သစ်ပုတ်ပင်စောင့်နတ်
(သုမောင်) အပိုင်း ၂
မောင်ကြီး ...
မောင် ...
အချစ်ဆုံးမောင် ...
မှန်ပါသည်။ လစ်သည် ကျွန်တော့်ဘဝမှ ခွဲထွက်သွားခဲ့ပါသတည်း။ အို ... လစ်
ကျွန်တော့်ကို စွန့်ပစ်သွားသည်မှ ကျွန်တော်၏ဘဝ စသည်ဟုလည်း ဆိုနိုင်ပါသည်။
“အချစ်သည်
ဘဝ၏အစ”ဟု ကျွန်တော်ယုံပါသည်။
လစ်
ကျွန်တော့်ကို ပစ်ခွာသွားလျှင်သွားချင်း ပထမဆုံး သတိရလိုက်သောစကားမှာ
ကျွန်တော့်သူငယ်ချင်း၏စကား ဖြစ်ပါသည်။
“မင်း
လက်နှေးရင်တော့ ခံရလိမ့်မနော်၊ သိပ် စိတ်ကူးယဉ်မနေနဲ့” သို့ရာတွင် ထိုစကားကို
ခုတိုင် ကျွန်တော် လက်မခံနိုင်သေးပါ။ သန့်ရှင်းစွာ ချစ်ခဲ့ကြလျှင်
ခွဲခွါရမြဲဖြစ်သည်ဟူသောနိယာမကို ကျွန်တော်မုန်းပါသည်။ အဆုံးစွန် ဆိုပါမည်။
ချစ်သူဘဝ၌ မကျူးလွန်မိသည့်အတွက် ချစ်သူကို စွန့်လွှတ်ဆုံးရှုံးရမည်ဆိုလျှင်
နှလုံးသားပါမက ရင်ထဲရှိသမျှကိုပေးစွန့်ချင်ပါသည်။ အချစ်သည် ရယူခြင်းသက်သက်
မဟုတ်ပါ။ စွန့်လွှတ်ခြင်းသက်သက်လည်း မဟုတ်ပါ။ အချစ်သည် အချစ်သာလျှင် ဖြစ်ပါသည်။
အခြား ဘာမျှ မဟုတ်ပါ။
သို့ရာတွင်
ချစ်ပြီးခါမှ စွန့်လွှတ်ရလျှင် ရင်နာရသည်။ ရယူရလျှင် ရင်မနာရပါ။ ထိုအချိန်တွင်
ဘဝတစ်ခုသည် စတင်သည်ဟုထင်၏။
ကျွန်တော်သည်
လစ်ကို စွန့်လွှတ်ရပြီးသည့်နောက် ဘဝတစ်ခုကို စတင်ခဲ့ပါသည်။ သို့ရာတွင် ထိုဘဝ၌လည်း
လစ်ကို ချစ်လျက်ပင် နေခဲ့သည်တကား။ “မောင့်ကို ကျွန်မ ဘယ်တော့မှ မခွဲဘူး၊ ဘယ်အချိန်ဖြစ်ဖြစ်
မောင့်နားမှာ ကျွန်မ အမြဲရှိနေမှာပါ ... မောင် ယုံရဲ့လား”
ယုံခဲ့ပါသည်။
ယုံလွန်းသဖြင့်လည်း အလိမ်မိခဲ့သည်မဟုတ်လား။ သစ်ပုတ်ပင်ခြေရင်း၌ တေးသံသွင်းဆိုင်တစ်ဆိုင်လောက်
လာဖွင့်ကြ စေချင်သည်။ သူ့စကားကို စီ ၆ဝ တစ်ခွေစာအပြည့် သွင်းထားလိုက်ချင်သည်။ တကယ်
သွင်းထားခဲ့လျှင်လည်း တကယ်ပင် ကက်ဆက် တစ်ခွေစာ ရနိုင်ပါသည်။ လစ်သည် ထိုစကားလေးကို
အကြိမ်ပေါင်းများစွာ ပြောခဲ့ပါသည်။ ချစ်စရာကောင်းစွာ လိမ်ခဲ့ပါသည်။ ယုံသူကလည်း
ယုံခဲ့သည်ကိုး။ ယုံမှာပေါ့ ... ချစ်နေကြသောကာလ မဟုတ်လား။ ချစ်နေကြလျှင်
လိမ်လည်ခံရသည်ပင် သစ္စာတရားမဟုတ်ပါလား။ သွားစမ်းပါ ... အလကား ပရမ်းပတာ။
“မောင်ကလဲကွယ်
... ခက်လိုက်တာများနှယ်၊ ကျွန်မ ပြောရတာလည်းမောလှပြီ၊ မောင့်ကို ဘယ်တော့မှ
မခွဲဘူး၊ မောင့်အနားမှာ အမြဲရှိနေ မယ်လို့၊ သိပါတယ်လေ ... မောင် ကျွန်မကို
မယုံပါဘူး၊ ဘယ်ယုံပါ့မလဲ ... ကျွန်မလောက်မှ မောင်က မချစ်တာ” လုံမပျိုတို့
ချွဲချွဲပျစ်ပျစ် ပြောသည့် ပုံစံမျိုးဖြင့်မဟုတ်ပါ။ ဆို့နင့်စွာပြောခြင်း
ဖြစ်ပါသည်။ ထို့ကြောင့်လည်း နောက်ဆုံးအခြေအနေထိတိုင် ကျွန်တော် ယုံခဲ့ခြင်းပါ။
ထိုနောက်ဆုံးအခြေအနေကား
တခြားဟုတ်ပါရိုးလား။ သူတို့အိမ်က “စေ့စပ်ချင်ပြီ”ဟု စီမံကြသောကာလ၌ ဖြစ်ပါသည်။
ထို့ကြောင့်ပင် ကနဦးကတည်းက ကျွန်တော်ဆိုခဲ့ပါပကော။ သမားရိုးကျပုံပြင်များကဲ့သို့ပင်
ဖြစ်လိမ့်မည်ဟု၊ စဉ်းစားကြည့်ပါ။
လစ်သည်
လှသည်။ ချမ်းသာ၏။ ပညာတတ်၏။ ရိုးသားပွင့်လင်း၏။ ကျန်းမာရေးနှင့် ညီညွတ်၏။
ကျွန်တော်သည် တေတေပေပေနေ၏။ ဆင်းရဲ၏။ ကဗျာစပ်၏။ မယ်ဒလင်ဖြင့်သီချင်းညည်း၏။
ကျောင်းပြေး၏။ ထို့နောက် ကျွန်တော်နှင့်လစ် ချစ်သွားကြ၏။ နင့်နေအောင် ချစ်၏။
မျိုထားမတတ် ချစ်၏။ ခိုက်ခိုက်တုန်အောင် ချစ်၏။ ခြစ်ခနဲနေအောင် ချစ်၏။ ရပါသည်။
အဘယ်သူမဆို ချစ်၍ရပါသည်။ ချစ်သဖြင့် အပြစ် မရှိပါ။ သူ့ဘာသာသူ ချစ်သွားကြသည်ကို
ဘာများတတ်နိုင်ဦးမည်နည်း။
ကျွန်တော်၌မရှိသည်များ
လစ်၌ ရှိသည်။ လစ်၌ မရှိသည်များ ကျွန်တော်၌ရှိ၏။ ထိုအခါ ကျွန်တော်တို့ ချစ်သွားကြ၏။
ဆန့်ကျင်ဘက်တို့ ပေါင်းစပ်ခြင်းသဘောထင်ပါသည်။ သို့ရာတွင် ဆန့်ကျင်ဘက်တို့ ပေါင်းစည်းသောအခါ
တစ်ခါတစ်ရံ ပေါက်ကွဲရုန်းကန်တတ်၏။ ပြဿနာဟု ထင်ပါသည်။
“မောင်တို့
လက်ထပ်ကြမယ်နော်”
“ဘယ်နေ့လဲ”
“တစ်နေ့နေ့ပေါ့”
“ဘွဲ့ရပြီးမှနော်”
“ဘွဲ့ရပြီးမှ
... မောင် အလုပ်ရပြီးမှ”
“ကောင်းတယ်
... ကောင်းတယ်”
လစ်
ပျော်သွားရှာပါသည်။ ပြီးကျတော့ ပျော်ရွှင်စွာပင် စကားတစ်ခွန်း ဆိုပါသည်။
“ဒါပေမဲ့
အိမ်က ကျွန်မကို သဘောတူထားတဲ့လူ ရှိတယ် မောင်ရဲ့”
ကျွန်တော်
အလွန်ချောက်ချားသွားပါသည်။ သို့ရာတွင် လစ်သည် ပြုံးတုံ့မပျက်ပါ။ သူသည် ဤကိစ္စအတွက်
နည်းနည်းကလေးမျှ စိုးရိမ်ပုံမရ။ သူ့ကိုယ်သူ ယုံသည့် သဘောဖြင့် ကျွန်တော့်ကို
ရိုးသားစွာ အကြောင်း ကြားခြင်းသာ ဖြစ်ပုံရ၏။
“မောင်က
စိတ်ပူလို့လား”
“လစ်ရယ်
... ချစ်သူဘဝမှာ ဒါပဲ စိတ်ပူစရာရှိတာပဲ”
“မပူပါနဲ့ကွယ်
... ဒါက ကျွန်မသဘော တစ်ခုပါ၊ ကျွန်မ ခေါင်းခါလိုက်ရင် ပြီးတာပဲ”
“ခေါင်းခါ
ပြီးပြီလား”
“သူတို့ကမှ
အတိအလင်း မပြောသေးတာ”
“မပြောဘဲနဲ့
စီစဉ်လိုက်ရင်ကော”
“လုပ်ကြည့်ပါလား”
“လုပ်ပါပြီတဲ့”
“မောင်သာ
အသင့်ပြင်ထား ... မောင့်ဆီကို ပြေးလာမှာပေါ့”
“တကယ်
...”
