Wednesday, January 30, 2019

(သူ့ခေတ်နှင့်သူ့အခါ) ဂါစီယာမားကွက်(စ) ပြန်ဆိုသူ - မောင်သစ်ဆင်း

0 comments
သူ့ခေတ်နှင့် သူ့အခါ ဂါစီယာမားကွက်(စ) ပြန်ဆိုသူ - မောင်သစ်ဆင်း
နိုဘယ်ဆုရ ကိုလံဘီယာနိုင်ငံသားစာရေးဆရာ ဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ အရာကာတကာ၌ မွေးဖွားသည်။ သို့သော် မက္ကဆီကိုနှင့် ဥရောပ၌ အနေများသည်။ ဘိုဂိုတာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး EL Espectador အမည်ရှိ ကိုလံဘီယာသတင်းစာ၌ သတင်းထောက်နှင့် ရုပ်ရှင်ဝေဖန်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူ၏ “အထီးကျန်နှစ်တစ်ရာ” One Hundred years of solitude ဝတ္ထုမှာ အကောင်းဆုံး ခေတ်ပေါ်ဝတ္ထုဟု အသိအမှတ်ပြုကြသည်။ No one writes to the colonel, Leaf Storm နှင့် ဝတ္ထုတိုအများအပြား ရေးသားခဲ့သည်။

သူ၏ဝတ္ထုတိုများတွင် လက်တင်အမေရိက၏ပုံရိပ်များဖြစ်သည့် ပူပြင်းသောနေ့လယ်ခင်းများ၊ တစ်နေရာနှင့်တစ်နေရာ မိုင်များစွာ ဝေးကွာသည့် မြို့များ၊ သွေးဆူသည့် စရိုက်များ၊ အာဏာရှင်များ စသည်တို့ကို ရေးဖွဲ့လေ့ရှိသည်။ ယခု သူ့ခေတ်နှင့်သူ့အခါ “one of these days” ကို ဘာသာပြန် ဖော်ပြလိုက်ပါသည်။

ဤဝတ္ထုတိုတွင် လက်တင်အမေရိကသားတို့၏စရိုက်နှင့် အာဏာရှင်စနစ်အောက်မှလူတို့၏ နှလုံးသားကို တွေ့မြင်နိုင်သည်။



တနင်းလာနေ့ နံနက်ခင်း။

မိုးရိပ်ကင်းစင် ကြည်လင်ဝင်းပ။

အော်ရီလီယိုအက်စကိုဗာက ထုံးစံအတိုင်း စောစောစီးစီးထပြီး သူ့ဆိုင်ကို ခြောက်နာရီမှာဖွင့်လိုက်တယ်။ သူက သွားစိုက်ဆရာ။ ဒါပေမယ့် အသိအမှတ်ပြုလက်မှတ် တစ်စုံတစ်ရာတော့ မရှိဘူး။ လူပုံက ပိန်လှီလှီ ရှည်မျောမျော။ လည်ကတုံး အင်္ကျီစင်းကြီးကို ကုပ်ပိုးမှာ ရွှေရောင်နှိပ်ကြယ်သီး တပ်ထားတယ်။ ဘောင်းဘီကို ပခုံးသိုင်းကြိုးနဲ့ ပင့်ထားတယ်။ သူ့ကြည့်ရတာ နားထိုင်းနေသလိုပဲ။ ဒါကလည်း ဒီနေ့ အခြေအနေနဲ့တော့ ခပ်ကိုက်ကိုက်လို့ ဆိုရမယ်။



မှန်ဗီရိုထဲက ပလာစတာပုံလောင်းထားတဲ့သွားတုတွေကို ထုတ်ပြီး စားပွဲပေါ် တင်တယ်။ ကိရိယာတန်ဆာပလာ လက်တစ်ဆုပ်စာကို အရွယ်အစားအလိုက် စီပြီးဖြန့်တယ်။ ခြေနင်းကျောက်စက်ကို သွားနုတ်ကုလားထိုင်နား ဆွဲယူလိုက်ပြီး သူကကျကျနန ထိုင်လိုက်တယ်။ သွားတုတွေကို ပြုပြင် အရောင်တင်တော့မယ်လေ။ သူလုပ်နေတာကတော့ ဖြည်းဖြည်းမှန်မှန်ပဲ။ ဒါပေမယ့် လုပ်နေပုံက အသိမဲ့ လုပ်ကိုင်နေပုံမျိုး။ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အာရုံ မဝင်စားတဲ့ပုံမျိုး။ ကြည့်လေ - ကျောက်စက်သုံးဖို့ မလိုတဲ့ အချိန်မှာတောင် ခြေထောက်တွေက ကျောက်စက်ကို နင်းပြီးလှည့်နေတာ။



ရှစ်နာရီသာသာလောက်မှာတော့ သူခဏ နားတယ်။ ကောင်းကင်ပြင်ကို ပြတင်းပေါက်ကနေ မော့ကြည့်တယ်။ နေ့လယ်စာ စားချိန် မရောက်ခင် မိုးရွာချင်ရွာဦးမှာဆိုတဲ့အတွေးနဲ့ အလုပ်ကို ဆက်လုပ်တယ်။ အဲဒီ အချိန်မှာပဲ ဆယ့်တစ်နှစ်အရွယ် သူ့သားငယ်ရဲ့အသံစူးစူးက သူ့အာရုံကို နှောင့်ယှက်လိုက်လေရဲ့။

‘ အဖေ ’
‘ဘာတုန်း’
‘မြို့ဝန်ကြီး ရောက်နေတယ်ဗျ၊ သွားနုတ် ပေးမှာလားတဲ့’
‘ငါမရှိဘူး ပြောလိုက်ကွာ’

သူက ရွှေသွားကို အရောင်တင်နေတာ။ လက်ကို တစ်ဆုံးဆန့်၊ မျက်စိကို တစ်ဝက်မှေးပြီး ရွှေသွားကို စစ်ဆေးနေတယ်။ သားတော်မောင်ရဲ့ အသံက ဧည့်ခန်းကလေးဆီက ပေါ်လာပြန်ရော။

‘မြို့ဝန်ကြီးက အဖေ ရှိတယ်တဲ့၊ အဖေပြောတာ သူကြားတယ် အဖေရ’

သွားစိုက်ဆရာကတော့ သွားကို စစ်ဆေးနေတုန်းပဲ။ ကျေနပ်သွားတော့မှ သွားတုကို စားပွဲပေါ် ပြန်တင်တယ်။ ‘တော်တော်လေး ကောင်းသွားပြီ’ လို့လည်း ရေရွတ်တယ်။ ပြီးတော့ ကျောက်စက်ကို မောင်းပြန်ရော။ ဗီရိုအံဆွဲထဲက လိုသမျှပစ္စည်းတွေ ထုတ်ပြီး ရွှေသွားကို ဆက်လက် အရောင်တင်နေတယ်။

‘ အဖေ ’
‘ ဘာတုန်းဟ ’

သူ့အမူအရာက လုံးဝ အပြောင်းအလဲ မရှိဘူး။

‘ မြို့ဝန်ကြီးက သူ့သွားကို စိုက်မပေးရင် အဖေ့ကို ပစ်ထည့်လိုက်မတဲ့ ’

ကျောက်စက်လှည့်တဲ့အလုပ်ကို သူ ရပ်ပစ်လိုက်တယ်။ ဖြည်းဖြည်းဆေးဆေး တကယ့်ကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။

ကျောက်စက်ကို ကုလားထိုင်ဆီက ဝေးရာကို တွန်းပို့လိုက်တယ်။ စားပွဲရဲ့ အောက်ဆုံးအံဆွဲကို အဆုံးထိ ဆွဲထုတ်လိုက်တယ်။ အံဆွဲထဲမှာက ခြောက်လုံးပြူး တစ်လက်။

‘ အိုကေပဲဟေ့ ...။ ပြောလိုက်စမ်း၊ လာခဲ့လို့၊ ပစ်လှည့်လို့ ’

ကုလားထိုင်ကို တံခါးပေါက်နဲ့မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်တယ်။ လက်က အံဆွဲအစွန်းပေါ် အသာတင်လို့။

မြို့ဝန်မင်းက တံခါးဝမှာ ပေါ်လာတယ်။ သူ့မျက်နှာ ဘယ်တစ်ခြမ်းမှာ အမွေးအမျှင်ပြောင်စင်နေပေမယ့် ... ယောင်ကိုင်း နာကျင်နေတဲ့ ညာဘက်ခြမ်းမှာတော့ မုတ်ဆိတ် ပါးမြိုင်းတွေက ငါးရက်သားလောက် အရွယ် ရနေတယ်။ မှုန်မှိုင်းမှိုင်း သူ့မျက်လုံးတွေထဲမှာ အိပ်ပျက်ညပေါင်းများစွာကို သွားစိုက်ဆရာက မြင်တွေ့လိုက်ရတယ်။ အံဆွဲကို လက်ချောင်းထိပ်နဲ့ အသာပြန်ပိတ်လိုက်ပြီး ‘ ထိုင်ပါ ’ လို့ ပြောလိုက်တယ်။ သိမ်သိမ်မွေ့မွေ့ပါပဲ။

‘ မင်္ဂလာနံနက်ပါ ’ လို့ မြို့ဝန်မင်းက ဆိုတယ်။

‘ မင်္ဂလာပါ ’လို့ သွားစိုက်ဆရာက တုံ့ပြန်တယ်။

သွားနုတ်ကိရိယာတွေကို မီးဖိုပေါ်တင်ပြီး ပြုတ်ထားတုန်းမှာတော့ မြို့ဝန်မင်းက ကုလားထိုင်ခေါင်းမှီမှာ သူ့ခေါင်းကိုတင်ပြီး နည်းနည်း သက်သာရာ ရနေတယ်။ အသက်ရှူသံတွေတောင် လေးလို့၊ ဆိုင်ခန်းကတော့ စုတ်စုတ်ချာချာပါပဲ။ သစ်သားကုလားထိုင်အိုကြီး တစ်လုံး၊ ခြေနင်းကျောက်စက်၊ ကြွေအိုးတွေထည့်ထားတဲ့ မှန်ဗီရိုစုတ်စုတ်၊ ကုလားထိုင်နဲ့မျက်နှာချင်းဆိုင်မှာ ပခုံးလောက်အမြင့် အဝတ်စ ခန်းဆီးကာထားတဲ့ ပြတင်းပေါက်။

သွားစိုက်ဆရာချဉ်းကပ်လာတာနဲ့ မြို့ဝန်မင်းက ဖနောင့်နှစ်ဖက်ကိုအားပြုပြီး ပါးစပ်ကို ဟထားပေးလိုက်တယ်။

သွားစိုက်ဆရာက မြို့ဝန်မင်းရဲ့ခေါင်းကို အလင်းရောင်ဘက် ဆွဲလှည့်လိုက်တယ်။ ပါးစပ်ပေါက်ထဲက မကောင်းတဲ့သွားကို ကြည့်တယ်။ ကြည့်ရှုစစ်ဆေးပြီးတာနဲ့ မေးရိုးကို တမင်ဖိရိုက်ပြီး ပိတ်ပေးလိုက်တယ်။

‘ ထုံဆေးပေးလို့ ဖြစ်မှာ မဟုတ်ဘူး ’
‘ ဘာ - ဘယ့်နှယ် ’
‘ ပြည်တွေ တည်နေတယ် ’

မြို့ဝန်မင်းက သူ့ကို စူးစိုက်ပြီး ကြည့်တယ်။ နောက်တော့ ‘ ကောင်းပြီလေ၊ လုပ်ပေါ့ ’လို့ ပြောပြီး ကြိုးစားပမ်းစား ပြုံးလိုက်တယ်။ မဲ့ပြုံးကြီး။ သွားစိုက်ဆရာက ပြန်မပြုံးဘူး။ ပိုးသတ်ထားတဲကရိယာတွေကို ဇလုံထဲထည့်ယူလာပြီး အလုပ်စားပွဲပေါ် တင်တယ်။ ဇာဂနာ တစ်စုံနဲ့ ရေနွေးထဲကနေ ဆယ်ယူတယ်။ လုပ်ပုံကိုင်ပုံကတော့ အေးအေးသက်သာပဲ။ ထွေးခံကို ဖိနပ်ဦးနဲ့တွန်းရွှေ့လိုက်ပြီး လက်ဆေးကန်မှာ လက်သွားဆေးတယ်။ မြို့ဝန်ကို နည်းနည်းကလေးမှ ငဲ့စောင်းပြီး မကြည့်ဘူး။ မြို့ဝန်မင်းကတော့ သူ့ကို မခွာတမ်းကြည့်နေတယ်။

နုတ်ရမယ့်သွားက အောက်ဘက်အံသွား။ သွားစိုက်ဆရာ ခြေနှစ်ဖက်ကို ခွဲလိုက်ပြီ။ ရေနွေးထဲကဆယ်ပြီးကာစ ဇာဂနာကြီးကို ကိုင်လိုက်ပြီ။ အဲ့ဒီ ဇာဂနာ ပူပူလောင်လောင်ကြီးနဲ့ သွားကို ဖမ်းညှပ်လိုက်တယ်။

မြို့ဝန်မင်း ကုလားထိုင်လက်တန်းကို အားကုန် ညှစ်ထားလိုက်မိတယ်။ ခြေထောက်ကိုကန်ပြီး တောင့်ထားလိုက်တဲ့အတွက် ခန္ဗာကိုယ်ကြီးက စန့်စန့်ကြီး။ ဗိုက်ထဲမှာ အူတွေအသည်းတွေ ဆွဲနုတ်ခံရပြီး ပလာကျင်းသွားသလို ခံစားလိုက်ရပုံပဲ။ ဒါပေမယ့် တစ်စက်ကလေးမှ အသံ မထွက်ဘူး။

‘ ကိုင်း ... ကျဆုံးကုန်တဲ့ ကျုပ်တို့ လူနှစ်ဆယ်အတွက် ’

သွားစိုက်ဆရာရဲ့ပြောသံထဲမှာ ရန်ငြိုးအာဃာတ အရိပ်အငွေ့တစ်စိုးတစ်စိမှ မပါဘူး။ နူးညံ့သိမ်မွေ့မှုပဲ ပါတယ်။ ဒါပေမယ့် ခါးသည်း ပြင်းထန်လှတဲ့ နူးညံ့သိမ်မွေ့မှု -
သွားစိုက်ဆရာက သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်ရှားလိုက်တယ်။

မြို့ဝန်မင်းက သူ့မေးရိုးတွေ တကြွပ်ကြွပ်ကျိုးကြေကုန်ပြီလို့တောင် ခံစားလိုက်ရတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလာတယ်။ သွား ကျွတ်ထွက်သွားတာကို ခံစားသိရှိလိုက်ရတဲ့အထိ အသက်မရှူနိုင်ဘူး။ နောက်တော့ ကျွတ်ထွက်လာတဲ့သွားကို မျက်ရည်ကြားက မြင်လိုက်ရတယ်။ အလို … ငါးရက် ငါးညတိုင်တိုင် ခံစားခဲ့ရတဲ့ဝေဒနာဟာ အခုတော့ဖြင့် သူနဲ့ လားလားမျှမပတ်သက်ခဲ့သလို ပါပဲလား။

သည်းထန်တဲ့ ချွေးသီးချွေးပေါက်တွေနဲ့ မောမောဟိုက်ဟိုက်နဲ့ မြို့ဝန်မင်းဟာ ထွေးခံပေါ်မှာ ကုန်းကွကွကြီး၊ ယူနီဖောင်းကို ကြယ်သီးဖြုတ်ပြီး ဘောင်းဘီအိတ်ထဲက လက်ကိုင်ပဝါကိုဆွဲထုတ်ဖို့ ကြိုးစားနေတယ်။ သွားစိုက်ဆရာက အဝတ်သန့်တစ်ထည် ပေးလိုက်တယ်။

‘ သုတ်လိုက်စမ်းပါလေ၊ မျက်ရည်တွေကို ’

မြို့ဝန်မင်း မျက်ရည်သုတ်တယ်။ တစ်ကိုယ်လုံး တုန်လို့။ သွားစိုက်ဆရာကတော့ လက်ဆေးနေရင်း အပေါ်မော့ပြီး ပြိုကျလုလု မျက်နှာကျက်ကို ကြည့်တယ်။ ညစ်ထပ်ထပ် ပင့်ကူအိမ်တွေထဲက ပင့်ကူဥတွေကို ကြည့်တယ်။ ပိုးကောင်သေတွေကို ကြည့်တယ်။ ပြီးတော့ ပြန်လှည့်လာပြီး လက်သုတ်တယ်။

‘ အိပ်ရာထဲမှာနေ၊ ဆားရည်နဲ့ပလုပ်ကျင်း ’

မြို့ဝန်မင်း မတ်တပ်ရပ်ပြီ။ သူ့ကို နှုတ်ဆက်စကားဆိုပြီး ဟန်ပါပါအလေးပြုတယ်။ အကျင့်ပါနေသလိုပဲ။ နောက်တော့ ခြေလှမ်းကျဲကြီးတွေနဲ့ တံခါးပေါက်ဆီ လျှောက်သွားတယ်။

‘ ကျသင့်ငွေ စာရင်းပို့လိုက်ပါ ’
‘ ဘယ်ကိုပို့ရမှာလဲ၊ ခင်ဗျားဆီကိုလား၊ ဟောဒီမြို့ကိုလား ’

မြိ့ဝန်မင်းက သူ့ကိုလှည့်မကြည့်ဘဲ တံခါးကို ပိတ်လိုက်တယ်။ ပြီးတော့ အပြင်ကနေ ပြန်ပြောလိုက်တယ်။

‘ အဲဒီ နင့်အမေလင်နှစ်ခုလုံးက အတူတူပဲပေါ့ ဟ ... ငတုံးရ ’ ဆိုပဲ။

(One of These Days by Gabriel Garcia Marquez)

ပြန်ဆိုသူ - မောင်သစ်ဆင်း
ဟန်သစ် မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၉၁။
ဂါစီယာမားကွက်(စ)

နိုဘယ်ဆုရ ကိုလံဘီယာနိုင်ငံသား စာရေးဆရာ ဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ အရာကာတကာ၌ မွေးဖွားသည်။ သို့သော် မက္ကဆီကို နှင့် ဥရောပ၌ အနေများသည်။ ဘိုဂိုတာ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး EL Espectador အမည်ရှိ ကိုလံဘီယာ သတင်းစာ၌ သတင်းထောက်နှင့် ရုပ်ရှင်ဝေဖန်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူ၏ “အထီးကျန်နှစ်တစ်ရာ” One Hundred years of solitude ဝတ္ထုမှာ အကောင်းဆုံး ခေတ်ပေါ်ဝတ္ထုဟု အသိအမှတ်ပြုကြသည်။ No one writes to the colonel, Leaf Storm နှင့် ဝတ္ထုတိုအများအပြား ရေးသားခဲ့သည်။

သူ၏ ဝတ္ထုတိုများတွင် လက်တင်အမေရိက၏ ပုံရိပ်များဖြစ်သည့် ပူပြင်းသော နေ့လယ်ခင်းများ၊ တစ်နေရာနှင့် တစ်နေရာ မိုင်များစွာ ဝေးကွာသည့် မြို့များ၊ သွေးဆူသည့် စရိုက်များ၊ အာဏာရှင်များ စသည်တို့ကို ရေးဖွဲ့လေ့ရှိသည်။

ယခု သူ့ခေတ်နှင့် သူ့အခါ “ one of these days ” ကို ဘာသာပြန် ဖော်ပြလိုက်ပါသည်။

ဤဝတ္ထုတိုတွင် လက်တင်အမေရိကသားတို့၏စရိုက်နှင့် အာဏာရှငစနစ်အောက်မှလူတို့၏ နှလုံးသားကို တွေ့မြင်နိုင်သည်။

(ယွမ်နဲ့ယန်းလည်း လှည့်ကြပါတဲ့) မျိုးမြင့်ချို

0 comments
(ယွမ်နဲ့ယန်းလည်း လှည့်ကြပါတဲ့)
ဒီ ငွေကြေးပေါ်လစီဆိုင်ရာအပြုအပြင်ဟာ အလွန်အရေးကြီးပါတယ်။ နိုင်ငံခြားအရန်ငွေကို ဘာငွေအဓိကထားမလဲအထိ ရောက်လာရင် ကိစ္စက အကြီး ကြီးရှိလာနိုင်ပါတယ်။ ကမ္ဘာသုံးငွေလိုဖြစ်နေတဲ့ အမေရိကန်ဒေါ်လာတွေ အမေရိကပြန်ရောက်လာမှာကို အစိုးရိမ်ဆုံးက အမေရိကန်တွေဖြစ်ပါတယ်။ 

လစ်ဗျားက ကဒါဖီတို့၊ အီရတ်က ဆက်ဒမ်တို့ဟာ(အာဏာရှင်အဖြစ် ထင်ရှားပါတယ်) နိုင်ငံခြားအရန်ငွေကို ဒေါ်လာနေရာမှာ အခြားငွေကြေး၊ ရွှေ တခုခုနဲ့အစားထိုးတာကို အစပြုခဲ့ကြပါတယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာလည်း ဒေါ်လာအစား ဒီ့ပြင်ငွေကြေးနဲ့ဖလှယ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီတော့ သူတို့ကို အန်ကယ်လ်ဆမ်က ပညာပေးခဲ့ပါတယ်။ ကြိုးစင်အပို့ခံရတဲ့ကောင်နဲ့ ရေထုတ်ပြွန်ထဲ ပစ်သတ်ခံရတဲ့ကောင်နဲ့။


ခု ပါကစ္စတန်နဲ့တရုတ်ဆို ယွမ်ငွေနဲ့ကုန်သွယ်နေပါပြီ။ ရုရှားလည်း သူ့သြဇာထီးရိပ်အောက်ကပြည်တွေနဲ့ ကုန်သွယ်ရာမှာ ရူဘယ်လ်ကို တစတစနေရာပေးလာပါပြီ။ ယူရိုငွေကလည်း သူ့ဘာသာသူ သူ့နယ်မြေမှာ အခိုင်အခံ့ဖြစ်နေသလို နိုင်ငံတွေရဲ့နိုင်ငံခြားအရန်ငွေအဖြစ် ထားကြတဲ့ပဏာမလည်း တိုးလာနေတာ မြင်နိုင်ပါတယ်။ ပေါင်စတာလင်ကို ရွှေနဲ့ချိတ်ဆက်ထားပြီး သူ့ကိုလိုနီတိုင်းပြည်တွေမှာ တချိန်က ငွေတွင်ကျယ်ဖြစ်ခဲ့ပေမယ့် ကိုလိုနီတွေ လက်လွှတ်ရပြီး(ဒုတိယကမ္ဘာစစ်နောက်)နောက် စစ်ကြွေးတွေပိ တိုင်းပြည်ဖြူခါပြာခါကျပြီး ပေါင်စလာလင် သိတ် ငွေရာမဝင်တော့ပါ။ အင်္ဂလန် အထည်ကြီး ပျက်သွားပါတယ်။ ဒါပေမယ့် ဆင်ပိန်ကျွဲအဖြစ် ဆက်ရှိနေရာက စူးအက်တူးမြောင်းကိစ္စအပြီးမှာ အမေရိကန့်နောက်လိုက် ဘဝ လုံးလုံးလျားလျား ရောက်သွားပါတယ်။ စစ်ကြွေးတွေတောင် မနေ့တနေ့ကမှ ကြေတာပါ။ (ငွေတန်ဘိုးအရ လဲလှယ်နှုန်းပိုမြင့်တာ မှန်ပေမယ့်) ကမ္ဘာချီ ဝယ်ရောင်းတွေမှာ ဒေါ်လာနဲ့ပဲချေရတာများပါတယ်။


ပြောရရင် နိုင်ငံကြီးတွေအဖို့ နိုင်ငံငယ်တွေရဲ့အစိုးရ လဲလှယ်ရေးပေါ်လစီမှာ King Making Policy မှာ ငွေကြေးကိစ္စဟာ အခြားအရာများနဲ့အတူ ရှေ့တန်းရောက်လာပါတယ်။ ကျနော်တို့ မျက်ခြေမပြတ်ကြည့်ပြီး လေ့လာရမယ့်အရေးဖြစ်ပါတယ်။ ခု ဗမာပြည်ရဲ့ ယွမ်နဲ့ယန်းကိစ္စလည်း ပေါ့သေးသေးထဲမပါ ပါ။
(ငွေကိစ္စနဲ့ပတ်သက်လို့ ပထမရေးတဲ့ အတိုအထွာပါ)


ဒေါ်ကြီးတို့တသင်းလည်း ဆီးရီးယား၊ အာဖဂန်၊ အစ္စရေးလ်၊ ရုရှား၊ တရုပ်၊ နေတိုးကထွက်မယ်ဘာညာ စတာတွေနဲ့ပြည်ပမှာ မလည်ရှုပ်၊ ပြည်တွင်းမှာ တံတိုင်းနဲ့ရွာလည်နေတာနဲ့ အခုထုတ်ပြန်လိုက်တဲ့ ဗမာပြည်ရဲ့ ငွေကြေးပေါ်လစီကစားတဲ့ဘက် ချက်ခြင်းလှည့်မကြည့်အားသေးတာများလား။


ဗမာပြည်ဟာ ပြင်းတွင်းကိစ္စတွေမှာကိုပဲ အစဆွဲထုတ်မယ်ဆို ရိုဟင်ဂျာကိစ္စတခုတည်းမဟုတ်ဘူး အမယ်ဘုတ်ကယ်သူ့ချည်ခင် ဖြစ်နေတဲ့ပြည်ပါ။ အထူးသဖြင့် OBOR ကိစ္စပါ။ ဒီကိစ္စဟာ တရုတ်အတွက်ရော ဗမာအတွက်ရော ဒေသတွင်း ဆက်စပ်တိုင်းပြည်တွေ အတွက်ရော အရေးပါတာမှန်ပေမယ့် တရုတ်အတွက်က ဧရာမအကျိုးစီးပွားကြီးဖြစ်နေတာပါ။ အရေးအလွန်ကြီးပါတယ်။


OBOR ကိစ္စအရင်းခံပြီး သူလိုချင်မယ့်အနေအထားရရင် မြစ်ဆုံဆည်ကိစ္စကို လျှော်ပစ်လိုက်နိုင်ပါတယ်။ မြစ်ဆုံအတွက် သန်းရှစ်ရာ တထောင်ဟာ တရုတ်ဓနနဲ့ချိန်ကြည့်တော့ ဘာမှပြောပလောက်တဲ့ပဏာမ မဟုတ်ပါ။ ဒါပေမယ့် ဒါလည်း လုံးလုံးကြီး အဆုံးခံလိုက်မယ်တော့ မဟုတ်ပါ။ အခြားတခုခု တနေရာရာကနေ ပြန်ထေမိအောင် ယူပါလိမ့်မယ်။ ဝန်ကြီးဦးသောင်းထွန်းစကားတွေကို ထောက်ချင့်ကြည့်ပါ။ ဗမာပြည်သားတွေ အိပ်ကပ်ထဲကနေစိုက်ထုတ်ပေးမယ့် ပိုက်ဆံမျိုးတော့ သူမယူလောက်ပါ။ ယူလိုက်ရင် ရုပ်ပျက်မှာပါ။


မဟာသီယာက ပြည်ဖြတ်ရထားလမ်းစီမံကိန်းကြီးကို လျော်ကြေးပေးပြီး ဖျက်ပါရစေလုပ်နေတာတောင် ငွေအလျော်ယူပြီးဖျက်ဖို့ကို ထစ် ထားပါတယ်။ တခြားစီမံကိန်းတခုခုနဲ့ အလဲအထပ်လုပ်လို့ရမယ့်နည်းလမ်း ရှာနေတုန်းပါ။


မြစ်ဆုံကိစ္စကိုလည်း ငွေကြေးတခုတည်းသက်သက်၊ လျှပ်စစ်ဓာတ်အား သက်သက်အတွက်လောက်ဆို တရုတ်တွေ ဒီလောက်ကြီး အားမထုတ်ပါ။ နိုင်ငံရေးသြဇာနဲ့ ထီးရိပ်အောက်ထားလိုတဲ့ရည်ရွယ်ချက် ပါနေလို့ပါ။ ခုတော့ ထိုက်သလောက် သြဇာဖြန့်ကျက်နိုင်ပြီလို့တွေးရင် တနည်းနည်းနဲ့ ထေမိအောင်လုပ်ပြီး လျှော်ပေးလိုက်ဖို့ လက်နှေးနေမယ်မထင်ပါ။


NLD နဲ့စစ်အုပ်စုပင်းပြီး OBOR မှာ တရုတ်နဲ့ အနေအရမ်းနီးပြလိုက်တော့ အိမ်နီးခြင်းအိန္ဒိယကိုတောင် မျက်စေ့စပါးမွှေး စူးစရာဖြစ်သွား ပါတယ်။


