Saturday, January 12, 2019

သစ်ပုတ်ပင်စောင့်နတ် (သုမောင်) အပိုင်း ၁

0 comments
သစ်ပုတ်ပင်စောင့်နတ် (သုမောင်) အပိုင်း ၁

သစ်ပုတ်ပင်၌ သရဲ ရှိသည်ဟု သူငယ်ချင်း တစ်ယောက်က ပြောသည်။ သရဲ မဟုတ်၊ အစောင့် ရှိသည်သာ ဖြစ်၏ဟု နောက်သူငယ်ချင်း တစ်ယောက်က ငြင်း၏။
လမိုက်ညများတွင် မိန်းမပျိုကလေးတစ်ဦး သစ်ပုတ်ပင်ကို မှီ၍ ရပ်နေတတ်သည်ဟု ပြောသူနှင့်လည်း ကြုံဖူးပါသည်။
ပါမောက္ခတစ်ဦးကမူ “ဝိဉာဉ်ဆိုတာ သူတို့ အနောက်နိုင်ငံမှာတောင် ယုံကြည်နေသူတွေရှိတော့လည်း အခက်သားလား” ဟု ပညာစကားဖြင့် ဆိုမိန့်ဖူး၏။

ကျွန်တော်သည် ဝိဉာဉ်ကို စိတ်မဝင်စားပါ။ အဘယ်ကြောင့် ဆိုသော် ဤလောက၌ ဝိဉာဉ်ထက် စိတ်ဝင်စားဖို့ကောင်းသောအရာ မြောက်မြားစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။ အို ... ကျွန်တော့်ကိုယ် ကျွန်တော်ပင် စိတ်ဝင်စား၍ မဝနိုင်သေးပါလေ။
မည်သို့ပင်ရှိစေ ... သစ်ပုတ်ပင်နှင့် ပတ်သက်သော ကောလဟာလများထဲတွင် လူငယ်တစ်ယောက် လမိုက်ည၊ လသာည မရွေး သစ်ပုတ်ပင် ခြေရင်းမှာ မယ်ဒလင်တီးပြီး တေးညည်းသည်ကို မြင်ဖူးကြသည်ဆိုပါလျှင် ထိုလူငယ်သည် ဝိဉာဉ်လောကသား လုံးဝ မဟုတ်သည်ကိုတော့ ကျွန်တော် အာမခံ ဝံ့ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုလူငယ်သည် ကျွန်တော်ကိုယ်တိုင် ဖြစ်နေသောကြောင့်ပါ။

မေးကြည့်ပါ ... ကိုဥဩကို သိသလားဟု။ အားလုံး မဟုတ်သည့်တိုင် အများစုကတော့ သိကြပါလိမ့်မည်။ ကိုဥဩသည် ဥဩငှက်ကဲ့သို့ အသံ မသာပါ။ သို့ရာတွင် သီချင်းဆိုပါသည်။ အဆိုလည်း မကောင်းလှပါ။ ချွဲတော့ ချွဲသည်။ လွမ်းဖို့ကောင်းသည်တော့ သေချာပါသည်။ သူ၏ မယ်ဒလင်လက်သံနှင့် သူ့အလွမ်းတေးသည် ကံ့ကော်ပင်များကို ပို၍ လွမ်းယောင်သမ်းစေသည်။ တက္ကသိုလ်၏ အလွမ်းဇာတ်ထုပ်ပေါင်း များစွာကို ကိုယ်စားပြုနေဟန် ရှိလေသည်။

တက္ကသိုလ်မှာ အစဉ်အလာ တစ်ခုရှိသည်။ မိန်းကလေးဆောင်များရှေ့ ယောက်ျားလေးများ တေးသီ၊ ရစ်သီကြခြင်း ဖြစ်၏။ ပြည်လှဖေ၏ တေးများ ကြီးစိုးခဲ့သည်မှ စိုင်းထီးဆိုင်အထိ အစဉ်အဆက်။ တချို့က မေတ္တာတောင်းခံသည့် သဘော။ တချို့က ဝေဒနာကိုဖွင့်အန်သည့် သဘော။ အချို့က အသနားခံ။ တချို့က အပျော်တမ်း။ တချို့က ဘာရယ်ညာရယ် မဟုတ်။ တချို့က နောက်တောက်တောက်၊ တချို့က ပေါက်တောက်တောက်။ မည်သို့ပင်ရှိစေ ... ထိုလူငယ်တို့တွင် တူညီသော အခြေခံအချက်တစ်ချက် ရှိနေသည်။ မိန်းမပျိုကို ကြားစေစိမ့်သောငှါ တေးသီကြခြင်းပင် ဖြစ်လေသည်။

ကျွန်တော်ကတော့ မည်သူ ကြားရစေရယ်ဟူ၍ တေးသီခြင်း မရှိခဲ့ပါ။ သစ်ပုတ်ပင်ခြေရင်းမှ တေးချင်းဟစ်၍လည်း အဘယ် မိန်းကလေး အဆောင်ကမှ မကြားနိုင်ပါ။ ညအခါ လူခြေတိတ်လျှင် ဝိဇ္ဇာအဆောက်အအုံသည်လည်းကောင်း၊ သိပ္ပံအဆောက်အအုံသည်လည်းကောင်း ဆိတ်ဆိတ် နေမြဲပါ။ သို့ရာတွင် ကိုဥဩသီချင်းဆိုချိန်တန်လျှင် လူငယ်ကလေးများ ရစ်ဝဲရစ်ဝဲ လာကြမြဲပါ။ အားလုံးက ငြိမ်ငြိမ်ကလေး နားထောင်ကြစမြဲပါ။ ပြီးတော့ ဥဩကို သနားကြသည်တဲ့လေ။

ဘာကြောင့် ကျွန်တော့်ကို သနားနေကြသနည်း။ သူတို့ သနားဖို့ ကျွန်တော် သီချင်းဆိုနေသည်မဟုတ်ပါ။ ဥဩမို့ ကိုယ့်ဘာသာကိုယ် ဆိုချင်၍ ဆိုနေခြင်းပါ။ ရည်ရွယ်ချက်မဲ့သည်တော့ မဟုတ်။ မိမိ အကြောင်းနှင့် မိမိပါ။ မိမိ အကြောင်းကို ထိုသူငယ်များ သိကြသည်လည်း မဟုတ်ပါ။ သို့ရာတွင် လူငယ်ဟူသည် ကူးစက်ခံစားလွယ်သောသဘောရှိသည်မို့ ကျွန်တော့်အကြောင်းကို သူတို့မသိနိုင်သော်လည်း ကျွန်တော့် အလွမ်းကို သူတို့ မျှဝေခံစားနိုင်သည်သာ။ ထို့ကြောင့် သူတို့ ကျွန်တော့်ကို သနားနေကြခြင်းပါ။ ဥဩကဲ့သို့အသံမသာသော ကျွန်တော်ဥဩကို ကျွန်တော့်ပရိသတ် ညီငယ်တစ်ဦးက တစ်ညသ၌ စကားဆိုပါသည်။
“ဖီလင် အပြတ်ငြိမ့်တယ်ဗျ”
ကျွန်တော်ကလွမ်းသည်ဟု မိမိဘာသာ ထင်၏။
သူက “ဖီလင်”ဟု တင်စား၏။
အတူတူပင် ဖြစ်ပါသည်။

ဒါပေါ့ ... ခုနစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီကိုး။
ကုန်လွန်ခဲ့သော ခုနစ်နှစ်ကာလအတွင်း တက္ကသိုလ်မှာ ကျင်လည်သွားကြကုန်သော အလွမ်းသမားများသည် လက်ဆင့်ကမ်းစကားဖြင့် ကျွန်တော့်အကြောင်းကို စိတ်မှန်းဖြင့် မှတ်တမ်းတင်သွားကြပါသည်။
ပုံပြင်သဖွယ်ပါလေ။ သို့ရာတွင် သူတို့ပြောသောကျွန်တော့်အကြောင်း ကိုဥဩပုံပြင်သည် တစ်ခါတစ်ခါ ကျွန်တော့်ကိုပင် ယောင်ယမ်း၍ လွမ်းတတ်စေပါသည်။
တကယ်တော့ မိမိအကြောင်းကို မိမိမှလွဲ၍ အဘယ်သူ သိနိုင်မည်နည်း။
မည်သို့ပင် ရှိစေ ... ကျွန်တော်၏အလွမ်းများကို လူငယ်ကလေးများသည် ကနေ့ထိ မျှဝေခံစားနေကြသည်ကတော့ သေချာပါသည်။
တကယ်တော့ သစ်ပုတ်ပင်စောင့်နတ်သည် ကျွန်တော်ပါ။