“မောင်ရယ်
... ကျွန်မ မောင်နဲ့ ခွဲမနေနိုင်ပါဘူး၊ တစ်သက်လုံး မောင့်အနားမှာပဲနေမှာပါ၊
ကျွန်မလေ မောင့်ကိုသိပ်ချစ်တာပဲ”
ကျွန်တော့်ရင်ခွင်၌
ခေါင်းမှီ၍နေလိုက်ပုံကလေးမှာ တစ်သက်လုံးအတွက် “အုံးစက်ရာ”ဟု ထင်ရသလားပင်။
ကျွန်တော်မှ မယုံလျှင် သူ့စကားကို ဘယ်သူယုံမည်နည်း။
အရေးတော်ပုံတော့
ပေါ်ပြီ မောင်”
“သူတို့
စီစဉ်လိုက်ကြပြီလား”
“ဟင့်အင်း
... ကျွန်မကို ဖွင့်ပြောပြီ”
“ဘာပြောလိုက်လဲ”
“ဘာမှ
မပြောလိုက်ဘူး”
“ခေါင်းခါ
လိုက်မယ်ဆို”
“သူတို့က
အတင်းအကျပ် မပြောသေးလို့ပါ”
“မောင်
စိတ်ပူချင်လာပြီ လစ်ရယ်”
“ကွယ်
... မောင်ကလဲ ... ကျွန်မ ပြောထားပြီးသားပဲ၊ ဇွတ်လုပ်တာနဲ့ မောင့်ဆီကို
ပြေးလာခဲ့မှာပါလို့”
“မောင်
... ဖေဖေက ဒါလောက် မဟုတ်ဘူး၊ မေမေက အတင်း စီစဉ်နေချင်ပြီ”
“အဲဒီတော့
...”
“ကျွန်မ
ခေါင်းခါလိုက်ပြီ”
“အဲဒီတော့
...”
“မေမေနဲ့
ကျွန်မနဲ့ စကားမပြောတာ ဆယ်ရက်ရှိသွားပြီ”
“လစ်ရယ်
...”
“မောင်ရယ်
... စိတ်မပူပါနဲ့လို့ ကျွန်မ ပြောထားသားပဲ”
“ဖေဖေက
မေးတယ် မောင်”
“ဘာတဲ့လဲ”
“ကျွန်မမှာ
ချစ်သူရှိနေသလားတဲ့”
“ဘာပြောလိုက်သလဲ”
“မောင့်အကြောင်းတွေ
ပြောပြလိုက်တာပေါ့”
“သူက
ဘာပြောသလဲ”
“လုံးဝ
သဘောမတူနိုင်ဘူးတဲ့”
“အဲဒီတော့
...”
“ကျွန်မ
ငိုခဲ့ရတယ် မောင်ရယ်”
“မောင်
ဘာလုပ်ရမလဲ”
“မောင်
ဘာမှလုပ်စရာ မရှိပါဘူး၊ လုပ်စရာရှိတာက ကျွန်မပါ၊ ကျွန်မက မောင့်အနားမှာ တစ်သက်လုံးနေချင်တယ်ကွယ်”
မောင်ရေ
...
ကျောင်းလာရင်လည်း
အိမ်က လူစောင့် အမြဲထည့်ပေးနေလို့ မောင်နဲ့ တွေ့ခွင့်မရတာ ခွင့်လွှတ်ပါ။ သူတို့က
အတင်း ကြပ်မတ်နေကြတယ်။ ကျွန်မတို့ မသိလိုက်ဘာသာ နေကြရအောင်။ သူတို့ယုံလောက်အောင်
ကြိုးရှည်ရှည်နဲ့ လျှော့ထားဦးစို့၊ အတူနေရဖို့ နီးလာပြီမောင်ရေ။
ချစ်မောင်ရယ်
...
ဇွတ်ပဲ
... ကျွန်မကို မယုံလို့လား။ တွေ့ချင်လှချည်ရဲ့ဆိုလို့ တွေ့လိုက်ပါရဲ့ ... တစ်ခါခိုး
တစ်ခါမိပဲ။ မောင်နဲ့ မနေ့က တွေ့ကြတာ အိမ်က သိသွားတယ်။ ဒါကြောင့် မောင့်ကိုပြောတာ
... သူတို့ ယုံကြည်အောင် နေပြကြဦးစို့လို့။ ခုတော့ ဘယ့်နှယ်လုပ်မလဲ။ ပိုပြီး
တင်းကျပ်လာပြီ။ ဖေဖေက လစ်ကို မရိုက်စဖူး ရိုက်တယ် မောင် ... အရိုက်ခံရတာထက်
မောင်နဲ့ တွေ့ခွင့်မရတာမှ ပိုနာတယ် သိလား။
အားမလျှော့ပါနဲ့ကွယ်။
သူတို့က ဇွတ်လုပ်ရင် ကျွန်မလည်း ဇွတ်လုပ်မှာပဲ။ ငွေလေးဘာလေး စုဆောင်းထားပေတော့
မောင်ရေ။
အချစ်ဆုံး
ချစ်
မောင်ကြီး ...
သိပ်လည်း
စိတ်ပူမသွားနဲ့ဦး ... သိသင့်တယ်ထင်လို့ မောင့်ကို ကြိုတင်ပြောထားတာ။ မနေ့က
ဟိုလူနဲ့ သူ့မိဘတွေ ပြင်ဦးလွင်က ရောက်လာကြတယ်။ ကျွန်မကတော့ ရေလိုက်ငါးလိုက်ပဲ
နေပါတယ်။ ခုနေခါ တင်းတင်းနေပြရင် အခြေအနေ ပိုရှုပ်ထွေးသွားမှာစိုးလို့။ အမယ် ...
လူကတော့ လူချောကြီး ဆရာ။ မောင့်ထက် ချောတယ်။ ကြိုက်တောင် ကြိုက်ချင်လာပြီ ... ဟီ
ဟိ။ မောင် ကျွဲမြီးတို သွားပြီလား။ မောင့်ကို အရင်ကလို လူချင်းတွေ့ပြီး ကျီစယ်ချင်လိုက်တာကွယ်။
နေဦး
... အတူနေရမှ တစ်သက်လုံး ကျီစယ်ပြမယ်။
မောင့်အချစ်
ချစ်
အချစ်ဆုံးမောင်
...
သူတို့
ခုထိမပြန်ကြသေးဘူး။ “စေ့စပ်ပြီးမှ ပြန်ကြတာပေါ့” တဲ့။ လာချည်သေးရဲ့ ... သူတို့စိတ်ထဲကတော့
သိပ်ပိုင်နေပြီပေါ့လေ၊ ဟာ ဟ ... ရယ်များတောင် ရယ်လိုက်ချင်သေးတယ်။
ရယ်ချင်နေပေမယ့်
ငိုလို့ချည်းနေရတယ် မောင်ရယ်။ ကျွန်မကို သူတို့က စက်ရုပ်တစ်ရုပ်လို သတ်မှတ်နေကြတယ်။
ရုပ်ကိုသာ ချုပ်လို့ရမယ် မောင်၊ ကျွန်မစိတ်ကို ချုပ်လို့ ဘယ်တော့မှ မရဘူး။ ကျွန်မစိတ်က
မောင့်ဆီမှာ အမြဲပဲ။ မောင်ရေ ... စိတ်သွားရင် ကိုယ်ပါ ရသတဲ့။ မောင်က ကဗျာဆရာပဲလေ
... သိမှာပါ။
မောင့်ဆီကို
စိတ်ရောရုပ်ရော တစ်နေ့တော့ ရောက်လာမှာပါ။ ဘယ်လောက် ကြာရင်လဲလို့မမေးနဲ့ မောင်။
သူတို့က မြန်မြန်စီစဉ်လေ မောင့်ဆီ ကျွန်မရောက်လာဖို့အချိန် နီးကပ်လာလေသာ မှတ်ပေတော့။
ခုလောက် အချုပ်အနှောင်ခံရတာကိုပဲ တစ်ခါတစ်ခါ ပျော်မိသေးတယ်။ မောင်နဲ့ အတူနေရတဲ့အခါ
လွတ်လပ်ဖို့ ခု ကျပ်တည်းနေရတဲ့သဘောပဲ ဖြစ်မှာပေါ့။ မောင် ပြောဖူးသားပဲ ...
အချုပ်ချယ်ခံရလေ လွတ်လပ်ခြင်းရဲ့ အရသာကို ပိုသိရလေပဲလို့။
မောင်ရယ်
... အတူနေချင်လှပြီကွယ်။
အချစ်ဆုံး
ချစ်
မောင်လို့
ခေါ်ရမှာတောင် အားမရနိုင်အောင် ချစ်ရတဲ့မောင် ...
