Tuesday, January 29, 2019

(အလံရှူးက ရန်သူထက် ပိုယုတ်ညံ့တယ်) မျိုးမြင့်ချို

0 comments
(အလံရှူးက ရန်သူထက် ပိုယုတ်ညံ့တယ်)
ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့အဆို တင်တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့အဆို တင်တာပါ။ အရေးကြီးအဆိုတခုခုတင်မယ်ဆို အမတ် ၂ဝ ရာခိုင်နှု၊န်း ထောက်ခံမှ ဥပဒေမူကြမ်းအဖြစ်နဲ့အဆိုတင်ရမယ်၊ တခြားအဆိုတွေလည်း မပါရဘူး၊ ဒါမှ လွှတ်တော်က လက်ခံဆွေးနွေးလို့ရမယ်လို့ဆိုတယ်။ ခု အဲ့ဒီအဆိုကို တင်တယ်။ ဒါပေမယ့် ဒါကို ဥပဒေမူကြမ်းအဖြစ်တင်တာမှာ နည်းလမ်းမကျလို့ဆိုပြီး စစ်အမတ်တွေက ထကန့်ကွက်တာပါ။ ဖွဲ့စည်းပုံပြင်ရေးကို သူတို့ထောက်ခံတယ်၊ ဆန့်လည်းမဆန့်ကျင်ဘူး ဒါပေမယ့် လွှတ်တော်ရဲ့အဆိုတင်သွင်းပုံက ပြဌာန်းထားတဲ့နည်းလမ်းအတိုင်း မဖြစ်လို့ဆိုပြီး အသံကောင်းဟစ်နေတာပါ။ သူတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ရေးမဆန့်ကျင်ပါဘူးတို့၊ ထောက်ခံပါတယ်တို့ဆိုတာ ခုမှ စပြောတာမဟုတ်ပါ။ သိန်းစိန်လက်ထက်ကတည်းကပါ။ မင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံကပေးထားတဲ့အတိုင်း အချိန်မရွေး ပြင်ကြလို့ တရရပြောနေတာပဲဟာ။ ဒါအဆန်းမှ မဟုတ်တာ။ ဘာကျေးဇူးတင်စရာ ဘာဝမ်းသာစရာမှ မရှိပါ။

သူတို့စကားအရဆိုရင် လွှတ်တော်က လက်တလုံးခြားလုပ်တယ်လို့ ဆိုတယ်။ ဥပဒေကိစ္စတွေ ကျနော်တော့ သိတ်နားမလည်ဘူး။ ဒါပေမယ့် ဥပဒေတိုင်းမှာ ခြွင်းချက်တွေရှိပါတယ်။ စကားလုံးကိုအမျိုးမျိုးကစားပြီး ဥပဒေရဲ့အားနည်းချက်ကိုကိုင်ပြီး နိုင်အောင်လုပ်လို့ရတာတွေ ရှိပါတယ်။ ဒါကို အရပ်စကားနဲ့ဆို "ဥပဒေကိုလက်တလုံးခြားလုပ်တယ်"လို့ဆိုတယ်။ လက်တလုံးခြားလုပ်ခွင့်ကဥပဒေမှာရှိတယ်ဆို အဲ့လိုလုပ်တာဟာ ဥပဒေနဲ့အညီဖြစ်မယ် ထင်ပါတယ်။ ခုကိစ္စကိုလည်း အဲ့ဒီအခြေခံကနေကြည့်ရင် လွှတ်တော်ဥပဒေနဲ့ညီတယ်လို့ပြောရင် ရမယ်ထင်တာဘဲ။