ကျွန်တော်၏ နာမည်ရင်းမှာ မောင်ဆံနက် ဖြစ်ပါသည်။ အကြောင်းမှာ ကျွန်တော့် အစ်ကိုနာမည် မောင်ဆံနီ ဖြစ်သောကြောင့်ဖြစ်၏။ ကျွန်တော့်အစ်ကိုသည် မွေးကင်းစ၌ ဆံပင် နီကြောင်ကြောင်ကလေးဖြစ်သောကြောင့် ဆံနီဟု အမည်ပေးခဲ့သည်ဖြစ်ရာ ကျွန်တော်၏ နာမည် မောင်ဆံနက် ဖြစ်လာရပါတော့သည်။
မောင်ဆံနက်ဟူသော ကျွန်တော့်အမည်သည် တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ် စာသင်နှစ်မှာပင် သက်တမ်းကုန်ဆုံးသွားခဲ့ပါသည်။
ထိုဒုတိယစာသင်နှစ်တွင် ကျွန်တော့်အမည်သည် “ကိုဥဩ” ဖြစ်နေပါပြီ။ အမည်သညာဟူသည် ပညတ် သဘောပါ။ ထို့ကြောင့် အမည် တစ်ခုကို မိမိဘာသာမှည့်ခေါ်ခြင်းထက် အများက လိုလိုလားလားမှည့်ခေါ်ခြင်းက ပို၍ ထိရောက်ပါမည်။ မြတ်နိုးဖို့လည်း ကောင်းပါသည်။
ကျွန်တော်သည် ကိုဥဩဟူသောအမည်ကို မြတ်နိုးပါသည်။ ထိုအမည်ကို တက္ကသိုလ်သို့ အစဉ်အဆက်ရောက်လာကြသော လူငယ် အချစ်သမား၊ အလွမ်းသမားလေးများက ကျွန်တော့်အား မြတ်နိုးစွာအပ်နှင်းခဲ့ကြသောကြောင့် ဖြစ်ပါသည်။
ထိုဒုတိယ စာသင်နှစ်၊ ထိုအမည်ကို လက်ခံရရှိသောနှစ်၊ လွန်ခဲ့သော ခုနစ်နှစ် ကာလကဖြစ်သော နှစ်တွင် ကျွန်တော့်ဘဝသည်လည်း စတင်ပြောင်းလဲခဲ့ရသည် မဟုတ်ပါလား။
ဟိုး ... ငယ်ငယ်တုန်းက ဂဲဩမေထရီတွက်သလို “သက်သေပြချက်”ဟု ရေးပြရလျှင်တော့ ကျွန်တော့်မှာ ဖြေပြစရာ အထုပ်ကလေး တစ်ထုပ်သာ ရှိပါသည်။
“ရွှေထုပ်တဲ့ မြပဝါ”တော့ မဟုတ်ပါ။ ကျွန်တော့် အမေ၏ တူမတစ်ယောက် အထက်အညာမှ လက်ဆောင်ပါခဲ့သော လွယ်အိတ်ကြမ်း တစ်လုံးသာ ဖြစ်ပါသည်။ ထို လွယ်အိတ်ကြမ်းကလေး ဟောင်းနွမ်းသွားသောအခါ ကျွန်တော့် စာရွက်စာတမ်း စသော အဟောင်းအနွမ်းများ သိမ်းဆည်းရန် အမေ့ထံမှ အမွေရထားလိုက်ပါသည်။
အခုတော့ ထို လွယ်အိတ်ကြမ်းလေးအတွင်းမှာ ကျွန်တော့် ဇာတ်လမ်းကို သက်သေပြစရာ ပစ္စည်းကလေးများသာ ရှိနေပါသည်။ ခေါက်တုံ့ချည်၍ ကျွန်တော့်ခုတင် ခေါင်းရင်းတိုင်တွင်ချိတ်ထားသော ထိုလွယ်အိတ်ကြမ်းကလေးကို မည်သူ့အားမဆို ကျွန်တော် ဖြေပြချင် နေပါသည်။ ကျွန်တော့်မှာ သက်သေပြစရာ ထုပ်ဟူ၍ ထိုလွယ်အိတ်စုတ်ထဲမှ ပစ္စည်းကလေးများသာ ရှိပါသည်။
အတိတ်ဆီက သင်္ကေတအမှတ်အသားသဖွယ်သော ပစ္စည်းကလေးများကို ကြည့်ချင်ကြပါလျှင် ကျွန်တော့်ကို လုံးဝ အားမနာကြပါနှင့်။
ကံ့ကော်ပန်းခြောက်ကလေးတွေဟု ထင်ကြပါသလား၊ မှားပါသည်။ “အချစ်ချောစာ” များဟု ထင်ကြပါသလား၊ မှားပါသည်။ လက်ကိုင်ပဝါ ကလေးများလည်း မဟုတ်ပါ။ ရုပ်ရှင်လက်မှတ်များကိုလည်း ကျွန်တော် သိမ်းဆည်း မထားခဲ့မိပါ။ ချစ်သူတို့ဖလှယ်သော ချစ်လက်ဆောင်မျိုး ဟူ၍ ကျွန်တော့်မှာ ဘာမှ မကျန်ခဲ့ပါပေ။

ကျွန်တော်၏ လွယ်အိတ်ကြမ်းကလေးကို ဖြေကြည့်ပါလျှင် တစ်မျိုးတည်းသော ပစ္စည်းကလေးများကို တွေ့ကြရပါလိမ့်မည်။
ပေတံကလေးတွေ ...။
ငါးပြားတန် ပေတံကလေးတွေ။
ကျွန်တော်တို့ငယ်ငယ်တုန်းက သုံးခဲ့ကြဖူးပါသည်။ တစ်ချောင်းလျှင် ငါးပြား ပေးရ၏။ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဖြန့်ခင်းပြီး “ကြိုက်တာယူ ငါးပြား” ဟု ကုလားကြီးများ အော်ဟစ်ရောင်းချခဲ့ကြသော ခြောက်လက်မ ပေတံကလေးများ ဖြစ်ပါသည်။ ကြိုက်တာယူ ဆိုသော်လည်း ထင်းရှူးသားအညံ့စားဖြင့်ပြုလုပ်ထားသော ဝါထိန်ထိန် တစ်ရောင်တည်းသော ပေတံကလေးများသာ ဖြစ်ပါသည်။
ကျွန်တော်၏ လွယ်အိတ်ကြမ်းကလေးထဲတွင် ထိုပေတံကလေးမျိုး သုံးဆယ့်သုံးချောင်း ရှိပါသည်။ သက်သေပြစရာဟူ၍ ကျွန်တော့်မှာ ပေတံ သုံးဆယ့်သုံးချောင်းသာ ရှိပါသည်။ ပေတံတို့သည် စကားမပြောတတ်သောကြောင့် သက်သေပြမည့်သာ ပြရသည်၊ သက်သေ ထွက်ဆိုချက်ကိုကား မရနိုင်ပါ။

ပေတံတို့သည် စကား မပြောသော်လည်း တိကျသော အရှည်ပမာကိုကား ပြကြလေသည်။ ခြောက်လက်မပေတံ သုံးဆယ့်သုံးချောင်းသည် ၁၉၈ လက်မဟူသော အရှည်ပမာဏကို ပြပါသည်။
ကမ္ဘာပေါ်မှာရှိသမျှသောပေတံများအားလုံးကို ဆက်ပြီး တိုင်းသော်လည်း ပတ်ပတ်လည် သုံးဆယ့်လေးလက်မသာ ရှိသော ကျွန်တော်၏ ရင်ခွင်အတွင်းတစ်နေရာမှ အချစ်ဆိုသောအရာကိုကား တိုင်းတာ၍ရမည် မဟုတ်ပါလေ။
မည်သို့ပင် ရှိစေ ... လွန်ခဲ့သော ခုနစ်နှစ် ကာလဆီမှ ကျွန်တော့်အချစ်၏ အစကိုကား ကျွန်တော်က ပြောပြချင်နေပါသည်။ ထို့အတွက် သက်သေပြစရာဆိုလို့ လွယ်အိတ်ကြမ်းကလေးအတွင်းမှ ခြောက်လက်မပေတံ သုံးဆယ့်သုံးချောင်းသာ ရှိနေပါတော့သည်။