မောင့်ဆီက
စာတွေ မေမေ မိသွားပြီ။ ကျွန်မကို ဖေဖေရိုက်ပြန်ပြီ မောင်။ “ရိုက် ... ရိုက်၊
မကြာခင် ကျွန်မချစ်သူနဲ့ အတူနေရတော့မှာ၊ အားရအောင် ရိုက်ထား” လို့ ပြောလိုက်ချင်တာ
ပါးစပ်ကို ယားနေတာပဲ။ အောင့်အီး နေရတယ်။
ဒါပေမဲ့
မောင်ရယ် ... မောင့်စာတွေ သူတို့ဖတ်ပြီးပြီဆိုကတည်းက မောင်နဲ့ ကျွန်မရဲ့အစီအစဉ်တွေကိုလည်း
သူတို့ သိပြီးပြီပေါ့။
စိတ်တော့
မလျှော့လိုက်လေနဲ့ မောင်။ မောင်သိအောင် ပြောပြထားတာ။ ကျွန်မကို ကျောင်းထုတ်လိုက်ကြပြီ။
ကောင်းပါတယ် မောင်ရယ် ... ကျွန်မတို့ အတူနေကြတဲ့အခါ ကိုယ့်ဘာသာ
ကျောင်းထွက်ဖို့အတွက် စဉ်းစားရာတစ်ခု လျော့သွားတာပေါ့။
ကျွန်မလည်း
ရရာအလုပ်တစ်ခု ဝင်လုပ်မယ်။ မောင် မတားရဘူးနော်။ ပြီးတော့ လုပ်သားကောလိပ်
ပြောင်းတက်မယ်လေ ... နော် မောင်။ မောင်ပြောသလို ကျွန်မ ဘွဲ့ရမှာနဲ့
သားသားလေးရမယ့်အချိန်နဲ့အကိုက်ပဲ မောင်ရေ။ မတော်လို့များ ဘွဲ့ယူခါနီးမှ
ကိုယ်ဝန်ရင့်လာရင်တော့ အဟက် ... ဘွဲ့ဝတ်စုံနဲ့ ဗိုက်နဲ့ ဟပ်နေမှာပဲ။
မောင်ရေ
... ပျော်လိုက်တာကွယ်။ အတူနေရတော့မယ်။ သူတို့ မြန်မြန်စေ့စပ်ကြပါစေ။ နက်ဖြန်
စေ့စပ်ရင် ဒီနေ့ ကျွန်မ မောင့်ဆီ ရောက်လာပြီသာ မှတ်။
ချစ်ရဲ့
ချစ်
မောင် ...
နောက်ထပ်
စာမရေးနဲ့တော့ ... သူတို့ မိသွားဦးမယ်။ ကျွန်မပဲ ရေးမယ်။
ချစ်
ဟယ်
... မောင်ရယ်
ဖေဖေရယ်ပေါ့
... ဘယ်လောက်လျင်သလဲ ကြည့်လေ ... စေ့စပ်ပွဲကို ပြင်ဦးလွင်မှာ သွားလုပ်မလို့တဲ့။
ဟိုလူနဲ့ သူ့မိဘတွေလည်း ခုထိ မပြန်ကြသေးဘူး။ သူတို့နဲ့အတူ ကျွန်မရော၊ ဖေဖေ မေမေရော
ပြင်ဦးလွင်လိုက်သွားကြပြီး ဟိုမှာ စေ့စပ်မယ်တဲ့။ ညက ကျွန်မကို ပြောတယ်။ ပြီးတော့
အကျိုးမဲ့မေးခွန်း မေးသေးတယ်။ “သဘောတူရဲ့လား” တဲ့။ မောင် ဘယ်လို ထင်သလဲ။ ဒါပေါ့
မောင်ရဲ့... ကျွန်မ ခေါင်းညိတ် လိုက်တယ်။ အို ... ဖေဖေဆိုတာ နှုတ်ခမ်းမွှေးတသသနဲ့
“ဒါမှ ငါ့သမီးကွ” တဲ့။
မေမေကတော့
ဘယ်စိန်နားကပ် ပန်ရမယ်ဆိုတာ ခုကတည်းကရွေးနေပြီ။ သူတို့ဘက်ကချမ်းသာတော့ သူတို့အဆင့်
မီလောက်အောင်တော့ ပြင်ရမှာပေါ့တဲ့။ မေမေ့ ပုလဲပုတီးနဲ့ မေမေ့သွားဟာ အရောင်တွေထွက်နေလေရဲ့။
အင်း ... ကိုယ့်မိဘကိုယ် ဒုက္ခပေးရမှာတော့ အားနာပါရဲ့။ ဒါပေမဲ့ ဆောရီးပဲ မောင်ရေ။
မိအဲလစ်တို့က “ဘူးဆိုရင် ဖရုံမှ မသီးတာ” ဒီတော့ ပြင်ဦးလွင်သွားမယ့်ရက် မတိုင်ခင်
မောင့်ဆီ ကြိုပြီး အကြောင်းကြားမယ်။ မောင် သစ်ပုတ်ပင်ခြေရင်းကသာ စောင့်ပေတော့။
မောင့်ရဲ့ချစ်
အချစ်ဆုံးမောင် ...
လာမယ့်
စနေနေ့ ပြင်ဦးလွင်သွားဖို့ စီစဉ်ပြီးပြီ။ ကျွန်မလည်း အထုပ်အပိုး ပြင်ပြီးပြီ။
သူတို့နဲ့ ခရီးထွက်ဖို့ မဟုတ်ဘူး။ မောင့်နောက် လိုက်ဖို့။
သောကြာနေ့ည
သစ်ပုတ်ပင်ခြေရင်းမှာ စောင့် ... လစ်တာနဲ့ ထွက်ခဲ့မယ်။ သူတို့ကတော့ ကျွန်မကို
လုံးဝ ယုံကြည်နေကြပြီ။ ဒါပဲ မောင် ... စာရေးချိန် သိပ်မရဘူး။ ကျွန်မ မလာမချင်းသာ
စောင့်ပေတော့ သစ်ပုတ်ပင်စောင့် နတ်ကြီးရေ။
မောင့်မယား
မည်သို့
ထင်ကြပါသနည်း။ မည်သို့မျှ မထင်ကြပါလေနှင့်။ စကတည်းက ဇာတ်သိမ်းကို ကျွန်တော်ပြောခဲ့ပါပြီလေ။
လစ်သည် ကျွန်တော့်ကို စွန့်ခွာခဲ့ပါပြီ။ ပြင်ဦးလွင်သို့ ပျော်ရွှင်စွာထွက်ခွါသွားလေပြီ။
သူ့စကားဆိုလျှင်
အမြဲယုံရမည်ဟု ကျွန်တော့်ဇာတာ၌ ပါခဲ့လေသလား မသိ။ ကျွန်တော်သည် နောက်ဆုံးစာအထိ
ယုံကြည်ခဲ့ပါသည်။ တခြားမကြည့်နှင့် ... သစ်ပုတ်ပင်ခြေရင်း၌ စောင့်နေခဲ့သည်မှာ
ခုနစ်နှစ် တိုင်ပြီကော။
ဪ ...