နောက်တခု ကျနော်တို့ မမေ့ရမှာက ဒီမိုကရေစီဆိုတာ (ဟုတ်တာမဟုတ်တာ အပထား) မဲများသူနိုင်တာပဲ။ သေနတ်နဲ့ဗိုလ်ကျတဲ့စစ်အမတ်တွေ မဲနဲ့အဆုံးအဖြတ်ခံရတော့ အများစုနဲ့အနိုင်ကျင့်တာဆိုပြီး မခံချိမခံသာဖြစ်နေတာလည်း ကြားကြမှာပါပဲ။ ကိုယ်က လစ်ဘရယ်လ်ဒီမိုကရေစီကို ယုံတယ်၊ မဲနဲ့ဆုံးဖြတ်တာကို လက်ခံတယ်ဆို ဘာအထွန့်မှမတက် ဘာစကားနာမှ ထိုးမနေပဲ ကြည်ကြည်ဖြူဖြူရှောရှောရှူရှူ နေလိုက်ပေါ့။ ဆန့်ကျင်ဦး ကန့်ကွက်ဦး မတ်တပ်ထရပ်စေဦး လူထုက သြော်..သူတို့ခမျာ ကြပ်ပြေးက စာဖတ်နေသူကြီးနှိပ်တဲ့ခလုပ်အတိုင်း အဖွင့်အပိတ် ဖြစ်နေရှာရသူတွေပါလားဆိုပြီး စာနာတောင်ပေးဦးမယ်။ ခုအဆဲခံရတာ နည်းတောင် နည်းသေး။ ညံ့ချက်က လက်လန်ဆိုသလိုပဲ။ ဒါ့ကြောင့် ဒင်းတို့လည်း စစ်အမတ်ဖြစ်ကြတာနေမယ်။

ပြန်ဆက်ရရင် ဒီကန့်ကွက်ပြီး ထရပ်တဲ့အမတ်တွေကို လွှတ်တော်သဘာပတိက ပြန်ထိုင်ဖို့တောင်းပန်ပြီး အဆိုကို လက်ခံဆွေးနွေးဖို့သင့်မသင့် မဲခွဲတာဖြစ်ပါတယ်။ မဲခွဲတော့ ဆွေးနွေးသင့်တယ်လို့ထောက်ခံတဲ့ဘက်က မဲအများစုရပြီး အဆိုကြမ်းဆက်ဆွေးနွေးဖို့ လွှတ်တော်ကအတည်ပြုပေးလိုက်ပါတယ်။ ဒီတော့ ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီဖွဲ့ဖို့ အဆိုကိုတော့ ဆက်ဆွေးနွေးကြတော့မယ်။ အဲ့ဒီကမှတဆင့် ကော်မတီဖွဲ့ရေးဘက်ရောက်လာလိမ့်မယ်။

ဖွဲ့တဲ့အခါ ဘယ်သူခေါင်းဆောင်မယ်၊ ဘယ်လိုဖွဲ့မယ်၊ ဘယ်သူတွေနဲ့ဖွဲ့မယ်၊ အဲ့ဒီကော်မတီမှာပါတဲ့သူတွေကို ဘာအဆောင်အယောင်နဲ့ ဘာခံစားခွင့်တွေပေးမယ်၊ ဘယ်ကော်မတီနဲ့ တွဲပေးထားမယ်၊ ဘယ်မှာနေရာချမယ်၊ တိုင်းပြည့်ဘဏ္ဏာငွေ ဘယ်လောက်သုံးမယ်၊ အချိန်ဘယ်လောက်အတွင်း ဘယ်အချက်တွေပြင်မယ် မပြင်ဘူး သဘောတူညီမှုရအောင်ဆွေးနွေးရမယ် စတဲ့(တခြားလည်းရှိဦးမယ့်) အခြေအနေအချက်အလက်တွေ ဘာမှ မသိကြရသေးပါဘူး။

ရွှေမန်းစီးထားတဲ့ ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့ကော်မတီက ဘယ်အခန်းကနေ အရေးပါလာမလဲ။ ရွှေမန်းကရော ဘယ်နေရာကနေ ကပြအသုံးတော်ခံ လာလေမလဲ စတဲ့လက်တွေလည်း ပေါ်လာစရာရှိပါတယ်။