ကလေးတို့သည် ငယ်ငယ်က ပညာသင်ရာ၌ ပုံသဏ္ဌာန်ချင်းတူကြသည်။ အတန်းကလေး နည်းနည်းရလာလျှင် ချာတိတ်များနှင့် ချာတိတ်မများ စရိုက် ကွဲပြားလာကြလေသည်။ အထက်တန်းကျောင်းသူ ကျောင်းသားများဘဝတွင် ပို၍ ခြားနားသွားလေသည်။
မိန်းကလေးတို့သည် ပညာသင်ရာမှာ စည်းကမ်းရှိသည်။ လက်ရေးလက်သားများမှ အစ သေသပ်သည်။
ကျွန်တော်တို့ငယ်စဉ်က သင်ခန်းစာများ မှတ်စုများကိုရေးသောအခါ စာမျက်နှာ၏ဘယ်ဘက်တွင် ပေတံတစ်ပြားစာ မျဉ်းသားကြရ၏။ ကျွန်တော်သည် ငါးတန်းကတည်းက ထိုစည်းကမ်းများကို ဖောက်ဖျက်ခဲ့သူ ဖြစ်ပါသည်။

မိန်းကလေးတို့သည် အထက်တန်းကျောင်းသူဘဝကို ရောက်ကြသည်အထိ ထိုအလေ့အကျင့်ကောင်းလေးကို ထိန်းသိမ်းတတ်ကြပါသည်။ တက္ကသိုလ်ရောက်မှ ပျက်တော့သည်။ စည်းကမ်းပျက်ခြင်းကို ဆိုလိုပါသည်။
သို့ရာတွင် အထက်တန်းကျောင်းမှ တက္ကသိုလ်ပထမနှစ်သို့ အကူး တက္ကသိုလ်ရောက်စတွင် မိန်းကလေးတို့သည် အထက်တန်းကျောင်းသူတို့ အမူအကျင့်ကို ရုတ်တရက် မဖျက်ကြပါ။ အများစုသည် မှတ်စုရေးလျှင် စာမျက်နှာဘယ်ဘက်တွင် ပေတံတစ်ပြားစာ မျဉ်းသားကြ၏။
ထိုအလေ့အကျင့်ကလေးသည် ကောင်းလှပါသည်ဟု ကျွန်တော်ပြောပါမည်။ ကျွန်တော်ကိုယ်တိုင် ငါးတန်းကတည်းက ဖျောက်ဖျက်ပစ် ခဲ့သော ထိုအလေ့အကျင့်ကလေးကို ကောင်းလှပါသည်ဟု ကျွန်တော် ခုပြောနေပါသည်။
အဘယ်ကြောင့်ဆိုသော် “အယ်လစ္စဘက်”တွင် ထိုအလေ့အကျင့်ကလေး ရှိနေသောကြောင့် ထိုအလေ့အကျင့်ကလေးမှ အစပြု၍ပင် အယ်လစ္စဘက်သည် ကျွန်တော့်ဘဝထဲသို့ ရောက်ရှိခဲ့သည် မဟုတ်ပါလော။

အဲသည်တုန်းကတော့ အင်္ဂလိပ်နာမည် မှည့်ခေါ်ခြင်းကို မုန်းခဲ့ကြ၏။ သာသနာပြုကျောင်းများအင်ပါယာ ပြိုကွဲပြီးဖြစ်သော ကာလကိုး။ ထို့ကြောင့်ပင်လျှင် အင်္ဂလိပ်နာမည်တွဲ၍ မှည့်ခဲ့မိကြသူများ အလုအယက် အမည်ပြောင်းခဲ့ကြသည်။
ကျွန်တော်နှင့် ငယ်သူငယ်ချင်းဖြစ်သူ ရောဘတ်ဘတုတ်သည်ပင် တက္ကသိုလ်ရောက်သောနှစ်တွင် “သူရကျော်စွာ”ဟု သူ့ဘာသာ အမည်ပြောင်းခဲ့လေသည်။ ကျွန်တော်ကတော့ နာမည် အဓိက မဟုတ်ဟု ယုံကြည်ခဲ့သူဖြစ်၏။ ရောဘတ်ဘဝကလည်း သူငယ်ချင်း၊ သူရဘဝ ၌လည်း သူငယ်ချင်းသာဖြစ်၏။
တစ်ခုတော့ရှိသည်၊ ဘိုလို နာမည်ပေးခဲ့ကြသောသူများသည် အများအားဖြင့် ဘိုဆန်ကြ၏။ ဘိုဆန်ချင်၍ပင် ဘိုလိုအမည်ပေးခဲ့သည် မဟုတ်လား။ သူတို့သည် မြန်မာချင်းတူပေမင့် အမူအရာမှအစ နည်းနည်းတော့ ကွာခြားသည်ပင်။ သူတို့သည် ပေါ်ပင်လိုက်ချင်တတ် သည်တော့ သေချာသည်။ တခြား မကြည့်နှင့်၊ ဘိုနာမည်များကျဆုံးချိန်တွင် သူတို့သည် ချက်ချင်း အမည်ပြောင်းဖို့ ကြိုးစားခဲ့ကြသည် မဟုတ်လား။ တိကျခိုင်မာသော သဘော မရှိ။

သည်နေရာမှာ အယ်လစ္စဘက်၏ထူးခြားမှုကို ကျွန်တော် စတင် သိလေသည်။ ကျွန်တော်တို့အတန်းတွင် ဘိုနာမည်ခံသူမှာ သူ တစ်ယောက်တည်းသာ ရှိသည်။ ဘယ်သူတွေ မေးငေါ့ငေါ့၊ ဘယ်သူတွေ လှောင်လှောင် သူမမှု။ ဣနြေ္ဒမပျက်သော သူ့မျက်နှာထားသည် မြန်မာဆန်စွာ မာနကြီးပုံ ပေါ်လွင်နေသည်။ သူ့သတင်းကို စုံစမ်းမိသောကာလ၌ သူ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ကြောင်း ကျွန်တော် သိလေသည်။ နောင် သူနှင့်ကျွန်တော် ခင်မင်ရင်းနှီးလာကြသောအခါ သူက ပြောပြပါသည်။
“ကျွန်မအမေက ဘိုဆန်တယ် ကိုဆံနက်ရဲ့ ... ဒါကြောင့် ကျွန်မကို အယ်လစ္စဘက်လို့ နာမည်ပေးတာပေါ့၊ ပြီးတော့ ကျွန်မငယ်ငယ်က ရုပ်ရှင်မင်းသမီး အယ်လစ္စဘက်တေလာနဲ့ တူလို့တဲ့”
“ခုလည်း တူသားပဲဗျ”
“ဘာပဲဖြစ်ဖြစ်ပါလေ ... ကျွန်မပြောချင်တာက အမေပေးတဲ့နာမည်ကိုမြတ်နိုးတာ မြန်မာဆန်တာပဲလို့ ထင်တယ်”
“ဒါပေမဲ့ အင်္ဂလိပ်မင်းသမီး အယ်လစ္စဘက်တေလာနဲ့တူတာတော့ သေချာပါတယ်”
သူ့ရှက်ပြုံးကို ခုတိုင် မှတ်မိနေပါသည်။ ထားပါ။ ကျွန်တော် ပြောချင်သည်မှာ သူနှင့်ကျွန်တော့်ကို ငါးပြားတန်ပေတံလေးများက ပေါင်းကူး တံတားသဖွယ် ဆက်သွယ်ပေးခဲ့ကြသည့် အကြောင်းသာ ဖြစ်ပါသည်။