သစ်ပုတ်ပင်စောင့်နတ်ကျွန်တော့်ကို မည်သူ ချွတ်မည်နည်း။ မည်သူ အမျှဝေမှ ကျွတ်မည်နည်း။
ဘဒ္ဒဤကမ္ဘာ၌ ကျွန်တော်သည် သစ်ပုတ်ပင်စောင့်နတ် ဘဝ၌သာ စွဲကပ်နေမည်ထင်သည်။
ကျွန်တော့်ကို
“ခွေး”ဟုသာ ခေါ်ကြပေတော့ ... စာပေါင်း ခုနစ်စောင်လုံးလုံး ဖတ်ပြီးမှ မသိခဲ့ပါတကား။
နှစ်တုံးစားလို့မှ မစင်မှန်းမသိသူထက် ကျွန်တော်က ပိုပါသည်။
စဉ်းစားကြည့်ပါ
... တကယ်ဆိုလျှင် သူ့စာများသည် အဓိပ္ပါယ်မဲ့လှပါသည်။ သူ့မိဘများက အတင်းအကျပ်စီစဉ်ပြီ
ဆိုကတည်းက ကျွန်တော်နှင့်လိုက်ခဲ့ဖို့ သူ ကြိုးစားရမည်။ စေ့စပ်ပွဲ နက်ဖြန်လုပ်တော့မှ
သည်နေ့မှ ကျွန်တော့်ထံအရောက်လာမည်ဆိုသည်မှာ အဓိပ္ပါယ်မရှိ။ ဒါကို ကျွန်တော်က
ကြိုတင်သိထားဖို့ကောင်းသည်။ ခုတော့ သူ့စကားမှန်သမျှ ယုံခဲ့သည်။ တကယ်တော့
ကြိုးရှည်ရှည်လှန်ပြီး အနှပ်ခံရသူမှာ ကျွန်တော်သာတည်း။
ထိုသောကြာနေ့က
တစ်နေ့လုံး တစ်ညလုံး ကျွန်တော် စောင့်ခဲ့ပါသည်။ လစ်နှင့်တူသောအရာဆိုလို့
ဖိုးလမင်းလည်း မသာပါ၊ လေပြည် လေညှင်းလည်း မလာပါ။ နားနှင့်မနာ ဖဝါးနှင့်သာ
နာကြပါတော့။ ကျွန်တော်သည် ထိုညက အပေါ့အပါးသွားချင်သည်ကိုပင် အောင့်အီးကာ
နေခဲ့ပါသည်။ လွဲသွားမှာ စိုးလို့။
နောက်တစ်နေ့
တစ်နေ့လုံး၊ နောက်တစ်ညလုံး၊ သုံးရက် မြောက်သောနေ့ နံနက်လင်းစတွင် ကျွန်တော်သည်
သစ်ပုတ်ပင်ခြေရင်းမှာ ငိုက်ခနဲ အိပ်ပျော်သွားခဲ့ပါသတည်း။ ထိုအချိန်ကျမှ ကျွန်တော်ချစ်သော
လစ် ရောက်လာပါတော့သည်။ ဒါပေါ့ ... ဒါပေါ့။ အိပ်သောအခါမှ ရောက်လာလျှင်တော့
အိပ်မက်ပေါ့။ လစ်နှင့်ကျွန်တော် ခိုးပြေးကြသည်ဟု အိပ်မက် မြင်မက်ပါသည်။
တကယ်တမ်း
ကျွန်တော့်ထံရောက်လာသူများကား သူငယ်ချင်းများသာတည်း။
ဤတွင်
ဇာတ်မသိမ်းပါ။
ကျွန်တော်ပြောခဲ့သော
သမားရိုးကျပုံပြင်များနှင့်လမ်းခွဲ၍ ဇာတ်သိမ်းလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင်ပင်
မသိခဲ့ပါ။ ခုနစ်နှစ်တာ ကာလပတ်လုံး သစ်ပုတ်ပင်အောက်မှာ သီချင်းသည်အဖြစ်လွမ်းခဲ့သော
ကျွန်တော်။ အစဉ်အဆက် ရောက်လာကြကုန်သော အချစ်သမား ကလေးများ၏ အဆွေးခေါင်းဆောင်ကြီးအဖြစ်
ရပ်တည်ခဲ့သော ကျွန်တော်။ ကဗျာတွေရေးရင်း၊ စာတွေရေးရင်း စာရေးဆရာတစ်ယောက်
ဖြစ်လာခဲ့ရသော ကျွန်တော်။
ကျောင်းအထုတ်
ခံလိုက်၊ စာမေးပွဲ ပြန်ဖြေလိုက်၊ ကျောင်းသား ပြန်ဖြစ်လိုက်နှင့် ကျောင်းသားအိုကြီးဖြစ်ခဲ့ရသော
ကျွန်တော်။
လမိုက်
လသာ ညမရွေး မယ်ဒလင်ကလေးနှင့် သစ်ပုတ်ပင်စောင့်နတ် ဖြစ်ခဲ့ရသော ကျွန်တော်။
လစ်မှလွဲလျှင်
ကမ္ဘာပေါ်တွင် မိန်းမဟူ၍ မရှိတော့ပြီဟုထင်မှတ်ခဲ့သော ကျွန်တော်။
ထို
ကျွန်တော့်ကို တစ်စုံတစ်ယောက်က လာ၍ လှုပ်နှိုးလိုက်လိမ့်မည်ဟု မိမိဘာသာပင် မသိခဲ့ပါ။
အိပ်ပျော်ခြင်းကြောင့်
နိုးထခြင်းဖြစ်လာရသည်။ အိပ်မက်ကြောင့် တကယ့်ဘဝ ရှိလာရသည်။
အချစ်၌
ခုနစ်နှစ်တာပတ်လုံးငြိမ်သက်နေရာမှ တစ်ခုသောနေ့တွင် ကျွန်တော်သည် ဘဝဟူသောအရာထဲသို့
ရုတ်တရက် ရောက်ရှိခဲ့ရ ပါတော့သည်။
အိပ်မက်ထဲမှ
ကျွန်တော့်ကို ဆွဲထုတ်လိုက်သူမှာ “သစ်သစ်” ဖြစ်ပါသည်။
သစ်သစ်ကို
မြင်မြင်ချင်း ကျွန်တော်သည် ဦးသိန်းဖေမြင့်၏ “အရှေ့က နေဝန်းထွက်သည့်ပမာ”ဝတ္ထုထဲမှ
ဇာတ်ကောင် မခင်သစ်ကို လက်ခနဲ သတိရလိုက်ပါသည်။ ထိုဝတ္ထု ဖတ်ရစဉ်ကတည်းက မခင်သစ်ကို
ကျွန်တော် ခင်မင်လေးစားခဲ့ပါသည်။ မခင်သစ်၏ ဇာတ်ကောင်စရိုက်ကို ကျွန်တော်
ကြိုက်ပါသည်။
သစ်သစ်သည်
မခင်သစ်နှင့် တူပါသည်။
သစ်သစ်
တတိယနှစ်ကျောင်းသူဘဝတွင် ကျွန်တော်နှင့် စတင် သိကျွမ်းခဲ့ပါသည်။ ထိုအချိန်သည်
ကျွန်တော်၏ သစ်ပုတ်ပင်စောင့်နတ် ဘဝ၏ နောက်ဆုံးနှစ်ဖြစ်ပါသည်။ သစ်သစ်သည်လည်း
သစ်ပုတ်ပင်စောင့်နတ်ကိုဥဩကို သိထားသူတစ်ယောက် ဖြစ်သည်။ ကျွန်တော်နှင့် ခင်မင်စတွင်
ထိုအကြောင်းဖွင့်ပြောပါသည်။
“ကျောင်းရောက်စက
အစ်ကို့သတင်းကြားရတော့ သူငယ်ချင်းတွေနဲ့ပြောပြီး ရယ်မိသေးတယ်”
“ကြောင်တယ်ပေါ့လေ
... ဟုတ်လား”
“အင်းပေါ့
... ဒါပေမဲ့ နောက်တော့ တဖြည်းဖြည်း အစ်ကို့ကိုသနားလာမိတယ်”
သူ
သနားသည်ဆိုသောအချိန်တွင် သူသည် ကျွန်တော်နှင့် လစ်၏အကြောင်းကို မသိသေးချေ။
တစ်ယောက်တစ်ပေါက် စိတ်ကူးနှင့် ပြောကြသော ကိုဥဩ၏ လွမ်းမောဖွယ်ပုံပြင်များကို
ကြားရရုံသာ ရှိပါသေးသည်။ တကယ့်အဖြစ်ကို သူ မသိ။ သူမှ မဟုတ် ... မည်သူမျှမသိ။
ကျွန်တော်ကလည်း မည်သူ့အားမျှ ဖွင့်မပြောခဲ့ဖူးပါ။
သစ်သစ်သည်
ကျွန်တော်၏စာတွေဖတ်ရင်း ကျွန်တော်နှင့် တစ်စတစ်စ သိကျွမ်းဝင်လာသူ ဖြစ်သည်။
ကျွန်တော်၏ဝတ္ထုများသည်
အလွမ်းဝတ္ထုများသာဖြစ်လိမ့်မည်ကို ပြောပြရန်လိုမည်မထင်ပါ။ ကျွန်တော်၏ဝတ္ထုတိုင်းလိုလို
စာဖတ်သူထံသို့ စိမ့်ဝင်တိုးသွားတတ်ပါသည်။ ပရိသတ် လုံးဝလက်မခံသောဝတ္ထု တစ်ပုဒ်သာ
ပါပါသည်။ ထိုဝတ္ထု၏ အမည်မှာ “သစ်ပုတ်ပင်စောင့်နတ်” ဟူသတည်း။ ကျွန်တော်ကတော့
ထိုဝတ္ထုကို အကြိုက်ဆုံးဖြစ်၏။
“အစ်ကို့ဝတ္ထုအားလုံးထဲမှာ
သစ်ပုတ်ပင်စောင့်နတ်ကို အကြိုက်ဆုံးပဲ၊ ရေးဟန်ရော၊ အကြောင်းအရာရော၊
ရည်ရွယ်ချက်ရော၊ အကြိုက်ဆုံး ကတော့ စိတ်ကူးဟာ လက်တွေ့နဲ့ကင်းကွာလို့မရဘူးဆိုတဲ့
အယူအဆပဲ”
ဤနည်းအားဖြင့်
သစ်သစ်ကို ကျွန်တော် သတိထားမိလာခဲ့ပါသည်။ ဤသို့စတင်ပြီး ခင်မင်လေးစားခဲ့ရာမှ ...