တရုတ်ကလည်း အမေရိကန်အခက် ငါ့အချက်ဆိုပြီး နင်းလုပ်ခိုင်းနေပုံပဲ။ အဟလေးဖြစ်နေတုန်း အတင်းထိုးထည့်နေပုံပဲ။ လော သိတ်ကြီးလွန်းတာ သိသာနေတယ်။


ဗမာပြည်ငွေကြေးပေါ်လစီကိုင်ထားသူတွေနဲ့ အစိုးရ၊ စစ်အုပ်စု သုံးဦးသုံးဖလှယ်ဟာ ဒီ ငွေကြေးကိစ္စကို ဒီလောက်ကြီး မဟားဒယား အလောသုံးဆယ် လုပ်ချလိုက်တာဟာ တရုတ်အတွက်လည်း မကောင်းဘူး။ ပြည်တွင်းက စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေ အတွက်လည်း အတော် ကသိကအောင့်ဖြစ်စရာ လုပ်ရကိုင်ရခက်စရာတွေများ ဖြစ်လာမယ်ထင်တယ်။ ခရိုနီတွေ စစ်သူကြွယ်ကတော့ ဒေါ်လာတို့ ယူရိုတို့လောက်ပဲ ငွေမာအနေနဲ့ကိုင်မှာပါ။ နောက်ဆုံးဒေါ်လာယိုင်တောင် ရွှေပြောင်းကိုင်လည်း ဖြစ်ပါတယ်။


ဂျပန်ငွေကတော့ တရုတ်ငွေထက်စာရင် လူယုံကြည်မှုပိုတာ အမှန်ပါ။ ဒါပေမယ့် ယုံယုံရဲရဲ ရှိသမျှဓနပုံအပ်ရလောက်အောင် အာမခံချက် ရှိမရှိက မသေချာပါ။ တရုတ်ငွေကတော့ နိုင်ငံတွေရဲ့ နိုင်ငံခြားအရန်ငွေအဖြစ်ထားကြတာမှာ ဘိတ်ရှေ့ကနေရာမှာပါ။ ကျနော်တွေးမိတာ ပြောပါတယ်။
(ငွေကိစ္စနဲ့ပတ်သက်လို့ ဒုတိယရေးတဲ့အတိုအထွာပါ)
မျိုးမြင့်ချို(ဇန်နဝါရီ ၃ဝ၊ ၂ဝ၁၉)

ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ (နိုင်ဝင်းဆွေ)

0 comments
ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ (နိုင်ဝင်းဆွေ)

နက်ပြာသောကောင်းကင်ဖလ်ရိပ်တွင်းမှ ကြယ်ပွင့်ကလေးများ ဖိတ်လက်နေကြ၏။ ဆည်းဆာရောင်တွင် ကျနော်တို့သည်လည်း အမှောင်ထဲ၌ ပျောက်ကွယ်နေကြတော့သည်။
ဒဂုန်တာရာ
(စာပေသစ်၏ ဆည်းဆာရောင် ၃ မှ)
ဆေးရုံမှအပြန် မြို့ပြင်ဘက်လမ်းပေါ် ကျနော်ရောက်နေချိန်မှာ ကျနော်ချစ်သောညနေဆည်းဆာလည်း မှေးမှိန်လာနေပြီ။ ကျနော်ချစ်သော နှင်းပုလဲများလည်း တဖွဲဖွဲ ကြွေစပြုပြီ။ ကျနော် နှစ်ခြိုက်နစ်မျောနေမိတတ်သော တိတ်ဆိတ်ငြိမ်သက်ခြင်းမှာလည်း အသံမမြည်စေရန် ညင်သာစွာ ကြွေနေကြပြီ။ အမှောင်ရိပ်သည် ကျနော့်ကိုယ်ပေါ်၊ ကျနော့်နှလုံးသားပေါ်၊ လမ်းမအပေါ်၊ ပတ်ဝန်းကျင် သက်မဲ့အရာဝတ္ထုများ အပေါ်၊ ချစ်စရာ့ငြိမ်သက်နေသော အနောက်ဖက်တောင်တန်းအပေါ် မြင်မြင်သမျှအပေါ် တစထက်တစ ပို၍ဖုံးလွှမ်းလာနေပြီ။
ကျနော်သည်လည်း အမှောင်ထဲ၌ ပျောက်ကွယ်သွားတော့မလား။
တိတ်ဆိတ်ခြင်း၌ နစ်မျောနေတော့မလား။
အခုအခါ၌မူ ကျနော် နစ်မျောမနေနိုင်။
ကျနော့်နှလုံးဝိညာဉ်သည် လူးလွန့်လှုပ်ရှားနေသည်။ စိတ်သည် အဝေးသို့ပြေးသွားနေသည်။
စိတ်သည် မကြာမီကမှ ကျနော်ထွက်ခွာလာခဲ့ရာ ဆေးရုံ၊ လူနာကုတင်တခုအပေါ်မှတူမလေးဆီ ပျံသန်းသွားနေသည်။ တူမကလေးရဲ့ မျက်နှာ၊ သူ့နှုတ်ခမ်းကိုက်ထားဟန်၊ သူ့ငိုရှိုက်သံ၊ ကျနော်က နှုတ်ဆက်ခဲ့သံ။
"ဦးလေးပြန်တော့မယ်နော်"
ဤနှုတ်ဆက်ခြင်းမှာ နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်နေပြီကို ကျနော်သိပြီးပါလျှက် သူ့ကိုမကြည့်နိုင်ဘဲ အသံတည်ငြိမ်အောင်ထိန်းပြီး နှုတ်ဆက်ခဲ့သည်။
"ဟုတ်ကဲ့"
သူက ငိုသံကြားမှ ရှိုက်နေသံကြားမှ၊ မျှော်လင့်ချက်မှန်သမျှ ပျက်ပြုန်းသွားမှန်းသိနေလျှက်မှ၊ နောက်ဆုံးပေါ့ ... နောက်ဆုံး နှုတ်ဆက်လိုက်သံ။
ထိုအသံကို ထပ်တလဲလဲကြားနေသဖြင့် အခုအခါ၌ ကျနော့်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းဟူသည်မှာ မရှိနိုင်။ ခေါင်းငိုက်စိုက်ကျနေရခြင်းကို မုန်းတီးလှသော ကျနော်၊ စိတ်ထိခိုက်ရမှုမှန်သမျှကို အလွယ်တကူမေ့ပျောက်ပစ်ကာ ထာဝစဉ်ရယ်မောနေတတ်သော ကျနော်၊ ခုအခါ၌ ထိုကျနော်မှာ တကိုယ်ကောင်းဆန်စွာ တိတ်ဆိတ်ခြင်း၌နစ်မျောမနေနိုင်။ အခုခါတွင်မူ စိတ်ထိခိုက်ရမှုပင့်ကူအိမ်၌ ကျနော် ငြိတွယ်နေပြန်ပြီ။
"ဘာလို့ ငါဒါလောက်စိတ်ထိခိုက် နေရမလဲ၊ နှစ်ဝမ်းကွဲတူမကလေး၊ ဆွေမျိုးနီးစပ်ပဲတော်တာ မေ့ပစ်လိုက်ပေါ့"
သတိရမှုရေအလျဉ်မှာ သူ့ဘာသာစီးဆင်းနေခြင်း ပေတကား။ ကျနော် အစိုးမရသော အရာပေတကား။ ကျနော့်ဘဝစာမျက်နှာများပေါ်တွင် ကျနော်မဟုတ်သော ရုပ်ပုံကားချပ်ပေါင်းများစွာသည်လည်း ထင်ဟပ်နေကြသည်။ ကျနော့်၏ ထင်းခုတ်သမားဘဝစာမျက်နှာ အချို့ပေါ်တွင် ဤမိန်းကလေး၏ ရှစ်နှစ်အရွယ်ကရုပ်ပုံသည်လည်း လာထင်နေသည်။

ထို အသက်အရွယ်တွင် သူသည် အလုပ်သမကလေးတစ်ဦး ဖြစ်နေခဲ့ပြီ။ သူ့အဖေ၏ ကူဖော်လောင်ဖက်အဖြစ် တောတောင်လျှိုမြောင်များသို့ လိုက်ပါနေရပြီ။
ထင်းခုတ်အပြန် လှည်းစခန်းများတွင် ကျနော့်ကို နွားကျောင်းကူရန်လိုက်နေရပြီ။ သူ့လည်ပင်းတွင် ကျနော် လုပ်ပေးထားသည့် ဝါးခလောက်ကလေးတစ်ခု ဆွဲထားကာ သူ နွားမောင်းရန်ပြေးလွှားနေလျှင် ကသစ်အိုင်လျှိုကြီးထဲ၌ သူ့လည်ပင်းမှ ဝါးခလောက်သံသည် ဆူညံလျှက်။ ဤ တဒေါင်ဒင်ဒင်မြည်သံကို သူ အလွန်နှစ်သက်သည်။ ညအိပ်လျှင် ကျနော့်အိပ်ယာကောက်ရိုးပုံထဲ၌ ကျနော့်နံဘေးတွင် အိပ်ရင်း သူ့ခလောက်ကလေး ပျောက်သွားမည်စိုးသဖြင့် လက်နှင့်ကိုင်အိပ်သည်။

ထိုအခါက ၁၆၊ ၁၇ အရွယ် ကျနော်ကား စာရေးသူတစ်ဦး စာအုပ်ဖြစ်လိုသည့်စိတ်ကူးဖြင့် ရူးနေလေရာ တောထဲသို့လည်း ဖတ်စရာ ဗလာစာအုပ်၊ ခဲတံများယူသွားသည်။ နေ့ခင်း နွားကျောင်းရင်း သစ်ပင်ရိပ်မှာ ကဗျာစပ်သည်။ ကာရံရှာမရသဖြင့် ခဲတံ နားရွက်ကြားညှပ်ရင်း စိတ်သောကဖြင့် ငေးနေတတ်သည်။ ကသစ်အိုင်လျှိုတဖက်ထိပ်ရှိ စိမ်းညို့နေသော ရေအိုးမြှုပ်တောင်ပေါ်မှစေတီအိုမှာ ကျနော့် ဘုရားတိုင်ကဗျာ အရေးခံပေတကား။ စေတီမှဆွဲလဲသံသည် တောပန်းရနံ့များနှင့်အတူ လွင့်မျောလာနေသည်။ တောကြက်ဖ တွန်သံ၊ ဂျီဟောက်သံ၊ ကြေးငှက်များ မြည်ကြွေးသံ၊ နွားမြူးသံ၊ နေ့ခင်းများ၌ ချိုးကူသံမှာ ကျနော်၏ ခံစားမှုလွန်ကဲတတ်သော နှလုံးသားအိမ်ကို လာကာ လှိုင်းရိုက်နေသည်။
တောင်ကညို့ညို့၊ တောင်ကုန်းမို့အလည်၊
မည်သူတည်ထား၊ မသိသားတည့်
ဘုရားပရမေ၊ စေတီအို။
နေညိုလာလျှင်၊ ဝိညာဉ်အများ
စေစားလိပ်ပြာ၊
ဖူးမြှော်လာမည် ငါထင်သည်။
နေညိုလေပြီ၊ တောဆီညို့ဆိုင်း
တောင်လည်းမှိုင်းပျ၊ မြိုင်ဝတခို
နှင်းလည်းစိုလို့၊ ကြည်ညိုသဒ္ဓါ
လိပ်ပြာဝိညာဉ်၊
စေတီရင်အပါး၊ ခစားလာမှ
ဖွင့်ဟတကိုယ်၊ ချိုးမ ငိုပေါ့
ငိုသံအဝေး ပြေးနေပြီ။
လိပ်ပြာထွေပြား၊ ဝပ်တွားရင်ပြင်
ကြည်ညိုစဉ်လေ ...
ဝိညာဉ်ထဲမှာ၊ ချစ်သူပါလို့
ပါသည့်ချစ်သူ၊ စိမ်းကားသူမို့
သူငိုနေပြီ ငါထင်သည်။
တောင်ခိုးငွေ့များအလယ်၌ စေတီအိုမှာ မှိုင်းပျသွားလေသည်။ မြဆွဲလဲသံများလည်း တိုးတိမ်သွားနေသည်။
တခါတရံ၌ ကျနော် ဝတ္ထုရေးရန်ကြိုးစားကြည့်သေးသည်။ ဇာတ်လမ်းဇာတ်ကွက် ရှိနေ၏။ ချရေးသောအခါ "ကိုစိန်အောင်" သည်မျှသာ ရေးနိုင်သည်။ ရှေ့သို့တကြောင်းမှ ဆက်ရေး၍မရ။ ကြာသော် စိတ်အားငယ်လာသည်။ ကျနော်သည် ဗလာစာအုပ်နှင့်ခဲတံကို မြက်ကြားထဲလွှင့်ပစ်ပြီး မောမောနှင့်အိပ်ပစ်လိုက်သည်။ မိန်းကလေး၏နွားငေါက်သံ၊ သူ့ခလောက်သံ၊ သူ့ပေါက်တတ်ကရ သီချင်းဆိုသံ များသည် ကျနော်ကို ချော့မြူသိပ်နေသလိုပင်။

လှည်းကောက်ချိန်တွင် သူသည် ကျနော့်ကို မရမက လာနှိုးသည်။ ရိုးရိုးနှိုးမရသောအခါ လက်ထဲမှ နွားရိုက်ဝါးတံဖြင့် အင်္ကျီချွတ်ထားသော ကျနော့်ကျောပြင်ကို တဖျန်းဖျန်းရိုက်သည်။ ထိုအခါတွင် ကျနော့်ကိုစိတ်ဆိုးနေသည့် သူ့မျက်နှာကလေးကို တွေ့နေရသည်။
"ထလေ ... ထလေ၊ ဟော ... မျက်လုံးကြီးမှိတ်သွားပြန်ဘီ။ အိပ်လိုက်တာ လွန်ကော၊ နေကြီးပူနေတာလဲ နိုးဘူး၊ ကျနော်ကတော့ နွားတွေပျောက်လို့ လိုက်ရှာနေရတာ၊ ကျနော်ချည်း ကျောင်းနေရတာဘဲ၊ ကဲ ... ထတော့လေ၊ အစောက တခါလာနှိုးသေးတယ်ဗျ။ အော်နှိုးလို့လဲရဘူး။ လှုပ်နှိုးလို့လည်း ရဘူး။ တက်နင်းတာလဲ ရဘူး။ ကျောကိုကန်တာလဲ တဘုန်းဘုန်းနဲ့ နိုးဘူး။ ဒီတခါတော့ ရိုက်နှိုးတော့တာဘဲ။ ကဲ ... ခုလဲ မထသေးဘူးလား။ ရိုက်လိုက်အုံးမယ်နော်။ ကဲ ... မှတ်ကော မှတ်ကော"
ကျနော်လည်း ကျောပွတ်ရင်း ကမန်းကတမ်း ထလိုက်ရသည်။ ကျနော့်ကို ခြေထောက်ဖြင့် ကန်နှိုးသည်ဟု သူပြောသည်ကို သဘောကျသွားပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ သူ့ကို ကိုင်မြှောက်ပစ်ချလိုက်သည်။ သူလည်း စိတ်ဆိုးပြေကာ လဲနေရာမှ တသိမ့်သိမ့် ရယ်နေသည်။
"မိုက်ကန်းလိုက်တာ၊ လူကြီးကို ခြေထောက်နဲ့ ကန်နှိုးရသလား။ နင်ကြီးလာရင် ကုလားနဲ့ ညားမှာ။ ဘိုးလကြောဘိုင်ကြီးနဲ့ ညားမှာဟ"
သူရယ်နေရာမှ စိတ်ဆိုးသွားပြန်ပြီ။ ထိုနေ့အပြန်၌ ကျနော့်ကို မခေါ်တော့။ ကျနော့်လှည်းကို မစီးတော့။

အခါတိုင်းက ကျနော့်လှည်းပေါ်တွင် သူ လိုက်စီးနေကျဖြစ်သည်။ ကြမ်းတမ်းသော တောင်အဆင်းလမ်းများ၌ လှည်းသည် စောင်းပြီး ကြမ်းတမ်းစွာ ပြေးဆင်းသွားသည်။ လှည်းပေါ်မှထင်းတုံးများ တဖက်သို့ ရွေ့သွားသည်။ လမ်းနှစ်ဖက်ဘေးရှိ ဆူးကိုင်း ဝါးကိုင်းများသည် မျက်နှာကိုကုတ်ခြစ်ရန်ပြေးလာနေသဖြင့် ရှောင်တိမ်းနေရသည်။ ထိုအခါ၌ သူသည် ကြောက်လည်းကြောက် ပျော်လည်းပျော်ကာ တသောသောရယ်ရင်း ကျနော့်ကျောနောက်ဖက်မှ တအား သိမ်းပွေ့ထားလေသည်။
"ထင်းလုပ်စားရတာလဲကွာ လူက မျောက်ဖြစ်၊ ဓားမက ဓားမောက်ဖြစ်၊ လှည်းမီးသာတို နွားသာအိုကော၊ စားရတော့လည်း တလုပ်တဆုပ်ပဲ"
ဟူ၍ ထိုအခါက ထင်းသမားများ၏ညဉ်းညူသံမှာ ခုအခါ၌ ကျနော့်အတွက် အတိတ်အဝေးဆီဝယ် မှေးမှိန်ကျန်နေရစ်ခဲ့ပြီ။

မကြာမီ ကျနော်လည်း အခြားအလုပ်များပြောင်းလုပ်ရင်း ကျောင်းနေသည်။ အစိုးရအမှုထမ်းဘဝသို့ ပြောင်းလဲသွားသည်။ ကျနော်တို့ ခုတ်ခဲ့ရာထင်းတောများ ပြုန်းကုန်ပြီဖြစ်သဖြင့် ကံတရိုက်သူဌေးများသာ ကြီးပွားကြောင်းဖြစ်စေသည့် ထင်းလုပ်ငန်းသည်လည်း တင်းတောသစ်များရှိရာ ဝေးလံရာ ဖြစ်တဖက်ကမ်းသို့ ပြောင်းရွှေ့သွားသည်။ မိန်းကလေးသည်လည်း သူ့မိဘများပြောင်းရာ ရေကြည်ရာ မြက်နုရာသို့ လိုက်သွားပါတော့သည်။
ကျနော့်ဘဝ စာမျက်နှာများပေါ်မှာ ဤတူမကလေး၏ ရုပ်ပုံလွှာသည်လည်း ပျောက်ကွယ်နေခဲ့ရသည်။

နှစ်အတန်ငယ် ကြာညောင်းလာသောအခါ ကျနော်စောင့်စားနေခဲ့သော လမ်းစပေါ်လာပြီဖြစ်သဖြင့် ကျနော်ငြီးငွေ့သော အစိုးရအမှုထမ်း အလုပ်ကို စွန့်လွှတ်ကာ အိမ်ပြန်လာခဲ့သည်။ ကျနော့်တွင် စာပေသမုဒ္ဒရာကိုကူးခတ်ရန် ရည်ရွယ်ချက်ကြီး ပါလာသည်။ ကျနော်ကား ကျနော့်အတွက် မရေရာသော၊ အလင်းရောင်ဖျော့မှိန်လှသောလမ်းပေါ်၌ တက်ကြွစွာလျှောက်လှမ်းလာလေသည်။
ထွက်သွားစဉ်ကကဲ့သို့ အိပ်ယာလိပ်တခုကျောပိုးပြီး အိမ်သို့ ကျနော်ပြန်လာသောညနေမှာ ကျနော်ချစ်သော နှင်းမှုန်များသည်လည်း ကျနော့်ကိုဆီးကြိုနေသလို ရွာအပြင်ဖက်မှာ ရွှေဝါရောင်စပါးပင်များ မှည့်ဝင်းနေလျှက်၊ ညနေဆည်းဆာ၏ မှိန်ဖျော့ဖျော့ ကြက်သွေးနု သည်လည်း မပီမသလွှမ်းနေသည်။ ကျနော့်ဇာတိရွာသို့ပြန်အဝင်၌ ကျနော်သည် ငိုမိမတတ် ကြည်နူးနေသည်။ သည်အခါတွင်ပင် လမ်းမကြီးပေါ် ကျနော့်ကျောဖက်မှပြေးလိုက်လာသော သူ့ခြေသံ ကြားရသည်။

"ဦးလေး မို့လား ... ဦးလေး ... ဦးလေး ... နေအုံး ဦးလေး နေအုံး" ဖြင့် အော်ဟစ်ရင်း သူ အပြေးလိုက်လာသည်။
ကျနော်ရပ်ပြီး သမင်လှည်ပြန်လှည့်ကြည့်နေသည်။
ဖက်တောမှအပြန် အပျိုမကလေး၏လက်ထဲ၌ ဓားမတိုတချောင်း ကိုင်ထားသည်။ သူ့လည်ပင်း၌ ပုဆိုးစုတ်တထည် ပတ်ထားသည်။ နေလောင်ထားသည့်သူ့နဖူးပြင်တွင် ချွေးဥကလေးများ စီနေသည်။ သူ ကျနော့်အနား၌ ယှဉ်ရပ်လိုက်သည်။ ပထမ၌ ကျနော်မမှတ်မိ၊ နောက်မှ သူ့အပြုံးကို သတိရလာသည်။ ငယ်စဉ်ကသူ့ပုံမှာ အပျိုမကလေးမျက်နှာပေါ်တွင် ထပ်လျှက် ပေါ်လာနေသည်။
"ဘိုးလကြော ဘိုင်ကြီးလားဟေ့" ဟူ၍ ကျနော်လည်း ပျော်ရွှင်စွာ အော်ဟစ် နှုတ်ဆက်လေသည်။
မောလာသဖြင့် သူ့အသက်ရှူသံမှာ ကြမ်းတမ်းနေသည်။
ကျနော့်ကို ရဲရဲမကြည့်ရဲ။ အပျိုစိတ်ကလေးကြောင့် သူရှိန်းနေပြန်သည်။ မျက်လုံးများ နှုတ်ခမ်းများ၌မူ လှပသော အပြုံးရိပ်မှာ တက်ကြွ နေသည်။ မို့နေသောပါးပြင်ညိုညိုများပေါ်မှာ ရှက်သွေးရောင်များ ကြွလာသည်။ သူရပ်လိုက်ပုံမှာ သဲပြင်ထက်၌ ကျောက်တိုင်စိုက်လိုက် သလိုပင်။ သူ့ခန္ဓာကိုယ်မှာ ယောက်ျားလေးကဲ့သို့ ကြံ့ခိုင်နေသည်။
"ဦးလေးကို ဟိုးက လှမ်းကြည့်လာတာ၊ ဦးလေးနဲ့တူပါတယ်ဆို ကျနော် ပြေးလိုက်လာတာ၊ ဦးလေး အလုပ်ထွက်လိုက်ပီဆို၊ စာစီဆရာဆိုလား လုပ်မလို့ဆို၊ ခုအပီး ပြန်လာတာလား၊ အဲဒါဆို ဦးလေးတော့ ဘုံပျောက်နေပီဗျ၊ ဦးလေးအခန်းမှာ ကျနော်နေတာဗျ၊ အဲဒါ ဖယ်မပေးနိုင်ဘူး"
ကျနော့်ပခုံးပေါ်မှ အိပ်ယာလိပ်ကို ဆတ်ခနဲဆွဲယူပြီး ရွက်သည်။ ကျနော့်နှင့် ဘေးချင်းကပ်ယှဉ်လျှက်လိုက်လာရင်း ငယ်စဉ်ကလို စကား တွတ်တွတ် ပြောလေသည်။ တချက် တချက်မူ သူရှက်နေဆဲ။
"ကျနော့်ကို ဦးလေး အမှတ်မရပါဘူး၊ မညာပါနဲ့၊ ကဲ ... အမှတ်ရရင် ကျနော့်ဖို့ဘာပါခဲ့သလဲ" ဟူ၍ သူမေးနေသည်။
ကျနော်လည်း ပြုံးနေရ။
သူတို့သည် အရှေ့ဖက်ကမ်းသို့ ထင်းခုတ်သွားနေရင်း ဟိုမှာ ထင်းခုတ်အလုပ် မဟန်သောအခါ ရရာအလုပ် လုပ်ရသည်။ နောက်စိတ်ပျက်ပြီး လွန်ခဲ့သည့်နှစ်က ရွာသို့ ပြန်ပြောင်းလာသည်။
ရွာတွင်လည်း လယ်ယာမဲ့မိသားစုမှာ ကြုံရာကျရာအလုပ်များကို လုပ်မြဲပင်။ ကောက်စိုက်၊ စပါးရိပ်၊ မျှစ်ချိုး၊ အိမ်မိုး၊ အင်ဖက်ကောက်၊ သက်ငယ်ရိပ်၊ ဈေးထုပ် အင်ဖက်ထုံးများခူး စသည်ဖြင့် ထမင်းအနိုင်စားရသည့်အလုပ်များကို တရက်မနား လုပ်နေရမြဲပင်။ သူတို့မိသားစုသည် နံနက်အရုဏ်တက်လောက်ကတည်းက အိမ်မှ ထွက်ခွာသွားကာ မိုးစုပ်စုပ်ချုပ်မှ အိမ်သို့ပြန်ရောက်လာလိမ့်မည်။
ဈေးထုပ်အင်ဖက်များကို တနေကုန် တချက်မနားခူးလျှင် လေးငါးရှစ်ထုံး ရနိုင်သည်။ အင်ဖက်တထုံးကို သုံးမတ်မျှ ရလိမ့်မည်။ သုံးမတ်သည် သူတို့ရသည့် အမြင့်ဆုံးဈေး ဖြစ်၏။
အင်ဖက်ကုန်သည်မှာမူ တထုံးကို နှစ်ကျပ်ကျော်ကျော် ရသည်။ အင်ဖက်တထုံး သုံးမတ် အင်ဖက်ခူးသမားများရသည်ဆိုရာ၌လည်း အင်ဖက် ခူးသမားများမှာ ကုန်သည်ထံမှဈေးကုန်များနှင့် လဲလှယ်ယူနေရသဖြင့် စင်စစ် ပြားငါးဆယ်မျှပင် တွက်ခြေမကိုက်။ အင်ဖက်ကုန်သည်ကား တိုက်ဆောက်လိုက်ပြန်ပြီ။ သူတို့မှာမူ ဤအလုပ် မလုပ်လျှင်လည်း ငတ်။ လုပ်နေရင်းမှာလည်း ငတ်နေဆဲ၊ ပြတ်နေဆဲ၊ ကြွေးနွံအိုင်၌ နစ်နေဆဲ။ ဤအကြောင်းများကို ကျနော် အမှတ်မထင် တွေးနေမိသည်။

ဤအလုပ်သမကလေး၏မျက်နှာပေါ်မှာ နားဋောင်းတဖက်ပင် မရှိ။ သူထမီဝတ်ထားပုံမှာ ခြေသလုံး တပတ်ရစ်။ သူသည် သဲပြင်တွင် ခြေဖဝါး မြုပ်အောင် ဆောင့်နင်းသွားနေသည်။ သူ့အမူအရာမှာ ကြမ်းတမ်းသည်။ ဇိုးဇိုးဇတ်ဇတ် နိုင်သည်။ ဖျတ်ဖျတ်လတ်လတ် ရှိသည်။ ဤဟန်ပန် များကို သူဖြတ်သန်းရသည့်ဘဝက သူ့ကို သင်ကြားလေ့ကျင့်ပေးသည်။
သူသည် သူ့မိဖများအိမ်တွင် ညအိပ်ရန်နေရာကျဉ်းကျပ်လှသဖြင့် ကျနော်တို့အိမ်မှာ အိပ်သည်။ ကျနော်ငယ်စဉ်က အခန်းကို သူအပိုင်ယူ ထားသည်။ ကျနော်တို့မိသားစုထဲ၌ ဤအပျိုမကလေးမှာ နောက်ပြောင်စရာ ခလေးကလေး ဖြစ်နေသည်။
ညပိုင်း၌ သူသည် လမ်းတဖက်မှ သီချင်းကလေးတအေးအေးဆိုရင်း တခါတရံ လေချွန်ရင်း အမှောင်ထဲတွင် စမ်းနင်းပြီး ကျနော်တို့အိမ် ကူးလာသည်။
အိမ်ပေါ်သို့ရောက်လျှင် သူ့အခန်းထဲ တောက်လျှောက်ဝင်သွားပြီး အိပ်ယာ မခင်းနိုင်။ ပစ်လှဲ အိပ်လိုက်သည်။ ချက်ချင်းလိုပင် သူသည် မောမောပန်းပန်းအိပ်ပျော်သွားပြီး သူ့ဟောက်သံပေါ်လာသည်။
တိတ်ဆိတ်ငြိမ်သက်သောညများ၌ ကျနော်သည် သူ့ဟောက်သံ စည်းချက်ဝါးချက်ကြားမှ ကျနော်၏ "ညအင်္သေချေမှာ" "နွေတည" နှင့် အခြားဝတ္ထုကလေးများကို ရေးခဲ့သည်။ ကြာသော် သူ့ဟောက်သံမှာ ကျနော့်အတွက် အနှောင့်အယှက်မဖြစ်တော့သည့်အပြင် သူ့ဟောက်သံ မကြားရလျှင်ပင် စာရေးရာ၌ တစုံတရာလိုအပ်နေသလို ထင်မိသည်။

