Friday, January 4, 2019

(ဘုရားစူးစေ့ ကျမ်းစူးစေ့) မျိုးမြင့်ချို

0 comments

(ဘုရားစူးစေ့ ကျမ်းစူးစေ့)
အကြမ်းဖျဉ်းပဲပြောတော့မယ်ဗျို့။ မနေ့က အမေရိကလွှတ်တော်တွေရဲ့ သက်တမ်းဝက်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အထက်/အောက် လွှတ်တော်အမတ်တွေ ကျမ်းကျိန်ကြတယ်ဗျာ။ အောက်လွှတ်တော်သဘာပတိအဖြစ် နန်စီပလိုဆီကိုရွေးလိုက်ကြတယ်ဗျာ။

အောက်လွှတ်တော်မှာ ဒီမိုကရက်ပါတီဝင်အမတ်တွေကအများစုနေရာ ရသွားတယ်။ အမျိုးသမီးအမတ်ဦးရေကလည်း မကြုံစဖူးများပြားလာတယ်ဗျ။ ထူးခြားတာနောက်တခုက ဒါ အမေရိကပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ရလာခဲ့တဲ့အကြိမ် တရာမြောက်ရွေးကောက်ပွဲလည်းဖြစ်တယ်ဗျာ။ အောက်လွှတ်တော်အမတ် ၅ ပုံ ၁ ပုံလောက်ဟာ အမျိုးသမီးတွေဖြစ်လာတယ်ဗျာ။ ပြီးတော့ အဲ့ဒီအမျိုးသမီးတွေမှာ ဌာနေအမေရိကန်အမျိုးသမီးတွေ၊ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ၊ လက်တင်အမေရိကသွေး အမျိုးသမီးတွေ ပါလာတာလည်း ထူးခြားမှုပဲဗျ။ တခါမှ မိန်းမကို အမတ်စာရင်းမသွင်းခဲ့ကြဖူးတဲ့ မဲဆန္ဒနယ်တချို့ကလည်း အမျိုးသမီးအမတ်တွေကို ရွေးကောက်ခဲ့ကြတယ်ဗျ။ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး အမတ်မလေးတယောက်လည်း ပါသေးသဗျ။ အမျိုးသမီးတွေဆိုတော့ ဖက်ရှင်တွေကလည်း ကြွလို့ရွလို့ လှလို့ပလို့ပေါ့ဗျာ။

အဲ့သလို အမျိုးသမီးအမတ်တွေထဲမှာ ထူးထူးခြားခြား
ထင်ထင်ပေါ်ပေါ်အဖြစ်ဆုံးဆိုရမှာက အရီဇိုးနားပြည်နယ်ကဆီနိတ်တာ မမ/ကိုကိုကြီးပေါ့ဗျာ။ သူက လိင်တူလိင်ကွဲ ၂ မျိုးလုံးစုံမက်သူပါလို့ ဗြောင်ပြောပြီးရွေးကောက်ပွဲဝင် အနိုင်ရလာတာပဲဗျ။ သူက ကျမ်းကျိန်တော့ ဖွဲ့စည်းပုံကိုပဲရွေးတယ်။ ဘယ်ဘာသာရေးစာအုပ်မှမရွေးဘူး။ "ဘာသာရေးတွေနဲ့ကင်းကင်းရှင်းရှင်းနေသူ"လို့လည်း အတိအလင်းပြောထားတာကိုး။ ကျမ်းကျိန်ဝတ်စုံကလည်း မိုက်တယ်။ သူက LGBTQ တွေအရေးဇောင်းပေးမယ့်သဘော မဆွကတည်းကပြောနှင့်ပြီးသားဗျ။

နောက်တချက်ထူးခြားတာက ကိုင်ကျိန်ဖို့ကျမ်းတွေတင်တဲ့ခုံပေါ်မှာ သမ္မာကျမ်းကိုပဲ ဗားရှင်းန်း ၇ ခုပြန်ထားတာရယ်(တခုက ဌာနေအမေရိကန်ဘာသာစကား Tanakh နဲ့ပြန်ထားတာ) ကိုရ်အန်ကျမ်းရယ်၊ ဂျူးဘာသာရေးကျမ်းရယ်၊ ဟိန္ဒူဝေဒကျမ်းရယ်၊ ဗုဒ္ဓကျမ်းတစောင်(သူတို့ကတော့ Buddhist Sura လို့ဆိုတယ်) ရယ်။ အမေရိကပြည်ထောင်စုဖွဲ့စည်းပုံ ၂ အုပ်ရယ်ကို တင်ထားပေးတယ်ဗျာ။ ကြိုက်တာယူပြီး ကျမ်းကျိန်ကြဖို့ဆိုတဲ့သဘောပေါ့။ ဘာသာရေးရှိလို့ သက်ဆိုင်ရာဘာသာကျမ်းတွေ ကိုင်ကျိန်ချင်လည်းကျိန်၊ ဘာသာရေးမရှိလို့ ဖွဲ့စည်းပုံကိုင် ကျိန်ချင်လည်းကျိန်ကြ ဆိုတဲ့သဘောပါပဲ။ ပါလက်စတိုင်းသူ အစ္စလာမ်ဘာသာဝင် ရရှိဒါနဲ့ Iian Omar တို့ကတော့ ကိုရ်အန်ကျမ်းစာကိုင်ပြီးကျိန်တယ်ဗျာ။

ရွှေပြည်ကြီးမှာတော့ ၂ဝဝ၈ စာအုပ်စိမ်းကြီးကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရုံမှတပါးအခြားမရှိဆိုတော့ အဲ့ဒါကြီးပဲ သစ္စာခံကြရတာပေါ့လေ။

ဒီမိုကရက်တွေရဲ့ဦးစားပေးလုပ်မယ့်အစီအစဉ်တွေအကြောင်းကို နန်စီပလိုဆီပြောသွားတဲ့အထဲမှာ သဘာဝဘေးအန္တရာယ်ကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့အလုပ်တွေ၊ ကျောက်မီးသွေးလောင်စာသုံးကိစ္စတွေ၊ ရာသီဥတုအပြောင်းအလဲ Climate Change ကိစ္စတွေက ရှေ့တန်းက ပါတယ်ဗျ။ အဲ့ဒါတွေက ဒေါ်ကြီးလက်ထက်မှာ ပိုက်ဆံရပြီးရော အလုပ်ဖြစ်ပြီးရောဆိုပြီး ပညာရှင်တွေသတိပေးနေ ကန့်ကွက်နေတဲ့ကြားက စွက်စက်လျှော့ချဖြည်ချပေးခဲ့တာတွေဗျ။ ခုတော့ အောက်လွှတ်တော်သဘာပတိကိုင်တဲ့ တင်းပုတ်ကြီးက နန်စီ့လက်ထဲရောက်သွားပြီဆိုတော့ တဒိုင်းဒိုင်းထုမယ့် သဘောလားကတော့ ကြည့်ရဦးမှာပါဗျား

(အရီဇိုးနားက မမဆီနိတ်တာ Kyresten Sinema ရဲ့ ကျန်းကျိမ်ဒီဇိုင်းလေးလည်းကြည့်ကြပါဦး)
မျိုးမြင့်ချို(ဇန်နဝါရီ ၄၊ ၂ဝ၁၉)

0 comments:

Post a Comment