နောက်တော့လည်း
သူ ကျွန်တော့်ကို မေတ္တာရှိနေမှန်းသိလာရသည်။ ကျွန်တော်လည်း သူ့ကို စိတ်ဝင်စားလာမိသည်။
ကျွန်တော် ဝန်ခံပါမည်။ သစ်သစ်ကို လစ်ကဲ့သို့ ကျွန်တော် မချစ်ပါ။ လစ်မှလွဲ၍လည်း
မည်သူ့အားမျှ ဦးစွာသောအချစ်နှင့် မချစ်နိုင်ပါ။
အချိန်မှာ
အချစ်မှ ဘဝသို့ ကူးချိန်တန်ပါပြီ။ ကျွန်တော်သည် သစ်သစ်အား လက်ထပ်ခွင့်တောင်းသောနေ့တွင်
လစ်နှင့် အဖြစ်အပျက် အစုံအလင်ကို ပြောပြလိုက်ပါတော့သည်။
သစ်သစ်
ငိုပါသည်။
“သစ်သစ်
ကံဆိုးတယ် အစ်ကို”
“ဘာလို့လဲ
သစ်သစ်”
“အစ်ကို့
အချစ်ကို သစ်သစ် မရလို့ပါ”
“ရပါတယ်
သစ်သစ် ... ဘဝနဲ့နီးစပ်တဲ့အချစ်ကို သစ်သစ် ရပါတယ်၊ သစ်သစ်ဟာ အသီးကို စားရတဲ့သူနဲ့
တူတယ်၊ အပင်ကို ပျိုးခဲ့တာက လစ်ပါ၊ တကယ် သနားစရာကောင်းတာက လစ်ပါကွယ်”
“ဒါပေမဲ့
အစ်ကိုရယ် ... အချစ်ဆိုတာ ဘဝနဲ့ နီးစပ်လာလေလေ ...တန်ဖိုးနည်းသွားလေ မဟုတ်လား”
“စိတ်မကောင်းပါဘူး
သစ်သစ်ရယ် ... ဒါပေမဲ့ သစ်သစ်ကို ကိုယ်မလိမ်ချင်ဘူး၊ ဒါကြောင့် ဖွင့်ပြောတာ”
“သစ်သစ်ကို
မလိမ်ချင်တာကိုက သစ်သစ်ကိုချစ်တာပဲလို့ သစ်သစ် ယူဆပါ့မယ်နော်”
သစ်သစ်သည်
ထိုနေ့မှစ၍ ပျော်နေရှာပါသည်။ အပြစ်ကင်းမဲ့စွာ၊ ရိုးသားစွာ၊ ကရုဏာသက်စွာ၊
အားကိုးစွာ၊ ယုံကြည်စွာ၊ မျှော်လင့်စွာ သစ်သစ်သည် ကျွန်တော့်ကို တွယ်တာနေပါတော့သည်။
သို့ရာတွင်
သစ်သစ်၏မျက်လုံးထဲတွင် အကြောင်းတရားတစ်ခုကို ကျွန်တော် အမြဲလိုလို တွေ့နေရပါသည်။
ထိုအကြောင်းတရားသည် လျှို့ဝှက်လှသည်။ ကျွန်တော် စိတ်မဝင်စားဘဲမနေနိုင်အောင်
ဖြစ်သည်။ ဘာမှန်းလည်း ကျွန်တော်မသိရ။ တစ်ခုတော့ ရှိသည်။ သစ်သစ်၏ မျက်လုံးသည်
ကျွန်တော်မသိသေးသော အကြောင်းတစ်ခုကို သိနှင့်နေသလို ဖြစ်နေသည်။ ထိုမျက်လုံးကို
လစ်အကြောင်း သူ့အား ဖွင့်ပြောသည့်နေ့မှစ၍ တွေ့ခဲ့ရသည်။
လစ်၏အကြောင်းကို
ကျွန်တော့်ထက် သစ်သစ်က ပို၍သိနေခြင်းပင်ဖြစ်သည်ဟု ထိုစဉ်က ကျွန်တော် လုံးဝမသိခဲ့ပါတကား။
ဤသို့အားဖြင့်
သစ်သစ် တတိယနှစ်မှာ ကျွန်တော်ဘွဲ့ရသည်။ မဂ္ဂဇင်းတစ်ခုတွင် အယ်ဒီတာအလုပ် ရသည်။
ဘဝတစ်ခု အခြေခိုင် လာသည်ဟု ဆိုနိုင်ပါသည်။ သစ်သစ်ကို လက်ထပ်နိုင်ဖို့အချိန်အခါကို
တောင်းသည်။ သစ်သစ်၏မိဘများနှင့်လည်း သဘောတူညီမှုရသည်။ အစစ အဆင်ပြေသည်။ ဘဝဟူသည်
တစ်ခါတစ်ခါ အဆင်ပြေတတ်သည်ပဲလေ။ သစ်သစ် ဘွဲ့ရပြီးလျှင်လက်ထပ်ကြမည်ဟု သဘောတူညီမှု ကို
ရလေသည်။ ထိုနေ့မှစ၍ သစ်ပုတ်ပင်သည် ကျွန်တော်နှင့် ဘာမျှမဆိုင်သလို
ဖြစ်သွားတော့သည်။
ဥဩသည်
သစ်ပုတ်ပင်ထက်မှ လွတ်ထွက် ရုန်းကန်၍ အဆုံးမရှိလွတ်လပ်သော လေဟာပြင်ထဲသို့ ပျံဝဲတက်သွားပါသည်။
“ကိုကို
... သစ်သစ် ကိုကိုနဲ့ စကားနည်းနည်းပြောချင်တယ်”
ကျွန်တော်ပြောခဲ့သော
သစ်သစ်၏မျက်လုံးအိမ်ထဲမှ လျှို့ဝှက်ချက်သည် စကားလုံးများအဖြစ် ပြောင်းလဲလာတော့မည်ဟု
ကျွန်တော် သိလိုက်သည်။
နက်ဖြန်နံနက်
ကျွန်တော်တို့ တရားရုံးတစ်ခုမှာ လက်ထပ်ကြမည်။ သည်ကနေ့ညသည် လျှို့ဝှက်အပ်သောအရာအားလုံး
ချုပ်ငြိမ်းသင့်ပြီ။
“ပြောလေသစ်သစ်
... ဘာပြောချင်သလဲ”
“သစ်သစ်တို့
တစ်နေရာရာ သွားရအောင်”
“သွားလေ
... ဘယ်သွားချင်လို့လဲ”
“ကိုကို
စိတ်မဆိုးရဘူးနော် ... စိတ်မကောင်းလည်း မဖြစ်ရဘူး ... ဟုတ်လား”
“အင်းပေါ့
... ခုအချိန်မှာ ကိုကို ပျော်နေမယ်ဆိုတာ သစ်သစ် သိသားပဲ”
“ဒါဖြင့်
သစ်သစ် သွားချင်တဲ့နေရာ လိုက်ပို့ရမယ်”
“ဆိုဗျာ
... ဘယ်ကိုလဲ”
“သစ်ပုတ်ပင်အောက်ကို
... ကိုကို”
“ဘာရယ်
... သစ်သစ်”
ကျွန်တော်၏
ရင်ညွန့်တွင် ဒွန့်ခနဲ ခုန်သွားသည်ကို သစ်သစ် မသိစေရန် ဟန်ဆောင်နေရပါသည်။
“ကိုကို
စိတ်ညစ်သွားလား”
ကျွန်တော်
ဘာဖြေရမှန်း မသိ။ မသွားချင်သည်မှာတော့ သေချာသည်။
မေ့လိုက်ချင်ပြီ
သစ်ပုတ်ပင်။ သစ်သစ်ကို ကြည့်လိုက်သောအခါ ကလေးငယ်ကဲ့သို့ ပြုံးနေပါသည်။ သူ့အပြုံးသည်
မိဘ၏ ခွင့်ပြုချက်ကို တောင်းခံနေသောကလေးငယ်တစ်ဦး၏ အပြုံးမျိုး ဖြစ်သည်။ ကျွန်တော်
ခေါင်းခါလိုက်ပါသည်။ သို့ရာတွင် နှုတ်မှ စကားအချို့ အလိုလို ထွက်ကျသွား၏။
“သွားလေ
... သွားပေါ့”
“ကိုကို့
မယ်ဒလင်ကော”
“ဘာလုပ်ဖို့လဲ
...”