"ဒီနေ့ည မှန်မှန်ဟောက်ကွယ်၊ ဦးလေးဝတ္ထု ဇာတ်သိမ်းတော့မယ်"ဟု ကျနော် ပြောမိသည်။ ထိုအခါ၌ သူသည် ငယ်စဉ်ကလို နှုတ်ခမ်းစူ စိတ်ကောက်သွားပြန်သည်။ တစ်ဖက်လှည့်ပြီး ပြုံးနေသည်။

မကြာမကြာပင် သူသည် အမေနှင့်ရန်ဖြစ်တတ်သည်။ "ငါ့အိမ်မလာနဲ့" ဟု အမေသည် သူ့ဝသီအတိုင်း ပြောပစ်သည်။
သူသည် စိတ်ဆိုးကာ အိမ်ပေါ်မှ ခြေဆောင့်နင်းကာ ဆင်းသွားသည်။ တအိမ်လုံး သူဆောင့်နင်းသွားသဖြင့် သိမ့်သိမ့်ခါနေခဲ့သည်။
လှေကား လက်ရမ်းတို့လည်း ပြုတ်ထွက်ခမန်း ဆွဲဆောင့်သွားသည်။ လှေကားရင်းတွင်အိပ်ပျော်နေသော ခွေးအိုကြီးကိုလည်း တအိုင်အိုင် အော်နေရစ်အောင် ဆောင့်နင်းသွားသည်။
မြေအိုး ခွေးစားခွက်မှာလည်း သူဆောင့်ကန်သွားသဖြင့် ကွဲကျန်ရစ်ခဲ့သည်။ ထိုနေ့၌ ကျနော်တို့အိမ်မှာ တိတ်ဆိတ်နေရစ်ခဲ့သည်။
နေညိုလာလျှင် အမေသည် သူ့ကို မျှော်နေပြန်သည်။ "ကောင်မလေး အဟုတ် စိတ်ဆိုးသွားမှာဘဲ၊ ငါ့ပါးစပ်က လွန်ပါတယ်" ဟု အမေသည် ဝမ်းနည်းစွာ မြည်တမ်းနေပြန်သည်။
ညဥ့်နက်လာပြီ၊ သူမလာတော့ဟု ကျနော်တို့တွေးနေချိန်တွင်မှ သူသည် မီးတုတ်ကိုင်မြှောက်ပြီး လမ်းတဖက်မှ ကူးလာနေသည်။ ဒေါသကား မပြေသေး။
အိမ်အဝင်၌ ဒေါသဖြင့် မီးတုတ်ကို ကိုင်ပေါက်ပစ်ခဲ့သည်။ ကျနော်တို့ကိုမကြည့်ဘဲ ကြမ်းဆောင့်နင်းကာ သူ့အခန်းထဲ ပြေးဝင်သွားသည်။ ခန်းဆီးကို ဆွဲ၍ရမ်းလိုက်ပြီး သူ့အိပ်ယာထဲသို့ ကြမ်းတမ်းစွာ ပစ်လှဲလိုက်သည်။
ကျနော်တို့သည် ငြိမ်သက်စွာ ကြည်နူးစွာ ပြုံးနေကြသည်။ ထိုအခါ၌ပင် အိပ်ယာပေါ်မှ သူ့လှမ်းကြိမ်းသံ ပေါ်လာနေသည်။ "တော့အိမ်က ကျုပ် ဘယ်တော့မှဆင်းမသွားဘူး ဒေါ်ဖွားဆိုင်၊ ကျုပ် ယောက်ျားရမှ ဆင်းမယ်" ဟု သူ၏ ကြိမ်းဝါးသံထဲ၌ စိတ်ထိခိုက်သံ ဝမ်းနည်းလွန်း သဖြင့် တုန်ယင်နေသည်။
ချက်ချင်းလိုပင် သူသည် ဝမ်းနည်းခြင်း၊ နာကျဉ်ခြင်း၊ ဒေါသဖြစ်ခြင်းများ ပျောက်ကွယ်သွားကာ ဟောက်သံမှန်မှန်ဖြင့် အိပ်မောကျ သွားလေသည်။

ဤအလုပ်သမကလေးအတွက် ပျော်ပွဲရွှင်ပွဲ သွားလာရသည်မှာ နည်းပါးလှသည်။ နွေရာသီ၌ တလလျှင်တခေါက်လောက် ပြတတ်သည့် အကာသာရှိသည့် အမိုးမဲ့ရုပ်ရှင်ပြကွင်းတွင် ရုပ်ရှင်ကားဟောင်းများ လာပြမညရက်ကိုသာ သူမျှော်နေတတ်သည်။ ရုပ်ရှင်ပြလျှင် သူသည် ကျနော့်ကို မရမက ခေါ်တတ်သည်။ ကျနော်ကား ဘယ်သောအခါတွင်မှ လိုက်မပြဖြစ်။ သူ့ကို ရုပ်ရှင်လိုက်ပြရန် မသင့်လျှော်ဟု ကျနော် တွေးမိသည်။
"ဦးလေး ဘယ်တုန်းကမှ လိုက်မပြဘူး၊ ဒီတခါတော့ ပြရမယ်။ မရဘူး။ ဒီတခါတော့ ပြရမယ်"
ကျနော် ခေါင်းခါနေမြဲ ခါသောအခါ သူသည် တဖြည်းဖြည်း ငြိမ်သက်သွားနေသည်။ သူ့မျက်လုံးအိမ်ပေါ်၌ ဝမ်းနည်းရိပ်ကလေးများ သန်းဝေ လာနေသည်။ ထိုတငွေ့ငွေ့ကျွမ်းလာနေသည့် ဝမ်းနည်းရိပ်ကလေးများမှာ သူ ကျနော့်အပေါ်တွယ်တာသည့် သံယောဇာဉ်ကြိုးများကို တိုင်းထွာနေသလိုပင်။ ကျနော့်နှလုံးသား၌လည်း တိတ်တဆိတ် သက်ပြင်းရှိုက်နေပြန်သည်။
သူသည် အခြား အဖော်ညှိကာ ရုပ်ရှင်ပွဲသွားသည်။ နောက်နေ့ညတွင် ဘယ်သူနားထောင်ထောင် မထောင်ထောင် သူနားလည်သလို ရုပ်ရှင်ဇာတ်လမ်းကို တဖွဲ့တနွဲ့ပြောနေသည်။
"ဦးလေးရယ် ကျနော်တို့နောက်မှာလေ ကာလသားတွေ တရုန်းရုန်းနဲ့ ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့ ကျနော်တို့လဲ ရှေ့တိုးတာပေါ့၊ အဲတာလဲ နောက်က လိုက်တိုးတာဘဲ။ ပျော်လဲ အပျော်သား"ဟု သူပြောချလိုက်သောအခါ အမသည် သူ့နဖူးကို ဒေါင်ကနဲ ခေါက်လိုက်၏။အမေသည် "နွားမလေး"ဟု ပြုံးရင်း ငေါက်လိုက်၏။
အကိုနှင့်ကျနော်လည်း ဟက်ဟက်ပက်ပက် ရယ်မောနေမိကြပြန်သည်။
ကျနော်ကား နေရသည်ကို ညဉ်းငွေ့လာလျှင် ခရီးထွက်သွားသည်။ ရောက်ရာဒေသ၌ တနှစ်ကုန်ကုန် တနှစ်ဆန်းဆန်း ပျော်သလောက် နေပစ်လိုက်ပြီးမှ အိမ်သို့ပြန်လာသည်။
ဤသို့ဖြင့် တတိယအကြိမ် ထွက်ခွာသွားပြန်သည်။ သည်တကြိမ်မှာ မိန်းကလေးနှင့်ခွဲခွာရမည့် နောက်ဆုံးအကြိမ်ပေတကား။ သည်တကြိမ် ကျနော်ပြန်လာသောအခါ သူသည် ခြံဝမှ ထွက်မကြိုနိုင်။ တိတ်ဆိတ်နေသောအိမ်ပေါ်သို့ ကျနော် လှမ်းတက်လိုက်သည်။ သူသည် သူထိုင်နေကျနေရာ တိုင်မှီထိုင်နေရင်း ကျနော့်ကို ပြုံးပြီးကြိုနေသည်။
"ဦးလေး လာမှ လာသေးတယ်နော်"
သူကအသံမှာ ဝမ်းနည်းရိပ်ကလေးများ ကြေကွဲဖွယ်ရာရစ်သန်းနေသည်။ သူ့မျက်လုံးထဲ၌မူ ကြည်နူးရွှင်ပြရောင်များ တောက်ပလာနေသည်။ ရှက်ကိုးရှက်ကန်းဟန်ဖြင့်လည်း သူ့မျက်နှာကလေးမှာ ထူပိန်းလာသည်။ ဤ တိတ်ဆိတ်နေသော အိမ်ကြီးပေါ်တွင် သူတယောက်ထဲမြင်တွေ့ ရသည်။
ကျနော်လည်း ပင်ပန်းနွမ်းနယ်စွာ ပစ်ထိုင်ချလိုက်သည်။ "လဖက်ရည်အိုး တယ်ကွာ" ဟု လှမ်းပြောလိုက်သည်။
"ကျနော် မထနိုင်ဘူး ဦးလေးရဲ့၊ ဒူးကြီး ယောင်နေလို့"
သူ့ဒူးပေါ်မှ ထမီကို ဖယ်ရှားပြသည်။ သူ့မျက်နှာကလေးမှာမူ ကျနော်ရောက်လာသဖြင့် ဝမ်းသာကြည်နူးစွာ ပြုံးနေဆဲပင်။ သူ့ညာဘက်ဒူးမှာ ဒူးနှစ်လုံးဆင့်ထားသလို ရောင်ကိုင်းနေသည်။ ခြေထောက်မှာ ကွေးနေပြီ။ ပေါင်လည်း သိမ်နေပြီ။ ကျနော်လည်း မလှုပ်မရှက် ငိုင်ကြည့်နေမိ သည်။ ရင်ထဲတွင် စိုးရမ်သောကများ ဖိစီးလာပေပြီ။
"ဘယ်လိုဖြစ်တာလဲ၊ ဘယ်လောက်ကြာပလဲ၊ ဆေးရုံမသွားဘူးလား" စသည့်မေးခွန်းများကို ဒလစပ် မေးနေမိသည်။ လေးလကြာပြီ။ ဖက်ခူးရင်း သစ်ငုတ်တခုနှင့်တိုက်မိရာမှ စဖြစ်သည်။ ဆေးရုံမသွား၊ ဒေါက်တာရမ်းကုတဦးနှင့် ကုနေသည်။ "မဖြစ်လောက်ပါဘူးကွယ်၊ ဆေးရုံသွားရင် ငါးရက်လောက်နဲ့ပျောက်ပါတယ်" ဟု ကျနော်သည် အသံကို ဖော့ပြီးပြောသည်။
ထိုနေ့တွင်ပင် သူ့ကို ဆေးရုံတင်ပို့ပေးရန် သူ့အဖေကို ပြောသည်။ သူ့အဖေက ဒေါက်တာရမ်းကုနှင့်ပင်ပျောက်မည်ဟု ယုံကြည်နေသည်။ စပါးရိတ်လည်း အရေးကြီးနေသည်။ ဆေးရုံဆိုတာလည်း ကြောက်၊ ဆရာဝန်ဆိုတာလည်း ကြောက်နေသည်။ ဆေးရုံတင်ပို့နိုင်ရန် ငွေလည်း မရှိ။ ရောဂါကိုလည်း ကြီးကျယ်ဟု မထင်။
ကျနော် တိုက်တွန်းနေသည့်နေ့ရက်များ၌ပင် မိန်းကလေး ခံစားနေရပုံမှာ သနားစဖွယ် ဖြစ်လာသည်။ ဒေါက်တာရမ်းကု ဆေးထိုးပေးနေ သည့်ကြားမှ ပို၍ ရောင်ကိုင်းလာနေသည်။ ည အအေးပိုင်းရောက်လာလျှင် သူမသည် ကိုက်ခဲသဖြင့် တအင်အင် ညဉ်းနေရသည်။
"ဆေးရုံမသွားချင်ဘူး ဦးလေးရယ်၊ ဆေးရုံဆိုတာ ပိုက်ဆံရှိမှ၊ နို့မို့ဆိုရင် ဖြတ်ပစ်တာဘဲတဲ့၊ ကျနော် ကြောက်ပါတယ်" ဟူ၍ ဟူ၍ကျနော့်ကို ပြောပြနေသည်။ သူ ပြောသလိုမဟုတ်ကြောင်း ကျနော်ပြောသည်ကို သူမယုံနိုင်။
သူ့ရောဂါကား ကျွမ်းနေပါပြီ။ အဘယ် ငွေကြေးကြွယ်ဝသူတဦးသည် သူ့သမီး၌ ဤသို့ဖြစ်နေလျှင် ဤမျှကြာရှည်စွာ ဒေါက်တာရမ်းကု တဦးဖြင့် ကုသနေပါသနည်း။ အဘယ် ချယ်လှယ်အုပ်စိုးသူတဦးသည် သူ့သမီး၌ ဤသို့ဖြစ်နေလျှင် ဤမျှကြာရှည်စွာ ရောဂါကိုမွေးမြူ ထားပါသနည်း။ ကျနော့် အမေးကို ဖြေစမ်းပါ။

ယခုကား ငွေကြေးမဲ့မှုကြောင့် ပညာမဲ့ အသိမဲ့နေရသော ဤပတ်ဝန်းကျင် အမှောင်အပိန်းကြီးအောက်မှာ သူနစ်မွန်းနေရပေပြီ။
ဤညများကား လမိုက်ရက်ညများ ဖြစ်၏။ အဖြစ်အပျက်မှာလည်း မျှော်လင့်ချက်ကင်းမဲ့နေသည်။ သူ့ မိဘများသည်လည်း ကျနော့်လို တသက်လုံးအတူနေတဦးကို အထင်မကြီး။ ကျနော်တိုက်တွန်းသည်ကို ဂရုမစိုက်။ နောက်ဆုံး၌ ကျနော်သည် ဒေါက်တာရမ်းကုကို မသိမသာ ခြိမ်းခြောက်ရ၏။ ထိုအခါတွင်မှ ဒေါက်တာရမ်းကုသည်လည်း လက်လွှတ်တော့သည်။ ရက်ပေါင်းများစွာကြာပြီးမှ သူ့ကို ဆေးရုံ ပို့ဖြစ်တော့ သည်။ ဆေးရုံပို့သည်နေ့က ကျနော် အရှေ့မြစ်ရိုးဖက်ဆီသို့ ခရီးထွက်နေသည်။
သူ့ကို လှည်းပေါ် ပွေ့တင်နေစဉ် "ဦးလေးကို ပြောပါ၊ ဦးလေးလိုက်ခဲ့ပါလို့ ကျနော် မှာသွားတယ်လို့ ပြောပါ" နှင့် သူ တတွတ်တွတ် မှာသွား ခဲ့သည်။
ဤ အပျိုမကလေးမှာ လဲလှယ်ရန်အဝတ်လည်း ပေါပေါများများမရှိ။ အမသည် သူ့နားဋောင်းကို ချွတ်ပေးလိုက်၏။ အမေက ခေါင်းအုံးတလုံး စောင်နွမ်းတထည်၊ ခြင်ထောင်အိုကလေးတလုံးနှင့် ကျပ်တန်ကလေး လေးရွက် ပေးလိုက်သည်။ လှည်းပေါ်၌ သူ တရှိုက်ရှိုက် ငိုသွားသည်။
သူ မရှိသည့်ရက်များ၌ ကျနော်တို့အိမ်မှာလည်း သူ့တေးသံမဲ့ကာ တိတ်ဆိတ်ကာ ဟာလာဟင်းလင်း ပွင့်ကျန်ရစ်ခဲ့သည်။
သူ့ဒူးကို ခွဲစိတ်ကုကြည့်သည် မရ။ ဓာတ်မှန်ရိုက်သည်။ ရိုးတွင်းချဉ်ဆီ လိုက်နေပြီ။ ဖြတ် ကုရတော့မည်။ သူ့အမေက ငိုယိုပြီးလာပြောပြ၏။
"ဦးလေး လာပါအုံးလို့ တတွတ်တွတ်မှာတာဘဲ၊ နင် သွားပါအုံး" ဟု သူ့ အဖေက ပြောနေပေပြီ။
သူ့အဖေ၊ သူ့ဘိုးအေ၊ သူ့အဖွား၊ ကျနော့်အမတို့နှင့်အတူ ကျနော်လည်း ဆေးရုံလိုက်သွားရသည်။ စုံစမ်းသော အခါ သူ့ဝေဒနာကားကျွမ်းနေပြီ ဖြစ်၍ ပေါင်ကဖြတ်ရမည်။ မဖြတ်လျှင် အသက်ဆုံးရှုံးခံရမည်ဟု သိလာရသည်။
ထို့နောက် သူတို့ ဆေးရုံမှဆင်းလာသည်။ ဘုန်းကြီးကျောင်းတခုသို့ ပြောင်းကုသည်။ ခွဲစိတ်ထားသဖြင့် အနာမှ သွေးပုပ်များဆင်းကာ သူ၏ နောက်ဆုံးနေ့ တံခါးဝမှာအနီးသို့ ကပ်လာနေသည်။
"ဦးလေး သိပ်စိမ်းကားတယ်၊ ကျနော့်ကိုမချစ်လို့ မလာတာလို့ ပြောလိုက်ပါ၊ ဦးလေးလာပါအုံးလို့ ပြောပေးပါ" ကျောင်းမှ သူ၏ တတွတ်တွတ် လှမ်းမှာနေသံကို တဆင့် ကြားနေရသည်။ ဤအခါတွင်ကား ကျနော် သွားမတွေ့နိုင်။ ရင်မဆိုင်နိုင်။
"ကျနော် ခြေထောက် ဖြတ်ရမယ်ဆိုတာ ဦးလေး ငိုသေးသလား"ဟု နောက်ပိုင်းရက်များ၌ သူ့အဖေကို မေးသွားသည်။
ဤမိန်းကလေးကား သူ့အတွက် ကျနော် ငိုစေ့ချင်သည်။ သူ့ကို ကျနော် သံယောဇာဉ်ကြီးမားလှကြောင်းသိပြီး ကြည်နူးသွားချင်သည်။
သူ့ဆန္ဒကိုမသိရှာသည့် သူ့အမေက ခေါင်းရမ်းပြနေသောအခါ သူသည် ငြိမ်သက်ငေးမောကာ စိတ်ထိခိုက်သွားခဲ့သည်။
နောက်ဆုံး သူကွယ်လွန်သွားသည်ကို သူ့အပေါင်းအဖော် စပါးရိပ်သမများ သိကြသောအခါ လယ်ကွင်းပြင်ကြီးထဲ၌ ဆူညံသွားအောင် အော်ဟစ်ငိုယိုကြသည်။ မငိုသူမရှိ၊ သူ့အပေါင်းအဖော်များသည် သူ့အကြောင်း လပေါင်းများစွာ ပြောကျန်နေရစ်ခဲ့သည်။
ကျနော်ကိုယ်တိုင်လည်း သူ့ကိုနောက်ဆုံးတွေ့ခဲ့သည့်ဆေးရုံပေါ်မှ တညနေကို ဘယ်အခါတွင်မှ မေ့နိုင်မည်မဟုတ်နိုင်။
သူသည်ဆေးရုံကုတင်တွင် ကွပ်ပစ်ပေါ်တွင် တဖက်လှည့်ပြီး တရှုပ်ရှုပ်ငိုနေလျှက်။
"ပေါင်ရင်းက ဖြတ်ရမယ်တဲ့၊ သေချင်သေ အဖေကြီး သဘောတော့ ဆေးရုံကဆင်းမယ်" ဟူ၍ ... ဟူ၍ ...သူ့ ဘိုးအေကြီးသည် မျက်ရည်ကြားမှ အသံ အက်ကွဲကြီးဖြင့် ပြောနေလျှက်။
သူ့အဖေသည် ကုတင်ခြေရင်းဘက်တွင် တင်ပလွှဲထိုင်ပြီး မငိုမိစေရန် အံကြိတ်နေလျှက်။
သူ့ဘိုးအေကြီးကိုလည်း ကျနော် အပြစ်မတင်နိုင်။ ဤအဖိုးအိုကြီးမှာ စာပင် ဟုတိ္တပတိ္တ မသင်ဘူးခဲ့ရရှာသူ။ ဆေးရုံမှ ဘာမှမပြောဘဲ ဆင်းလာခဲ့လျှင် မိန်းကလေးမှာ သူ့အတွက် မျှော်လင့်ချက်မရှိတော့သည်ကို သူသိသွားပါပြီ။ သူ၏ နောက်ဆုံးရက်ကို သူမြင်တွေ့နေရပေပြီ။
သူသည် ဖြည်းဖြည်း ပြန်လှည့်လိုက်ပြီး ကုတင်ရှေ့တွင်ရပ်နေသူ ကျနော့်မျက်နှာကို အားကိုးကြီးစွာ မော့ကြည့်နေသည်။ သူ့မျက်နှာကလေးမှာ သွေးအားနည်းကာ ဖြူဖျော့နေပြီ။ မျက်လုံးများ ရီဝေနေပြီ။ ဤမျက်လုံးများပေါ်မှာ နောက်ဆုံးမျှော်လင့်ချက်ကလေးတခု လျှို့ဝှက်စွာ တဖိတ်ဖိတ် လက်နေသေးသည်ကို ကျနော် တွေ့မြင်နေသည်။ သူဘာမှ မဆုံးဖြတ်ရသေးပါ။ ကျနော့်ကိုမေးနေသည် ကျနော်သိနေသည်။ နောက်ဆုံးတွင် ဤ ရောင်ခြည်မျှင်ကလေးသည်လည်း အားအင်ကုန်ခမ်းလာကာ တစတစ မှိန်ဖျော့လာနေသည်။
ရင်ထဲနာကျင်လာသည်။ မငိုတတ်သော ကျနော့်မျက်လုံးများပေါ်မှာ မျက်ရည်များ ပြည့်လာနေသည်။ သူ့နှုတ်ခမ်းများမှ ကျနော့်ကို အတိုင်းအတာမဲ့ တွယ်တာမှု၊ အတိုင်းအတာမဲ့အားကိုးမှုများ ဖွင့်ပြောနေသလိုပင်။
ကျနော် ခေါင်းငုံ့လိုက်ပါသည်။ မျက်ရည်ပေါက်သည်လည်း သံမန်တလင်းပြင်ပေါ်သို့ ကြွေကျသွားသည်။ အို ... ကျနော် ငိုနေပြီ။
အတန်ကြာ ငြိမ်သက်နေသည်။
"သမီးသဘောလေ" ဟု သူ့ဘိုးအေသည် ငိုသံဖြင့် ပြောနေသည်။
ထပ်ပြီး ငြိမ်သက်နေသည်။
အချိန်များစွာကြာပြီးမှ "သေမယ်၊ သေမယ်" ဟု မိန်းကလေးက ယတိပြတ်ပြောချလိုက်လေသည်။ သူသည် သူ့မောင်ကလေးများ ညီမကလေးများကို သူ့အဖေနှင့်အတူ လုပ်ကိုင်ကျွေးနေရသူ၊ အလုပ်သမ ကလေး။ အလုပ်လုပ်နိုင်မှ ထမင်းစားရသူ။ သူ့တသက်တာ လုံးအတွက် သူတွေးရမည်။ အလုပ်လုပ်နေရင်းမှာပင် သူတို့မှာ ကြွေးနွံအိုင်ကြီးထဲတွင် လည်ပင်းနစ်မြုပ် နေရသည်။
"ဒေါ်...ကို ဖက်ထုံးတရာ ပေးရအုံးမယ်၊ ပေးပြီးပလား အဖေ၊ ပေးလိုက်ပါနော်၊ တော်ကြာ သံသရာကြွေး ... တင် တင် တင် ......."
ပြောနေရင်း သူ့အသံနစ်မြုပ်သွားသည်။ တဖက်လှည့်ပြီး သူကြိတ်၍ ငိုနေရပြန်သည်။
ဤစကားများကား "မသိန်းရှင်ဆီရောက်အောင် ကျမ ထန်းညက်တောင်း ပို့ ... ပို့ ... ပေး ... ကြပါ" ဟူ၍ ရေးခဲ့သူရှေ့မှောက်၌ ပြောနေသော စကားများပေတကား။
သူ့တသက်လုံး ဒေါ်...ကို လုပ်ကျွေးခဲ့ပြီးပြီ။ တိုက်ဆောက်ရအောင် လုပ်ပေးခဲ့ပြီးပြီ။ သူသေမည်ရှိသောအခါ နောင်ဘဝအတွက်ပင် ဒေါ်...၏ ကြွေးမြီများ ပါသွားဦးမည်ဆိုနေပါကလား။ ဒါသည် ပါရမီဆိုတာ ပါကလား။ ဒါသည် အထုံရေစက် ဆိုတာပါကလား။
အချိန်များစွာ ကြာလွန် သွားပြန်သည်။ သူ့ကို နောက်ဆုံးမှန်းသိလျှက် နှုတ်ဆက်ရန် ကျနော် အားယူလိုက်ရသည်။
"ဦးလေး သွားမယ်နော်"
သွားမယ် ခလေးရေ ... ဘယ်တော့မှ ပြန်မတွေ့ကြဘူး။ ဒါနောက်ဆုံးဘဲ။ မင်း သေမယ်။ လူသေရင် မြေဘဲဖြစ်မယ်။ မြေထဲ ပြန်သွားရမယ်။
"ဟုတ်ကဲ့"
သူပြောလိုက်ပြီး ကျနော့်ကို လှည့်မကြည့်တော့။ အဆုံးသတ်မှာ ပီပြင်နေပေပြီ။ သူလည်း အသံမထိန်းနိုင်တော့ဘဲ ငိုနေရစ်ခဲ့ပြီ။ ဤငိုသံကြားမှ ဆေးရုံအပြင်ဖက်သို့ ကျနော်ထွက်လာခဲ့သည်။

မြို့အပြင်ဖက်သို့ ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်လာသည်။ မှောင်ရိပ်လွှမ်းစ ဆည်းဆာအောက်၌ ကျနော်လျှောက်နေမိပြီ။ အမှောင်ရိပ် များသည် ကျနော့်ကို တိတ်တဆိတ်လွှမ်းလာပေပြီ။ ကျနော်လည်း အမှောင်ထဲအောက်၌ ပျောက်ကွယ်သွားရမည်လော။ အမှောင်ထဲ၌ အလှောင်ခံထားရသူများသည် ရုန်းကန်ဖွင့်ထွက်ကြရမည်။ ကျနော်သည် လက်သီး ကျစ်ကျစ်ဆုပ်လိုက်၏။ အံကြိတ်လိုက်သည်။ ကိုယ်ကို မတ်လိုက်သည်။ အကြောအခြင် ကြွက်သားများလည်း ဖုထစ်ကြွလာသည်။ ရင်ထဲ၌ ဒေါသချောင်းသည် အဟုန်ပြင်းစွာစီးဆင်းနေသည်။ ကြမ်းတမ်းသော မုန်တိုင်းတခုသည် ရင်ထဲ၌ တိုက်ခတ်နေသည်။
ဟုတ်သည်။ ကျနော်တို့ကား အမှောင်ထဲမှာ နစ်မြုပ်နေရင်း အမှောင်ထုကို အာခံကြရပါမည်။
နိုင်ဝင်းဆွေ
မိုးဝေ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၇၂။
(ဘဝစာမျက်နှာများ)

ကွန်ဒိုက အမျိုးသမီး (ကြူးနစ်)

0 comments
ကွန်ဒိုက အမျိုးသမီး (ကြူးနစ်)