“ပေတံကလေး ခဏလောက်”
သည်စကားသည် “လစ်” (လစ် ဟုပင် အဖျားဆွတ်ခေါ်ခွင့် ပေးကြပါ) ထံသို့ တိုက်ရိုက်ပြောခဲ့သော ကျွန်တော်၏ ပထမဆုံးစကား ဖြစ်ပါသည်။ ပေတံ ခဏငှါးသောအကြောင်းအရာကိုပြောရာ၌ အဘယ်ကြောင့် အသံတုန်ရသနည်း။ ကျွန်တော့်အထင်တော့ အချစ် ဖြစ်လိမ့်မည်။ လစ်ကို ကျွန်တော် ချစ်ခဲ့ပါသည်။ အတန်းထဲ စရောက်ရောက်ချင်း နေ့မှာပင် လစ်ကို သတိထားခဲ့မိပါသည်။ လစ်က လှပါသည်။ ကျွန်တော်က လှသည်ဟုထင်ခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ ပြောမည့်သာ ပြောရမည်၊ အင်္ဂလိပ်မင်းသမီး အယ်လစ္စဘက်တေလာနှင့် မတူပါ။
လစ်၏ မျက်နှာသည် မျက်နှာဝိုင်းပုံသဏ္ဌာန်မျိုး ဖြစ်ပါသည်။ မျက်ခုံးမည်းမည်းလေးမှလွဲ၍ တစ်မျက်နှာလုံး ရှင်းနေသည်။ ငြိမ်သက်သော ရေပြင်၌ထင်သော လမင်း၏အရိပ်နှင့်တူသည်ဟု ထင်၏။
ကျောင်း စတက်ပြီး သုံးလကြာသည်အထိ လစ်ကို ကျွန်တော် စကားမပြောဖြစ်ခဲ့ပါ။ သူ စာငုံ့ကူးနေချိန်တွင် ခိုး၍ကြည့်ခဲ့သည်ကိုတော့ ဝန်ခံပါသည်။
သူ စာငုံ့ကူးနေချိန်တွင် နံဘေးတိုက်အနေအထားဖြင့် သူ့မျက်နှာကို ရှင်းလင်းစွာကြည့်ရင်း ရင်ခုန်ရပါသည်။ လစ်သည် ဆံပင်ကိုစုသိုင်းပြီး လက်ကိုင်ပဝါဖြင့် ချည်ထားလေ့ ရှိပါသည်။
သူ့ ပါးဖောင်းကလေးကိုကြည့်ရင်း လက်သည်းဖြင့် စာရေးစားပွဲပေါ် ကုတ်ခြစ်မိသည်လည်း အကြိမ်ကြိမ်။ လစ်၏ နံဘေးတိုက် ပုံတူကို စာရေးစားပွဲပေါ် ဖောင်တိန်ဖြင့် ရေးခြစ်ထားသည်လည်း အကြိမ်ကြိမ်။
စုစုပေါင်း ၂၃ ပုံ ရှိသည်။ စိတ်ကြည်လင်နေတုန်း ရေးခြစ်သောအခါ လစ်နှင့် မတူသော်လည်း လှပသောမိန်းမပျိုကလေး၏ပုံမျိုး ဖြစ်၏။ သိပ်ပြီး ကြည်လင်နေလွန်းလျှင် ကာတွန်းပုံ ဖြစ်သွားတတ်၏။ စိတ်ညစ်ညူးနေစဉ်တော့ လစ်၏ပုံတူ မရေးဖြစ်ပါ။
အို ... လစ်၏မျက်နှာကို ကြည့်ခွင့်ရနေလျှင် ဘယ်မှာ စိတ်ညစ်စရာ ရှိမည်နည်း။ အဓိပ္ပါယ် မရှိတာ။

သည်လိုနှင့် သုံးလအတွင်းမှာ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုမိ ပြုံးပြ၏ပေါ့။ တစ်ယောက်မျက်လုံးကိုတစ်ယောက် သုံးစက္ကန့် ကြာသည်အထိ မလွှဲတမ်း ကြည့်ရဲလာကြလေသည်။
“ပေတံကလေး ခဏလောက်”
မှတ်စုခေါင်းစည်းများမျဉ်းသားရန် တောင်းခြင်းသည် အဓိကမဟုတ်မှန်း သိကြပါလိမ့်မည်။ ညနေ ကျောင်းဆင်းသည်အထိ ပေတံကလေး ပြန်မပေးမိ။ မေ့သွားသည်လည်း ပါ၏။ တမင်မေ့အောင် ကြိုးစားသည်လည်း ပါ၏။
နောက်တစ်နေ့ ကျောင်းသို့ရောက်လျှင် “မနေ့က မေ့သွားတာ စိတ်မရှိနဲ့နော်”ဟုပြောလျှင် ကောင်းမည်ဟု ညကတည်းက စိတ်ကူးခဲ့ပါသည်။ ထိုအခါ သူ ဘာပြန်ပြောမည် မှန်းဆရသည်မှာလည်း သိပ်ပျော်ဖို့ကောင်းပါသည်။ “ကိစ္စမရှိပါဘူး၊ ရပါတယ်” လောက်သာ ပြန်ပြောမည်ဟု ထင်ပါသည်။
“နေပါစေ ... သူ ယူထားလိုက်လေ”
ကျွန်တော် ဝမ်းသာသွားသည်။ နောက်တစ်နေ့ ကျောင်းရောက်ရောက်ချင်း သူ့ကို ပေတံပြန်ပေးသောအခါ သည်လို ပြောပါသည်။ သူ့တွင် ထိုငါးပြားတန်ပေတံကလေး နောက်တစ်ချောင်း ပါလာပါသည်။
“ပေတံကလေး ခဏလောက်”
“ဟင်”
“မနေ့က ပေးထားတဲ့ပေတံ ပျောက်သွားလို့ပါ”
သူတို့ ယောက်ျားလေးတွေဒီလိုပဲဟူသော သဘောမျိုးဖြင့် ပြုံးပါသည်။ ထိုပေတံကိုလည်း ညနေတိုင်သောအခါ ပြန်မပေးတော့ပါ။ နည်းနည်းတော့ အတင့်ရဲကြည့်သည်။ သူ ပြန်မတောင်းပါ။
“ပေတံကလေး ... ခဏလောက်”
“အို”
“မနေ့က ငှါးသွားတဲ့ ပေတံ ...”
“ပျောက်သွားပြန်ပြီလား”
“ဟင့်အင်း ... အိမ်မှာ မေ့ကျန်ခဲ့လို့ပါ”
လစ်သည် သဘောပေါက်စွာ ရယ်ပါသည်။ ထိုနေ့က ငှါးသော တတိယပေတံကိုလည်း အိမ်ယူသွားပြီး သိမ်းထားလိုက်မည်ဟု ကျွန်တော် ပြောရန်လိုမည် မထင်ပါ။
သည်တစ်ခါ ရယ်ရသူမှာ ကျွန်တော် ဖြစ်ပါသည်။ ထုံးစံအတိုင်း တတိယပေတံကလေး အိမ်မှာထားခဲ့ပြီး စတုတ္ထပေတံ ထပ်တောင်းရန် သူ့အပါးသို့ ရောက်သွားသောအခါ ...
“မေ့ခဲ့ပြန်ပြီလား”
ခေါင်းငုံ့ရင်း စာကူးလျက်နှင့် မေးပါသည်။ သူ့ပေတံကလေးကို စားပွဲစွန်းဆီသို့ တွန်းပေးပါသည်။
ပဉ္ဇမပေတံကို ကျွန်တော် မတောင်းရတော့ပါ။ စာငုံ့ရေးနေသောကျွန်တော့်ဘေးသို့ ခြေထောက်တစ်စုံ လာရပ်သောအခါ လစ်၏ ခြေထောက်မှန်း ကျွန်တော် မှတ်မိလိုက်ပါသည်။ သူ့မျက်နှာကိုမကြည့်ရဲစဉ်ကာလက ခြေထောက်ကလေးကို စတင်၍ ခိုးကြည့်ဖူးသဖြင့် မှတ်မိနေပါပြီ။
“ရော့”
ကျွန်တော့်ကို လှောင်သောအကြည့်ဖြင့် ကြည့်နေပါသည်။ သရော်သည်တော့လည်း မဟုတ်၊ ကျီစယ်သည်သာ ဖြစ်ပါ၏။
အတန်းထဲသို့ ကျွန်တော် မဝင်သေးပါ။ စင်္ကြံပေါ်မှာ လစ်ကို စောင့်နေပါသည်။ ကျွန်တော့်ကိုမြင်လျှင် လမ်းလျှောက်လျက်မှ သူ့လွယ်အိတ်ကို နှိုက်ပါသည်။ ပဉ္ဇမပေတံ ထုတ်ပေးဖို့ ဖြစ်သည်။ ကျွန်တော်ကလည်း ခါးကြားထဲမှ စတုတ္ထပေတံကို အသင့်ထုတ်ထား ပြီးနေပါပြီ။
“နေပါစေတော့ ... ဒီတစ်ခါ မေ့မကျန်ခဲ့ပါဘူး”
“ဒါပေမဲ့ ... ယူထားလိုက်ပါလေ”
ငါးပြားတန်ပေတံ သုံးဆယ့်နှစ်ချောင်း ကျွန်တော် ရရှိပြီးသောကာလသို့ ရောက်ခဲ့ပါသည်။
“လစ်ကို ကျွန်တော် ချစ်တယ်”
ထိုနေ့မှစ၍ ပေတံကလေးများ နောက်ထပ် မရတော့ပြန်ပါ။ ကျွန်တော့်ကို သူ စကားမပြောတော့ပါ။ မျက်စိချင်းလည်း ဆုံခွင့် မရတော့ပါ။ သူ ရှောင်နေပါသည်။ ကျွန်တော် ဝမ်းနည်းခြင်းအတတ်ပညာကို တက္ကသိုလ်ပထမနှစ် ငါးလမြောက်တွင် တတ်မြောက်သွားလေသည်။