“ယူသွားရအောင်”
ခုနစ်စဉ်ကြယ်ကို
သစ်ပုတ်ပင်အောက်ခြေမှ မော့၍ ကြည့်ဖူးပါသလား။ ကြယ်စင် ခုနစ်လုံးစလုံးကို
သစ်ပုတ်ပင်၏ကိုင်းစများနှင့် လွတ်ကင်းစွာ မြင်နိုင်သောနေရာကိုကော သိကြပါသလား။
သစ်ပုတ်ပင်နှင့်
တစ်နှစ်ကျော်ကျော်ကင်းကွာခဲ့ပြီးသည့်နောက် ပထမဆုံးအခေါက်အဖြစ် ယနေ့ည
ပြန်ရောက်လျှင်ပင် ထိုနေရာကို ကျွန်တော် ချက်ချင်းမှတ်မိပါ၏။ သို့ရာတွင်
ကျွန်တော်တို့ရောက်သောအချိန်သည် ညဥ့်ဦးယံ ဖြစ်ပါသည်။ ခုနစ်စဉ်ကြယ်ပြောင် အမြီးမထောင်သေး
ပါလေ။
ညဥ့်ဦးယံ၏
အင်းလျားကို ဖြတ်ကျော်လာသောလေပြည်သည် ကျွန်တော့်ကို တီးတိုးစကားဆို၏။ မပီကလာနိုင်သဖြင့်
သူ ဘာပြောမှန်း မသိ။ သို့ရာတွင် ကျွန်တော်နှင့်မျက်နှာချင်းဆိုင်အရပ်မှ
ဆန့်ကျင်၍လာသောလေပြည်သည် ကုန်လွန်ခဲ့သောကာလက လွမ်းမောဖွယ်တို့ကို ယူဆောင်လာသည်ကား
သေချာပါ၏။ ဆန့်ကျင်ဘက်အရပ်၌ အတိတ်ကာလ ရှိပါသလား။ ရှိသည်ဆိုလျှင် တူရူအရပ်၌
အနာဂတ်သည် ရှိလိမ့်မည်။ သစ်သစ်သည် ကျွန်တော့်နောက်ကျောဘက်တွင် ရပ်လျက် ရှိပါသည်။
“ကိုကို့ကို
သစ်သစ် နှိပ်စက်သလိုဖြစ်သွားပြီလား မသိဘူးကွယ်”
သစ်သစ်ကို
လှည့်မကြည့်ပါ။ လွမ်းနေသောမျက်လုံးကို သူမြင်မှာ စိုးရိမ်မိသည်။ ပြီးတော့
ပြီးတာလည်း ပြီးစေ့ချင်ပြီ။
“ရပါတယ်
သစ်သစ်ရယ် ... ခုအချိန်မှာ ဘယ်နေရာရောက်ရောက် ကိုယ့်ဘဝမှာ သစ်သစ်ပဲရှိနေတော့တာပဲဟာ”
သစ်သစ်၏
သက်ပြင်းချသံကို ကြားရပါသည်။ ကျွန်တော့်စကားသည် သူ့ကို အဘယ်ကြောင့်
မပျော်ရွှင်စေသနည်း။ စဉ်းစား၍ မရပါ။
“သစ်သစ်
... ပြောစရာရှိတယ်ဆို”
“သစ်သစ်လေ
... ပြောလည်း ပြောချင်တယ် ... ပြောလည်း မပြောရက်ဘူး”
“ကိုကိုတို့နှစ်ယောက်ကြားမှာ
အဟန့်အတား မရှိသင့်ပါဘူးကွယ် ... ပြောသာပြောပါ”
သစ်သစ်သည်
ကျွန်တော့်မျက်နှာကို လမင်းအားငေးကြည့်နေသော ကြောင်ကလေးကဲ့သို့ ကြည့်ပါသည်။ တော်တော်နှင့်
ဘာမျှမပြောပါ။ သစ်သစ်၏အကြည့်သည် ကျွန်တော့်ကို တုန်လှုပ်သွားစေပါသည်။ ခုနစ်နှစ်
ကာလပတ်လုံး လူပေါင်းများစွာအသနားကို ယောင်ပေပေ ခံရဖူးသော်လည်း တကယ်တမ်း ကျွန်တော်မတုန်လှုပ်ဖူးခဲ့ပါ။
သစ်သစ်က
သက်ပြင်းကို လေညှင်းကဲ့သို့ ညင်သာစွာချပါသည်။ ကံ့ကော်ရွက်ကလေးများကဲ့သို့
ခေါင်းကို ဖြည်းညင်းစွာ ခါပါသည်။ ပြီးတော့မှ စကားစသည်။ သူ၏စကားမှာ ...
“မပြောတော့ပါဘူးကွယ်”
တဲ့။
ထိုအချိန်တွင်
ကျွန်တော်က သူပြောလာမည့်စကားကို အလွန်အမင်းကြားချင်နေပြီ ဖြစ်ပါသည်။ နေရာသည်ကားဟုဆိုလျှင်
သစ်ပုတ်ပင် ခြေရင်း။ အချိန်သည်ကားဟုဆိုလျှင် ညဥ့်ဦးယံ။ ကျွန်တော့်လက်ထဲမှာ
မယ်ဒလင်ရှိနေသည်။ သူပြောလာမည့်စကားမှာ လစ်နှင့် မပတ်သက်လျှင် အခြားဘာများ
ရှိပါဦးမည်နည်း။ ကျွန်တော် လစ်ကို ကွက်ခနဲလွမ်းလိုက်ပါသည်။ ထို့ကြောင့် သစ်သစ်၏စကားကို
ကြားချင်လှပြီ။ သစ်သစ်က မပြောတော့ဘူးဆိုသောအခါ ကျွန်တော် မောလာတော့သည်။
“သစ်သစ်က
လစ်အကြောင်းကိုပြောမလို့ မဟုတ်လား”
သစ်သစ်
မဖြေပါ။ မျက်ရည်လည်နေသည် ထင်၏။ သစ်သစ်ကို ကျွန်တော်လိမ်ရပါတော့မည်။
“သစ်သစ်ရယ်
... တကယ်တော့ လစ်ဟာ ကိုယ့်ဘဝထဲမှာ မရှိတော့ပါဘူး၊ သစ်သစ်က လစ်အကြောင်းကိုထပ်ပြောလည်း
ကိုကို ဘာမှမဖြစ်တော့ဘူး၊ လစ်နဲ့ပတ်သက်လို့ ခံစားစရာ ကုန်ပါပြီကွယ်”
ထိုစကားကို
သစ်သစ်အား လိမ်၍ပြောခြင်းသည်ပင် ကျွန်တော်သည် မိမိကိုယ်မိမိလိမ်ခြင်း ဖြစ်ပါ၏။
အဘယ်ကြောင့်ဆိုသော် ထိုစကား ပြောပြီးချိန်တွင် ကျွန်တော်သည်
လစ်နှင့်ပတ်သက်ခဲ့သမျှကို လွမ်းမောသတိရနေသောကြောင့်ပင် ဖြစ်၏။
“ကိုကို”
တုန်ယင်ပြီး
ရှိုက်သံတစ်ဝက်ပါနေသော သစ်သစ် အသံသည် ကျွန်တော့်ကို လွန်ခဲ့သောခုနစ်နှစ်ကာလဆီမှ
တုံ့ခနဲ ဆွဲခေါ်လိုက်သလိုဖြစ်၏။ သစ်သစ်ကို လှည့်ကြည့်လိုက်သောအခါ သစ်သစ်
ငိုနေပါပြီ။
“အဲဒီအစ်မ
စေ့စပ်သတင်းပါတဲ့နေ့ဟာ ၁၉၆၉၊ မတ်လ ၁၃ ရက်နေ့နော်”
ကျွန်တော်
ခေါင်းညိတ်ပြလိုက်ပါသည်။ လစ်၏ စေ့စပ်ခြင်းသတင်းပါသော သတင်းစာ၏ စာမျက်နှာကို
မျက်စိထဲပြန်မြင်လာသည်။
“အဲဒီအစ်မ
လက်ထပ်တဲ့သတင်းကိုကော ကိုကို ဖတ်ရရဲ့လား”
“မလိုတော့ဘူးလေကွယ်
... အဲဒီနေ့မှာ ကိုယ်တို့လမ်းခွဲကြရပြီပဲ”
“ဒါဖြင့်
ဘာကြောင့် ခုနစ်နှစ်လုံးလုံး သစ်ပုတ်ပင်အောက်မှာ ကိုကို စောင့်နေခဲ့သလဲ”
“သူ့ကို
မစောင့်ပါဘူး သစ်သစ်”
စကားလုံးများဖြင့်
ပစ်ပေါက်ကစားတတ်သော စာရေးဆရာကိုဥဩသည် သစ်သစ်ကိုပြောဖို့ စကားကို ရွေးနေရပါပြီ။
“လွမ်းနေတာပါ”
သစ်သစ်မျက်လုံးတွင်ရှိနေသော
မျက်ရည်စတို့ ဖျတ်ခနဲလက်သွားသည်။ သစ်သစ် ပြုံးရိပ်သန်းပြ ပါသည်။ ကျွန်တော့်ကို
သရော်သလို ဖြစ်သည်။
“ကိုကိုက
မစောင့်ပေမယ့် သူက ကိုကို့ဆီကိုလာခဲ့တယ်ဆိုရင် ကိုကို ယုံမလား”
ကျွန်တော်သည်
ဘာရယ်မှန်းမသိ တုန်လှုပ် သွားမိပါသည်။ လစ်သည် ကျွန်တော့်ထံ မလာခဲ့ပါ။ လာခဲ့လျှင်
ရောက်ရပေမည်။ သို့ရာတွင် သစ်သစ်ပြောပုံမှာ အသေအချာနိုင်လွန်းသည်။
“သူ
လာခဲ့ရှာပါတယ် ကိုကိုရယ်”
သစ်သစ်သည်
လွမ်းမောစွာပြောနေသည်။ ကျွန်တော်ကား တစ်စုံတစ်ရာကိုစိုးရိမ်စွာ ယောက်ယက်ခတ်နေသည်။
“တကယ်တော့
... သူ ဘယ်သူနဲ့မှ လက်မထပ်ဖြစ်ပါဘူး၊ သူ စေ့စပ်သတင်းပါတဲ့နေ့က သူ့ကို သစ်သစ်
သင်္ဘောပေါ်မှာ ဆုံခဲ့တယ်”
“သစ်သစ်က
သူမှန်း ဘယ်လိုလုပ်သိလဲ”
“အရင်ကတော့
သူမှန်း ဘယ်သိမလဲ၊ ခုမှ သူ့အကြောင်း ကိုကိုပြောပြလို့သိလာတာ၊ ဟုတ်ပါတယ် ...