အမျိုးသမီးသည် အလျားနှင့်အနံကွာခြားချက်မသိသာသော ကျောမှီဘောင်လည်း မပါ၊ ခြေရင်းဘောင်လည်းမပါသော ကြီးမားသည့် စားပွဲအနိမ့်စားတစ်လုံးနှင့်တူသော ရေမြှုပ်မွေ့ရာခင်းအိပ်ရာပေါ်တွင် မှောက်လျက် အိပ်မောကျနေရာမှ နံနက် ၉ နာရီ ၂၅ မိနစ်တိတိတွင် နေရောင်ကာ နံ့သာရောင်ပိုးသားလိုက်ကာ အဟကြားကနေ တိုးဝင်လာသည့် နေရောင်ခြည်တန်းစူးစူးက သူမ၏ ပါးပြင်တစ်ဖက်ကို အပ်နှင့် ထိုးဆွလိုက်သလို ကျရောက်လင်းလက်လာခဲ့သောကြောင့် တုတ်ခိုင်ဖွံ့ထွားသောရုပ်ခန္ဓာနှင့် မလိုက်ဖက်လောက်အောင် ဖျတ်လတ် သွက်လက်သည့်လှုပ်ရှားမှုဖြင့် ငေါက်ခနဲ ထထိုင်လိုက်သည်။

ရုတ်ခြည်း ထထိုင်ခြင်းဖြစ်၍ မလိုအပ်ဘဲ ချောင်ချိပွယောင်းနေသောညဝတ်ဂါဝန်မှ လက်တစ်ဖက်သည် ပခုံးတစ်ဖက်ပေါ်ကနေ သူမ၏ လက်မောင်းတုတ်တုတ်ကြီးတစ်ဖက်ပေါ်သို့ လျှောကျသွားသည်။ အမျိုးသမီးက ဂါဝန်အင်္ကျီလက်ကို ဂရုမစိုက်။ ဂါဝန်အောက်နားစက ဝဲဘက်ပေါင်လယ်အထိ ခွေခေါက်လန်တက်ခြင်းကိုလည်း ဂရုမစိုက်။ ကွန်ဒိုကအမျိုးသမီး လတ်တလော သတိပြုစူးစမ်းနေသည်မှာ ခုတင်ခြေရင်းဘက် နံရံတစ်နေရာမှ နံရံကပ် နာရီဝိုင်းကြီးသာဖြစ်သည်။ ကြည့်စမ်း … ၉ နာရီတောင် ခွဲတော့မယ် … ခေါင်းဖြူမသာကြီးက ၁ဝ နာရီ လာမယ်လို့ မနေ့က ဖုန်းဆက်ထားတာ။ မသာကြီးမရောက်ခင် ရေချိုးထားနှင့်မှ။ ရေချိုးတုန်း ရေနွေးတစ်အိုး ကျိုထားမယ်။ မသာကြီး ရောက်လာရင်(ကော့်ဖီး … ကော့်ဖီး) နဲ့ အငတ်ကြီးလို ပူဆာဦးမှာ။ တစ်နေ့ ကော်ဖီခါးခါး ရှစ်ခွက်လောက်သောက်တဲ့ ဒီမသာကြီးကျ ဘာဖြစ်လို့ ကင်ဆာတွေဘာတွေ မဖြစ်ပါလိမ့်နော်။

ကွန်ဒိုက အမျိုးသမီး၏ အသက်ကို ၄ဝ တစ်ဝိုက်ဟု ခန့်မှန်းသော် များစွာလွဲချော် မှားယွင်းနိုင်ခြင်း ရှိမည်မဟုတ်။ သူမ၏ ရုပ်ရှည်ရူပကာ သွင်ပြင်ကိုကြည့်၍ ဤမိန်းမ၌ မဇ္ဈိမတိုင်းသွေး တစ်ဝက်ကျော်ကျော်၊ မွန်ဂိုလွိုက်သွေး တစ်ဝက်ကျော်ကျော်ပါနိုင်သည်ဟု ခန့်မှန်း ကြည့်လျှင်လည်း အနီးစပ်ဆုံးအဖြေမှ တိမ်းပါးသွားမည် မဟုတ်။ သူမ၏ ခန္ဓာမှ နေရောင်ခြည် အထိအတွေ့များသော အင်္ဂါအစိတ်အပိုင်း အရေပြားတို့သည် ညိုမှိုင်းမှိုင်းအရောင်အဝါ ဖြစ်ကြသော်လည်း နေရောင်ခြည်လွတ်ကင်းသော အစိတ်အပိုင်းတို့ကမူ ဝင်းဝါစိုပြည် ကြသည်ဟု ပြောနိုင်မည်။ အကြောင်းသော်ကား ဂါဝန်အောက်နားစဖုံးအုပ်ခြင်းမရှိသော ထုထည်ကြီးသည့် အသားစိုင်မှာ ဝင်းလဲ့ဖွေးစင်း နေသောကြောင့် ဖြစ်သည်။ ခြေဖမိုးတွေ၊ ခြေချောင်းတွေကတော့ အမဲသားခြောက်ရောင် ညိုညစ်မှုန်ပျနေကြသည်။ အမျိုးသမီး၏ လက်မောင်းအိုးကြီးများ၊ လက်ဖျံလုံးကြီးများ၊ တုတ်တုတ်ထွားထွား လက်ချောင်းကြီးများကိုကြည့်ဘိဦး … နွားသားရေ အဟောင်းအမြင်းကဲ့သို့ ညိုမွဲမွဲ အကျည်းတန်နေခြင်းကို မြင်ရပါလိမ့်မည်။

အဆိုပါ အမျိုးသမီး၏ ပြည့်တင်းဖောင်းကားသောမျက်နှာမှ အသားများ၊ အဆီပြင်များကို လျှော့ချပစ်လိုက်ပါက ကြည့်ပျော်ရှုပျော် လုံးသွယ်သည့် မျက်နှာအကျကို သေချာပေါက်တွေ့ရပြီး၊ ထိုမျက်နှာရှိအစိတ်အပိုင်းများ၏ ဖွဲ့စည်းထားဟန်မှာ အချိုးကျနှစ်သက်ဖွယ်ဟု ရှုမြင်ခံစားနိုင်ကြလိမ့်မည်။ သူမမှာ လိုအပ်သည်ထက်ပိုလျှံနေသော အဆီအသား ဒြပ်ထုနေရာနှစ်ခု ရှိသည်။ ဂါဝန်ဖျင်သားပါးပါး အောက်ကနေ တွန်းကန်ရုန်းထွက်နေကြသည့် ရင်အင်္ဂါနှင့် တင်အင်္ဂါတို့ ဖြစ်ကြလေ၏။

အချင်း နှစ်လက်မကျော်ကျော် ရှိမည့် ရွှေနားကွင်းကြီးတွေကတော့ ကွန်ဒိုကအမျိုးသမီး၏ ကာယသဏ္ဌာန်နှင့် အလိုက်ဖက်ဆုံး အဆင် တန်ဆာများဟု အချို့က ထင်ကြလိမ့်မည်။ ဤမိန်းမမှာ အခြား လက်ဝတ်တန်ဆာတွေ မတွေ့ရ။ တစ်နေရာရာမှာ သိမ်းဆည်းထားလိမ့်မည်။
သူမသည် ခြေဆန့်၍ ငူငူငိုင်ငိုင်ထိုင်နေရာမှ ဆတ်ခနဲလှုပ်ရှားကာ ခန္ဓာကိုယ်ကြီးကို တစောင်းလှဲချ၍ ကုတင်ဘေးရှိ ဝမ်းဘဲဥပုံ အလူမီနီယံ စားပွဲပုကလေးဆီသို့ ဦးတည်လက်လှမ်းသည်။ စားပွဲပေါ်မှာ ပင်လယ်ခရုခွံ ဆေးလိပ်ပြာခွက်ကြီး တစ်ခု၊ ခွက်ထဲမှာ `ရွှေပြည်စိုး´ ဆေးပေါ့ လိပ်တို တစ်တို၊ အဖိုးတန်`ဟတ်ဆန်´ Hudson အမျိုးအစား ဒန်ရောင် ဓာတ်ငွေ့မီးခြစ်တစ်လုံးတို့ရှိကြတယ်။ မသာကြီး မလာခင် ဆေးလိပ် အဝ သောက်ထားဦးမှ။ ပြီးရင် သွားတိုက်ပြီး ခံတွင်းသန့်ဆေးနဲ့ ပလုတ်ကျင်းထားလိုက်မယ်။ ပြီးတော့ သူ့ရှေ့မှာ ပီကေတွေ စွတ်ဝါး နေလိုက်မယ်။ ဒင်း (သင်း) က ပြောသေး "ဆေးလိပ်တွေ ခိုးခိုးသောက်နော် စိုးစိုး … မင်း အဆုတ်ကင်ဆာ ရလိမ့်မယ်" တဲ့။ သေခါနီးကြီး ကများ ပူပင်နေသေးရဲ့။ ကင်ဆာနဲ့ အရင်သေမှာက သူ။ အခုပဲ ကြည့်လေ … သူ အောက်ပိုင်းသေလို့ တွန်းလှည်းနဲ့ သွားနေရတာပဲ ဘဝက တုံးနေပြီ။ အသက်မသေခင် ဘဝက သေသလိုဖြစ်နေပြီ မဟုတ်လား။

ကွန်ဒိုကအမျိုးသမီးသည် ဆေးပေါ့လိပ်ကိုမီးညှိကာ ခုတင်ပေါ်မှ ခြေတွဲလောင်းချ၍ထိုင်ရင်း ဂါဝန်ပေါ်၊ အိပ်ရာခင်းပေါ် ဆေးလိပ်မီးပွားတွေ မကျအောင် သတိထား၍ ဆေးငွေ့တွေကို မက်မက်မူးမူး သောက်ရှူနေသည်။ တစ်ချက်တစ်ချက်မှာ အခန်းနံရံ လေးဘက်စလုံးမှာ အထားအသိုကျနစွာ ချိတ်ဆွဲထားသော ပုံနှိပ်ပန်းချီကားတွေကို ရည်ရွယ်ချက်မရှိ လှမ်းကြည့်သည်။ ပေါဂေါ်ဂင်၊ ဟင်နရီမာတစ်၊ မိုဒီဂလီယာနီ၊ ဖရန်စစ်ကာတွန် စသော ဥရောပသား ပန်းချီအနုပညာရှင်များကို သူမ သိဖူးကြားဖူးခြင်း မရှိခဲ့ပါ။ သူမ သေချာစွာသိရှိသူမှာ မြန်မာပြည်မှ အပျော်တမ်းပန်းချီဆရာကြီး ဦးဖေတင်သာလျှင် ဖြစ်၏။ အသက် ၇၈ နှစ်အရွယ် ဦးဖေတင်မှာ ချမ်းသာကြွယ်ဝသော ပန်းချီဆရာကြီးတစ်ဦးမျှသာ မဟုတ်၊ မရွှေစိုး၏ တရားဝင် ကာမပိုင်ခင်ပွန်းသည်လည်း ဖြစ်သည်၊ စတုတ္ထမြောက် လင်လည်း ဖြစ်သည်။ ဦးဖေတင်ကတော့ မုဆိုးဖိုသက်တမ်း ၁၅ နှစ်ခန့် ရှိနေပြီ။ လွန်ခဲ့သော ၂ နှစ်က ဦးဖေတင်သည် အဝတ်အစားအသစ် လဲလှယ်ဝတ်ဆင်ခြင်း မျိုးထက် ဘာမျှမပိုသောလုပ်ဆောင်မှုတစ်ခုကဲ့သို့ ဤမိန်းမကို တရားဝင်လက်ထပ်ယူခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား မိုင်ဝက်ခန့် အကွာအဝေးမှ ဖူးမြော်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဝယ်ယူထားခဲ့သည့် ဤကွန်ဒို အဆောက်အအုံ၏ ဒွါဒသမမြောက်အခန်းတွင် သူ၏ ဇနီးအား နေရာချထားပေးခဲ့၏။ အဘိုးကြီးက မရွှေစိုးနှင့်အတူနေထိုင်ခြင်း မပြုပါ။ သမီးအထွေးဆုံး ဆရာဝန်မ၏ မိသားစုနှင့် အတူနေထိုင်သည်။ သန်လျင်မြို့မှာ ဖြစ်သည်။

ကွန်ဒိုမှ အမျိုးသမီးသည် ဆေးလိပ်တိုကို ပြာခံခွက်ကြီးထဲမှာမီးငြိမ်းသတ်ကာ ဖင်စီခံကို ခွက်ထဲမှာ ထည့်သည်။ ပြီးလျှင် ဆေးလိပ်ခွက်ကို မ,ယူကာ မီးဖိုခန်းဘက်သို့ တင်ပါးကြီးကို အရုပ်ဆိုးစွာ ခါရမ်းစေသည်အထိ ခပ်သွက်သွက် လှမ်းသွားသည်။ ၂ နှစ်လောက် ကြာတဲ့အထိ ဒီဆေးလိပ်ခွက်ကို ခေါင်းဖြူကြီး မတွေ့ဖူးသေးတာ အံ့ပါရဲ့ကွယ်။ တွေ့ရင်တော့ “အဆုတ်ကင်ဆာ … အဆုတ်ကင်ဆာ” နဲ့ အော်လိုက်မယ့် ဖြစ်ခြင်း။ ပြီးရင် “စိုးစိုးပါးစပ်က မွှေးမှမွှေး” လို့ ပလီစိချောက်ချက် ပြောဦးမှာ။ မသာကြီး …။

အမျိုးသမီးသည် သန့်စင်ပြီးသောခရုခွံကြီးကို အဝတ်ဟောင်း ကြိမ်ခြင်းထဲရှိ ထဘီပုံအောက်မှာ သေသေသပ်သပ် ဖုံးဖိသိုဝှက်ထားလိုက်၏။ ထို့နောက် အိပ်ခန်းထဲရှိ ဆေးလိပ်ပြာအစအနများ ရှင်းသွားအောင် ဖုန်စုပ်စက်သုံး၍ လက်စနက်န ဖျောက်ဖျက်ပစ်လိုက် ပြန်သည်။ လူဆိုတာ ဘဝမှာ ဇိမ်ခံစရာလေးတစ်ခုတော့ရှိမှ လူဖြစ်ကျိုးနပ်မယ်ဆိုတာ ဒင်း (သင်း) နားမလည်တာ မဟုတ်ဘူး။ သင်္ချိုင်းကုန်း ခြေတစ်ဖက်ချထားတဲ့ ဒင်း(သင်း)လို ခေါင်းဖြူစွယ်ကျိုးကြီးတောင် ကတ်သီးကတ်သပ် ဇိမ်ခံနေတာပဲ မဟုတ်လား။ ချောင်းသာ သွားရတာနဲ့၊ ပြင်ဦးလွင် တက်ရ တာနဲ့၊ ရန်ကုန်မြစ်ထဲ အပျော်စီးသင်္ဘောကြီးနဲ့ လေညှင်းခံရတာနဲ့။ ငါ့မှာ ဇိမ်ခံစရာ ဘာရှိလို့လဲ။ အားလုံးလိုလိုက ရိုးနေပြီ။ ပြောရရင် ဆေးလိပ်ဖွာရတာနဲ့၊ ဘိုထိုင်ပေါ်မှာ ထိုင်ရင်း ကာတွန်းဖတ်ရတာ လောက်ပဲ ရှိတာ။ ကျန်တဲ့ အရသာတွေက ဖွယ်တယ်တယ် ဖြစ်ကုန်ပြီ။ ဘာမှ ဟုတ္တိပတ္တိ စေးစေးပိုင်ပိုင် မရှိတော့ဘူး။

ကွန်ဒိုကအမျိုးသမီးသည် ရေခဲသေတ္တာကိုဖွင့်ကာ ပြည်တွင်းဖြစ်လိမ္မော်ရည် တစ်ပုလင်း ထုတ်ယူသည်။ အဖုံးဖွင့်ပြီးနောက် လိမ္မော်ရည်များ သူမ၏ မေးစေ့၊ လည်ပင်းနှင့်ရင်ညွန့်အထိ စီးကျစွန်းပေခြင်းကို အရေးမထားဘဲ နွားငတ်ရေချ တဂွတ်ဂွတ်မြည်အောင် ပုလင်းလိုက် မော့သောက်သည်။ ပုလင်းခွံကို ရေခဲသေတ္တာဘေးမှ ကြမ်းပြင်ပေါ်မှာထောင်ထားခဲ့ပြီး မီးဖိုခန်းထဲရှိ ဟင်းအိုးများကို အလျင်စလို ဖွင့်လှန် ကြည့်သည်။ ဂလောင်ဂလင်မြည်အောင် အဖုံးပြန်ပိတ်သည်။ နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ ကြက်သားနဲ့အာလူး၊ ပုစွန်နဲ့ဘုံလုံသီး၊ ဝက်နံရိုးနဲ့ မျှစ်ချဉ်။ သူ တစ်ခုမှ ကြိုက်မှာ မဟုတ်ဘူး။ ကြက်သားက သွားကြားညှပ်လို့၊ ပုစွန်က သွေးတိုးလို့၊ မျှစ်ချဉ်က ဝမ်းသွားလို့ ဘာလို့ညာလို့နဲ့ ချေး (ကြေး)များဦးမယ်။ သေခါနီးကြီး ဆိုင်ကသာ ဖုန်းနဲ့ မှာစားပေတော့။ ငါ ဘာမှ ထပ်ချက်မပေးနိုင်ဘူး။ သူ့အတွက် မော်ဒယ် ထိုင်ပေးရဦးမှာ၊ မော်ဒယ်တဲ့။ တော်တော်ပျင်းစရာကောင်းတဲ့ အလုပ်။

ကွန်ဒိုကအမျိုးသမီးသည် ပါးစပ်တဖြဲဖြဲနှင့်သမ်းဝေရင်း ဂါဝန်ကို မ,ကာ သန့်စင်ခန်းတံခါးကို ဖွင့်၍ ဝင်လိုက်သည်။ အရင်ဆုံး သန့်စင်ခန်း တစ်ခွင်လုံးကို အနံ့သင်းသော ခြင်ပြေးဆေးငွေ့ရည်ဖြင့် ပက်ဖျန်းသည်။ မသာကြီးက အိမ်သာကို မွှေးနေမှ သဘောကျတာ။ အိမ်သာပဲ မွှေးရဦးမတဲ့လား။ ငါတို့ငယ်ငယ်က သစ်စက်အလုပ်သမားမိသားစုဝင် လူ လေးငါးခြောက်ဆယ်လောက် စုပေါင်းအသုံးပြုကြတဲ့ အိမ်သာ တန်းလျားရှည်ကြီးကို လိုက်ပြချင်စမ်းလှတယ်။ အိမ်သာထဲဝင်မိတာနဲ့ ခေါင်းဖြူကြီး တစ်ချက်တည်း အသက်ထွက်သွားမယ်။

အမျိုးသမီးက ရေပန်းအောက်မှာ လွတ်လွတ်လပ်လပ် ရေချိုး သန့်စင်နေသည်။ ဆပ်ပြာမွှေးခဲကို လက်ထဲမှာ ဖြည်းဖြည်းချင်း ပါးလျား ပျောက်ကွယ် သွားတော့မတတ် ကြာမြင့်စွာ အထပ်ထပ်ပွတ်တိုက်သည်။ အနည်းငယ် ဗြုတ်ထနေသောမျက်နှာပွပွကြီးမှ အရေးပြားတွေ ပွန်းပဲ့ ကွာထွက်လုနီးပါးဖြစ်အောင် လက်သည်းတွေဖြင့် ကုတ်ခြစ်သည်။ တံတွေးတွေ တဖြီးဖြီး ထွေးချသည်။ သူစိတ်မလိုရင် “မင်းဆီက ချိုင်းချွေးနံ့ သိပ်နံတာပဲ စိုးစိုးရာ … အနံ့ပျောက်ဆေး သုံးစမ်းပါ”လို့ မသာကြီးက အပြစ်ရှာဦးမယ်။ ချွေးပဲ ဘယ်နေရာကထွက်ထွက် နံမှာပေါ့။ ချွေးဆိုတာ မွှေးရဦးမတဲ့လား။ သူ စိတ်လိုရင်တော့ ငါ သုံးရက်လောက် ရေမချိုးဘဲနေတာတောင် အနားက မခွာတော့ဘူး။ ဒီလို ဒုက္ခိတ တဏှာအိုကြီးမျိုး နောက်ထပ် ဘယ်နှနှစ် ဆက်ပြီး သက်ဆိုးရှည်နေဦးမှာလဲ။ သေမင်းရယ် အဲဒီ ကံနာဝဋ်နာကြီးက လွတ်ကင်းခွင့်ရအောင် ဒင်း(သင်း)ကို ခေါ်တော်မူလှည့်ပါတော့ … (ထွီ)။

ရေချိုးပြီးလျှင် ကွန်ဒိုကအမျိုးသမီး နံ့သာလူး အလှပြင်ဆင်သည်။ သာမန်ကာလျှံကာ လိမ်းခြယ်ပြင်ဆင်ခြင်းသာ ဖြစ်သည်။ သူမ၏ ကြီးမား တုတ်ဖြိုးသော အတ္တဘောမှာ မှန်တင်ခုံမှ မှန်ဝိုင်းနှင့် မဆံ့မပြဲ ဖြစ်နေသည်။ မှန်အထက်ပိုင်းတွင် အဘိုးကြီးက ဆေးအဖြူရောင်ဖြင့် Ever Smile, Never Cry အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်ကလေး ရေးထားသည်။ အမျိုးသမီးကို အဘိုးကြီးက မြန်မာပြန်အဓိပ္ပါယ် ပြောပြထားဖူး သော်လည်း ယခုအခါ အမျိုးသမီးက စိတ်မဝင်စားတော့ တိတိကျကျ မမှတ်မိတော့။ မှန်ကြည့်တိုင်း ပြုံးရမယ်ဆိုလား ဘာလား။ များများ ပြုံးတတ်တဲ့လူတွေဟာ ရုပ်ရည်နုပျိုသတဲ့။ ငါဖြင့် အဲသလို ပေါက်ကရရှစ်သောင်းစကားမျိုး ဘယ်ကမှ မကြားဖူးပေါင်။ အလကား ပေါကြောင်ကြောင် တဏှာရူးကြီး။ အမျိုးသမီးက နှုတ်ခမ်းများကို စထရော်ဘယ်ရီသီးရောင်ရင့်ရင့် ဆိုးဆေးလူးခြယ် မွမ်းမံနေသည်။ သူမက ဤအလုပ်မှာတော့ စိတ်ရှည်သည်။ တော်ကြာ မသာကြီးက “ကြည့်စမ်း … မင်း ဆေးလိပ် ဘယ်လောက် သောက်တယ်ဆိုတာ မင်းနှုတ်ခမ်းကြီးတွေက သက်သေခံနေပြီ … ဆေးချေးစွဲပြီး နှုတ်ခမ်းကြီးတွေ မည်းညစ်နေပြီ … ကြည့်စမ်း ...” ဆိုပြီး ဗျစ်တီးဗျစ်တောက် လုပ်ဦးမှာ။ ပန်းချီဆရာမျက်လုံးများ တယ်ပြီး ကြောက်စရာကောင်းတယ်။ နေရာတကာ ကပ်ကပ်သပ်သပ် လိုက်ကြည့်နေတော့တာပဲ။ ဒီမသာလောင်းကြီးက ပိုပြီး အသေးစိတ်လိုက်သေး။

အမျိုးသမီးသည် အဖြူပြောက်ကလေးတွေ ဖောက်ထားသော အနီရောင်အောက်ခံ ဓာတုချည်ထည်သား ထဘီနှင့် 'နီကေး' အမှတ်အသားပါ အဖြူရောင်တီရှပ်ပွပွကို ဝတ်ဆင်လိုက်သေး၏။ ဆံပင်တွေကို အခြောက်ခံစက်ကလေးဖြင့် အပူငွေ့ပေးပြီး ခြောက်သွေ့ချိန်မှာ ပခုံးနှစ်ဖက် ပေါ်သို့ ကပိုကရိုဖွ၍ လွှင့်ချထားလိုက်၏။ ဒါကိုများ မသာကြီးက ခြင်္သေ့လည်ဆံနဲ့ တူသတဲ့။

ကွန်ဒိုကအမျိုးသမီးသည် အလှပြင်ပြီးနောက် ပြင်ပရှုခင်းကို ယနေ့အဖို့ ပထမဆုံးအကြိမ် လှမ်းကြည့်ဖြစ်သည်။ ရာသီဥတု သာယာကြည်စင် လျက် ကောင်းကင်ရှိ တိမ်တိုက်အစုအဝေးများကို အနားသတ်မျဉ်း ထင်လင်းပြတ်သားစွာ တွေ့မြင်ရသည်။ အဝေးအမြင့်မှာ ပျံသန်းနေသော ငှက်အချို့ကို အစက်အပြောက်များသဏ္ဌာန် တွေ့မြင်သည်။ အဝေးအောက်ဘက် အနိမ့်ဆီမှ ကားဟွန်းသံသဲ့သဲ့ကို ထုံ့ပိုင်းထုံ့ပိုင်း ကြားသည်။ အတိတ်ကို ပြန်လည်တမ်းတချင်သောဆန္ဒလိုလို လေးလံထိုင်းမှိုင်းသည့် ခံစားမှုပေါ်လာသည်။ လူ့ဘောင်မှာ မရှိတော့သော မိဘများကို လည်းကောင်း၊ အဆက်အဆံပြတ်တောက် ကင်းဝေးခဲ့ပြီဖြစ်သော မွေးချင်းမောင်နှမတွေကိုသော် လည်းကောင်း၊ နာကျည်းခံပြင်းစွာ ကွဲပြတ် ခဲ့ကြရသော လင်ယောက်ျားသုံးယောက်ကို လည်းကောင်း၊ သာမန် အသိအကျွမ်းအဆင့်သို့ ကျဆင်းသွားခဲ့ကြသည့် သားနှစ်ယောက်နှင့် သမီးတစ်ယောက်တို့ကို လည်းကောင်း သူမ၏ သိမှတ်စိတ်ထဲသို့ မရွှေစိုး(ယခု ဒေါ်ခင်စိုးစိုး) ပြန်လည်ခေါ်ဆောင် သွတ်သွင်းခြင်းပြုရန် စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ စိတ်နှလုံး၌ အေးမြစွာ နှောင်ဖွဲ့ရစ်ပတ်ခြင်းထဲတွင် မိန်းမောသာယာတတ်မှုကို ကွန်ဒိုကအမျိုးသမီး ငြီးငွေ့ပျင်းမုန်းလျက် ရှိခဲ့ပြီ။ လောကမှာ တပ်မက်စရာအာရုံခံစားမှုတွေက ဖြည်းဖြည်းချင်း ပါးလျားဝေဝါးလာခဲ့ကြပြီး။ သို့ပါသော်လည်း တွယ်ကပ်ကျန်ရစ်ဆဲ ဘဝရမ္မက်ခွန်းအားအချို့ကတော့ ခိုင်မာကျစ်လျစ်ကြဆဲ။ လိုအပ်မှုတွေကို အစာငတ်သောဝံပုလွေအုပ်ကြီး တစ်ခဲနက် ပြိုင်တူ အူကြဟစ်ကြသလို၊ သူမ၏ သွေးစီးကြောင်းများထဲကနေ ရံဖန်ရံခါ တောင်းဆိုနေကြဆဲ။ မရွှေစိုးက စိမ်းညို့ညို့သစ်ပင်အုပ်များ အထက်ရှိ ဝါရွှေဝင်းပသော ရွှေတိဂုံစေတီတော်ကြီးဆီသို့ ကြည့်သည်။ သူမ ဘုရားကို မမြင်မိပေ။

ရုတ်တရက် ဆေးလိပ်ဖွာရှိုက်လိုသောဆန္ဒ အပြင်းအထန် လှုပ်ကန်လာသည်။ မရွှေစိုး သက်ပြင်းရှိုက်လိုက်၏။ မသာကြီး ရောက်ခါနီးနေပြီ။ ဆေးလိပ်သောက်လို့ မဖြစ်ဘူး။ ဒင်း(သင်း) က ခွေးတို့ ကြောင်တို့ကျနေတာပဲ။ အနံ့ခံ သိပ်ကောင်းတာ။ “အဆုတ်ကင်ဆာ မကြောက်ဘူး လား စိုးစိုး … အဆုတ်ကင်ဆာ … အဆုတ်ကင်ဆာ”ဆိုတဲ့ သူ့ငှက်ဆိုးထိုးသံကြီးကို မကြားချင်ပေါင်။ ဒါပေမဲ့ သူ မသေမချင်း ကြားနေရဦးမှာ။ ဒင်း(သင်း) မြန်မြန်သေလေ ကောင်းလေပဲ။