သက်ရင့် အချစ်သမားတစ်ယောက်က မြှောက်ပေးပါသည်။ “ဒါဟာ ကျေနပ်တဲ့သဘောကွ ... ရှက်လို့ မူနေတာ”ဟု ပြော၏။ သို့ရာတွင် ကျွန်တော်ကတော့ လွမ်း၍သာ နေပါသည်။ ကျောင်းတက်ရက် ပျက်ချင်လာသည်။ ကဗျာတိုလေးများ စပ်ချင်လာသည်။ သူ့ကို တမင်ကလာ ရှောင်ပြသည်။ သူသိအောင် ရှောင်ပြ၏။ သူက ပြန်၍ ဂရုစိုက် ကြည့်လာမည်ကို တိတ်တခိုး သိလာရ၏။ ထို့အတွက်ပင် ဝမ်းနည်း၍ ပိုကောင်းသည် ထင်၏။
ဗဟိုစာကြည့်တိုက်ထဲတွင် ကဗျာစပ်နေတုန်း တစ်နေ့ သူ ကျွန်တော့်ကို လာတွေ့ပါသည်။
“ဘာလို့ ကျောင်းမတက်တာလဲ”
အသံတုန်သည်ကို သူသိမှာစိုးသဖြင့် ခေါင်းခါပြလိုက်ရ၏။
“အဲ့လို မလုပ်ပါနဲ့”
“ကျွန်တော် ဘယ်လို အတန်းထဲ ဝင်ရမှာလဲ”
“စာတွေ နောက်ကျကုန်လိမ့်မယ်”
“မပျော်ဘဲနဲ့ စာမသင်ချင်ဘူး”
“သူ တော်တော် ဆိုးတယ်”
ပြောပြောဆိုဆို ငါးပြားတန်ပေတံကလေးတစ်ချောင်းကို လွယ်အိတ်ထဲမှ ထုတ်ပါသည်။
“လက်ဝါးဖြန့်”
ချစ်ဖို့ အလွန်ကောင်းသော အပြုံးကို ပြန်၍ မြင်ခွင့်ရပါသည်။ ကျွန်တော် လက်ဝါးဖြန့်ပေးလိုက်ပါသည်။ ကျွန်တော့်လက်ဝါးကို မနာကျင်အောင် ရိုက်ပါသည်။
“ဒါပဲ ... မနက်ဖြန် ကျောင်းတက်ရမယ်”
“ကျွန်တော့်ကို ချစ်ပါ လစ်ရယ်”
“မုန်းတယ်”
“မုန်းတယ်”ဟူသောစကားကို လေသံတစ်မျိုးဖြင့်ပြောလျှင် ဆန့်ကျင်ဘက်အဓိပ္ပါယ်ထွက်မှန်း ချစ်သူတိုင်း သိပါသည်။
“နက်ဖြန် ကျွန်တော် ကျောင်းတက်ပါမယ်”
“အင်း နက်ဖြန် ကျွန်မ ကျောင်းမတက်ဘူးနော်”
သုံးဆယ့်သုံးချောင်းမြောက်သောပေတံကို ပေး၏။
ကျွန်တော်တို့နှစ်ယောက် ရယ်လိုက်ကြသောအခါ အသံထွက် သွားပါသည်။ ကျွန်တော့် အသံက ပို၍ကျယ်မည်ထင်သည်။ စာငုံ့ဖတ် နေကြသော အခြား ကျောင်းသူကျောင်းသားများက လှည့်ကြည့်ကြလေသည်။
ငါးပြားတန် ထင်းရှူးသားပေတံကလေး သုံးဆယ့်သုံးချောင်းသည် ကျွန်တော်၏ လွယ်အိတ်ကြမ်းကလေးထဲတွင် ခုနစ်နှစ်လုံးလုံး အိပ်ပျော် နေလေသည်။
“မောင့်ကို ... ချစ်တယ်”
သည်စကားလေးတစ်လုံး ပြောထွက်ဖို့အရေး လစ်ခမျာ အတော်ပင် အင်အားကုန်သွားပုံရသည်။ ငုံ့ထားသောခေါင်းကို တော်တော်နှင့် မဖော်ဘဲ နေသည်။ သူ ကျွန်တော့်ကို ချစ်ခဲ့သည်မှာ ကြာပြီ။ ကျွန်တော့်ကို “မောင်”ဟူ၍ မြတ်နိုးစွာ ခေါ်ငင်ခဲ့သည်မှာလည်း ကြာပြီ။ သူ့လက်ကိုလည်း နမ်းခွင့် ပေးပြီးပြီ။ သူ့ပါးကိုလည်း နမ်းခွင့် ပေးပြီးပြီ။ လည်တိုင်ကလေး၊ နဖူးကလေး၊ အို ... နှုတ်ခမ်းလေးပင် စုံပါပြီ။
ကျွန်တော့်အချစ်ကို တုံ့ပြန်သောနေ့က ကျွန်တော့်လက်ဖျံပေါ်တွင် “ချစ်ပါတယ်”ဟူ၍ ဖောင်တိန်ဖြင့် ရေးခဲ့ပြီးပါပြီ။
သို့ရာတွင် ချစ်သူ၏ အချစ်လက်ခံစကားကို စာအားဖြင့်ပြောခြင်းထက် နှုတ်အားဖြင့်ပြောခြင်းက ပို၍ နာလိုဖွယ်ကောင်းသည်သာ ဖြစ်၏။ လစ်သည် ကျွန်တော်၏ အလိုကို လိုက်ပါသည်။
လစ် ကျွန်တော့်အပေါ် အလိုလိုက်ပုံမှာ လူကြီးဆန်သည်။ လိုသည်ထက်ပို၍ ဘယ်တော့မှ အလိုမလိုက်ခဲ့။ ကျွန်တော်က ပိုပိုသာသာ အခွင့်အရေးယူခဲ့လျှင်လည်း ဒဏ်ခတ်တတ်သည်။ ချစ်ဖို့ကောင်းသည်ဟု ထင်၏။ ချစ်သူကပေးသော အပြစ်ဒဏ်ထက် ခံလို့ကောင်းသော အရာသည် မရှိ။
“ဆောရီးပဲ လစ်ရယ် ... မောင် အဆောင်က ရှစ်နာရီကတည်းက ထွက်ခဲ့တာပါ၊ အဲဒါ လက်ဖက်ရည်ဆိုင်လည်း ရောက်ရော”
“အင်း ... လက်ဖက်ရည်ကလည်း တစ်နေ့ ဆယ်ခွက်လောက် မသောက်လိုက်ရရင် မနေနိုင်ဘူးနော်”
“မဟုတ်ပါဘူး ... လစ်နဲ့တွေ့ရဖို့ဆိုရင် လက်ဖက်ရည်မသောက်ဘဲ နေနိုင်ပါတယ်”
“ဘာလို့ လက်ဖက်ရည်ဆိုင်ကို ခြေရှည်နေရတာလဲ၊ ကဲ ...”
“အို ... လစ်နဲ့ အချိန်ကြာကြာစကားပြောရအောင် သူငယ်ချင်းတွေကိုမစောင့်နဲ့လို့ ဝင်ပြောတာပါ”
“ဘာလို့ ကြာနေလဲ”
“ဟိုရောက်မှ ဟိုကောင်တွေက ဝိုင်းဆွဲထားလို့ပါ”
“ဒါလောက်ပဲ အရေးကြီးသလား၊ သူတို့နဲ့က နေ့တိုင်း တွေ့နေရတဲ့ ဥစ္စာ”
“မဟုတ်ပါဘူး ... ဒီလထွက်မယ့် ကဗျာစာအုပ်ကလေးကိစ္စက မောင် မပါရင် မပြီးလို့ ...”
“အင်း ... အဲဒီကဗျာတွေက သိပ်အရေးကြီးတယ်နော်၊ ဟုတ်လား”
“အချစ်ကဗျာတွေပါ”
“အချစ်ကဗျာတွေက ချစ်သူထက် အရေးကြီးတယ်ပေါ့”
“လစ်ရယ် ... မင်းဟာ မောင့်ရဲ့ကဗျာပဲ မဟုတ်လား”
“သွား ... ဒီကဖြင့် စောင့်လိုက်ရတာ”
“ဘယ်လောက်ကြာပြီလဲ”
“ဘတ်စ်ကား ဆယ့်ခုနစ်စီး ဆိုက်ပြီးပြီရှင့် ... သိရဲ့လား”
“ဘတ်စ်ကား ဘယ်နှစ်စီးဆိုက်ဆိုက် ဒီမှတ်တိုင်ကို မောင် ရောက်လာဖို့သာအဓိက မဟုတ်လား လစ်ရယ်”
“သွား ...”
“ဆယ့်ရှစ်စီးမြောက် ဘတ်စ်ကား လာမှ အတူသွားကြတာပေါ့”
ကျွန်တော်တို့နှစ်ယောက် ရယ်လိုက်ကြသော အခါ အနားမှ ရယ်သံ သေးသေးကလေးတစ်ခုကို အပိုကြားလိုက်ရပါသည်။ ကျွန်တော်တို့ နှစ်ယောက်၏စကားလုံးများကို တစ်လုံးမကျန် နားထောင်နေသော စီးကရက်ရောင်းသမားလေး၏ရယ်သံဖြစ်၏။ စီးကရက်သည် ကုလားဒိန် ပေါက်စကလေးသည် ကိုယ့်အလုပ် ကိုယ်မလုပ်၊ တော်တော်ရှုပ်သည့် ချာတိတ်။ ဦးပေါ်ဦးသေလို့ ဝင်စားတာဟု ကျီစယ်စကားဖြင့် ပြောလိုက်ဖို့သာ ကောင်းသည်။ ဘိုးတော်ဦးဝိုင်းသည် “ဥတကာတို့တွင် ဘယ်ဥသည် အရသာ အရှိဆုံးဖြစ်သနည်း”ဟု ဦးပေါ်ဦးကို မေး၏။ ဦးပေါ်ဦးက “လိပ်ဥပါ ဘုရား”ဟု ဖြေ၏။
အချိန်ကာလ ကြာမြင့်သောအခါ အခြား ညီလာခံတစ်ခု၌ ဘိုးတော်ဦးဝိုင်းက ...
“ဘာနဲ့စားရင် ပိုပြီး အရသာထူးသလဲ ပေါ်ဦး”ဟု ကောက်ကာငင်ကာ မေးသောအခါ ...
“ဆားနဲ့ပါ ဘုရား” ဟု ဦးပေါ်ဦး ကလည်း ရုတ်ခြည်းပင် ဖြေဆိုခဲ့လေသည်။