ကဲ..အဲ့ဒါတွေအားလုံး ခနလေး(အချိန်တိုတို)အတွင်း ပြီးပြတ်အောင် လုပ်စွမ်းတယ်ပဲထား(အဲ့ဒါတွေကတော့ အချိန်သိတ်မဆွဲပဲပြီးပြတ်အောင် လုပ်ဖို့ ဟ ပေးနိုင်စရာအကြောင်းရှိပါတယ်)။ အဲ့ဒါတွေတော့ ပြီးပြီ။ ပြင်မယ့်အချက်အတွေလည်းရပြီ။ ဘယ်လိုပြင်မှာလဲ။ ၄၃၆ ကို အရင်ဆုံး စပြင်မှရမယ့်။ စစ်အုပ်စုရဲ့အသက်ဗူးဖြစ်ပြီး အရေးကြီးတဲ့ပုဒ်မလို့ သမုတ်ထားတဲ့ဟာတွေကိုပြင်မယ်ဆို ၄၃၆ ကို ပထမဆုံး စ ကိုင်ရမယ်။ ၄၃၆ ဟာ ဖွင့်ရမယ့်သော့နဲ့ ပြင်ရမယ့်နည်းလမ်းဖြစ်တယ်။ ၄၃၆ မပြင်နိုင်ဘဲပဲ ကျန်တာ ဘာမှလုပ်မရဘူး။ အရေးကြီးတဲ့ပုဒ်မတွေထဲမှာ ၅၉(စ) ထည့်ထားတာကလည်း မတော်တဆမဟုတ်ပါ။ (အပရိက ပုဒ်မလေးတွေက လွှတ်တော်ထဲကအမတ် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံတယ်ဆို ရတယ်။ စစ်အမတ်တွေကိုလည်း မင်းအောင်လှိုင်က မီးစိမ်းပြလိုက်ရင် ပွဲပြတ်တယ်ဘဲထားလိုက်ပါဦး)

၄၃၆ ကိုပြင်ဖို့ က ၄၃၆ က ပေးထားတဲ့ဘောင်ထဲကထွက်ပြီး ပြင်လို့မရဘူး။ ဥပမာ ၅၉(စ)ကိုပြင်မယ်ဆိုပါတော့။ အရင်ဆုံး အမတ် ၂ဝ ရဲ့ထောက်ခံချက်နဲ့ လွှတ်တော်မှာအဆိုတင်၊ အဆိုကိုမဲခွဲဆုံးဖြတ်တဲ့အခါ အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်သင့်ကြောင်းထောက်ခံရမယ်။ (စစ်အမတ်တွေလည်း စစ်အုပ်စုကမီးစိမ်းပြလို့ ထောက်ခံလိုက်တယ်ပဲ ထားဦး) အမတ် ၇၅ ရာခိုင်နှုန်းကျော်က အိုကေသွားပြီ၊ မပြီးသေးဘူး၊ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ်ရမယ်။ အဲ့ဒီအချိန် ဗမာတပြည်လုံးမှာ မဲပေးနိုင်သူ လူ ၁ဝဝ ရှိတယ်ထား။ လူ ၁ဝဝ လုံး တယောက်မကျန် မဲလာပေးရမယ်။ အဲ့ဒီ ၁ဝဝ ထဲက ငါးဆယ်နဲ့တယောက်က ပြင်ဖို့ထောက်ခံမဲပေးပြီဆိုရင်တော့ ပြီးပြီ။ ပွဲကပြတ်ပြီ။ အဲ့ဒီကျ ပုဒ်မ ၉၅(စ) ပြင်လို့ရသွားပြီ။ ဒေါ်စုလည်း သမ္မတ(လုပ်ချင်သပဆို) လုပ်လို့ရသွားပြီ။

ခု မေမေ့သားတွေ လူတွေကို နားမရှုပ် ရှုပ်အောင်၊ ဗူးလုံးနားမထွင်း မဖြစ် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာသတိထားမိတယ်။ ပညာအခြေခံနည်းပါးရှာတဲ့၊ မိမိကိုလည်း ယုံယုံကြည်ကြည်ထောက်ခံ အားကိုးနေရှာတဲ့ ရပ်ထဲရွာထဲကလူတွေ ကျကျနန နားလည်သိမြင် သဘောပေါက်အောင် ရှင်းပြတာတွေလုပ်ဖို့ကောင်းတယ်။ အစိုးရအနေနဲ့ လုပ်ပေးနိုင်ရင်ပိုတောင်ကောင်းတယ်။ လုပ်လည်း လုပ်ပေးသင့်တယ်။ ပါတီအနေနဲ့လည်း ပါတီတွင်းမှာ လုပ်ပေးသင့်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဘာမှန်းမသိဘဲ ပါတီတာဝန်ယူထားသူတွေ အများကြီး ရှိနေတယ်။ သာမန်ပါတီဝင်ထုဆိုရင်တော့ ပြောမနေနဲ့။ လူပုဂ္ဂိုလ်ကြည်ညိုမှုအရသာ ပါတီဝင်ဖြစ်နေတာ။ ဘာဆိုဘာမှ ရေရေရာရာ သိရှာကြတာမဟုတ်ဘူး။ ဒါမှ ရပ်ထဲရွာထဲကလူတွေရော မိမိပါတီဝင်တွေရော စစ်အုပ်စုရဲ့အတွင်းသရုပ်သကန်ကိုတင်မက ယုတ်မာညစ်ပတ်မှုကမ်းကုန်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာ ဒါပါလားလို့ သိခွင့်ရမှာဖြစ်တယ်။