ရည်ရွယ်ချက်မရေရာဘဲ ဧည့်ခန်းထဲသို့ ထွက်လာသည်။ ဧည့်ခန်းနံရံတစ်ဖက်မှာ သစ်သား၊ သတ္ထုမှန်အကြည်တို့ဖြင့် ဖွဲ့စည်းတည်ဆောက် ထားသော ဘုရားရှင်၏ကျောင်းဆောင်တော် ရှိသည်။ စကျင်ကျောက်ဖြူသားကို လက်ရာမြောက်စွာ ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်အား ကိန်းဝပ်စံပယ်လျက် ရှိသည်။ ဘုရားဆင်းတုကိုမြင်မှ ပူလောင်သော အလိုမကျမှုတွေ ငြိမ်ဝပ်သွားသလို ခံစားရသည်။ သို့သော် မရွှေစိုးသည် ဗုဒ္ဓရုပ်ပွားတော်အား ရံဖန်ရံခါ မတ်တတ်ရပ်မော့ကြည့်ရင်း လက်အုပ်ချီမိသည်မှတစ်ပါး ဝတ်ပြုရှိခိုးခြင်း မရှိခဲ့ပါ။ ငယ်စဉ်က မိခင် သင်ကြား ပေးခဲ့သော ဘုရားရှိခိုးစာတွေ မေ့ကုန်ပြီ။ တစ်စုံတစ်ဦးက အမှတ်မထင်မေးလာလျှင် ဘုရား၏ ဘွဲ့မည်တော် 'ဂေါတမ' ကို ရွတ်ဆိုပြန်ကြား နိုင်ဖို့ပင် သူမ အချိန်ယူ စဉ်းစားနေရလိမ့်မည်။

သို့တိုင် ကွန်ဒိုကအမျိုးသမီးသည် မိစ္ဆာဒိဋ္ဌိအရိုင်းမကြီးတစ်ယောက်တော့ မဟုတ်သေးပါ။ သူမ၏ 'မသာကြီး'ကို သူမ၏ ရင်ထဲမှာ 'ဘဝ ကယ်တင်ရှင်ကြီး' ဟု ကမ္ဗည်းထိုးထားပါသည်။ တတိယအိမ်ထောင်ပျက်အပြီး၊ လိမ်လည်မှုဖြင့်ထောင်နန်းစံအပြီး လူလတ်တန်းစား မိသားစုတစ်စု၏နေအိမ်မှာ သူမ အိမ်ဖော်အလုပ် ဝင်လုပ်နေစဉ် 'မသာကြီး'နှင့် ဆုံခဲ့ကြ၏။ မသာကြီးက တွေ့တွေ့ချင်း သူမအား မျိုးစိတ်သစ် ဂေါ်ရီလာမျောက်ဝံတစ်ကောင်ကိုတွေ့ရှိသော သတ္တဗေဒပါမောက္ခကြီးတစ်ဦး၏ ပြင်းပြသော သိလိုဇောဝင်းလက်နေသည့်မျက်လုံးများဖြင့် အငမ်းမရ ကြည့်ခဲ့လေသည်။

“ပေါဂေါ်ဂင်ရဲ့ တဟီဟီကျွန်းသူတစ်ယောက်ကို ငါ တွေ့ပြီဟေ့” ဟု ဦးဖေတင်က မိတ်ဆွေအိမ်ရှင်အား ကျယ်ကျယ်လောင်လောင် အော်ပြော သံကို မရွှေစိုး ကြားခဲ့ဖူးသည်။ မိမိကို ရည်ရွယ်မှန်းတော့ မသိ။ နောက်ပိုင်း မိမိကို တဟီဟီကျွန်းသူဟု ရည်ညွှန်းရသောအကြောင်းခံကို သိခွင့်ရသောအခါ အမျိုးသမီး အဆီးအတားမရှိ ရယ်ချင်လာမိ၏။ ငါ့အဖေက ပန်းသေးတရုတ်၊ ငါ့အမေက ကရင်မ၊ ငါ့ကျတော့ တဟီဟီ ကျွန်းသူမနဲ့ တူသတဲ့။ အဲဒီ ကျွန်းက ငါတို့တိုင်းပြည်နဲ့အဝေးကြီးမှာ ရှိသတဲ့။ ရန်ကုန်နဲ့ မော်လမြိုင်လို ဓားလွယ်ခုတ်ပုံစံ ရှိနေကြတာတဲ့။ လေယာဉ်ပျံနဲ့သွားရင်တောင် လမ်းမှာ တစ်ညအိပ်ရလောက်အောင် ဝေးသတဲ့။ ရှေးကဆိုရင် တဟီဟီက မိန်းမတွေဟာ ပျိုပျိုအိုအို အင်္ကျီမဝတ်ကြဘူးတဲ့။ လူရိုင်းတွေနဲ့ တူပါရဲ့။

“သူတို့ကို လူရိုင်းလို့ မခေါ်ဘူး စိုးစိုးရဲ့ … ပစိဖိတ်ဒေသခံ ကျွန်းသူကျွန်းသားတွေလို့ ခေါ်ကြတယ် … အချောအလှတွေ အများကြီးရှိတယ် … 'တာရီတာ' လို့ ခေါ်တဲ့ ကျွန်းသူတစ်ယောက်ဆိုရင် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးဖြစ်ပြီး မင်းသားကြီး မာလွန်ဘရန်ဒိုနဲ့တောင် ညားခဲ့တာ” ဟု ဦးဖေတင်ကပြောသောအခါ မိန်းမမှာ မျက်စိပေကလပ်ပေကလပ်နှင့် ငေးကြောင်နေခဲ့၏။ မရွှေစိုးသည် ကမ္ဘာ့ပထဝီဝင်အကြောင်းကို အတော် အတန် သင်ယူခဲ့ရသည့်အတန်းသို့ ရောက်သည့်တိုင် စာသင်ကျောင်းမှာ နေခွင့်မရခဲ့။ ဖခင်က စွန့်ပစ်သွားသော မိခင်ဈေးသည်ကို ဈေးကူ ရောင်းရန် အသက် ၁၁ နှစ်မှာ ကျောင်းထွက်ပြီး ၁၄ နှစ်မှာ ယောက်ျားရခဲ့လေသည်။

အသက် ၄၁ နှစ်မှာ မရွှေစိုးသည် ပန်းချီဆရာအို၏ ထာဝရစံပြမယ်အဖြစ် ခံယူနိုင်ရန် ထိုအဘိုးကြီးနှင့် တရားရုံးမှာလက်ထပ်ထိမ်းမြားသည်။
“ငါ့အတွက်တော့ မင်းဟာ အပျိုပဲ စိုးစိုး ... မအိုသေးတဲ့သူ အပျိုကလေးနဲ့တူလို့ဆိုကြတယ် မဟုတ်လား … ငါကတော့ အိုပါပြီ … မင်းထက် အရင် သေမှာပဲ … ငါသေရင် မင်း ဒီကွန်ဒိုတိုက်ခန်းကို အမွေရမယ် … တိုက်ခန်းကို ပြန်ရောင်းပြီး ဘဝသစ်ထူထောင်ချင် ထူထောင်ပေါ့ကွာ” ဟု ဦးဖေတင်က ဆိုလေသည်။
“အို … တော်ပါပြီ အစ်ကိုကြီးရယ် … အစ်ကိုကြီးက နောက်ဆုံးပါပဲ … အစ်ကိုကြီးမရှိရင် ကျွန်မ သီလရှင်ဝတ်ပြီး အရိုးထုတ်မယ်” ဟု သူမက ပြောသည်။
“စိုးစိုးပုံစံမျိုးနဲ့ သီလရှင်ဝတ်နဲ့ မလိုက်ပါဘူးကွာ” အဘိုးကြီးက သူ့စကားကို သူ့ဘာသာနှစ်ခြိုက်ကာ ရယ်မောသောအခါ မရွှေစိုးက ခေါင်းတုံးကြီးနှင့် သူမ၏ပုံရိပ်ကို မြင်ယောင်ကာ သက်ပြင်းချသည်။ အဘိုးကြီးစကား တည်ပါစေဟု ဆုတောင်းနေရသည်။ အဘိုးကြီး ကိစ္စချောသွားလျှင် တိုက်ခန်းပြန်ရောင်းပြီး ပျော်ပျော်ပါးပါး စားသောက်လည်ပတ် သုံးဖြုန်းပြီး၊ နောက် လက်ကျန်ငွေထုပ် ပိုက်ကာ မိခင်၏ ဇာတိရွာက မိခင်ဘက်မှအမျိုးတွေကြားမှာ ပြန်နေမည်ဟု မရွှေစိုး စိတ်ကူးထားသည်။ အရေးကြီးတာကတော့ ဒီမသာကြီး မြန်မြန်သေဖို့ပဲ။
သူက အသက် ၉ဝ-၁ဝဝ ရှည်နေရင် ငါလည်း အဘွားကြီးအိုရွတ်တွဘဝနဲ့ ဘာအရသာမှ ခံစားနိုင်တော့မှာ မဟုတ်တော့ဘူး။

လူခေါ် လျှပ်စစ်ခေါင်းလောင်းသံ မြည်လာချိန်တွင် ကွန်ဒိုကအမျိုးသမီးမှာ ရေခဲသေတ္တာမှထုတ်ယူလာသော ပန်းသီးတစ်လုံးကို ပါးစပ်နှင့် စတင်ကိုက်ဖြတ်နေချိန် ဖြစ်၏။ သုံးခါမြည်တယ်။ မသာကြီးရဲ့ အချက်ပေးသံပဲ။ တော်တော်အချိန်တိကျတဲ့ အရိုးခြောက်ကြီးပဲ …။
သူမက သော့နှစ်ဆင့်ခတ်ထားသော ကျွန်းသားတံခါးမကြီးကို အချိန်ယူ၍ဖွင့်သည်။ တွေ့မြင်ရတော့မည့်မြင်ကွင်းကို စိတ်ထဲ ကြိုတင် မြင်ယောင်ကာ ဤတိုက်ခန်းတစ်ခုလုံး ဆေးရုံလူနာဆောင်နှင့်တူသွားတော့မည်ဟု ခံစားရင်မောနေသည်။ ချွဲသလိပ်ကပ်နေဟန်ရှိသည့် လည်ချောင်းကွဲသံကြီးကို နားမချမ်းသာစွာ ကြားရဦးမည်။ ဘာပဲဖြစ်ဖြစ် မသာကြီးဆီက ဈေးဝယ်ဖို့ ငွေတစ်သိန်းလောက်တော့ တောင်းထား လိုက်ဦးမှ။

လူနာတင်တွန်းလှည်းကို ကားဒရိုင်ဘာက တွန်း၍ဝင်လာသည်။ အရိုးနှင့်အရေတို့သာကျန်တော့သည် တိုက်ကြက်ဖကြီးတစ်ကောင်နှင့် တူသော အဘိုးကြီးက ရွှေကိုင်းမျက်မှန်နောက်မှ မျက်စိကျဉ်းကျဉ်းကလေးတွေဖြင့် မရွှေစိုး၏ တစ်ကိုယ်လုံးကို ဝေ့ဝဲကြည့်ရှု၏။
“စိုးစိုးဝတ်ထားတာက လမ်းဘေးဈေးသည်မနဲ့ တူနေတယ် … ကိုယ့်ကိုယ်ကို ပန်းချီမော်ဒယ်တစ်ယောက်ဆိုတာ သတိထားဦးမှပေါ့ … မောင်ဇော်မြင့် ညနေ ၅ နာရီတိတိမှာ ငါ့ကို လာကြိုဟေ့ …”
ကားဒရိုင်ဘာ ထွက်သွားပြီးနောက် တံခါးကို အသေအချာပိတ်ပြီးသော် အမျိုးသမီးက ထုံးစံအတိုင်း အဘိုးကြီး၏ 'အိုစော်နံသော' ပိန်ချိုင့်ချိုင့် ပါးတစ်ဖက်ကို နှာခေါင်းဖြင့်တစ်ချက်နမ်းရှုပ်သည်။
“အစ်ကိုကြီးပဲ ပြောဖူးတယ် မဟုတ်လား … မိန်းမတစ်ယောက်ရဲ့အလှဟာ အဝတ်အစားထဲမှာ မရှိဘူး … အဝတ်အစားဖုံးထားတဲ့ ကိုယ်လုံး မှာပဲ ရှိတယ်ဆို … ကဲ ဘာပြောမလဲ အစ်ကိုကြီး”
အဘိုကြီးက မပြုံးမရယ်မျက်နှာထားဖြင့် အတက်ချီလက်ဆွဲသေတ္တာကို ပေါင်ပေါ်မှာတင်လျက် လှည်းပေါ်မှာ ခပ်မတ်မတ်ထိုင်နေသည်။
“ပြောလေ အစ်ကိုကြီး”ဟု ဆိုရင်း အမျိုးသမီးက သူမ၏ မျက်နှာကို အဘိုးကြီး၏ မျက်နှာနှင့်ထိမတတ် ရှေ့သို့ တိုးကပ်သည်။ အဘိုးကြီးက သူ၏ ပိန်ရှည်ရှည်လည်တိုင်ကို ယိမ်းနွဲ့ရင်း၊ မျက်နှာချင်းမထိအောင် တိမ်းရှောင်သည်။ အမျိုးသမီးက အဘိုးကြီး၏ ပိန်ငေါငေါပခုံးအစုံကို သူမ၏ လက်မောင်းအိုးကြီးနှစ်လုံးအကြားမှာ ဖိညှပ်ထားလိုက်၏။
“ငါပြောချင်တာကတော့ … မင်းမှာ ဘာအလှတရားမှ မရှိတော့ဘူးဆိုတာပဲ စိုးစိုး … ကိုယ်လုံးကြီးက တစ်နေ့တခြား ကြီးလာတယ် … ရင်နဲ့ ဗိုက်ကလည်း ဆက်မတတ်ဖြစ်နေပြီ … ရေမွှေး ဘယ်လောက်သုံးသုံး မင်းကိုယ်နံ့က ပြင်းသထက်ပြင်းလာတယ် … အချိုနဲ့အဆီကို လျှော့စား ပါလို့ ပြောတယ် … မရဘူး၊ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောတယ် မလိုက်နာဘူး၊ မနက်အစောကြီးထပြီး ကန်တော်ကြီးတစ်ပတ် လမ်းလျှောက် ပါလို့ ပြောတယ် မလုပ်ဘူး … နေဖင်ထိုးတဲ့အထိ အိပ်နေတယ် … မင်းကိုယ်မင်း မှန်ထဲမှာပြန်ကြည့် စိုးစိုး … ဇီးကပ်နေတဲ့ ဝက်မကြီး တစ်ကောင်နဲ့တောင် တူလာပြီ … ငါ မသေခင် မင်း အဆီပိတ် နှလုံးသွေးကြောပြတ်ပြီးတောင် သေသွားနိုင်တယ်”

အဘိုးကြီးက အေးစက်စက် လေသံဖြင့် ဖြည်းဖြည်း ရေရွတ်နေသည်။ အမျိုးသမီးသည် အဘိုးကြီးခန္ဓာအနီးမှ ဖျတ်ခနဲ ရုန်းဖယ်ဆုတ်ခွာ လိုက်၏။ အဘိုးကြီးကို သရော်ပြောင်လှောင်သည့်မျက်နှာထားဖြင့် ကြည့်သည်။ လက်နှစ်ဖက်ကို တင်ပါးဆုံ ဘေးတစ်ဖက်တစ်ချက်ဆီသို့ တင်၍ ခါးထောက်လိုက်သည်။
“အဲဒီ ဝက်မကြီးရဲ့အတ္တဘောကြီးက အစ်ကိုကြီးကို ငွေတွေ သိန်းသန်းချီပြီး ရှာပေးခဲ့တာကိုကော ထည့်မပြောတော့ဘူးလား … အခုလည်း အစ်ကိုကြီးလာတာ စိုးစိုးကို မော်ဒယ်ထားပြီး ပန်းချီကားတစ်ကား ဆွဲဦးမယ် … နိုင်ငံခြားသားတွေကို ကျိတ်ပြီး ဒေါ်လာနဲ့ရောင်းမယ် … အစ်ကိုကြီးပြောတာ ဟုတ်ပါတယ် … စိုးစိုးက ဝတ်မကြီးပါ … ခြံလှောင်ပြီး အစာဝဝကျွေးထားတဲ့ ဝက်မကြီးတစ်ကောင်ပါ ... ဒါပေမဲ့ ပေါ်ပြီး ရောင်းလို့မရတဲ့ဝက် …ဝက်မကြီးသေသွားရင် အစ်ကိုကြီး ငွေဝင်ပေါက် ပိတ်သွားတော့မှာ မဟုတ်လား”
“တော်တော့ စိုးစိုး … ငါ ရေငတ်တယ် … အချိုရည်တစ်ခုခု သွားဖျော်”

အဘိုးကြီး၏ အက်ကွဲကွဲ ခြောက်ခြောက်ကပ်ကပ်အသံကြီးက အခန်းထဲမှာ ဂယက်လှိုင်းထသွားသည့်နှယ် ထင်ရသည်။ ကွန်ဒိုက အမျိုးသမီးသည် သူမ၏ ဝမ်းဗိုက်ပူပူနှင့် ရင်အုံမောက်မောက်ကြီးကိုလှုပ်ခါရင်း အော်ဟစ်ရယ်မောသည်။ အဘိုးကြီးက မလိုလားမနှစ်မြို့ဟန် အပြည့်ဖြင့် ကြည့်နေသည်။ သူ့စိတ်အာရုံတွင် အမျိုးသမီး၏ဆူဖြိုးဖောင်းကားသောကိုယ်လုံးကြီးမှာ ရယ်မောလှုပ်ခါရင်း တဖြည်းဖြည်း ပြန့်ကားပွယောင်းလာသည်ဟု ထင်ယောင်လာ၏။ ကိုယ်လုံး အနားသတ်မျဉ်းများဘေးမှ အရောင်ဝါဝါတွေ လင်းလက်လာကြလျက် ဧရာမ အသားစိုင်ခဲကြီးက သူ့ထံ အုပ်မိုးလာသည်ဟုပင် ယုံကြည်လာမိသည်။ အဘိုးကြီးသည် မျက်စိတွေမှိတ်လိုက်၏။ အမျိုးသမီးကို မမြင်ရ တော့သော်လည်း စိတ်အတွေးထဲမှာ အညိုရောင်၊ အနီရောင်၊ အဖြူရောင်တို့ အချိုးမညီမညာပေါင်းစပ်နေကြသော ကုဗပုံ အသားစိုင်ကြီးများ သည် တိမ်လိမ်တိမ်တိုက်များ လွင့်လူးရွေ့လျားနေကြသည့်နှယ် တရိပ်ရိပ် လှုပ်ရှားနေကြသည်။

သူ၏ မျက်လုံးများပြန်ဖွင့်လိုက်ချိန်တွင် သူ့အနီးမှာ အမျိုးသမီး ရှိမနေတော့။ တော်တော်စိတ်ကုန်ဖို့ကောင်းတဲ့ ကလေကချေမ။
“သေစမ်း … သေစမ်းဟဲ့”ဟူသော ဒေါမာန်တကြီး ကြိမ်းမောင်းသံက ထမင်းစားခန်းဆီမှ ပေါက်ကွဲထွက်လာ၏။ အရာဝတ္ထုချင်း ထိခတ် တိုးတိုက်သံ တရစပ်ကိုလည်း ကြားရ၏။ တဘုတ်ဘုတ် တဖျန်းဖျန်းမြည်သံနှင့် အမျိုးသမီး၏ “သေစမ်း … သေစမ်း” ဆိုသော ငေါက်ငန်း သံတို့မှာ ရောထွေးပွက်ဆူလျက် ရှိသည်။

“ဟေ့ စိုးစိုး … မင်း ဘာလုပ်နေတာလဲ”
အဘိုးကြီးက အော်ဟစ်ရင်း ဘီးတပ်ကုလားထိုင်လှည်းကို မိမိလက်နှစ်ဖက်ဖြင့် တွန်းလှိမ့်ရွေ့လျားစပြုသည်။
“ပိုးဟပ်တွေ … ပိုးဟပ်တွေ” ဟူသော အသံစူးစူးတုံ့ပြန်မှုပေါ်ထွက်လာပြီး တစ်ဆက်တည်း “သေစမ်းဟယ် … သေစမ်း … မြန်မြန်သေစမ်း” ဆိုသော နာကျည်းခက်ထန်စွာ အော်ညည်းသံက လိုက်ပါလာ၏။
အဘိုးကြီးသည် ဘီးတပ်ကုလားထိုင်လှည်းကို အမျိုးသမီးရှိနေရာ ထမင်းစားခန်းဘက်သို့ဦးတည်ပြီးမှ ကွေ့ဝိုက်ကာ မူလနေရာ ဧည့်ခန်း ဘက်သို့ ပြန်လှည့်သည်။
“ငါမသေနိုင်သေးဘူး … မျိုးမစစ်မရဲ့ … နင် ခုထက်ထိ ပိုမဝလာခင် … ခုထက် ပုံပျက်မသွားခင် နင့်ကို ကောင်းကောင်းခိုင်းပြီး ငွေများများ ရှာရဦးမယ်”
ကွန်ဒို အမျိုးသမီး၏ ကျိန်ဆဲသံမှာ ကျယ်လောင်ရာမှ တိုးညှင်းစ ပြုလာ၏။

ကြူးနှစ်
ချယ်ရီ၊ စက်တင်ဘာ၊ ၂ဝဝ၈။

Tuesday, January 29, 2019

ကိုဆိုးပေ (ဘာသာပြန်သူ - ကျော်အောင်) အပိုင်း ၂

0 comments
ကိုဆိုးပေ (ဘာသာပြန်သူ - ကျော်အောင်) အပိုင်း ၂

မျက်စိနှစ်လုံးပွင့်၍ အိပ်ရာကနိုးလာသည့်အခါတွင်ကား မိုးစင်စင်လင်းနေပြီ။ မှေးနေရာမှ မောမောနှင့်အိပ်ပျော်သွားခြင်း ဖြစ်ရမည်။ စိတ် ပင်ပန်းလွန်းရကား မိုးလင်းသည်အထိ အိပ်မောကျသွားသည်။ ထို့ကြောင့်ပင် မစ္စဂျုန်းသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အိပ်ရာက လူးလွန့် အထတွင် ခြေထောက်၌ တစ်စုံတစ်ရာငြိတွယ်နေသည်ကိုတွေ့ရသည်။ ယင်းမှာ သူ့ခြေနှစ်ချောင်းကိုဖုံးထားသည့် အုန်းသီးဆန်ခြောက်အိတ် အလွတ်နှစ်ခုဖြစ်သည်။ ညတုန်းက တစ်စုံတစ်ယောက် လာ၍ ဖုံးလွှမ်းပေးသွားဟန် တူသည်။ ဂျင်ဂျာတက်လား။ ဘုရား ဘုရား။ တိုးတိုးပင် အထိတ်တလန့် ဘုရားတ မိသည်။ သူ အိပ်ပျော်နေစဉ် လူယုတ်မာက ဗလက္ကာရများလုပ်လေပြီလား။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျင်ဂျာတက် သနားမှ မစ္စဂျုန်း ချမ်းသာရာရမည့်ဘဝ မဟုတ်လား။ အခုအခံ မရှိ၊ အရုန်းအကန် မရှိ။ သို့ငြားလည်း ဂျင်ဂျာတက်သည် သူ့ကို ချမ်းသာပေးသွားသည်။ သူ့မျက်နှာတွင် ရှက်သွေးများ ဖြန်းခနဲထလာသည်။ မတ်တပ်ရပ်ကာ ဖရိုဖရဲဖြစ်နေသော အဝတ်အစားတို့ကို ပြင်ဆင်ဝတ်သည်။ သူ့တစ်ကိုယ်လုံးကား တောင့်တင်းနေပါသည်။ လက်က ဓား လွတ်ကျနေသည်ကို ကောက်ယူလိုက်သည်။ ထို့နောက် အိတ်လွတ်နှစ်ခုကိုယူကာ ပုန်းနေရာမှ ထလာခဲ့သည်။ ရေစပ်တွင်ရှိနေသော မော်တော်ဆီသို့ သူ ထွက်လာခဲ့သည်။

“လာဗျို့ မစ္စ ဂျုန်း၊ ကျွန်တော်တို့ ပြင်ဆင်ပြီးနေပြီ၊ ခင်ဗျားကို လာနှိုးတော့မလို့ပဲ” ဂျင်ဂျာတက်က ဆီး၍ ခေါ်ငင်နှုတ်ဆက်သည်။ မစ္စဂျုန်း သည် သူ့မျက်နှာကို မကြည့်ရဲပါ။ မစ္စဂျုန်း၏မျက်နှာသည် ကြက်ဆင်ထီးကြီးကဲ့သို့ နီမြန်းနေသည်။
“ငှက်ပျောသီး စားပါလား” ဂျင်ဂျာတက်က မေးသည်။
စကားတစ်ခွန်းမျှမပြောဘဲ မစ္စဂျုန်းသည် ငှက်ပျောသီးကို လှမ်းယူလိုက်သည်။ ဗိုက်ထဲတွင်အစာမရှိသဖြင့်ဆာနေပြီဖြစ်ရာ အရသာတွေ့သည်။
“ကျောက်တုံးလေးပေါ်က တစ်ဆင့် တက်ခဲ့ဗျို့။ ဒါမှ ခင်ဗျားခြေထောက် ရေမစိုမှာ”
မစ္စဂျုန်းကာ သေလုအောင်ပင် အရှက်ကြီးရှက်မိသည်။ သို့ရာတွင် သူ ညွှန်ပြလိုက်သည့်အတိုင်း ကျောက်တုံးကတစ်ဆင့် လှမ်းတက်လိုက် သည်။ ဂျင်ဂျာတက်က သူ့လက်မောင်းကို ဖမ်း၍ဆွဲကာ မော်တော်ပေါ်သို့ရောက်အောင် ဖေးကူသည်။ အမယ်လေး။ သူ့လက်ကြီးကလည်း သံညှပ်ကြီးးလို တင်းတင်းကျပ်ကျပ်ကြီးပါလား။ မစ္စဂျုန်းသည် နည်းနည်းလေးမျှ လူးလွန့်လှုပ်ရှားကာ ရုန်းကန်ခြင်းမပြုမိပါ။ သူရောက်လျှင် မော်တော်စက်ဆရာက မော်တော်စက်ကို နှိုးလေသည်။ သို့နှင့် သုံးနာရီခန့်ကြာလျှင် သူတို့ ဗာရူကျွန်းသို့ရောက်လာကြသည်။