သူပါပဲလေ”
“ဘယ်သင်္ဘော
ပေါ်မှာလဲ”
“မန္တလေးက
ရန်ကုန်ကိုလာတဲ့ အစုန်သင်္ဘောပေါ်မှာ၊ ဒီတုန်းက သစ်သစ်က ဆယ့်သုံးနှစ်သမီးပဲ
ရှိသေးတယ်၊ သစ်သစ်တို့မိသားစု သင်္ဘောနဲ့ ခရီးထွက်ခဲ့ကြတာ၊ အဲဒီညက သစ်သစ် သင်္ဘောပေါ်မှာ
လမ်းလျှောက်နေတုန်း အစ်မတစ်ယောက်ကို တွေ့ရတယ်၊ တွေ့တွေ့ချင်းပဲ စိတ်ဝင်စားမိတယ်၊
သူက လွယ်အိတ်ကလေး လွယ်ထားတယ်၊ ဖူးစောင်ကလေးနဲ့ ခေါင်းပေါင်း ပေါင်းထားတယ်၊
သင်္ဘောဦးပိုင်းမှာ တစ်ယောက်တည်း ငေးပြီး ရပ်နေတယ်၊ သူ့ကြည့်ရတာ သင်္ဘောပေါ်ပါသမျှ
ဘယ်သူ့မှ မယုံကြည်သလိုပဲ၊ သူ့ပုံသဏ္ဌာန်ကို ခုတောင် သစ်သစ် မြင်ယောင်နေမိသေးတယ်”
သစ်သစ်သည်
ပုံပြင်ဟောင်းတစ်ပုဒ်ပြောသလို သင်္ဘောပေါ်မှ အဖြစ်အပျက်များကို စီကာစဉ်ကာပြောနေစဉ်၌
ကျွန်တော်၏ရင်သည် တဒိတ်ဒိတ် ခုန်နေပါသည်။ သစ်သစ်ပြောနေသော ထိုအမျိုးသမီးသည် လစ်
ဟုတ်သည် မဟုတ်သည်တော့ မသိ။ ကျွန်တော် ငိုချင်သလိုလို ဖြစ်နေသည်ကား သေချာ၏။
စာရေးဆရာသည် ဇာတ်၏အစကိုသိလျှင် အဆုံးကိုသိနေတတ်သည် မဟုတ်လား။ မည်သို့
ထင်ကြပါသနည်း။ မှန်ပါသည်။ လစ်ဟု ထင်ရသော မိန်းကလေးသည် ထိုနေ့ည
သန်းခေါင်ယံအချိန်တွင် မြစ်ပြင်၏အလယ်ကောင်၌ သင်္ဘောပေါ်မှ ကျ၍ သေဆုံးသွားခဲ့ရှာပြီ
ဖြစ်သည်။
သစ်သစ်ပြောပြနေသောဇာတ်လမ်း၏
အခြေအနေအတိအကျကို ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက်ပါ။ ထိုအချိန်တွင်
ကျွန်တော်သည် တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတို့ကို တစ်ပြိုင်နက်တည်း
ခံစားနေရပါပြီ။
အကြမ်းဖျင်းသိရသည်။
ထိုမိန်းကလေးသည် သင်္ဘောဦးပိုင်း လူသူနည်းပါးရာနေရာတွင် တငိုင်ငိုင် နေခဲ့သည်။ အမြဲတစေလည်း
စိုးရိမ်နေပုံ ရသည်။ မည်သူ့အားမျှလည်း ယုံကြည်ပုံ မရ။ သူ့မျက်နှာကို မီးရောင်မှကွယ်လျက်သာ
နေတတ်သည်။ ထိုမိန်းကလေးကို သစ်သစ် စိတ်ဝင်တစားကြည့်နေခဲ့မိသည်။
တစ်နေရာအရောက်တွင်
သင်္ဘောသည် မြစ်လယ်၌ အရှိန်သတ် ရပ်တန့်သည်။ သင်္ဘောပေါ်သို့ ရဲအရာရှိတစ်ဦးနှင့် ရဲသား
သုံးလေးဦး တက်လာကြသည်။ သင်္ဘော ပြန်လည်ခုတ်မောင်းခဲ့ကြသည်။ ရဲအမှုထမ်းများသည်
တာဝန်အရ တစ်စုံတစ်ရာကို ရှာဖွေကြသည်။ ထိုမိန်းမပျိုထံသို့ ရဲအမှုထမ်းများ
တန်းတန်းမတ်မတ် လျှောက်သွားကြသောအခိုက် မိန်းမပျိုသည် ကြောက်လန့်တကြား ထွက်ပြေးသည်။
ထိုအချိန်တွင် ရဲသားများတက်ရောက်ခဲ့စဉ်ကဖွင့်ထားခဲ့သော ကုန်းပတ်တံခါးသည်
မပိတ်ရသေး။
မိန်းမပျိုသည်
ကြောက်အားလန့်အား ထွက်ပြေးသည်၌ တံခါးပွင့်နေသော ကုန်းပတ်အနီးတွင် ကြုံကြိုက်စွာ
ကံဆိုးခဲ့ရှာသည်။ ခလုတ်တိုက် လဲပြီး ရေထဲသို့ကျသွားခဲ့သည်။ သင်္ဘောကို ချက်ချင်းရပ်တန့်၍
ရှာဖွေကြသည်။ မရပါ။ သင်္ဘောဟူသည် ချက်ချင်းရပ်တန့်၍ရနိုင်သော ယာဉ်မျိုး မဟုတ်ပါ။
အမှန်မှာ
ရဲဝန်ထမ်းများသည် မိမိတို့၏ အခြားသောတာဝန်တစ်ခုဖြင့် သင်္ဘောပေါ် တက်ရောက်ရှာဖွေခဲ့ကြခြင်း
ဖြစ်သည်။ မိန်းမပျိုသည် မိမိဘာသာ မလုံမလဲဖြင့် ကြောက်လန့်တကြားထွက်ပြေးခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ
... ထိုအဖြစ်အပျက်သည် ကျွန်တော့်ကို လွမ်းစေသည်။ လစ် ဟုတ်သည်ဖြစ်စေ၊
မဟုတ်သည်ဖြစ်စေ ကျွန်တော် ပူဆွေး ရသည်ကား အမှန်ပင်ဖြစ်သည်။ ဝေဒနာအစွဲရှိသောသူသည်
ရှာကြံ၍ ခံစားတတ်သည် မဟုတ်လား။ “ဒါပေမဲ့ သစ်သစ်ရယ် ... အဲဒီ မိန်းကလေးဟာ
လစ်ရယ်လို့ ဘယ်လိုသေချာပါ့မလဲ”
သစ်သစ်ကို
လှည့်မကြည့်ဘဲ မေးသည်။ သစ်သစ်သည် ရှိုက်သောအသံဖြင့် ပြန်ပြောသည်။
“ဒီမှာ
ဘာလဲ ကိုကို ...”
ကျွန်တော်
လှည့်ကြည့်လိုက်သည်။
မျက်လုံးတို့သည်
ည၏ ကောင်းကင်ထက်ပင် ပြာသွားသည်။ နားတို့သည် ည၏တိတ်ဆိတ်ခြင်းထက် ပို၍ အူသွားသည်။
သစ်သစ်၏ လက်ထဲမှအရာသည် ကျွန်တော့်ကို မှင်တက် မိစေပြီ။ ထိန်းထားသည့်ကြားမှ
မျက်ရည်စတို့ ပိုးပိုးပေါက်ပေါက် ကျလာသည်။
ပေတံကလေး
...
ငါးပြားတန် ခြောက်လက်မ ပေတံကလေး ...
ငါးပြားတန် ခြောက်လက်မ ပေတံကလေး ...