ခုက အဲ့ဒါနဲ့ပြောင်းပြန်။ တချို့ စာရေးဆရာလိုလို စာဟောဆရာလိုလို နိုင်ငံရေးသမားလိုလို နံမည်အမျိုးမျိုးနဲ့ ပြောဆိုနေသူတွေ ကြည့်လိုက်တော့ သိစိတ်ရှိရှိ ရည်ရွယ်ချက်ပါပါ အစီအစဉ်တကျ ခြေလှမ်းသွက်သွက်နဲ့ လူတွေကြား ဝေဝါးကုန်အောင် ရှုပ်ထွေးကုန်အောင် စစ်အုပ်စုအလိုကျ ဝါဒဖြန့်ပေးနေတာတွေ ရှိနေပါတယ်။ လှည့်ဖျားမှုတွေ မှိုင်းတိုက်မှုတွေမှာ အခြေခံရိုးသားမှုအလျဉ်းမရှိပဲ ဖြေင့်မတ်မှန်ကန်မှုမရှိတာတွေ အထင်းသားပေါ်နေတယ်။ လူထုကို မရေမရာကတိတွေ မျှော်လင့်ချက်အမှားတွေတမင်ပေးပြီး လူထုရှေ့ကနေ သူတို့က မဟားဒယားဝမ်းသာပြ၊ အတင်းကျေးဇူးတင်ပြနေတာတွေလည်း တော်တော်များပါတယ်။ တချို့ကတော့ ကိုယ်၌က နိုင်ငံရေးဘာမှန်းမသိပေမယ့် သူ့မှာ အဲ့လိုပြောဖို့ဟောဖို့ ကလောင် ဒါမှမဟုတ် စင်တခုခုရှိနေတော့ အဲ့ဒါကိုင်ပြီး မသိသားဆိုးရွားတွေပြောနေတာဖြစ်ပါတယ်။ အန္တရာယ်အလွန်များပါတယ်။ အလံရှူးတွေသာလုပ်တတ်တဲ့ အင်မတန်ယုတ်ညံ့တဲ့နိုင်ငံရေးမျိုး ဖြစ်ပါတယ်။


စစ်အုပ်စုနဲ့အလိုတူအလိုပါလည်းမဟုတ်၊ လူထုဘက်က ရပ်တည်ချက်လည်းရှိ၊ နိုင်ငံရေးလည်းသိတဲ့သူတွေက ကိုယ့်လောက်မသိသူတွေကို သိအောင်၊ ကိုယ့်လောက်မရှင်းသူတွေကို ရှင်းအောင် အရပ်သားပြောနည်းကား အရပ်စကားနဲ့လွယ်ကူရှင်းလင်းအောင် ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ တာဝန်ယူမှုရှိရှိပြောတယ်ဆို တိုင်းပြည်အတွက် လူထုအတွက် အကျိုးများမှာပါ။

အဲ့လိုပြောတတ်တာ၊ ပြောဝံ့တာ၊ ပြောရဲတာ အင်န်အယ်လ်ဒီမှာ ဦးကိုနီတယောက်ပဲရှိသလားတောင် မှတ်ရတယ်။ ဒါ့ကြောင့်လည်း ဦးကိုနီကို နိင်ငံရေးအရ လုပ်ကြံသတ်ဖြတ်လိုက်ကြတာပါဘဲ။
မျိုးမြင့်ချို ဇန်နဝါရီ ၂၉၊ ၂ဝ၁၉

0 comments:

Post a Comment