ထိုညနေတွင် တရားဝင် ထောင်မှ လွတ်လာပြီဖြစ်ရကား ဂျင်ဂျာတက်သည် အရေးပိုင်အိမ်သို့ သွားသည်။ သူ့မှာ ထောင်အဝတ်နှင့် မဟုတ်တော့။ အဖမ်းခံရစဉ်ကဝတ်သော အင်္ကျီနှင့် ကာကီရောင်ဘောင်းဘီတို့ကို ဝတ်ထားသည်။ ဆံပင်ကိုလည်း ညှပ်ထားသည်။ အနည်းငယ် ငယ်သွားသည်ဟု ထင်ရသည်။ မစ္စတာဂရိုင်တာသည် ရွှင်ပျစွာ ဆီးကြိုနှုတ်ဆက်ပြီးနောက် နေရာထိုင်ခင်းပေးသည်။ ထိုအခိုက်တွင် စားပွဲထိုးက ဘီယာနှစ်ပုလင်း ယူလာသည်။
“ကျွန်တော်ဖိတ်ထားတာကို ခင်ဗျားမမေ့တာ ဝမ်းသာတယ် ဂျင်ဂျာ” အရေးပိုင်မင်းက ဆိုသည်။
“ဘယ်မေ့မလဲဗျ၊ ဒီအချိန် ရောက်အောင် ခြောက်လလုံးလုံး စောင့်ရတာပဲ”
“ကဲဗျို့၊  ဘုရားသခင်ကျေးဇူးပဲ ဂျင်ဂျာတက်ရေ”
“ဘုရားသခင် ကျေးဇူးပါပဲ အရေးပိုင်မင်း”
သူတို့သည် ဘီယာခွက်များကို မော့လိုက်ကြသည်။ ထို့နောက် အရေးပိုင်မင်းက လက်ခုပ်တီးလိုက်လျှင် စားပွဲထိုးသည် နောက်ထပ် နှစ်ပုလင်း ယူလာပြန်သည်။
“ကျွန်တော့်ကိုတော့ ဘယ်လိုမှအာဃာတမရှိဘူးလို့ မျှော်လင့်တာပဲ”
“အိုဗျာ၊ ဒါများ အလကား စိုးရိမ်နေ၊ အဲဒီတုန်းက ကျွန်တော်မှားသွားလို့ ခင်ဗျ၊ ဒါပေမဲ့ ခုတော့ နောင်တရပါပြီဗျာ၊ ကျွန်တော့်မှာ တစ်ချိန်လုံး သောက်စားရမ်းကား နေခဲ့တာပဲ၊ လူကောင်းဖြစ်တယ်လို့ ဘယ်ရှိခဲ့လို့လဲ။ အရေးပိုင်မင်းလည်း အသိသားပဲ။ ဒါပေမဲ့ ဒီကျွန်းက ကောင်မလေးတွေက အနိပ်ကလေးတွေချည့်ပဲ ခင်ဗျ၊ အရေးပိုင်မင်းလည်း သူတို့ကို စောင်းငဲ့ ကြည့်ဦးမှပေါ့”
“ခင်ဗျား သိပ်ဆိုးတဲ့လူပဲဗျာ”
“အလွန်ဆိုးပေါ့ ခင်ဗျာ”
“ဘယ့်နှယ်လဲဗျို့၊ ဘီယာက ကောင်းတယ်နော်”
“ကောင်းပါ့ ခင်ဗျာ”
“ထပ်သောက်ကြဦးစို့ ဗျို့”
ဂျင်ဂျာတက် ထံသို့ လစဉ်မှန်မှန် ရောက်နေကျငွေများရောက်ခဲ့ရာ ယခုအခါ အရေးပိုင်မင်းလက်ထဲတွင် ပေါင်ငါးဆယ် ရှိနေပြီ။ တရုတ်ဆိုင် ဝင်ဖျက်သည့်အတွက် လျော်ကြေးပေးလိုက်ရသည်ကိုနှုတ်သော် ပေါင်သုံးဆယ်ကျော်ကျော် သူ့အတွက် ရှိနေသည်။
“ပေါင်သုံးဆယ်ဆိုတာ နည်းတာမဟုတ်ဘူး ဂျင်ဂျာရေ့၊ တစ်ခုခုတော့ ကောင်းကောင်းအသုံးချဖို့ ကောင်းတာပဲ”
“ကျွန်တော်တော့ သုံးဖို့စိတ်ကူးတာပဲ ခင်ဗျ”
အရေးပိုင်မင်းသည် သက်ပြင်းချလိုက်သည်။
“ပိုက်ဆံဆိုတာ သုံးဖို့မဟုတ်လား ခင်ဗျ၊ ကျွန်တော်တော့ ဒီအတိုင်း သဘောထားတာပဲ”
အရေးပိုင်မင်းသည် ဂျင်ဂျာအား သတင်းမျိုးစုံဖောက်သည်ချရသည်။ လွန်ခဲ့သည့်ခြောက်လအတွင်း ထူးထူးထွေထွေ ဘာမျှ မဖြစ်ပါ။ အလတ်ကျွန်းတွင် လည်းကောင်း၊ ကျန်ပြင်ပကမ္ဘာတွင် လည်းကောင်း ဘာမျှထူးထူးခြားခြား မဖြစ်လိုက်ပါ။
“တစ်နေရာရာမှာ စစ်ဖြစ်သေးသလားဗျ”
“မဖြစ်ပါဘူး။ ကျွန်တော်တော့ သတိမထားလိုက်မိဘူး၊ ဟယ်ရီဂျားဗစ် တစ်ယောက်တော့ ပုလဲကြီးတစ်လုံး ရတယ်ဗျို့၊ တစ်သောင်းရမှ ရောင်းမယ် ပြောတာပဲ”
“ရနိုင်မှာပဲဗျ”
“ပြီးတော့ ချာလီမက်ကောမက် တစ်ယောက်လည်း မိန်းမရသွားပြီ”
“သူကတော့ အမြဲ အေးအေး နေတတ်တဲ့ လူပဲ”
ထိုအခါ စားပွဲထိုးရောက်လာကာ မစ္စတာ ဂျုန်း ရောက်နေကြောင်း၊ ဝင်ခွင့်ရှိပါသလားဟု အမေးခိုင်းကြောင်း ပြောသည်။ အရေးပိုင်မင်းက ခွင့်မပြုမီပင် မစ္စတာဂျုန်း ရောက်လာသည်။
“သိပ်မကြာပါဘူး ခင်ဗျာ၊ ကျွန်တော်ဖြင့် တစ်နေ့လုံး ဟောဒီက လူသူတော်ကောင်းကြီးကို လိုက်ရှာလိုက်ရတာအမောပါပဲ ခင်ဗျာ၊ ဒီမှာ ရောက်နေတယ် ကြားတော့မှပဲ ကျွန်တော်လာရင် ကိစ္စမရှိဘူးလို့အောက်မေ့တာနဲ့ လာခဲ့တာပါပဲ”ဟု ခင်ကြီး ဂျုန်းက ဆိုသည်။
“မစ္စဂျုန်းရော ဘယ်လိုလဲ၊ နေကောင်းတယ်နော်၊ တစ်ညလုံး အပြင်ဘက်မှာအိပ်ရလို့ ဘာမှ မဖြစ်တန်ကောင်းဘူးထင်ပါရဲ့” အရေးပိုင်မင်းက ယဉ်ကျေးသိမ်မွေ့စွာ မေးမြန်းသည်။
“နည်းနည်းတော့ နေထိုင်မကောင်းရှိတာပေါ့ ခင်ဗျာ၊ အဖျားနည်းနည်း ရှိတယ်။ ဒါနဲ့ အိပ်ရာထဲ လှဲနေခိုင်းခဲ့ရတယ်၊ စိုးရိမ်စရာ မရှိလှပါဘူး”
ခင်ကြီး ဂျုန်း ဝင်လာသည့်အခါ သူတို့နှစ်ယောက်သည် မတ်တတ်ရပ်လိုက်ကြသည်။ ခင်ကြီးသည် ဂျင်ဂျာတက်ဆီသို့ သွားကာ လက်ဆွဲ နှုတ်ဆက်ပြီးနောက် လက်ကို ဆုပ်ကိုင်ထားသည်။
“ခင်ဗျားကို ကျေးဇူးစကား ပြောချင်လို့ပဲဗျာ၊ ခင်ဗျား သိပ်ပြီးတော်တဲ့လူပဲ၊ သိပ်မြင့်မြတ်တဲ့ လူပဲ။ ကျွန်တော့်နှမပြောတာ မှန်တယ်ခင်ဗျ၊ လူတွေမှာ ကောင်းတာတစ်ခုတော့ ရှိတာပဲတဲ့။ ကျွန်တော်လေ ခင်ဗျားကို ဟိုတုန်းကအထင်မှားခဲ့မိတယ်၊ တောင်းပန်ပါတယ်ဗျာ”
ခင်ကြီးသည် ထိုစကားတို့ကို တည်ငြိမ်စွာ ဣနြေ္ဒနှင့်ပြောလေသည်။ ဂျင်ဂျာတက်သည် သူ့ကို အံ့အားသင့်ကာ စိုက်ကြည့်သည်။ သူ့လက်ကို ခင်ကြီးက ဖမ်း၍ဆွဲသည်ကိုလည်း မရုန်းကန်မိ။ ယခုတိုင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။
“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ”
“ခင်ဗျား ကျွန်တော့်နှမကို ချမ်းသာပေးခဲ့တယ် မဟုတ်လား၊ ခင်ဗျားသနားမှ သူချမ်းသာရာရမယ့်အခါ မဟုတ်လား။ အစတုန်းကတော့ ခင်ဗျားကို လူသော့သွမ်းလို့ ထင်ခဲ့မိတယ်။ အဲဒီ အထင်အမြင်တွေတွေးမိလို့ ခုတော့ ရှက်မိတယ်။ ကျွန်တော့်နှမက ဘာတစ်ခုမှ အကာအကွယ် မရှိခဲ့ဘူး။ ခင်ဗျား လက်ထဲမှာပဲ။ ခင်ဗျား သွန်လိုသွန်၊မှောက်လိုမှောက်၊ ဒါပေမဲ့ ခင်ဗျားမှာ သူ့အပေါ် ကြင်နာစိတ်ရှိခဲ့တယ်။ အဲဒါတွေအတွက် ခင်ဗျားကို ရင်ထဲဝမ်းထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားကို ကျွန်တော့်နှမကရော၊ ကျွန်တော်ကရော ဒီတစ်သက်တော့ မေ့နိုင်မယ်မဟုတ်တော့ပါဘူး။ ဘုရားသခင်ဟာ ခင်ဗျားကို အမြဲ စောင့်ရှောက်ပါလိမ့်မယ်”
ခင်ကြီး ဂျုန်း၏ အသံသည် အနည်းငယ်တုန်နေသည်။ ထို့နောက် ဂျုန်းသည် တစ်ဖက်သို့မျက်နှာလွှဲလိုက်ပြီးလျှင် ဂျင်ဂျာ တက်၏ လက်ကို လွှတ်ကာ တံခါးဝဆီသို့ ခပ်မြန်မြန် လှမ်းထွက်သွားသည်။ ဂျင်ဂျာတက်ကား သူ့ကို ပါးစပ်အဟောင်းသားနှင့် ကြောင်၍ ကြည့်နေသည်။
“ခင်ကြီး ဘာရည်ရွယ်ပြီး ပြောသွားတာလဲ”
အရေးပိုင်မင်းသည် ထိုအမေးစကားကိုကြားလျှင် ရယ်ပါသည်။ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားသေးသည်။ သို့ရာတွင် ထိန်းချုပ်ထားလေ၊ ပို၍ ရယ်ချင်လေ ဖြစ်လေသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကြီး ယိမ်းထိုးလှုပ်ရှားလာသည်အထိ ရယ်သည်။ အင်္ကျီအောက် ဗိုက်ပူကြီးတွင် လှိုင်းများထလာသည်အထိ ရယ်ပါသည်။ ပက်လက်ကုလားထိုင်တွင် နောက်ပြန်မှီကာ ဘယ်ညာယိမ်းထိုးရင်း ရယ်ပါသည်။ ပါးစပ်နှင့် မျက်နှာနှင့်သာ ရယ်သည်မဟုတ်။ တစ်ကိုယ်လုံးနှင့်လည်း ရယ်သည်။ ခြေသလုံး ကြွက်သားများ လှုပ်ခါလာသည်အထိ ရယ်သည်။ အူတက်မတတ် ရယ်ရလွန်းသဖြင့် ဗိုက်သားများပင် နာလာသည်။ ဂျင်ဂျာတက်သည် သူ့ကို မျက်မှောင်ကုတ်ကာ ကြည့်နေပြီးနောက် ဘာ့ကြောင့် ရယ်မောနေသည်ကိုမသိသဖြင့် ဒေါသထွက်စ ပြုလာသည်။ ထို့ကြောင့် ဘီယာပုလင်းလွတ်ကို လည်ပင်းကကိုင်ကာ ...
“ခင်ဗျား မရယ်နဲ့တော့ဗျို့၊ မရပ်ရင်တော့ ခေါင်းကို ရိုက်ခွဲလိုက်မှာပဲ”ဟု အော်သည်။
အရေးပိုင်မင်းသည် မျက်နှာကို မဲ့ရွဲ့ကာ ဘီယာတစ်ကျိုက်မော့လိုက်သည်။ ထို့နောက် သက်ပြင်းချကာ တအင်အင် ညည်းသည်။ သူ့မေးကြောများကား ရယ်ရလွန်းသဖြင့် နာကျင်နေသည်။
“မစ္စဂျုန်းရဲ့ အပျိုရည်ကို ခင်ဗျား မဖျက်ဆီးခဲ့လို့ ကျေးဇူးတင်တာပဲဗျ”ဟု အဓိပ္ပါယ် ရှင်းလင်းပြလိုက်သည်။
“ကျွန်တော့်ကို ...” ဂျင်ဂျာတက်က အော်ပြောသည်။
ဂျင်ဂျာတက်သည် အတန်ကြာ တွေဝေကာစဉ်းစားနေသည်။ ထို့နောက် အကြီးအကျယ် ဒေါထလာသည်။ သူ့ပါးစပ်ကလည်း ယုတ်ယုတ် ပတ်ပတ်စကားများ ထွက်လာသည်။
“ဒီ နွားမအိုကြီးကိုတဲ့လားဗျာ၊ ကျွန်တော့်များ ဘာထင်နေသလဲ မသိဘူး”
“ခင်ဗျားဟာ မိန်းကလေးတွေနဲ့ပတ်သက်ရင် တွေ့မရှောင်လို့နာမည်ကြီးနေတာကိုးဗျ” အရေးပိုင်မင်းက တခစ်ခစ် ရယ်လိုက်သည်။
“ဒီဟာမကြီးကို ကျွန်တော်ဖြင့် လက်နဲ့မပြောနဲ့၊ တုတ်နဲ့တောင် မတို့ချင်ဘူး။ အဲဒီ စိတ်ကူးမျိုး ခေါင်းထဲမဝင်မိပါဘူး၊ စိတ်ကုန်ရောပဲဗျာ၊ ဒုက္ခပါပဲ၊ ဒီ ခင်ကြီးခေါင်း ရိုက်ခွဲမယ်ဗျာ၊ ပေးစမ်းဗျို့၊ ကျုပ် ငွေသုံးဆယ်၊ မူးအောင် သောက်လိုက်ဦးမယ်”
“ခင်ဗျားကို ကျွန်တော်က အပြစ်မတင်ပါဘူးဗျာ” အရေးပိုင်မင်းက ပြောသည်။
“ဒီနွားမအိုကြီး၊ ဟင်း ... နွားမအိုကြီး”
ဂျင်ဂျာတက်သည် ထပ်ခါတလဲလဲ ရေရွတ်နေသည်။
သူသည် ဒေါသထွက်နေသည်။ ထိုကျေးဇူးစကားက စိတ်ကောင်းဝင်နေသည့် သူ၏သိမ်မွေ့ခြင်းကို ကိုင်လှုပ်လိုက်သည်။

အရေးပိုင်မင်းသည် ဂျင်ဂျာ တက် လက်သို့ ငွေများကိုအပ်လိုက်ပြီးနောက် ရရှိကြောင်းလက်မှတ် ရေးထိုးစေသည်။
“ကဲ သောက်ချည်ပေဦးတော့ ဂျင်ဂျာတက်ရေ၊ ဒါပေမဲ့ ဒီတစ်ခါ ရမ်းရင်တော့ ထောင်ဒဏ်က ဆယ့်နှစ်လပဲဗျ၊ အဲဒါ သတိပေးတာပဲ”
“မရမ်းတော့ပါဘူးဗျာ” ဂျင်ဂျာတက်ကား အပြစ်ဒဏ်၏အရသာကို ကောင်းကောင်း ခံစားခဲ့ရပြီ။ “ဒါပေမဲ့ ဒီစကားက ကျွန်တော့်ကို စော်ကားတာဗျ၊ ဒါဟာ သက်သက်စော်ကားတာ”

သို့နှင့် ဂျင်ဂျာ တက်သည် အရေးပိုင်မင်းအိမ်မှ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး “ခွေးတိရိစ္ဆာန်ကြီး၊ ခွေးတိရိစ္ဆာန်ကြီး” ဟု ရေရွတ် သွားသည်။ သူသည် တစ်ပတ်ခန့် အရက်သောက်သည်။ ထိုအခါ ခင်ကြီး ဂျုန်းသည် အရေးပိုင်မင်းထံ သွား၍တွေ့ပြန်သည်။
“ဒီလူ သူပိုင်တဲ့ပိုက်ဆံ ခင်ဗျ၊ ကျွန်တော်သိမ်းထားပိုင်ခွင့် မရှိဘူး”
“ဥပဒေအရတော့ မရှိဘူးပေါ့လေ၊ ဒါပေမဲ့ ထိန်းသိမ်းရမယ့်ဝတ္တရားတော့ ရှိတာပေါ့”
ထို့နောက် ခင်ကြီးသည် ကျွန်းငယ်လေးပေါ်တွင် သူ့နှမ ကြုံခဲ့ရသည့် ထိတ်လန့်စရာညချမ်းက အဖြစ်အပျက်ကို အရေးပိုင်မင်းအား ဇာတ်ကြောင်းလှန်ပါသည်။ မစ္စ ဂျုန်းကား မိန်းမတို့ဇာတိစိတ်အတိုင်း ယောက်ျားတို့ တဏှာစိတ်မွှန်ပုံကိုသတိထားမိကာ အဆုံးအထိ ခုခံကာကွယ်ရန် ပြင်ဆင်ထားသည်။ ဓားတစ်လက်ကိုလည်း ဆောင်ထားသည်။ ထို့နောက် ဘုရားသခင်ထံ မစ္စဂျုန်း ဆုတောင်းခဲ့ပုံ၊ ငိုကြွေးခဲ့ ရပုံ၊ ပုန်းလျှိုးခဲ့ရပုံတို့ကိုပါ အရေးပိုင်မင်းအား ပြောပြသည်။ သူ၏ စိုးရိမ်ကြောက်လန့်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ။ သည်တစ်ကြိမ် တွင်ကား အရှက်တကွဲအကျိုးနည်း ဖြစ်ရတော့မည်၊ ချမ်းသာရာ ရတော့မည်မဟုတ်ဟု တွေးမိသည်။ သူ လာမည်ထင်သည့် တစ်ခဏ၌ တုန်လှုပ်ခဲ့ပုံ၊ အကူအညီလည်း ကင်းမဲ့ပုံ၊ ထို့နောက် လူမောစိတ်မောဖြစ်ကာ အိပ်ပျော်သွားပုံတို့ကိုလည်း စီကာစဉ်ကာ ပြောပြသည်။ ထိုမှတစ်ဖန် စိတ်ဆင်းရဲကာ စိတ်အညစ်ကြီးညစ်ရပုံ၊ မည်သူမျှ ထိုစိတ်ဆင်းရဲနည်းမျိုး ကြုံရမည် မထင်မိပုံ၊ နောက်ဆုံးတွင်ကား အိပ်ရာမှ နိုးသည့်အခါ ခြေထောက်ကို အိတ်နှစ်ခု ဖုံးလွှမ်းနေသည်ကိုတွေ့ရပုံတို့ကိုလည်း မခြွင်းမချန်ပြောပြသည်။ အမှန်စင်စစ် အိပ်ပျော်နေစဉ် အကာအကွယ်မရှိဘဲဖြစ်ကာ သနားစရာကောင်းသည့်အဖြစ်ကို ဂျင်ဂျာတက် တွေ့မိသဖြင့် စိတ်ကောင်းဝင်ကာ မည်သို့မျှ မကြံရက်တော့ဘဲ ချမ်းသာပေးလိုက်ပြီး၊ အိတ်နှစ်ခုဖြင့်လွှမ်းကာ ခပ်အေးအေး ပြန်သွားဟန်တူကြောင်းကိုလည်း ပြောပြသည်။

“ဒါကိုထောက်ရင် သူ့ အတွင်းသဘောတော့ တကယ့်လူ့အဖိုးတန်ဆိုတာ ပြတာပဲ ခင်ဗျ၊ ခုတော့ ကျွန်တော့်နှမစိတ်ထဲမှာ သူ့ကို ကယ်တင်ဖို့ဟာ ကျွန်တော်တို့တာဝန်ပဲလို့ ထင်မိတယ်။ သူ့အတွက် ကျွန်တော်တို့ တစ်ခုခလုပ်ရမှာပဲ”
“အင်း ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်တော့ သူ့ပိုက်ဆံ မကုန်မချင်း ဘယ်လိုမှ တားမြစ်ဖို့ စိတ်ကူးထည့်မယ် မဟုတ်ဘူး။ ပြီးတော့လည်း သူက ထောင်ထဲမှာမဟုတ်တော့ ခင်ဗျားတို့ ကြိုက်ရာလုပ်နိုင်တာပေါ့လေ”ဟု အရေးပိုင်မင်းက ပြောသည်။

သို့သော်လည်း ဂျင်ဂျာတက်သည် ကယ်တင်ခံလိုသူ မဟုတ်ပါ။ ထောင်မှထွက်၍ နှစ်ပတ်ခန့်ရှိသောအခါ သူသည် တရုတ်ဆိုင်တစ်ဆိုင် ရှေ့တွင်ထိုင်ကာ လမ်းဘက်ဆီသို့ အမှတ်တမဲ့ကြည့်နေရာက မစ္စဂျုန်း လျှောက်လာသည်ကို တွေ့ရသည်။ မစ္စ ဂျုန်းကို တစ်မိနစ်ခန့် စူးစိုက်ကြည့်မိသည်တွင် အံ့အားသင့်စရာ ကြုံရသည်။ ထိုအခါ သူ့ပါးစပ်က မြည်တွန်တောက်တီးကာ တတွတ်တွတ် ရွတ်သည်။ စကားကောင်းကား မဖြစ်နိုင်ပါ။ ဆဲရေးတိုင်းထွာသောစကားလုံးများသာ ဖြစ်သည်။ သို့ရာတွင် မစ္စဂျုန်းသည် သူ့ကို မြင်သွားသောအခါ ရုတ်တရက် ချက်ချင်းပင် ဂျင်ဂျာ တက်သည် မျက်နှာလွှဲလိုက်ပါသည်။ မစ္စ ဂျုန်း သူ့ကို ကြည့်နေကြောင်း သူသိသည်။ သူ့ထံသို့ ခြေလှမ်း ကျဲကျဲဖြင့်လာနေသည်။ သို့ရာတွင် သူ့အနားသို့ရောက်လျှင် မစ္စ ဂျုန်း၏ ခြေလှမ်းတို့သည် နှေးကွေးသွားသည်။ သူ့ကို စကားပြောမည်ဟု ထင်သည်။ ထို့ကြောင့် ရုတ်တရက်ထကာ ဆိုင်ထဲသို့ ဝင်ခဲ့သည်။ ငါးမိနစ်ခန့်မျှ ဆိုင်ထဲက မထွက်ရဲပေ။ နာရီဝက်ခန့်ကြာလျှင် ခင်ကြီး ဂျုန်း ကိုယ်တိုင်ရောက်လာကာ သူ့ကိုတွေ့လျှင် လက်နှစ်ဖက်ကိုဆန့်တန်း၍ နှုတ်ဆက်သည်။
“နေကောင်းရဲ့နော် အက်ဒဝပ်။ ခင်ဗျားကို ဒီမှာတွေ့နိုင်မယ်လို့ ကျွန်တော့်နှမက ပြောလိုက်တယ် ခင်ဗျ”
ဂျင်ဂျာတက်က ခင်ကြီး ဂျုန်းကို မှုန်တေတေမျက်နှာပေးဖြင့်ကြည့်ကာ ဆန့်တန်းပေးသောလက်ကို ဆွဲ၍ပင် နှုတ်မဆက်တော့။ စကားပြန်လည်း မပေးတော့။
“လာမယ့် တနင်္ဂနွေနေ့ညမှာ ကျွန်တော်တို့ဆီ ထမင်းလာစားမယ်ဆိုရင်တော့ ကျွန်တော်တို့ သိပ်ဝမ်းသာမှာပဲ ခင်ဗျာ၊ ကျွန်တော့်နှမက ထမင်းချက် သိပ်ကောင်းတာ ခင်ဗျ၊ ဩစတြေးလျထမင်းဟင်းကို သူ ကောင်းကောင်းချက်ကျွေးနိုင်တာပေါ့”
“ခင်ဗျားထမင်း ဘာလုပ်ဖို့လဲ၊ သွားစမ်းဗျာ” ဂျင်ဂျာတက်က အော်လိုက်သည်။
“ဒီလိုပြောဖို့တော့ မသင့်ပါဘူးဗျာ” ခင်ကြီး ဂျုန်းသည် အနည်းငယ် ရယ်မောလိုက်ပါသည်။ သို့မှသာ စိတ်မဆိုးကြောင်း သိသာစေမည် မဟုတ်လား။ “အရေးပိုင်ဆီကိုတော့ ခင်ဗျား ခဏခဏ သွားလည်တယ်၊ ကျွန်တော်တို့ဆီကိုလည်း မကြာခဏလာလည်ဖို့ ကောင်းတာပေါ့ ခင်ဗျာ၊ ကျွန်တော်တို့ မျက်နှာဖြူချင်း မကြာခဏ စကားစမြည်ပြောကြရတာပေါ့ ခင်ဗျ၊ ပြီးခဲ့တာတွေ ပြီးပြီးပျောက်ပျောက် မေ့လို့ မရနိုင်ဘူးလား၊ ခင်ဗျားသာ လာမယ်ဆိုရင်တော့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲကြိုဆိုနေမှာပဲ”
“အပြင်ထွက်တော့ ဝတ်ဖို့ အဝတ်ကောင်းကောင်း မရှိဘူးဗျ” သူ့မျက်နှာသည် သုန်မှုန်နေသည်။
“အိုဗျာ ... ဒါက အရေးမကြီးပါဘူး၊ ရှိတာပဲဝတ်ခဲ့တာပေါ့ဗျ”
“လာနိုင်မယ် မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ၊ အကြောင်းရှိရမှာပေါ့ဗျ”
ဂျင်ဂျာတက်သည် ခပ်ပြတ်ပြတ် ပြောတတ်သူ ဖြစ်သည်။ မဖိတ်ချင်ဖိတ်ချင်နှင့် ဖိတ်ကြား ခံရသည့်အခါမျိုးတွင် ကျွန်တော်တို့တစ်တွေ ခပ်ပြတ်ပြတ်အဖြေပေးရန် ဝန်မလေးသကဲ့သို့ပင် သူလည်း ထိုအဖြေမျိုးပေးရန် ဝန်လေးသူ မဟုတ်။
“မလာချင်လို့ပေါ့ဗျ”
“ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျွန်တော့်နှမကလည်း သိပ်စိတ်မကောင်း ဖြစ်ရှာမှာပဲ”
မစ္စတာ ဂျုန်းသည် နည်းနည်းလေးမျှ စိတ်အနှောင့်အယှက်ဖြစ်သည့်အမူအရာမပြဘဲ ခေါင်းကို ဆတ်ခနဲညိတ်ကာ နှုတ်ဆက်၍ ခပ်ပြုံးပြုံး မျက်နှာဖြင့် ထွက်သွားသည်။ ထို့နောက် နှစ်ရက်မြောက် နေ့တွင် ဂျင်ဂျာတက် ထံသို့ ပါဆယ်တစ်ထုပ် ထူးထူးဆန်းဆန်း ရောက်လာသည်။ အထဲတွင် ဝတ်စုံတစ်စုံ၊ စပို့ရှပ်အင်္ကျီတစ်ထည်၊ ခြေအိတ်တစ်စုံ၊ ဖိနပ်တစ်ရန်တို့ ပါလာသည်။ သူ့ထံသို့ လက်ဆောင်ပစ္စည်းများ ရောက်လေ့ မရှိပါ။ ထို့ကြောင့် အရေးပိုင်နှင့်တွေ့သည့်အခါ သူများ ပို့လိုက်လေသလားဟု မေးသည်။
“ကြံကြံဖန်ဖန်ဗျာ၊ ခင်ဗျား အဝတ်အစားနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်တုန်းကများ ပူပန်ဖူးလို့လဲ”
“ဒါဖြင့် ဒီပစ္စည်းတွေပို့တာ ဘယ်က ခွေးကောင်လဲ”
“ကျွန်တော် ဟုတ်မဟုတ် စုံစမ်းပေါ့ဗျာ”
မစ္စ ဂျုန်းသည် အခါအားလျော်စွာ အလုပ်ကိစ္စနှင့်ပတ်သက်၍ အရေးပိုင်မင်းဂရိုင်တာကို လာ၍ တွေ့တတ်သည်။ ဂျင်ဂျာတက် ထံသို့ အဝတ်အစားများရောက်ပြီးနောက် တစ်မနက်ခင်းတွင် မစ္စဂျုန်းသည် အရေးပိုင်ထံရောက်လာသည်။ မစ္စ ဂျုန်းသည် အကင်းပါးသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ အရေးပိုင် မလုပ်ပေးချင်သည့် ကိစ္စမျိုးနှင့်ကြုံလျှင် အချိန်မဖြုန်းတတ်ပါ။ ယခုကား အသေးအဖွဲ ကိစ္စလေးတစ်ခုခိုင်းရန် ရောက်လာခြင်း ဖြစ်သည်။ သို့ငြားလည်း အရေးပိုင်မင်းက မဖြစ်နိုင်ဟုငြင်းဆန်လိုက်သည့်အခါ သဘောပေါက် လာအောင် ပြောမနေတော့ပေ။ တစ်ခါငြင်းသည်ကိုပင် အတည်ယူလိုက်တော့သည်။ ထို့နောက် ပြန်ရန်ဟန်ပြင်ပြီးမှ အတွေးတစ်မျိုး ဝင်လာကာ ဤသို့ပြောသည်။