“သူ
ရေထဲ ချော်ကျသွားတဲ့အချိန်မှာ ဒီပေတံကလေး ကျကျန်ရစ်ခဲ့တယ် ကိုကို ... ခုလို
ကိုကို့ဘဝနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာခဲ့မယ် ဆိုရင် သစ်သစ် သိမ်းထားမိခဲ့မယ်မဟုတ်ပါဘူး
ကိုကိုရယ်”
သစ်သစ်
ငိုပါသည်။ ကျွန်တော်သည် ဘာမျှပြော၍ မရလောက်အောင် ဆို့နင့်နင့် ဖြစ်နေရပါသည်။
သေချာပါပြီ။ လစ်သည် ကျွန်တော့်ထံ လာခဲ့သည်။ ကျွန်တော်တို့အချစ်၏ သင်္ကေတဖြစ်သော
ထင်းရှူးသားပေတံကလေးကို သူ့အချစ်နှင့်အတူ အမှတ်တရယူခဲ့သေးသည်။
တွေးစရာအများကြီး
ပေါ်လာသည်။ လစ် သေဆုံးခြင်းနှင့်ပတ်သက်၍ သူ့မိဘများ မသိကြပေဘူးလား။ သတင်းစာ၌
တစ်စုံတစ်ရာ သတင်း မပါခဲ့လေသလား။ ကျွန်တော်ရော လစ်ပါ ပတ်သက်သူ တစ်စုံတစ်ယောက်ကကော
ထိုကိစ္စကို မသိခဲ့လေသလား။ တွေးစရာတွေ အများကြီးကို ကျွန်တော် မတွေးချင်တော့ပါ။
ကျွန်တော့်ကိုယ်
ကျွန်တော်ပင် ဘာဖြစ်နေသည် မသိပါ။ ကျွန်တော် သတိထားမိချိန်တွင် ကျွန်တော်သည်
သစ်သစ်၏ရင်ခွင်ထဲ၌ ရှိုက်ကြီးတငင် ငိုကြွေးနေပြီ ဖြစ်ပါသည်။
အားရအောင်
ငိုပစ်လိုက်ရသဖြင့် မောသွားသည်။ သစ်သစ်နှင့်ကျွန်တော် သစ်ပုတ်ပင်အောက်မှာ
ညသန်းခေါင်တိုင်အောင် ထိုင်၍ နေခဲ့ကြသည်။ ဘာစကားမျှလည်း မပြောဖြစ်တော့ပါ။
ကောင်းကင်သို့မော့ကြည့်သောအခါ
ခုနစ်စဉ်ကြယ်ကို သစ်ပုတ်ပင်ကိုင်းစများနှင့် လွတ်ကင်းစွာ မြင်ရသည်။ မျက်လုံးအိမ်၌
မျက်ရည်တို့ ကုန်ခန်းသွားပြီ။ ဒါပေါ့။ လစ်နှင့် ပတ်သက်စရာ ကျွန်တော့်တွင် ဘာမျှ
မကျန်တော့။
နက်ဖြန်
မိုးသောက်လျှင် ရောင်နီသည် သစ်သစ်နှင့်အတူ ကျွန်တော့်ဘဝသစ်ကို အလင်းရောင်
ပေးတော့မည်။ သစ်သစ်သည် ကျွန်တော့် ဘဝ၌ ခရီးဖော်။
အို
... ဟုတ်ပေသားပဲ။ သစ်သစ်သည် ဘယ်လောက်များ ကျွန်တော့်အပေါ် နားလည်လိုက်ပါသနည်း။
သည်နေရာသို့ လာမည် ပြင်ကတည်းက မယ်ဒလင်ယူခဲ့ဖို့ မှာသည်။ ကျွန်တော်သည် နောက်ဆုံးညအဖြစ်
သစ်ပုတ်ပင်၌ လစ်ထံသို့ သီချင်းတစ်ပုဒ်ဆိုရမည်။ မကြားနိုင်သူကို သီချင်းဆိုပြသောကျွန်တော့်အား
စိတ်ကူးယဉ်သမားဟု သတ်မှတ်လိုက်ကြပါ။ သည်ကနေ့ညတွင် ကျွန်တော်သည် စိတ်ကူးယဉ်ခွင့်
နောက်ဆုံးရချင် နေပါသည်။
သစ်သစ်သည်
ဤသို့အားဖြင့် ကျွန်တော့်ဝေဒနာကို အလိုလိုက်စွာ အဆုံးသတ်ပေးချင်ပုံ ရသည်။
သစ်သစ်သည် ကျွန်တော့်ကို နားလည် လွန်းသည်။
ကျွန်တော်သည်
ဆိုနေကျဖြစ်သောသီချင်းများကို မဆိုပါ။ စန္ဒရားချစ်ဆွေ၏ အလွမ်းသီချင်းတစ်ပုဒ်ကို
တီးလိုက်ပါသည်။
“အချစ်၏
နောက်ဆုံးနေ့များ”
ကျွန်တော်သည်
သစ်သစ်၏ပခုံးကိုဖက်လျက် သစ်ပုတ်ပင်ကို နောက်ဆုံးအနေနှင့် ကြည့်သည်။ လက်ကျန်မျက်ရည်တို့သည်
ဝေ့ခနဲ ကျချင်လာပြန်သည်။ စိတ်ကိုတင်းလျက် စကားတစ်ခွန်းဆိုဖြစ်သည်။
“ကောင်းရာ
သုဂတိလားပါစေ အချစ်”
သစ်သစ်ကို
တင်းတင်းဖက်လျက် ချာခနဲ လှည့်ထွက်လိုက်သောအချိန်တွင် မကြုံစဖူးအဖြစ်တစ်ခု
ဖြစ်သွားသည်။ နှလုံးသွေး လည်ပတ်မှု ရပ်တန့်သွားသလားပင် ထင်မိသည်။
ကြက်သီးဖြန်းဖြန်း
ထသွားမိပါသည်။
တစ်စုံတစ်ရာကို
ဖျတ်ခနဲ သတိရသွားသည်။ အကြိမ်တစ်ရာမက လစ် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ဖြစ်သည်။
“မောင်နဲ့
ဘယ်တော့မှမခွဲဘူး ... မောင့်အနားမှာပဲ နေမယ်”
ငယ်ငယ်က
လူကြီးသူမတို့ ဆိုမိန့်သည့် ဒဏ္ဍာရီဆန်ဆန်စကားရပ်အချို့ကို ကြားဖူးပါသည်။ ဝိညာဉ်လောကသားတို့သည်
သက်ရှိ လူသားများကို အမြဲရှောင်ရှားနေကြရသည်။ လူသားတို့သည် ဘုန်းကံ ရှိသည်။ လူသားများနှင့်ထိတွေ့ရလျှင်
ဝိညာဉ်လောကသားတို့ ပြင်းစွာ ပူလောင်သောဝေဒနာကို ခံစားရသည်။ သူတို့သည် အမြဲတစေငိုကြွေးလျက်
လူသားများကို ရှောင်ရှားနေကြရသည်။ မတော်တဆ သူတို့နှင့် ထိခိုက်မိလျှင်
လူသားတို့သည် ကြက်သီးဖြန်းဖြန်း ထတတ်သည်။
ဤ
အဆိုအမိန့်ကို ကျွန်တော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါ။ ဘုရားဟောလည်း မဟုတ်ပါ။ ဒီတော့
လူသားတို့ အကြောင်းအကျိုးမဲ့ တွေးဆသောသဘောဟုထင်သောကြောင့် ဖြစ်၏။ ခုလည်း ကျွန်တော်
မယုံကြည်ပါလေ။ ခု မယုံကြည်သည်မှာ ပို၍ပင် ပြင်းထန်စွာ မယုံကြည်ခြင်းဖြစ်၏။
ယုံကြည်မိပါလျှင် လစ်သည် ဝိညာဉ်လောကသား ဖြစ်သွားရရှာပေလိမ့်မည်။
လစ်ဟာ
မောင့်ရဲ့အမျှဝေသံကို ဘယ်တော့မှ နာခံချင်မှာ မဟုတ်ဘူး။ မောင်နဲ့ နီးနီးမနေရပေမယ့်
မောင့်ကို ခပ်လှမ်းလှမ်းက အမြဲ ကြည့်နေချင်မယ်။ မောင် မမြင်ရပေမယ့် လစ် မြင်ရချင်
ရှာမယ်။ မောင့်ရဲ့အလွမ်းတေးတွေကို အမြဲနားထောင်နေရှာမယ်။ မောင် သစ်ပုတ်ပင်
အောက်ကို အမြဲလာစေ့ချင် ရှာမယ်။
ခုလို
သစ်ပုတ်ပင်ကို နောက်ဆုံးနှုတ်ဆက်ပြီး ဘဝသစ်မှာ ချစ်သူနဲ့ပျော်ဖို့ လစ် ဘယ်လို
ခွင့်လွှတ်ရမလဲ။ အသက်စွန့်ပြီးမှ မောင့်ဆီ ပြန်လာရတဲ့ လစ်ကို မောင် မညှာဘူး။
လူသားတွေနဲ့
ထိတွေ့ရရင် မခံနိုင်အောင်ပူပြင်းမှန်းသိပေမယ့် မောင်နဲ့ ခွဲရမယ့်အပူကို
ပိုပြီးကြောက်လို့ မောင့်ကို သစ်သစ် လက်ထဲက အတင်းဇွတ်မှိတ်ပြီး ဝင်ဆွဲခေါ် လေသလား
.... ဟူသော ယုတ္တိမဲ့သည့်အတွေးမျိုးကိုပင် မတွေးမိစေရန် အားတင်းရင်း သစ်သစ် ပခုံးကို
ပို၍ တင်းကျပ်စွာဖက်လျက် သစ်ပုတ်ပင်ခြေရင်းမှထွက်လာခဲ့သော အခါတွင်ကား ....
လောကကြီးသည်
နောက်တစ်နေ့ ဆက်လက်တည်တံ့ဖို့ရာ သေချာပြီဟူသောသတင်းကိုကြေညာသည့်
ကျေးငှက်တို့၏အသံကလေးများကို သစ်ပုတ်ပင်အထက်ဆီ၌ ကြားလိုက်ရလေသည်။
နံနက်စောစော
အိပ်ရာမှ ထသော ကျေးငှက်ကလေးများသည် လူသားတို့ကို ဝိညာဉ်အိပ်မက်မှ နိုးထလန်းဆန်းစေသည်တကား။
သုမောင်
(သာဓု အင် ဆန်း(စ်))
(သာဓု အင် ဆန်း(စ်))
0 comments:
Post a Comment