လစ်သည် တစ်နေ့သ၌ ကျွန်တော့်ကို ပြောပါသည်။
“နက်ဖြန် ခုနစ်နာရီ ဘတ်စ်ကားမှတ်တိုင်ကို အရောက်နော် မောင်၊ တော်ကြာ တစ်ယောက်တည်း ကြောင်စီစီနဲ့စောင့်နေရမှာ ရှက်စရာကြီး”
ထိုနေ့က သူ့အမိန့်အတိုင်းပင် ဘတ်စ်ကားမှတ်တိုင်၌ နံနက်ချိန်ခါတေးသံသာ ရေဒီယိုမှ မလာခင်ပင် ကြိုတင်၍ ကျွန်တော် စောင့်နေခဲ့ပါသည်။ မည်သို့ ဖြစ်လိမ့်မည်ဟု ထင်ပါသနည်း။ မှန်ပါသည်။ လစ်သည် ရှစ်နာရီထိုးမှ ရောက်လာခဲ့ပါသည်။
“မောင် ရောက်နေတာ ကြာပြီလား”
“တစ်နာရီ ရှိသွားပြီ”
“ဘတ်စ်ကား ဘယ်နှစ်စီး ဆိုက်ပြီး သွားပြီလဲ”
“ဆယ့်ရှစ်စီး”
“ဟင် ... ဆောရီးပဲကွာ ... လစ် စောင့်ရတုန်းကထက် တစ်စီး ပိုသွားတယ်”
“လစ်က ဘာလို့ ကြာနေတာလဲ၊ ကဗျာစာအုပ်အတွက် စီစဉ်နေရလို့လား”
“အိုး ... ပေါက်တတ်ကရ၊ လစ် ဘယ်တုန်းက ကဗျာဖတ်ဖူးလို့လဲ”
“ဒါဖြင့် ဘာလုပ်နေလို့လဲ”
“အိမ်ရှေ့မှာ အရူးမကြီးတစ်ယောက် ကနေတာ ရပ်ကြည့်နေလို့”
“ဪ ... မောင်က အရူးမကြီးလောက် အရေးမကြီးဘူးပေါ့ ... ဟုတ်လား”
“မောင်လည်း အရူးပါပဲ မောင်ရယ်”
“ဘာပြောတယ် လစ်”
“မောင်က အချစ်ရူး မဟုတ်လား”
ကျွန်တော်တို့နှစ်ယောက် ရယ်လိုက်ကြပါသည်။ ရယ်သံ သေးသေးကလေးတစ်ခုကို အပို မကြားရပါ။ ဟိုတစ်ခါက စီးကရက်ရောင်းသော ကုလားဒိန်ကလေး သည်နေ့ မလာပါ။ သူ့ကို မြူနီစီပယ်က ဖမ်းသွားပြီလား မသိ။

အချစ်ဘဝ၌ စွန့်လွှတ်အနစ်နာခံခြင်းနှင့် ရယူပိုင်ဆိုင်ခြင်းတို့ကို အချိုးကျ ခွဲဝေခံစားရပါသည်။ တိကျသောအဖြေကား မထွက်သေးပေ။ တစ်ခါတစ်ရံ ရယူ၏။ တစ်ခါတစ်ရံ စွန့်လွှတ်၏။ အပေးအယူမျှသောအခါ အချစ်ဘဝသည် ပျော်ဖို့ကောင်းနေပါသည်။
တစ်ယောက်နှင့် တစ်ယောက် အပေးအယူမျှတခြင်းသည် အကြောင်းအရာမျှသာ ဖြစ်သည်။ ပုံသဏ္ဌာန်ကား ချစ်သူတစ်စုံလျှင် ပုံစံတစ်မျိုး ဖြစ်ပါ၏။ အချို့လည်း ချစ်ကြပုံချင်း တူကောင်းတူလိမ့်မည်။ ချစ်သူတို့သည် ရုပ်ရှင်အတူ သွားကြည့်ဖူးကြပါလိမ့်မည်။ ကျွန်တော်တို့လည်း သွားဖြစ်ကြဖူးသည်။ သူ ကြည့်ချင်၍လည်း လိုက်ပြရဖူးသည်။ ကျွန်တော်ကြည့်ချင်၍လည်း သူ လိုက်ပြဖူးသည်။ ရုံထဲမှာ သူ့လက်နှင့် ကျွန်တော့်လက် နွယ်ယှက်သည်ကတော့ အတူတူပင် ဖြစ်လေသည်။

ထားပါ။ ကျွန်တော် ပြောချင်သည်မှာ ချစ်သူဘဝ၌ အခြား ချစ်သူများနှင့် ပုံသဏ္ဌာန်ချင်းမတူခဲ့သည့် အချစ်ပုံစံများ အကြောင်းပါ။
လူဆိုတာ မျောက်ကဆင်းသက်သည်ဟု ကျွန်တော်တော့ ယုံကြည်ချင်ပါသည်။ မိန်းမတို့အချင်းချင်းသည် သန်းရှာပေးကြရသည်ကို အလွန် နှစ်လိုဟန်ရှိ၏။ သန်းရှာရင်း အတင်းပြောရသည်ကိုလည်း လျှာအရသာ တွေ့ကြပုံရ၏။ မျောက်မတို့သည်လည်း အချင်းချင်း သန်းရှာ ပေးတတ်ကြ၏။ တိရစ္ဆာန်ရုံ၌ တွေ့ဖူး၏။ သည်တစ်ချက်ကိုကြည့်ပြီး လူဆိုတာ မျောက်ကဆင်းတက်တာဟု ပြော၍မရပါ။ အဘယ်ကြောင့်ဆိုသော် မျောက်တို့သည် အမချင်းသာ သန်းရှာပေးကြသည်မဟုတ်သောကြောင့် ဖြစ်၏။ လူတို့သည်လည်း ယောက်ျားက မိန်းမကိုပင် သန်းရှာပေးတတ်ကြ၏။ ကျွန်တော် တွေ့ဖူး၍ ပြောနေခြင်း ဖြစ်ပါသည်။
ဤအချက်ကိုယုံပါလျှင် တစ်ဆင့်တက်၍ ပြောပြပါမည်။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို သန်းရှာပေးခြင်း အကြောင်းတည်း။ ကိုယ်တွေ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လစ်သည် ကျွန်တော့်ကို သန်းရှာပေးဖူးသောကြောင့်ပါ။
ကျွန်တော်သည် ရေချိုး အလွန်ပျင်း၏။ ရေချိုး အလွန်ပျင်းသော ကျွန်တော်သည် ခေါင်းလျှော်ဖို့ရာ ပို၍ အပျင်းထူလိမ့်မည်ဟုပြောရန် လိုမည် မထင်ပါ။
ကျွန်တော် မရှက်ပါ။ ဆံပင်ရှိ၍ သန်းရှိသည်မှာ ရှက်စရာမဟုတ်ပါ။ ခေါင်းမလျှော်၍ သန်းဥတွယ်ခြင်းသည် သဘာဝတရားပင် မဟုတ်လား။
ချစ်ဖို့ကောင်းသည်မှာ ကျွန်တော့်ခေါင်းမှာသန်းရှိနေ၍ပင် လစ်က သန်းရှာပေးနိုင်ခြင်း ဖြစ်ပါသည်။ အကယ်၍ ကျွန်တော့်ခေါင်းမှာ သန်းမရှိပါက လစ်သည် ဘယ်လိုလုပ်၍ ကျွန်တော့်ကို သန်းရှာပေးမည်နည်း။