“ဒီလိုပါ မစ္စတာ ဂရိုင်တာရှင့်၊ ကျွန်မအစ်ကိုက ဂျင်ဂျာတက်လို့ခေါ်တဲ့လူကို ထမင်းကျွေးချင် နေပါတယ်။ အဲဒါ သိပ် ထက်ထက်သန်သန် ဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်မ သူ့ကိုပေးဖို့ ဖိတ်စာတစ်စောင်ရေးလာပါတယ်၊ သန်ဘက်ခါမှာ လာဖို့ပါပဲ။ ဒီလူက နည်းနည်း ရှက်တတ်တယ်နဲ့ တူတယ်ရှင့်၊ ဒီတော့ အရေးပိုင်မင်းလည်း သူနဲ့အတူ အဖော်အဖြစ်လိုက်ခဲ့ပါလား”
“ခင်ဗျားတို့ဟာ သိပ် စေတနာကောင်းတာကိုးဗျ”
“ဒီလူအတွက် တစ်ခုခုတော့လုပ်ပေးမှ သင့်မယ်လို့ ကျွန်မအစ်ကိုက ထင်နေတယ်ရှင့်”
“မိန်းမတစ်ယောက်ယောက်ရဲ့ ဩဇာစက်ကွင်းအောက်ရောက်အောင် လုပ်ပေးတာမျိုးပေါ့ဗျာ” အရေးပိုင်မင်းက ဣနြေ္ဒဆောင်ကာ ခပ်တည်တည်ပင် ပြောလိုက်သည်။
“သူ လာအောင် အရေးပိုင်မင်းက ခေါ်ခဲ့ပါလား၊ ရှင်ကသာ သွားဖို့ကောင်းတဲ့အကြောင်းပြောရင် သူ လာမယ်လို့ ထင်တာပဲ။ နောက်တော့ သူ လမ်းပေါက် သွားမှာပေါ့ရှင်။ သူ့လို လူငယ်တစ်ယောက် ပျက်ပျက်စီးစီးဖြစ်သွားမှာ စိုးရိမ်တာပါပဲရှင်”
အရေးပိုင်မင်းသည် မစ္စဂျုန်းကို ဆတ်ခနဲမော်ကြည့်လိုက်သည်။ သူ့ထက် အရပ်ရှည်သဖြင့် အရေးပိုင်မင်းက မော်ကြည့်ရသည်။ မစ္စဂျုန်း သည် ကြည့်ပျော်ရှုပျော်မရှိလှဟု သူ ထင်သည်။ အဝတ်တန်းတွင်လှမ်းထားသည့် အဝတ်စိုနှင့်တူသည်ဟု ပေါက်ပေါက်ရှာရှာ တွေးမိသည်။ အရေးပိုင်မင်း၏မျက်လုံးတို့သည် တဖျပ်ဖျပ်ခတ်နေကြသည်။ သို့သော် မျက်နှာထားကား ခပ်တည်တည်ပင်။
“ခေါ်ကြည့်သေးတာပေါ့ဗျာ၊ အတတ်နိုင်ဆုံး ကြိုးစားတာပေါ့”
“သူ့အသက် ဘယ်လောက်ရှိပြီလဲရှင့်”
“နိုင်ငံကူးလက်မှတ်အရတော့ သုံးဆယ့်တစ်နှစ် ဆိုရမှာပဲ”
“သူ့နာမည်ရင်းရော”
“ဝီလဆင်ပါ”
“အက်ဒဝပ် ဝီလဆင်” မစ္စဂျုန်းက တိုးတိုးရွတ်လိုက်သည်။
“သူ့လို နေပုံထိုင်ပုံမျိုးနဲ့၊ သူ့ခွန်အားလေးနဲ့ဆိုရင် သိပ်အံ့ဩစရာကောင်းတာပဲ၊ နွားသိုးနီးနီး သန်တယ် ခင်ဗျာ” အရေးပိုင်မင်းက တိုးတိုး ပြောသည်။
“ခေါင်းနီနဲ့လူတွေဟာ တစ်ခါတလေ သိပ်သန်တယ်ရှင့်” မစ္စဂျုန်း အသံသည် ပီပီသသမရှိလှ။ ခြောက်ကပ်ကပ် နိုင်လှသည်။
“ဟုတ်မှာပေါ့”
ထိုအခါ ဘာအကြောင်းမျှမရှိပါဘဲနှင့် မစ္စဂျုန်းသည် ရှက်သွေးဖြန်းသွားသည်။ ထို့ကြောင့် အရေးပိုင်မင်းကို ခပ်သုတ်သုတ်နှုတ်ဆက်ကာ ရုံးခန်းထဲမှ ထွက်သွားသည်။
ယခုကား ဂျင်ဂျာတက် ထံသို့ အဝတ်များပို့လိုက်သူကို အရေးပိုင်မင်း တပ်အပ်သိပြီ။
ထိုနေ့မှာပင် ဂျင်ဂျာတက်ကို တွေ့သဖြင့် မစ္စဂျုန်း၏ ဖိတ်စာ ရမရ မေးကြည့်သည်။ ဂျာဂျာတက်သည် လုံးခြေထားသော စက္ကူလုံးတစ်ခုကို အိတ်ထဲမှထုတ်ကာ အရေးပိုင်မင်းအား ပေးလိုက်သည်။ ယင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ချစ်စွာသော မစ္စတာ ဝီလဆင် ရှင့်။
လာမည့်ကြာသပတေးနေ့ည ခုနစ်နာရီခွဲတွင် ကျွန်မတို့အိမ်သို့ လာရောက်ကာ ညစာစားမည်ဆိုပါလျှင် ကျွန်မအစ်ကိုနှင့်ကျွန်မတို့က များစွာ ဝမ်းသာမည်ဖြစ်ပါသည်ရှင့်။ အရေးပိုင်မင်းကလည်း လာမည်ဟု ကတိပေးလိုက်ပါသည်ရှင့်။ မနေ့တစ်နေ့က ဩစတြေးလျမှ ဓာတ်ပြား အသစ်များလည်း ရောက်လာပါသည်။ ကြိုက်နှစ်သက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ရှင်နှင့် နောက်ဆုံးတွေ့ခဲ့တုန်းက ရှင့်အပေါ် မပြေမပြစ် ဆက်ဆံခဲ့မိပါသည်။ ကျွန်မအမှားရှိခဲ့လျှင် ဝန်ခံရန် အသင့်ရှိပါသည်ရှင့်။ ခွင့်လွှတ်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်မိပါသည်။ ကျွန်မကိုလည်း မိတ်ဆွေတစ်ယောက်ဟု အသိအမှတ်ပြုပါ ရှင့်။
သင်၏ သစ္စာရှိသော
မာသာ ဂျုန်း

ဂျင်ဂျာအား မစ္စတာဝီလဆင်ဟု ခေါ်ဝေါ်ထားသည်ကို အရေးပိုင်မင်း သတိထားမိသည်။ ထို့ပြင် သူကိုယ်တိုင်လာမည်ဖြစ်ကြောင်း ကတိပေး လိုက်သည်ကိုလည်း ဖော်ပြထားသည်။ သို့ဖြစ်ရာ မိမိကို လာရောက်ဖိတ်ကြားသည့်အခါ ဂျင်ဂျာတက်ကို ဖိတ်ပြီးဖြစ်ရမည်ဟု မှန်းဆ မိလေသည်။
“ခင်ဗျားသဘောက ဘယ်လိုလဲ”
“ကျွန်တော် မသွားဘူး။ ဒါကိုမေးတာ မဟုတ်လား။ တယ် စိတ်ရှုပ်စရာ ကောင်းတာပဲဗျာ”
“သူ့စာကိုတော့ အကျိုးအကြောင်းပြန်ရဦးမယ် မဟုတ်လား”
“စာလည်း မပြန်ဘူးဗျာ”
“ဒီမှာ ဂျင်ဂျာ၊ အဝတ်သစ်တွေ ဝတ်ခဲ့ဗျာ၊ ကျွန်တော့်အားနာလို့ လိုက်ခဲ့ပေါ့။ ကျွန်တော့်အတွက်ပါ။ ကျွန်တော် ကတိပေးလိုက်မိပြီဗျ၊ တခြားဟာတော့ ဘေးချိတ်ထားလိုက်ပေါ့ဗျာ။ တကယ့်အရေးထဲမှ ကျွန်တော့်ကိုပစ်ထားခဲ့လို့ ဘယ်ကောင်းမလဲဗျ၊ ခင်ဗျား ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
ဂျင်ဂျာတက်သည် အရေးပိုင်မင်းကို မသင်္ကာသောမျက်လုံးဖြင့် ကြည့်လိုက်သည်။ သူ့အမူအရာကား တည်ကြည်လှသည်။ သူ့မျက်နှာကား လေးနက်လှသည်။ ဒတ်ခ်ျလူမျိုးတစ်ယောက်၏ ရင်ထဲ ဝမ်းထဲ၌ကား ရယ်ချင်လွန်းသဖြင့် ပလုံဆူနေသည်ကို ဂျင်ဂျာတက် မရိပ်မိပေ။
“သူတို့က ဘာဖြစ်လို့ ကျွန်တော့်ကိုခေါ်ရတာလဲဗျ၊ ဘာများ စာရင်းရှုပ်ကြတယ် သိပါဘူးဗျာ”
“ကျွန်တော်လည်း မသိဘူး။ ခင်ဗျားကို မွေးချင်လို့နဲ့တူတာပဲ”
“မူးစရာလေးများ ပါဦးမလားဗျ”
“ပါမယ် မထင်ဘူး၊ ဒီလိုလုပ်လေ၊ ခုနစ်နာရီလောက် ကျွန်တော့်အိမ် လာခဲ့ပေါ့။ မသွားခင် နည်းနည်းတော့ မော့သွားကြတာပေါ့”
“ကောင်းပြီလေဗျာ” ဂျင်ဂျာတက်က စိတ်ရှုပ်ရှုပ်နှင့် သဘောတူလိုက်သည်။
အရေးပိုင်မင်းသည် ကျေနပ်နှစ်သိမ့်ကာ လက်ဝါးနှစ်ဖက်ကို ပွတ်တိုက်သည်။ ထမင်းစားပွဲတွင် ရယ်မောစရာများ တွေ့ရဦးတော့မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း ကြာသပတေးနေ့ရောက်လျှင် ဂျင်ဂျာတက်မှာ လူမှန်းသူမှန်းမသိအောင်မူးနေသဖြင့် မစ္စတာဂရိုင်တာ တစ်ယောက်တည်းသာ သွားရသည်။ ဂျုန်းတို့ မောင်နှမအား အဖြစ်မှန်ကိုမကွယ်မဝှက်ဘဲ ပြောပြလိုက်ရသည်။ ခင်ကြီး ဂျုန်းသည် ခေါင်းကို ယမ်းသည်။

“ဒီလူဟာတော့ ပြုပြင်လို့ရနိုင်မယ့်လူ မဟုတ်တော့ဘူး မာသာ၊ အလကားပဲ”
မစ္စ ဂျုန်းသည် ခဏမျှ စကားမပြောဘဲ ငြိမ်နေသည်။ သူ့နှာခေါင်းဘေး တစ်ဖက်တစ်ချက်တွင် မျက်ရည်ဥကလေးနှစ်ပေါက် စီးကျလာသည်ကို အရေးပိုင်မင်း မြင်လိုက်ရသည်။ ထို့နောက် မစ္စဂျုန်းသည် နှုတ်ခမ်းကို ကိုက်နေသည်။
“ဘယ်သူပဲဖြစ်ဖြစ် မျှော်လင့်စရာမရှိတော့ဘူးတော့ မဟုတ်သေးဘူး။ လူတိုင်း။ လူတိုင်းမှာ ကောင်းတာတစ်ခုတော့ ရှိတာပဲ။ ကျွန်မကတော့ သူ့အတွက် ဘုရားသခင်ဆီမှာ ညတိုင်း ဆုတောင်းနေမှာပဲ၊ ဘုရားသခင်ရဲ့တန်ခိုးတော်ကို သံသယရှိစရာ မလိုပါဘူး”
ဤနေရာတွင် မစ္စ ဂျုန်း၏ စကားသည် မှန်သည်။ သို့ရာတွင် ဘုရားသခင်ဖန်တီးလိုက်သည့်ဇာတ်လမ်းသည် အလွန်ရယ်စရာ ကောင်းလှ သည်။ ဂျင်ဂျာတက်က ခါတိုင်းထက် ပို၍ သောက်လာသည်။ ရမ်းကား သောင်းကျန်းသည်မှာကမ်းကုန်နေရာ အရေးပိုင်မင်း မစ္စတာ ဂရိုင်တာပင် စိတ်ကုန်လာသည်။ ကြာရှည် သည်းမခံနိုင်တော့သည့်အခါ ဂျင်ဂျာတက်ကို ကျွန်းမှနှင်ရန် ဆုံးဖြတ်လိုက်သည်။ ဗာရူသို့ ဆိုက်မည့် နောက်သင်္ဘောတစ်စင်းနှင့် ထည့်လိုက်ရန် စိတ်ကူးထားသည်။ ထိုအချိန်တွင် ဗာရူကျွန်း၌ လူတစ်ယောက်သေဆုံးသည်။ ထိုကျွန်း၌လည်း လူအများအပြားသေဆုံးသည်ဟု သိရသည်။ သို့ဖြစ်ရာ အရေးပိုင်မင်းသည် အစိုးရဆရာဝန်ဖြစ်သည့် တရုတ်ဆရာဝန်ကို စေလွှတ်စုံစမ်းခိုင်းသည်။ ထိုအခါ ဝမ်းရောဂါဖြစ်ပွါးနေကြောင်း သိရသည်။ ဗာရူကျွန်း၌လည်း နောက်ထပ် နှစ်ယောက် သေဆုံးသွားသည်။ ထို့ကြောင့် ကာလဝမ်းရောဂါကပ် ဆိုက်ပြီဖြစ်ကြောင်း သိရသည်။
အရေးပိုင်မင်းသည် နှုတ်ကြမ်းသူဖြစ်သည်။ ပါးစပ်က တဖျစ်တောက်တောက် ဆဲရေးတိုင်းထွာတတ်သည်။ သူသည် ဒတ်ခ်ျလိုလည်း ဆဲသည်။ အင်္ဂလိပ်လိုလည်း ဆဲသည်။ မလေးလိုလည်း ဆဲသည်။ ထို့နောက် ဘီယာတစ်ပုလင်းသောက်ကာ ဆေးလိပ် တစ်လိပ်ကို ဖွာလိုက်သည်။ ပြီးလျှင် အစဉ်းစားကြီး စဉ်းစားနေသည်။ တရုတ်ဆရာဝန်သည် ဤနေရာတွင် အသုံးမကျဟု သူ နားလည်သည်။ ထိုဆရာဝန်သည် ဂျာဗားကျွန်းမှလာသူ ဖြစ်သည်။ အရေးဆိုလျှင် ပျာယာခတ်ကာ ဘာလုပ်ရမှန်း၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်သည်။ ကျွန်းသားတို့ကလည်း သူ့ဩဇာကို မနာခံကြ။ ဤအရေးအခင်းတွင် ဘာလုပ်ရမည်ကို အရေးပိုင်မင်း နားလည်သည်။ သို့ရာတွင် သူတစ်ယောက်တည်းနှင့်ပြီးသည့်ကိစ္စ မဟုတ်ပေ။ အကူအညီ လိုသည်။ အရေးပိုင်မင်းသည် ခင်ကြီးဂျုန်းကို သဘောမကျလှပါ။ သို့ရာတွင် သူတစ်ယောက်ရှိနေသေးသဖြင့် တော်သေးသည်ဟုသဘောပိုက်ကာ သူ့ကို အခေါ်လွှတ်လိုက်သည်။ သူနှင့်အတူ သူ့နှမ မစ္စဂျုန်းလည်း ပါလာသည်။

“ကျွန်တော် ဘာကြောင့် အခေါ်ခိုင်းတယ်ဆိုတာ သိမှာပေါ့” အရေးပိုင်မင်းက ခတ်ပြတ်ပြတ်ပင် မေးသည်။
“ဟုတ်ကဲ့၊ ကျွန်တော်လည်း ခင်ဗျားဆီက တစ်စုံတစ်ခုအကြောင်းကြားလိမ့်မယ်ထင်ပြီး စောင့်နေတာပဲ။ ဒါကြောင့် ကျွန်တော့်နှမကိုပါ တစ်ပါတည်းခေါ်ခဲ့တာပဲ။ ကျွန်တော်တို့ တတ်နိုင်သမျှကူညီဖို့ အသင့်ပဲ။ ကျွန်တော့်နှမဟာ ယောက်ျားတစ်ယောက်လို အသုံးကျတယ် ဆိုတာတော့ ပြောစရာမလိုဘူး ထင်ပါတယ်”
“ကျွန်တော် သိပါတယ်၊ သူ့အကူအညီရတဲ့အတွက် သိပ်ဝမ်းသာပါတယ်”
ထို့နောက် သူတို့သည် လုပ်ကိုင်ရမည့်အစီအစဉ်များကို ဆွေးနွေးကြသည်။ ယာယီဆေးရုံတဲများလည်း ဆောက်ရမည်။ ရောဂါမကူးစက်ရန် သီးခြားထားရမည့်နေရာများကိုလည်း စီမံရမည်။ ကျွန်းသူကျွန်းသားအားလုံးကို ကာကွယ်ရေးအစီအစဉ်များကို လိုက်နာအောင်လည်း အမိန့်အာဏာသုံးရမည်။ အချို့ရွာများ၌ ကူးစက်ရောဂါ ဖြစ်ပွါးနေသော်လည်း ရေတွင်းတစ်ခုထဲမှရေကို အများသောက်သုံးကြသည်။ ယင်းကိုလည်း အခြေအနေအရ စီစဉ်ရမည်။

ကာကွယ်ရေးအစီအမံအတိုင်း လိုက်နာဖို့ရန် အရေးကြီးသည်။ မလိုက်နာလျှင် ကြီးလေးသောအပြစ်ဒဏ် ပေးရမည်။ အဆိုးရွားဆုံးမှာ ကျွန်းသားအချင်းချင်း တစ်ဆင့်ပေးသည့် အမိန့်အစီအမံကို အခြားကျွန်းသားတို့ကမလိုက်နာခြင်းပင် ဖြစ်သည်။ ခင်ကြီး ဂျုန်းကား ဗာရူ ကျွန်းကြီးပေါ်၌ တာဝန်ယူရလိမ့်မည်။ ဗာရူသည် လူဦးရေအများဆုံးဖြစ်သဖြင့် ကာကွယ်ရေးအစီအမံများစွာလိုလိမ့်မည်။ အရေးပိုင်မင်း အဖို့လည်း အခြားတာဝန်ဝတ္တရားများရှိသေးရာ ကျွန်းကလေးများသို့ သူကိုယ်တိုင် လှည့်လည်ကြည့်ရှုနိုင်မည် မဟုတ်။ သို့ဖြစ်ရာ ထိုကျွန်းကလေးများသို့ မစ္စဂျုန်းအား စေလွှတ်ရမည်ဖြစ်သည်။ သို့သော်လည်း ဝေးလံသည့်ဒေသရှိ ကျွန်းသူကျွန်းသားတို့မှာ ရိုင်းစိုင်း ကြသည်။ အရေးပိုင်မင်းကိုယ်တိုင်ပင် သူတို့ကိုအုပ်ချုပ်ရာ၌ အခက်အခဲများတွေ့ခဲ့ရသည်။ ထို့ကြောင့် မစ္စဂျုန်းကို ဒုက္ခမပေးချင်လှပါ။
“ကျွန်မ မကြောက်ပါဘူး” မစ္စဂျုန်းက ပြောသည်။
“ကျွန်တော် ယုံပါတယ်၊ ဒါပေမဲ့ ခင်ဗျားလည်ပင်းအဖြတ်ခံရရင် ကျွန်တော်ဒုက္ခရောက်မယ်၊ ပြီးတော့ ကျွန်တော်တို့မှာလည်း ကျွမ်းကျင်တဲ့သူ နည်းပါးတော့ ခင်ဗျားအကူအညီကိုလည်း လက်မလွှတ်နိုင်ဘူး”
“ဒီလိုဆိုရင် ကျွန်မနဲ့အတူ မစ္စတာ ဝီလဆင် ခေါ်သွားမယ်။ ကျွန်းသားတွေအကြောင်း သူက သူများထက် ပိုသိတယ်။ သူတို့စကားလည်း နားလည်တယ်”
“ဂျင်ဂျာတက်လား၊ ဖြစ်ပါ့မလား၊ တလောကပဲ လက်တွေ တုန်တုန်ချည့်ချည့် ဖြစ်နေပြီ။ အဲဒါ သိရဲပလား”အရေးပိုင်မင်းက မစ္စဂျုန်းကို ကြည့်လိုက်သည်။
“ဖြစ်ပါတယ်၊ ကျွန်မ သိပါတယ်”
“ခင်ဗျားသိတာတွေ အများကြီးပါလား မစ္စဂျုန်း”
အရေးတကြီးအခြေအနေ ဖြစ်နေငြားလည်း မစ္စတာဂရိုင်တာသည် မပြုံးဘဲ မနေနိုင်ပါ။ မစ္စဂျုန်းကိုလည်း စူးစိုက်ကြည့်လိုက်သည်။ မစ္စ ဂျုန်းကမူ တည်တည်ငြိမ်ငြိမ်ပင်။
“လူတစ်ယောက်မှာ စွမ်းတာတွေရှိတယ်၊ တော်တာတွေ ရှိတယ်၊ အဲဒီအစွမ်းအစကို ဖော်နိုင်ဖို့အရေးကြီးတယ်။ သူ့အစွမ်းအစသာ ပေါ်လာပြီဆိုရင် ဒီနည်းဟာ သူ လူကောင်းဖြစ်စေဖို့ လမ်းစဖြစ်မှာပဲလို့ ကျွန်မ ထင်တယ်”
“သူ့လို စရိုက်ကြမ်းတဲ့လူတစ်ယောက်နဲ့ ရက်ရှည်လများ အတူနေ၊ အတူအလုပ်လုပ်လို့ သင့်မလား” ခင်ကြီးဂျုန်းက သူ့နှမကို မေးသည်။
“ကျွန်မတော့ ဘုရားသခင်ကိုယုံတာပဲ” မစ္စ ဂျုန်းက အလေးအနက်ပြောသည်။
“သူ့ခေါ်သွားလို့ အသုံးတည့်မယ် ထင်သလား၊ သူ့အကြောင်း ခင်ဗျား ကောင်းကောင်းသိတယ်နော်” အရေးပိုင်မင်းက မေးသည်။
“အသုံးကျမယ်လို့ ကျွန်မယုံတယ်”ထိုစကား ပြောပြီးနောက် မစ္စဂျုန်းသည် ရှက်သွေးဖြန်းသွားသည်။ “နောက်ဆုံးတော့ သူဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်မထက် ဘယ်သူမှ ပိုပြီး ကောင်းကောင်း မသိပါဘူး”
အရေးပိုင်မင်းသည် နှုတ်ခမ်းကိုက်လိုက်သည်။
“ကဲ ဒါဖြင့် သူ့ကို အခေါ်လွှတ်လိုက်မယ်”
စာသင်ကြီးကို ခိုင်းလိုက်ရာ ခဏကြာလျှင် ဂျင်ဂျာတက် ရောက်လာသည်။ ဂျင်ဂျာတက်သည် နေမကောင်းဟန် တူသည်။ တလောက အရက်နာကြောင့် အကြီးအကျယ်ထိခိုက်ထားသဖြင့် လှုပ်လှုပ်သာ ရှိနေသည်။ အင်္ကျီ၊ ဘောင်းဘီတို့လည်း စုတ်ပြတ်နေသည်။ မုတ်ဆိတ်ကျင်စွယ် မရိတ်သည်မှာလည်း တစ်ပတ်ခန့်ရှိပြီ။ သူ့လောက် ဘယ်သူမျှ စုတ်စုတ်ချာချာ မရှိလှပါ။ လူမြင်လိုက်ရလျှင်ပင် သုံးမရလောက်အောင် ပျက်စီးနေခြင်းကို မှန်းဆနိုင်သည်။
“ဒီမှာ ဂျင်ဂျာ၊ အခုကိစ္စက ဝမ်းရောဂါကိစ္စပဲ၊ ကျွန်းသားတွေကို ကျွန်တော်တို့စီစဉ်ပေးတဲ့ ကာကွယ်ရေးအစီအမံတွေ လိုက်နာစေဖို့ပဲ၊ အဲဒါ ခင်ဗျား အကူအညီလိုတယ်”
“ဘာကြောင့် ကျုပ်အကူအညီ လိုရမှာလဲ”
“တခြားအကြောင်း ဘာမှမရှိဘူး၊ လူလူချင်းထားရှိရမယ့် မေတ္တာတရားပဲဗျာ”
“မဖြစ်နိုင်ဘူး အရေးပိုင်မင်း၊ ကျုပ်က လူမှုဝန်ထမ်းတစ်ယောက်မှ မဟုတ်ဘဲဗျ”
“ဒါဖြင့်လည်း ပြီးရောပေါ့ဗျာ၊ ဒါပါပဲ၊ ခင်ဗျား သွားနိုင်ပြီ”
ဂျင်ဂျာတက်သည် တံခါးဆီသို့ လှမ်းမည် ပင်လိုက်သည်တွင် မစ္စဂျုန်းက သူ့ကို တားသည်။
“ဒါဟာ ကျွန်မ အကူအညီတောင်းတာပါ မစ္စတာဝီလဆင်၊ သူတို့က ကျွန်မကို လာဗိုဗိုကျွန်းနဲ့ ဆာကျွန်ချီကျွန်းတွေကို သွားခိုင်းတယ်။ အဲဒီမှာက ကျွန်းသားတွေဟာ အရိုင်းအစိုင်းတွေမဟုတ်လား၊ ကျွန်မတစ်ယောက်တည်းသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရှင် လိုက်မယ် ဆိုရင်တော့ ကျွန်မအဖို့အန္တရာယ်ရှိနိုင်မယ်မဟုတ်ဘူးလို့ ထင်တာပဲ”
ဂျင်ဂျာတက်သည် မစ္စဂျုန်းကို အကြာကြီး တွေ၍ကြည့်နေသည်။
“ခင်ဗျားလည်ပင်းကို သူတို့ကဖြတ်တာ ကျုပ် ဘာပူစရာလိုသလဲဗျာ၊ ဘာလို့ ပူရမှာလဲ”
မစ္စ ဂျုန်းသည် ဂျင်ဂျာတက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်များဝေ့လာသည်။ ထို့နောက် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ငိုလေသည်။ ဂျင်ဂျာတက်သည် ဘာမျှ မထိခိုက်သည့်မျက်နှာဖြင့် မစ္စဂျုန်းကို ကြည့်နေသည်။
“ဟုတ်ပါတယ်၊ ရှင်လိုက်ခဲ့ဖို့ ဘာမှအကြောင်းမရှိဘူး” မစ္စ ဂျုန်းသည် မျက်ရည်စများကို သုတ်လိုက်သည်။ “ကျွန်မသာ မဆိုင်ဘဲနဲ့ ရှင့်ကို ခေါ်မိတာပါ၊ ကျွန်မ မိုက်တာပါ၊ ကိစ္စမရှိပါဘူး။ ကျွန်မတစ်ယောက်တည်းပဲ သွားပါ့မယ်”
“မိန်းမသားတစ်ယောက်တည်း လာဗိုဗိုကိုသွားမယ်ဆိုတာ သိပ်မိုက်ကန်းတဲ့ကိစ္စပဲဗျ”
မစ္စဂျုန်းသည် သူ့ကို တစ်ချက်ပြုံး၍ ကြည့်သည်။
“ဟုတ်ပါတယ်၊ အင်မတန်မိုက်တဲ့အလုပ်ပါပဲ၊ ဒါပေမဲ့ သွားရမှာက ကျွန်မအလုပ် မဟုတ်လား။ ဒီတော့ ဘယ်တတ်နိုင်ပါ့မလဲ၊ သွားစရာရှိတာ သွားရမှာပေါ့။ ရှင့်ကို ကျွန်မနဲ့အတူလိုက်ဖို့ခေါ်မိတဲ့အတွက် ရှင် စိတ်ဆိုးသွားတယ်။ အဲဒါအတွက် ကျွန်မ ဝမ်းနည်းပါတယ်။ ဒါတွေကို မေ့လိုက်ပါတော့ရှင်။ ရှင့်ကို ကျွန်မနဲ့အတူ အန္တရာယ်များတဲ့ဆီခေါ်မိတာ ကျွန်မဘက်က မတရားတာ အမှန်ပါပဲ”
ဂျင်ဂျာတက်သည် ခဏမျှရပ်ကာ မစ္စဂျုန်းကို ကြည့်နေသည်။ ခြေထောက်များကို ဟိုရွှေ့သည်ရွှေ့ လုပ်နေသည်။ သူ၏ သုန်မှုန်သော မျက်နှာသည် ညိုမည်းလာသည်။
“ကဲဗျာ၊ ခင်ဗျားဘာသာ ပြောချင်ရာပြော၊ ထင်ချင်သလိုထင်ပေတော့။ ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။ ဘယ်တော့ သွားချင်သလဲ” ဟု ဂျင်ဂျာတက်က နောက်ဆုံးတွင် ပြန်မေးသည်။

