပြောင်းသွားပြီး ကျွန်တော် ခိုင်းစားတာမဟုတ်ပါဘူး သူ နေစရာမရှိ စားစရာမရှိဖြစ်နေလို့ ကြည့်ရှုထားတာပါ၊ သူ့လည်းမေးကြည့်ပါဟု ခတ်ဆတ်ဆတ်လေးပြန်ပြောပါသည်။ ဂိတ်တဲထဲက လူတွေကလည်း ကျွန်တော်တို့ကို တလှည့်စီလိုက်ကြည့်ရင်း တိုးတိုး တိုးတိုးပြောနေကြသည်။
ကဲကဲထားပါတော့ ငါ့သားက ဒုက္ခရောက်နေလို့ မင်းကကြည့်ရှုထားတာဆိုလည်း ကျေးဇူးတင်ပါတယ်၊ ကဲ အန်တီ သူ့ကို တခါတည်းခေါ်သွားမယ် ဟုတ်လားဟုပြောတော့ ဆရာဝဏ္ဏက ဟုတ်ကဲ့ဟုတခွန်းသာပြောပြီး ကျွန်တော့်ကို နှုတ်ဆက်သလိုကြည့်နေပါသည်။ ငတင့်လည်း လူတွေတန်းလန်းထားခဲ့ပြီး ကျွန်တော်တို့ဆီရောက်ချလာပါသည်။ ကျွန်တော်က ငတင့် ငါ အမေနဲ့ပြန်လိုက်သွားတော့မယ်ဟုပြောတော့ ငတင့်က အေးဟုတခွန်းပြောပါသည်။ ကျွန်တော်ကသာ စိတ်မကောင်းသလိုလို ဝမ်းနည်းသလိုလိုဖြစ်နေသော်လည်း ငတင့်မျက်နှာတွင် ဘာခံစားမှုမှ ရှိမနေပါ။ ကျွန်တော်နှင့် ခဏဆုံရသည် ခုပြန်ခွဲရသည်။ သူ့အဖို့မဆန်းသလိုဖြစ်နေသည်။ တကယ်က ကျွန်တော် ငတင့်ကို ခင်သည်။ ခင်သည်ဆိုတာထက် သနားသလိုဖြစ်တာက ပိုသည်။ ခုတော့ ကျွန်တော်ခင်သည့် သနားသည့် ငတင့်နှင့်ခွဲရတော့မည်။ ဘယ်တော့ ပြန်တွေ့ရမယ်မှန်း မသိတော့။
ဆရာဝဏ္ဏ ကျွန်တော့် လက်မောင်းကိုကိုင်ကာ ကဲ...မောင်မျိုး မင်းအမေနဲ့လိုက်သွားတော့၊ ငါ နောက် ထောက်ကြန့်ကို လာပြတဲ့အခါ မင်းလာခဲ့ပေါ့ကွာ၊ အဲ့ဒီတော့ တွေ့ကြတာပေါ့ဟု ပြောပါသည်။ ကျွန်တော် ငိုချင်သလိုလို ဝမ်းနည်းသလိုလိုခံစားရသည်။ သို့သော် မငိုမိ။ အမေက ကျွန်တော့်လက်ကိုဆွဲကာ ကားပေါ်တက်လာချိန်တွင် ကျွန်တော် အသာတကြည်လိုက်ခဲ့သည်။
ကားပေါ်ရောက်မှ နောက်ပြန်လှည့်ကြည့်တော့ ငတင့်နှင့်ဆရာဝဏ္ဏကို ဝေဝေဝါးဝါးမြင်ရသည်။ ကျွန်တော့် မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံနေသည်။ ကားနားအထိလိုက်လာသော ငတင့်က ကားအောက်မှနေ၍ လက်ထောင်ကာ တာ့တာဆိုသည့်သဘောဖြင့် ယမ်းပြသည်။ သူတကယ်တော့ ဝမ်းနည်းနေပါလိမ့်မည်။ ဆရာဝဏ္ဏက ကျွန်တော့်ကို လှမ်းပြုံးပြနေသည်ဟုထင်ပါသည်.။
ကားပေါ်ထိုင်မိတေ့မှ အမေက ဟင်းချကာ အမေစိတ်ပူလိုက်ရတာ သားရယ်။ မင်းနှယ် တော်တော် လုပ်ရက်တာပဲဟု ပြောကာ ကျွန်တော့်ကို တင်းကျပ်နေအောင် ဖက်လိုက်ပါသည်။ ကားကြီးလည်း ဘီးစလှိမ့်ပါပြီ။ လက်ပြနေသော ငတင့်လည်း ကားဘေးတွင်မရှိတော့။ ဆရာဝဏ္ဏလည်း ဂိတ်တဲထဲမှ ထွက်သွားသည်။ ထိုအချိန်တွင် ကျွန်တော် ဝမ်းနည်းသလိုလို ဝမ်းသာနေသလိုလိုဖြစ်နေပါသည်။ စိတ်က အဖေဦးဖိုးထောင်ဆီရောက်လိုက်၊ အမေခဆီရောက်လိုက်၊ ငတင့်ဆီရောက်လိုက်၊ ဆရာဝဏ္ဏဆီရောက်လိုက်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၈။ ၂၀၂၃
0 comments:
Post a Comment