ပို၍ ချစ်ဖို့ကောင်းသည့်အကြောင်းကို ပြောပြပါမည်။ လစ်က ကျွန်တော့်ကို သန်းရှာပေးသောနေရာတွင် အလွန်မတန်မှ ဆွတ်ပျံ့ဖွယ် ကောင်းသော၊ အလွန့်အလွန်မှ အချစ်လွန်လေ့ရှိကြသော၊ အို ... ချစ်သူတို့ ပျော်မွေ့ရာဖြစ်သော ရန်ကုန် ဆေးတက္ကသိုလ်အမှတ်(၁) ၏ လက်ဝဲဘက်စင်္ကြံထောင့်ကွေးတစ်နေရာတွင် ဖြစ်နေခြင်းပင် ဖြစ်ပါသည်။
ထိုနေရာသည် ခွဲစိတ်ခန်း လက်တွေပသင်တန်းဆင်းရာအခန်းများ၏ အနီးအနားပင် ဖြစ်၏။ ကျွန်တော်တို့နေရာမှ ကြည့်လျှင် ခွဲစိတ်ခန်းထဲမှာ ပက်လက်လန်နေကြသော မွဲခြောက်ခြောက်အလောင်းများကို အစီအရီ တွေ့နိုင်ပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် မကြောက်ကြပါ။ ချစ်ကြည်နူးစွာသောအချိန်တို့တွင် ကြောက်စရာ ဘာမျှမရှိပါ။
ချစ်သူတို့ ချစ်ကြည်ရာဖြစ်သော ဆေးတက္ကသိုလ်၏ ဆိတ်ငြိမ်ရာတို့တွင် လစ်သည် ကျွန်တော့်ခေါင်းမှသန်းများကို မျက်နှာငွေလ ရွှင်ပပဖြင့် စိတ်ရှည်လက်ရှည် ရှာပေးပါသည်။ ထိုနေ့က ကျွန်တော့်ခေါင်းမှ သန်းငါးကောင် ရလေသည်။
ငယ်ငယ်က အဘိုးကို ဆံပင်ဖြူ နုတ်ပေးဖူး၏။ ဆံပင်ဖြူ အချောင်း တစ်ရာလျှင် တစ်မတ်ရ၏။
သန်းရှာပေးခအဖြစ် လစ်ကို ကျွန်တော်က မွှေးမွှေးငါးခါ ပေးရ၏။
ကျွန်တော့်ချစ်သူက ကျွန်တော့်ကိုနင်းပေးခြင်းနှင့်ပတ်သက်၍ မယုံကြည်က နေကြပါ။ ဇက်ကြောထိုး၍ ခေါင်းကိုက်သောအခါ နှိပ်ပေးသည်ကိုတော့ ယုံကြည်စေ့ချင်ပါသည်။ တကယ်ပါ။ တစ်နေ့သ၌ ကျွန်တော်ချစ်သော လစ်သည် သစ်ပုတ်ပင်ကြီး၏ ခြေရင်း၌ ကျွန်တော့်အား နှိပ်ပေးခဲ့ပါသည်။
“မျက်နှာကြီးက ရှုံ့တွနေတာပဲ ... ဘာဖြစ်နေတာလဲ”
“ဇက်ကြောတွေ တက်နေလို့”
“နှိပ်ပေးမယ်လေ”
ပထမတော့ ယောက်ျားတန်မဲ့ ရှက်မိပါသေးသည်။ နောက်တော့ သူငယ်ချင်းပန်းချီဆရာတစ်ယောက် ပြောသော စကားတစ်ခွန်းကို သွားသတိရမိ ပါသည်။
“ဆန့်ကျင်ဘက်တို့ကို ဆီလျော်အောင် ပေါင်းစပ်ခြင်း” ဟူ၍ ဖြစ်ပါသည်။
ဘွဲ့ယူသောအခါသမယ၌ စမတ်ကျကျ ဓာတ်ပုံရိုက်တတ်ကြသော၊ တက္ကသိုလ်၏ အဓိကရဖြစ်သော၊ ချစ်သူတို့ကွန်းခိုရာဖြစ်သော သစ်ပုတ်ပင်ကြီးအောက်၌ လစ်သည် ကျွန်တော့်ကို ဇက်ကြောဆွဲပေးပါသည်။ နေရာဒေသနှင့်လုပ်ဆောင်ချက် ဆန့်ကျင်ဘက်နှစ်ခုကို ဆီလျော်အောင်ပေါင်းစပ်သောအခါ အလွန်ကြည်နူးစရာကောင်းသော “အချစ်အချိန်”ကလေးကို ရပါသည်။
ကျွန်တော်တို့အဖြစ်ကိုကြည့်၍ ရယ်မောသွားကြသူများသည် လှောင်သည်ဖြစ်စေ၊ ပြောင်သည်ဖြစ်စေ ထိုတဒင်္ဂတွင် စိတ်ပျော်ရွှင်မှုတစ်ခုကို ကျွန်တော်တို့နှင့် မျှဝေခံစားသွားရမည်ကတော့ သေချာပါသည်။

သစ်ပုတ်ပင်သည် ကျွန်တော်နှင့် လစ်တို့နှစ်ယောက်အတွက်တော့ အရေးကြီးပါသည်။ ကျွန်တော်နှင့်လစ်သည် ဆိတ်ကွယ်ရာများကို သိပ်မလိုလားကြပါ။ ကြည်နူးသာယာဖွယ်သောနေရာများကိုသာ လိုလားကြပါသည်။ ရိုင်းမည်လားတော့ မသိ။ ရိုးရိုးသားသားပြောရလျှင် ကျွန်တော်တို့သည် မညစ်ပတ်ကြပါ။ ချစ်သူတို့ဘဝ သန့်ရှင်းစွာပင် ချစ်ခဲ့ကြပါသည်။ ယုံကြမလားတော့ မသိပါ။ ကျွန်တော်တို့သည် ဂျပ်ဆင်ခေါ် ယုဒဿန်ဘုရားရှိခိုးကျောင်းအောက် ထောင့်ကွေးများထဲသို့ မရောက်ဖူးကြပါ။
ဆေးတက္ကသိုလ်ထဲသို့ နှစ်ခေါက်သုံးခေါက်မျှသာ ရောက်ဖူးပါသည်။ ဝ/သ အခန်းထဲက အခန်းလွတ်များတွင်လည်း သုံးလေးကြိမ်သာ ဆုံဖူးပါသည်။ ထိုအခါများတွင်လည်း တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး စကားပြော နေကြခြင်းဖြင့် အချိန်ကုန် တတ်သည်သာ များ၏။ အဘယ်ကြောင့်ဆိုသော် လစ်ကို မွှေးမွှေးတစ်ခါပေးရဖို့ အလွန်မတန် စည်းရုံးရခက်သောကြောင့် ဖြစ်၏။ ပြီးကျတော့ ကျွန်တော် ကိုယ်တိုင်ကလည်း သည်မှာဘက်၌ သတ္တိနည်းသူဖြစ်၏။