သူတို့သည် နောက်တစ်နေ့မှာပင် အစိုးရမော်တော်နှင့် ထွက်ခဲ့ကြသည်။ သူတို့နှင့်အတူ ဆေးဝါးပစ္စည်းများ၊ ကာကွယ်ဆေးများ။ ပိုးသတ် ဆေးများ ပါလာသည်။ မစ္စတာဂရိုင်တာလည်း ဗာရူ၌ စီစဉ်စရာရှိသည်တို့ကို စီစဉ်ပြီးနောက် ပရာဟုသမ္ဗန်ကလေးနှင့် အခြားတစ်နေရာသို့ သွားသည်။ လေးလလုံးလုံး ကာလဝမ်းရောဂါကပ်သည် သောင်းကျန်းနေသည်။ မကူးစက်အောင် တတ်နိုင်သမျှကာကွယ်တားဆီး သော်လည်း တစ်ကျွန်းပြီးတစ်ကျွန်း ကူးစက်လာသည်။ အရေးပိုင်မင်းသည်လည်း မိုးလင်းမှ နေဝင်အထိ မအားလပ်တော့ပေ။ တစ်နေရာ၌ ကိစ္စပြီးလျှင် ဗာရူသို့ပြန်လာကာ စီစဉ်စရာရှိသည်တို့ကို စီစဉ်ပြီးနောက် အခြားတစ်နေရာသို့ ထွက်ရသည်။ အစားအစာနှင့် ဆေးပစ္စည်းများ လည်၍ ဝေငှရသည်။ အထိတ်တလန့်ဖြစ်နေကြသောကျွန်းသားများကို နှစ်သိမ့်စကား ပြောရသည်။ ဆောင်ရွက်ဖွယ်ကိစ္စမှန်သမျှကို ချောမော ပြေပြစ်အောင် လုပ်ဆောင်ရသည်။ နွားလောက်နီးနီး ကုန်းရုန်းအလုပ်လုပ်ရသည်။

ဂျင်ဂျာတက်ကို သူ မတွေ့ရတော့။ သို့သော်လည်း ခင်ကြီး ဂျုန်းထံမှ သတင်းများကြားရသည်။ သူတို့သည် မျှော်လင့်သည်ထက်ပို၍ အောင်မြင်စွာ အလုပ်ဖြစ်နေကြောင်းတို့ပင် ဖြစ်သည်။ လူသရမ်းကြီးသည်လည်း သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ပြုမူသည်။ ကျွန်းသားအရိုင်းအစိုင်းများနှင့် ပြေပြစ်စွာဆက်ဆံသည့်နည်းများ သူ့တွင် ရှိသည်။ တစ်ခါတစ်ရံ သူတို့နှင့် ပလူးပလဲလုပ်၍ လည်းကောင်း၊ တစ်ခါတစ်ရံ တင်းတင်းမာမာအော်ဟစ်ကြိမ်းမောင်း၍ လည်းကောင်း၊ တစ်ခါတစ်ရံ လက်သီးသုံး၍လည်းကောင်း ကိစ္စအဝဝကို ချောမောစွာ ပြီးစီးစေသည်ဟု ဆိုသည်။ ဤသို့ဖြင့် သူတို့အလိုရှိသည့် ကာကွယ်ရေးလုပ်ငန်းလည်းအောင်မြင်ကာ မစ္စဂျုန်းအတွက် အန္တရာယ်များကိုလည်း အကာအကွယ်ပေးနိုင်ခဲ့သည်။ မစ္စဂျုန်းကား သူ၏အစီအမံများအောင်မြင်နေသဖြင့် ဝမ်းသာအားရဖြစ်နေသည်ဟု ဆိုသည်။ အရေးပိုင်မင်း အဖို့ကား ပင်ပန်းလွန်းသဖြင့် ဝမ်းသာအားရဖြစ်ဖို့ သတိမရနိုင်တော့ပေ။ သို့နှင့် ဝမ်းရောဂါကပ်ကြီးဆုံးခန်းတိုင်သွားသည့်အခါ သူ့ပိုင်နက်ရှိ လူဦးရေရှစ်ထောင်အနက် ခြောက်ရာမျှသာ ဆုံးခဲ့သည်။ သည့်အတွက် ဝမ်းသာရသေးသည်။

နောက်ဆုံးတွင်ကား အရေးပိုင်မင်းသည် သူ၏ ပိုင်နက်တွင် ကပ်ရောဂါ လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း ကြေညာနိုင်လေသည်။
တစ်ညနေခင်းတွင် အရေးပိုင်မင်းသည် အိမ်ရှေ့ဝရန်တာတွင်ထိုင်ကာ ပြင်သစ်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေသည်။ သူ့စိတ်ကား ပေါ့ပါးနေသည်။ ပင်ပန်းသည့်ရက်တို့ လွန်မြောက်ခဲ့ပြီ မဟုတ်လား။ ယခု စည်းစိမ်ယူရမည့်အချိန် မဟုတ်ပါလား။ ထိုအခိုက်တွင် စားပွဲထိုးမှူးရောက်လာကာ ဂျင်ဂျာတက်က တွေ့လိုကြောင်း ပြောလာသည်။ ထိုအခါ ထိုင်ရာမှထကာ ဝင်လာခဲ့ရန် အော်၍ပြောလိုက်သည်။ ယခုအချိန်တွင် အရေးပိုင်မင်းသည် အပေါင်းအသင်းအလိုရှိနေသည်။ အစက ယနေ့ည အရက်သောက်ရလျှင်ကောင်းမည်ဟု အရေးပိုင်မင်း စိတ်ကူးမိသည်။ သို့ရာတွင် တစ်ယောက်တည်းသောက်ရမည်မှာ ခြောက်ကပ်ကပ်ရှိလှသဖြင့် ထိုစိတ်ကူးကို ဝမ်းနည်းစွာပင် စွန့်လွှတ်လိုက်သည်။ ယခုကား မျှော်လင့်နေတုန်းပင် နတ်သိကြားများက သူ့အလိုကိုဖြည့်ရန် ဂျင်ဂျာတက်ကို လွှတ်လိုက်သည် မဟုတ်လား။

အင်း ... ဒီညတော့ ဘုရားသိကြားများ စောင်မတာနဲ့ ပျော်ပျော်ပါးပါးသောက်ရဦးတော့ မှာပဲ။ လေးလလုံးလုံးပင်ပန်းခဲ့ရာ ယခု ပျော်ချိန်ပါးချိန် ဖြစ်သည်။ သူတို့သည် မီးကုန်ယမ်းကုန်ပင် ပျော်ထိုက်ပါးထိုက်ပါသည်။ သို့နှင့် ဂျင်ဂျာတက် ဝင်လာသည်။ သူသည် ဆွတ်ဆွတ်ဖြူသော အင်္ကျီ၊ ဘောင်းဘီတို့ကို ဝတ်ထားသည်။ မုတ်ဆိတ်ကျင်စွယ်တို့ကိုလည်း ပြောင်နေအောင် ရိတ်ထားသည်။ တသွေးတမွေးဖြစ်နေသဖြင့် မှတ်မိစရာပင် မရှိတော့ပေ။
သူ့ကိုမြင်လျှင် ဂျင်ဂျာတက်သည် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြုံးပြသည်။ စားပွဲထိုးက ဘီယာနှစ်ပုလင်းယူလာကာ ဖောက်၍ ဖန်ခွက်များထဲသို့ ငှဲ့ပေးပါသည်။
“ကဲ သောက်လေဗျာ” အရေးပိုင်မင်းက သူ့ခွက်ကိုလှမ်းယူရင်း ပြောသည်။
“ကျွန်တော် ဘီယာသောက်ဖို့မလိုဘူးထင်တယ် ခင်ဗျ၊ ကျေးဇူးတင်ပါတယ်”
အရေးပိုင်မင်းသည် လက်ထဲကခွက်ကို ချကာ ဂျင်ဂျာတက်ကို တအံ့တဩ စိုက်ကြည့်လိုက်သည်။
“ဘာဖြစ်တာလဲဗျ၊ ခင်ဗျား ရေမငတ်ဘူးလား”
“လက်ဖက်ရည်တစ်ခွက်လောက် သောက်ရရင် တော်လောက်ပါပြီ ခင်ဗျာ”
“ဘာဗျ၊ လက်ဖက်ရည်တစ်ခွက် ဟုတ်လား”
“ကျွန်တော် စွံပြီဗျ၊ မာသာနဲ့ကျွန်တော်တို့ လက်ထပ်ကြတော့မလို့”
“ဂျင်ဂျာ”
အရေးပိုင်မင်း၏ မျက်စိနှစ်လုံးသည် ပြူးထွက်လာသည်။ ခေါင်းတုံးပြောင်ကြီးကိုလည်း ပွတ်လိုက်သည်။
“ခင်ဗျား မစ္စဂျုန်းကို လက်ထပ်လို့ မဖြစ်ဘူး။ ဘယ်သူမှ သူ့ကိုလက်ထပ်နိုင်မှာ မဟုတ်ဘူးဗျ”
“ဒါပေမဲ့ ကျွန်တော်ကတော့ လက်ထပ်မှာပဲ။ အဲဒါ ခင်ဗျားဆီ လာပြီးပြောတာပဲ။ အိုဝင်က ဘုရားရှိခိုးကျောင်းမှာ လက်ထပ်မလို့။ ဒါပေမဲ့ ကျွန်တော်တို့က ဒတ်ခ်ျ လက်ထပ်ရေးဥပဒေအရလည်း လက်ထပ်ချင်သေးတယ်”
“နောက်မနေပါနဲ့ဗျာ၊ အလကား နောက်စရာမဟုတ် နောက်နေပြန်ပြီ။ နေစမ်းပါဦး၊ ဒါက ဘယ်လိုသဘောလဲဗျ၊ ဘယ်လိုဖြစ်လာရတာလဲ”
“သူက လက်ထပ်ချင်တယ်တဲ့၊ အိုဗျာ၊ မော်တော်ပန်ကာပျက်တဲ့ညက ကျွန်းကလေးပေါ်မှာပေါ့၊ အဲဒီကတည်းက သူ ကျွန်တော့်ကို ကြိုက်နေတာဆိုပဲ၊ သူ့အကြောင်း နီးနီးကပ်ကပ်သိရတော့ အပျိုကြီးက သိပ်မဆိုးလှဘူးဗျ။ ပြီးတော့ သူ့အဖို့လည်း ဒါဟာ နောက်ဆုံး အခွင့်အရေးပဲဗျ၊ ကျွန်တော်ဆိုလိုတာ ခင်ဗျားနားလည်မှာပေါ့။ ကျွန်တော်လည်း သူ့အလိုဖြည့်ရအောင် တစ်ခုခုတော့လုပ်ပေးချင်လာတယ်၊ သူ့မှာလည်း အပြုအစုအယုအယအတွက် တစ်ယောက်ယောက်လိုတာ အမှန်ပဲ”
“ဂျင်ဂျာ၊ အမယ်လေး ဂျင်ဂျာရယ်၊ ခင်ဗျားတို့ ကတောက်ကဆမဖြစ်ကြခင် သူက ခင်ဗျားကို ခင်ကြီးလုပ်ခိုင်းမှာဗျ၊ သူတို့ သာသနာဘောင် ဝင်ခိုင်းမှာဗျ”
“ကျွန်တော်တို့နှစ်ယောက်သား သာသနာပြုလုပ်ငန်း လုပ်နေကြမယ်ဆိုရင် အဲဒီလိုဖြစ်သွားလည်း အရေးမကြီးလှဘူးလို့ ထင်တာပဲ၊ ဘယ်လို ဖြစ်မလဲတော့မသိဘူးပေါ့လေ။ ကျွန်တော်ဟာ ကျွန်းသားတွေနဲ့ဆက်ဆံရေးသိပ်ကောင်းတာပဲလို့ သူက ပြောတယ်၊ ကျွန်းသားတစ်ယောက် သဘောပေါက်လာအောင် သူ့အစ်ကို အိုဝင်က တစ်နှစ်လောက်ပြောဆို ဆက်ဆံရတယ်တဲ့၊ ကျွန်တော်ကတော့ ငါးမိနစ်လောက်နဲ့ တတ်နိုင် တယ်တဲ့၊ ကျွန်တော့်မှာ သူတို့ကိုဆွဲဆောင်နိုင်လောက်အောင် ကြီးမားတဲ့သံလိုက်ဓာတ်ရှိတယ်တဲ့၊ ဘယ်သူ့မှာမှ အဲဒီလို ညှို့ဓာတ်မျိုး မတွေ့ဖူးဘူးတဲ့၊ အဲဒီလိုအစွမ်းအစမျိုး အသုံးမချဘဲထားရမှာ နှမြောစရာကောင်းလှတယ်တဲ့”
အရေးပိုင်မင်းသည် ဂျင်ဂျာတက်ကို စိုက်ကြည့်နေသည်။ စကားတစ်ခွန်းမျှ မပြောသေး။ ထို့နောက် ခေါင်းကို သုံးလေးချက်မျှ ဖြည်းညင်းစွာ ညိတ်လိုက်သည်။ မစ္စဂျုန်းသည် ဂျင်ဂျာတက်ကို ကျုံးသွင်းလိုက်လေပြီဟု သူ တွေးမိသည်။
“ကျွန်တော် ကျွန်းသားဆယ့်ခုနစ်ယောက်ကို ခရစ်ယာန်အယူ သက်ဝင်စေခဲ့ပြီးပြီဗျ” ဟု ဂျင်ဂျာတက်က ပြောပါသည်။
“ဪ ... ဟုတ်လား၊ ခင်ဗျား ခရစ်ယာန်အယူကိုယုံကြည်မှန်း ကျွန်တော်မသိခဲ့ဘူး” အရေးပိုင်မင်းက ပြန်ပြောသည်။
“ဟုတ်တယ်၊ ကျွန်တော် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတောင် မသိတော့ဘူး။ ဒါပေမဲ့ သူတို့နဲ့တွေ့လို့ ပြောလိုက်ဟောလိုက်ရင် ခြံထဲ တိုးဝင်လာတဲ့သိုးအုပ်လိုပဲဗျာ၊ ဒါနဲ့ပဲ ကျွန်တော်လည်း ပြောင်းလဲလာတယ်ထင်တာပဲ၊ အေးဗျာ၊ တစ်ခုခုတော့ တစ်ခုခုပဲဗျ”
“ဒီမှာ ဂျင်ဂျာ၊ ခင်ဗျား သူ့ကို မုဒိမ်းကျင့်ခဲ့ဦး၊ ကျွန်တော် ဘာမှ ကြီးကြီးကျယ်ကျယ်အပြစ်ပေးမိမှာ မဟုတ်ဘူး။ သုံးနှစ်လောက်ပဲ ထောင်ချ လိုက်မှာပဲ၊ သုံးနှစ်ဆိုတာလည်း ခနဆို ကုန်သွားမှာပဲ”
“ဒီမယ် အရေးပိုင်မင်း၊ ဒီလိုအတွေးမျိုး ကျွန်တော့်ခေါင်းထဲမှာ တစ်ခါမှ မဝင်မိပါဘူးဗျာ၊ ဒါမျိုးစကား လူသိအောင်ထုတ်မပြောလိုက်ပါနဲ့၊ မိန်းမတွေဟာ ကြက်ခေါင်းဆိတ်မခံ နာတတ်တယ်ဗျ၊ ဒီလို စကားမျိုး သူ ကြားလိုက်ရရင် နာလို့ပြီးမှာ မဟုတ်ဘူး”
“ခင်ဗျားကို ကျနေမှန်းတော့ ကျွန်တော်သိတယ်ဗျ၊ ဒါပေမဲ့ ဒီအခြေအထိ ရောက်လာလိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး” အရေးပိုင်မင်းသည် စိတ်လှုပ်ရှားလာကာ ဝရန်တာ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ထိုသို့လျှောက်ရင်း တစ်စုံတစ်ခုကိုစဉ်းစားမိသဖြင့် “ဒီမယ် ဂျင်ဂျာ၊ ကျွန်တော်ပြောတာ နားထောင်စမ်းပါ၊ ကျွန်တော်တို့နှစ်ယောက် အတူ ပျော်ခဲ့ပါးခဲ့စားခဲ့သောက်ခဲ့ကြတယ်နော်။ မိတ်ဆွေဟာ မိတ်ဆွေပဲဗျ၊ ဒီတော့ ကျွန်တော့်မော်တော်ကို ခင်ဗျား ငှါးလိုက်မယ်၊ ကျွန်းကလေးတစ်ခုခုမှာ ပုန်းနေပေါ့ဗျာ၊ နောက် သင်္ဘောပတ်ရောက်တဲ့အခါ ခင်ဗျားပုန်းနေတဲ့ကျွန်းနားကို သင်္ဘော တဖြည်းဖြည်းမောင်းနေမယ်။ အဲဒီသင်္ဘောက ခင်ဗျားကို တင်သွားလိမ့်မယ်။ အဲဒါ ခင်ဗျားအဖို့ နောက်ဆုံးအခွင့်အရေးတစ်ခု ကျန်တော့တာပဲ။ အဲဒီ နောက်ဆုံးအခွင့်အရေးကတော့ လမ်းစဖြတ်ခဲ့ပြီး လစ်ပေတော့”
ဂျင်ဂျာတက်သည် ခေါင်းကို ယမ်းနေသည်။
“အဲဒါ မကောင်းဘူး အရေးပိုင်မင်း၊ မဖြစ်နိုင်ဘူး၊ ခင်ဗျားက ကောင်းစေချင်တဲ့သဘောနဲ့ပြောတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီမိန်းမကိုပဲ လက်ထပ်ယူမယ် ခင်ဗျား၊ ဒါပဲ၊ ပြုပြင်လို့မရတော့တဲ့ လူဆိုးလူပေတွေကို နောင်တ ပြန်ရလာအောင်လုပ်ရတဲ့ အလုပ်ဟာ အင်မတန်ခက်တယ်။ ရပြီဆိုတော့ ပီတိဖြစ်ရတယ် အရေးပိုင်မင်း၊ ဒီ ပီတိမျိုးကို ခင်ဗျားမခံစားဖူးဘူး။ ပြီးတော့ အဲဒီ အပျိုကြီးမလေးက သကာရည် ပူတင်းလည်း ဖုတ်တတ်တယ်ခင်ဗျ။ ကျွန်တော် ကလေးတုန်းကပဲ စားဖူးတယ်။ သူဖုတ်တဲ့ပူတင်းလောက် ကောင်းတာ တစ်ခါမှ မတွေ့ဖူးဘူးဗျ။ ဘုရားသခင်ဂုဏ်ကျေးဇူးပါပဲ”
အရေးပိုင်မင်းသည် များစွာ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ဤအရက်သမား လူလေလူလွင့်သည်သာလျှင် ဤကျွန်းပေါ်၌ သူ၏ တစ်ဦးတည်းသော အဖော်အလှော်ဖြစ်သည်။ ဤ အဖော်အလှော်ကို လက်လွတ်မခံနိုင်။ ယခုမူ အရေးပိုင်မင်းသည် ဂျင်ဂျာတက်အပေါ် သံယောဇဉ်ငြိတွယ်နေမိပြီကို သိလာသည်။ နောက်တစ်နေ့တွင် သူသည် ခင်ကြီးဂျုန်းကို သွား၍ တွေ့သည်။

“ခင်ဗျားနှမက ဂျင်ဂျာတက်နဲ့ ယူတော့မလို့ဆို၊ ကျွန်တော် ကြားပါတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော့်တစ်သက်တော့ ဒီလိုဟာမျိုး တစ်ခါပဲ ကြားဖူးတယ်ဗျာ”ဟု အရေးပိုင်မင်းသည် စိတ်ထဲရှိသမျှ ပြောချလိုက်သည်။
“ဟုတ်တယ်လေဗျာ၊ ဒါ အမှန်ပဲ”
“မဟုတ်တာဗျာ၊ တစ်ခုခုတော့လုပ်မှပေါ့၊ ရူးများနေသလား မသိတာ”
“ကျွန်တော့်နှမဟာ အရွယ်ရောက်နေပြီဗျ၊ သူ့စိတ်တိုင်းကျသူလုပ်ပိုင်ခွင့် ရှိတာပေါ့”
“နေပါဦး၊ ဒါပေမဲ့ ခင်ဗျားက ဒါကိုသဘောတူတယ်လို့ဆိုလိုတာ မဟုတ်သေးဘူးပေါ့နော်၊ ခင်ဗျားလည်း ဂျင်ဂျာတက်ကို သိသားပဲ။ ဂျင်ဂျာ တက်ဟာ ခြေသလုံးအိမ်တိုင်၊ လူလေလူလွင့်ဗျ၊ ဒါမျိုးများ နှစ်ခါစဉ်းစားစရာ မလိုပါဘူးဗျာ၊ သူလိုလူနဲ့ယူတာ ဘယ်လောက် အန္တရာယ် ကြီးတယ်ဆိုတာ ခင်ဗျားနှမကို ပြောပြရဲ့လား။ ပျက်စီးနေတဲ့လူကို နောင်တရအောင် အဖတ်ဆယ်ပေးတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာအတိုင်းအတာတော့ ရှိရမယ်ပေါ့ဗျာ၊ ပြီးတော့ ကျားစဉ်းလဲဟာ ဘယ်တော့များ အကျင့်ဖျောက်ဖူးလို့လဲ”
ထို့နောက်ကား ခင်ကြီး၏မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်လာသည်ကို အရေးပိုင်မင်းသည် သူ့တစ်သက်တွင် ပထမဆုံးအကြိမ် မြင်လိုက်ရဖူး လေသည်။
“ကျွန်တော့်နှမဟာ အလွန် ပိုင်းပိုင်းဖြတ်ဖြတ်ရှိတဲ့ မိန်းမတစ်ယောက် ခင်ဗျ မစ္စတာဂရိုင်တာရဲ့၊ ဟိုညက ကျွန်းကလေးပေါ်မှာ အတူ နေခဲ့ကြပြီးတဲ့နောက် သူ့မှာ တစ်ခါမှ အခွင့်အရေးမရရှာဘူး”
အရေးပိုင်မင်းသည် သက်ပြင်းချမိသည်။ အမှန်စင်စစ် မစ္စတာဂျုန်းသည်လည်း လူတစ်ယောက်ပင် မဟုတ်ပါလား။
“ဘုရားသခင် ကယ်တော်မူပါ” အရေးပိုင်မင်းသည် တိုးတိုးရေရွတ်လိုက်သည်။
သူတို့ စကားမဆက်ကြမီ မစ္စဂျုန်းသည် အခန်းထဲသို့ ဝင်လာပါသည်။ သူသည် ပျော်ရွှင်မြူးထူးနေသည်။ တက်တက်ကြွကြွလည်း ရှိနေသည်။ သူ့အသက်သည် ဆယ်နှစ်ခန့်ငယ်သွားသည်ဟု ထင်ရသည်။ သူ့ပါးနှစ်ဖက်တွင် သွေးရောင်များလွှမ်းနေသည်။ သူ့နှာခေါင်းသည် နီရဲ နေသည်။

“ကျွန်မကို ဝမ်းသာစကားပြောရအောင်လာတာလား အရေးပိုင်မင်း”သူ့အမူအရာသည် အပျိုကလေးလို ကော့ပျံကြွရွနေသည်။ “ကျွန်မ ပြောတာမမှန်ဘူးလား အရေးပိုင်မင်း၊ လူတိုင်းမှာ ကောင်းတာတစ်ခုတော့ရှိကြတာပဲ ဆိုတာလေ။ ကျွန်မတို့အတူ အလုပ် လုပ်ကြတော့မှ အက်ဒဝပ်ဟာ ဘယ်လောက်တော်တယ်ဆိုတာသိရတယ် အရေးပိုင်မင်းရယ်။ ဒါတွေ ရှင် ဘယ်သိမလဲ၊ သူဟာ သူရဲကောင်းကြီးဆိုလည်း ဟုတ်တယ်။ သူတော်ကောင်းကြီးဆိုလည်း ဟုတ်တယ်၊ ကျွန်မတော့ အံ့ဩယူရတာပဲရှင်”
“ခင်ဗျားတော့ ပျော်လိမ့်မယ်လို့မျှော်လင့်ပါတယ် မစ္စဂျုန်း”
“ပျော်ရမှာပေါ့ရှင်၊ ပျော်ရမှာပေါ့၊ ပျော်ပါ့မလားလို့တွေးတာကိုပဲ လွန်လှပြီရှင်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နှစ်ယောက်ကို ဖူးစာဖက် ပေးလိုက်တာက ဘုရားသခင်ရှင့်”
“ခင်ဗျား ဒီလိုပဲထင်သလား”
“ဟုတ်တယ်၊။ ကျွန်မ သိပါတယ်ရှင်။ ကာလဝမ်းရောဂါသာမဖြစ်ခဲ့ရင် အက်ဒဝပ်ကလည်း ဘယ်မှာ သူ့အစွမ်းအစကို သူ သိပါ့မလဲ။ ပြီးတော့ ကျွန်မတို့နှစ်ယောက်လည်း တစ်ယောက်အကြောင်းတစ်ယောက် ထဲထဲဝင်ဝင် ဘယ်သိခွင့် ရှိပါ့မလဲ၊ ဘုရားသခင်ရဲ့ အခုတစ်ခါလောက် မှန်ကန်တဲ့ အလိုတော်ကျစီမံချက်မျိုး တစ်ခါမှ မကြုံဖူးသေးပါဘူးရှင်”
အရေးပိုင်မင်းကား တစ်မျိုးတွေးနေသည်။ အပြစ်မဲ့သော လူခြောက်ရာ အသေခံပြီးမှ ဤနှစ်ယောက်ကိုဆုံစည်းစေခဲ့သည်မှာ ကိုးရိုးကားရား နိုင်လှသောအစီအမံတစ်ခုဟု သူ ထင်မိသည်။ သို့ရာတွင် ဘုရားသခင်၏ ဖန်တီးချက်အမျိုးမျိုးကို တွေ့ခဲ့ကြုံခဲ့ရလှဖူးပြီဖြစ်ရာ အရေးပိုင်မင်း သည် သူ၏ထင်မြင်ချက်ကို မပေးလိုတော့ပြီ။
“ကျွန်မတို့ ဟန်းနီးမွန်း ဘယ်သွားမယ်လို့ အရေးပိုင်မင်းထင်သလဲ” မစ္စဂျုန်းသည် ရှက်သွေးဖြန်းသောမျက်နှာဖြင့် မချိုမချဉ် မေးသည်။
“ဂျာဗားပေါ့”
“မဟုတ်ဘူးရှင့်၊ အရေးပိုင်မင်းကသာ မော်တော်ကို ငှါးမယ်ဆိုရင် ကျွန်မတို့ ဟိုညတုန်းက သောင်တင်ခဲ့တဲ့ကျွန်းကလေးကို သွားကြမလို့ရှင့်၊ နှစ်ယောက်စလုံး စားမြုံ့ပြန်လို့ ကောင်းမယ့်နေရာလေးပေါ့ရှင်၊ သိပ်ကြည်နူးစရာကောင်းမှာပဲလို့ ကျွန်မထင်မိတယ်။ အဲဒီမှာပေါ့၊ အက်ဒဝပ်ကို ပထမဆုံးအကြိမ် လူကောင်းတစ်ယောက်ပဲလို့ ကျွန်မစိတ်ထဲ ဖြစ်လာမိတယ်။ အဲဒီနေရာမှာပဲ သူ့ကို ကျွန်မ အောင်ပန်း ပေးချင်တယ်ရှင့်”
အရေးပိုင်မင်းသည် အသက်ကိုမရှူဘဲ အောင့်ထားလိုက်သည်။ ထို့နောက် ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ အကယ်၍သာ ဘီယာ တစ်ပုလင်းလောက် အလွယ်တကူမရှိခဲ့လျှင် သူ တက်များ သွားလေမည်လားဟု စိုးရိမ်မိသည်။ သူ့ တစ်သက်တာတွင် ဤမျှလောက် တစ်ခါဖူးကမျှ တုန်တုန်လှုပ်လှုပ် မဖြစ်ဖူးပါချေ။
(The Vessel of Wrath by W. Somerset Maugham)
---------------
ကျော်အောင်
(ဆမ်းမားဆက်​မွန်​၏ ဝတ္ထုတိုများ)