မည်သို့ပင် ရှိစေ ... ကျွန်တော်တို့၏ အချစ်သည် သန့်စင်သည်ဟု ထိုအခါက ယုံကြည်ခဲ့ပါသည်။ အို ... ခုထက်တိုင်လည်း ယုံကြည်ဆဲပါလေ။
“အေး ... အဲသလို စိတ်ကူးယဉ်နေ၊ မင်း တစ်နေ့ ခံသွားရမယ် သူငယ်ချင်း၊ လက်မြန်တဲ့ကောင်နဲ့ တွေ့သွားရင် မိန်းမဆိုတာ ခက်သားလားကွာ” ဟူ၍ သတိပေး စကားပြောသော သူငယ်ချင်းတစ်ယောက်ကို ကျွန်တော် ဆယ်ရက် စကားမပြောဘဲ နေဖူးပါသည်။
ကျွန်တော်တို့၏အချစ်သည် သန့်စင်ရိုးသားသည်ဟုဆိုသော်လည်း ပွင့်လင်းပါသည်။ ကျန်းမာရေးအကြောင်း၊ ဆေးဝါးအကြောင်းများ အထိ ဆွေးနွေးဖူးကြသည်။ ကျွန်တော်တို့၏ရှေ့ရေးကို တိုင်ပင်ကြသည်။ တစ်ခါတစ်ရံ သားရေးသမီးရေးအထိ ဖြစ်သည်။ သူ့စရိုက်၊ ကိုယ့်ဝါသနာကို ကြိုတင် အသိပေး ထားကြသည်။
ကျွန်တော်တို့သည် တစ်ချိန်ချိန်တွင် အိမ်ထောင်ပြုကြမည် မဟုတ်လား။

ရယ်စရာ ပြောရဦးမည်။ မည်သို့မည်ပုံ ပေါက်လာသည်တော့ မသိ။ ကျွန်တော့် ခြေမတွင် ကြွက်နို့တစ်လုံး ပေါက်လာပါသည်။ မီးရှို့ပြီး ဖြုတ်ရသည်ဆိုသဖြင့် ကြိုးစား ကြည့်သည်။ မီးလောင်ရာ ကျန်ရစ်ခဲ့သည်၊ ကြွက်နို့ကား မသေ။ ကြောင်နှုတ်ခမ်းမွှေးနှင့် တို့ရသည်ဆိုသဖြင့် သီရိဆောင် အခန်းမှူးအခန်းမှ ကြောင်မကြီးကို ခိုးပြီး နှုတ်ခမ်းမွှေး ညှပ်ဖူးပါသည်။ ကြောင်အကုတ် ခံရပါသည်။ သိပ္ပံနည်းကျသော နည်းလမ်း၊ လွယ်ကူသောနည်းလမ်း အတော်များများဖြင့် ကြိုးစားပါသည်။ မရပါ။
တစ်နေ့တွင် ကမာရွတ်လှည်းတန်း “အလိမ္မာစာပေ”မှ ဦးစိန်လွင်ဆိုသူက နည်းလမ်းကောင်းတစ်ခု ပေးပါသည်။ ဦးစိန်လွင်သည် ရယ်စရာ အလွန် ပြောတတ်သူဖြစ်သဖြင့် သူပေးသောနည်းမှာ ရယ်ဖွယ်အဖြစ်သာအသုံးချဖို့ ကောင်းပါသည်။
“လစ် ... ဒီမှာကြည့်စမ်း”
“ဟင် ... မောင် ညစ်ပတ်လှချည်လား၊ ကြွက်နို့ကြီး”
“ဆေးလိပ်မီးပွားကျရာက ဖြစ်သွားတာပဲ”
“ဒါကြောင့် ဆေးလိပ်ဖြတ်ပါ ဖြတ်ပါလို့ပြောတာ မရဘူး”
“အဲဒါ လစ် လက်သည်းနဲ့ ဆိတ်ပေးပါလား”
“အို ... ဘာဆိုင်လို့လဲ”
“ဆိတ်သာ ဆိတ်ပေးစမ်းပါ ... ပျောက်တယ်ပြောလို့”
လစ်သည် ယုံကြည်စွာ၊ စေတနာရှိစွာပင် လက်သည်းရှည်ကလေးဖြင့် ဆတ်ခနဲ ဆိတ်ပေးပါသည်။
“မောင့်ဟာကလဲ ကြံကြံဖန်ဖန်၊ ကျွန်မ လက်သည်းနဲ့ ဆိတ်မှ ကြွက်နို့ပျောက်ရသတဲ့”
“ဟုတ်ဘူးကွ ... အလိမ္မာစာပေက ဦးစိန်လွင်က ပြောလို့”
“ဘာတဲ့လဲ”
“သားကိုယ်ဝန်ရှိတဲ့မိန်းကလေး လက်သည်းနဲ့ ဆိတ်ရင် ပျောက်တယ်ဆိုလို့”
“အို ... ပေါက်တတ်ကရ”
ကြွက်နို့မရှိသော ကျွန်တော့်ပေါင်ကို လစ်က ထပ်၍ ဆွဲဆိတ် လိုက်ပါသည်။
စဉ်းစားကြည့်ပါ။ ကျွန်တော်နှင့် လစ်တို့ ကျီစယ်သောစကားမျိုးမှာ ဤသို့သာဖြစ်ပါသည်။ ရိုင်းသလိုလိုနှင့် အလွန်ချစ်ဖို့ ကောင်းပါသည်။ မညစ်ပတ်ပါ။

ကျွန်တော်တို့သည် လွန်လွန်ကျူးကျူး မဖြစ်ကြပါဘဲလျက် ကိုယ်ဝန်ဆောင်ခြင်းကိစ္စကို ပျော်ရွှင်ဖွယ်အဖြစ် အသုံးချ ကြပါသည်။
အသုံးချတတ်လျှင် ဆဲရေးခြင်းသည်ပင် ယဉ်ကျေးမှုတစ်ပါး ဖြစ်ပါသည်။
မည်သို့ဖြစ်သွားသည် မသိ ... ကျွန်တော့် ခြေမမှ ကြွက်နို့သည် ပျောက်သွားခဲ့လေသည်။
ကြွက်နို့ဟူသည် လူ၏ အရေပြားမှ ကလာပ်စည်းကလေးတစ်ခု ပျက်စီးရာမှ စသည်ဟု ပြောသံ ကြားဖူးပါသည်။ မည်သို့ရှိစေ ကြွက်နို့ ပေါက်ခြင်းသည် အသားပျက်စီးခြင်းပင် ဖြစ်၏။ လစ်၏ လက်သည်းနှင့်ဆိတ်ခြင်းဖြင့် ပျက်စီးနေသောအသားသည်ပင် ပြန်ကောင်းသွား၏။
သို့ရာတွင် လက်သည်းနှင့် မဆိတ်ဘဲလျက် ကျွန်တော့်နှလုံးသားသည် ဘာကြောင့် ပျက်စီးသွားရသနည်း။ မြန်မာဆေးဆရာတို့ အစွမ်းထက်ကြပြီဆိုလျှင် ရောဂါကို လိုသည့်နေရာသို့ ပြောင်းရွှေ့ပေးနိုင်သည်ဟု ကြားဖူးသည်။ ခေါင်းကိုက်လွန်း၍မခံနိုင်လျှင် ဝေဒနာကို ခြေမ လက်မသို့ ပြောင်းပေးနိုင်သည်ဟု ဆို၏။ လစ်သည် ကျွန်တော့် ခြေမမှကြွက်နို့ကို ကျွန်တော့်နှလုံးသားသို့ ပြောင်းပေးလိုက်သည် ထင်ပါသည်။

ကျွန်တော် အရက်မူးလျှင် “ကဝေမ အဲလစ္စဘက်”ဟု တစ်ခါတစ်ခါ အော်တတ်ကြောင်း သူငယ်ချင်းတစ်ယောက်က ပြန်ပြောပြလေသည်။
စကတည်းက သူ့ကို လက်သည်းဖြင့် ဆိတ်မခိုင်းခဲ့လျှင် အကောင်းသား။ အခြားနည်းဖြင့် ကုစားနိုင်သေးသည်။ အို ... ခြေမ ဖြတ်ပစ်ရတော့မပေါ့ ... ခုတော့ ဝေဒနာသည် နှလုံးသားသို့ ရွေ့လျားသွားသည်။ သေရာပါတော့မည် ထင်သည်။

ဤမျှလောက်ပြောပြလိုက်လျှင် နားလည်နိုင်ကြမည် ထင်သည်။ မြန်မာလူမျိုးတို့သည် ပုံပြင်နားထောင်ရင်း အရွယ်ရလာသူများ ဖြစ်၏။ ပုံပြင်တို့သဘောကို မြန်မာတို့ ကောင်းစွာခံစားနားလည်နိုင်ကြ၏။
ဥဩဟုခေါ်သော ကျွန်တော်၏ ပုံပြင်သည်လည်း သမားရိုးကျပုံပြင်များ အတိုင်းပင် ဖြစ်လိမ့်မည်ကို သိပြီး ဖြစ်ပါလိမ့်မည်။

ဆက်ရန်

0 comments:

Post a Comment