(လွတ်လပ်ခွင့်နဲ့ခြေချုပ်)
အမေရိကပြည်ထောင်စုမှာလည်း
တခြားနိုင်ငံတွေမှာလို လိုအပ်ရင် ကလေးတွေကို ခြေချုပ် Probation နဲ့ထားတဲ့ဥပဒေရှိတယ်ဗျ။
မိဘနဲ့အသိုင်းအဝိုင်းက ပဲ့ပြင်ရခက်တဲ့ကလေးတွေကိုလည်း အဆင့်တခုအထိရောက်လို့မှ လိမ္မာရေးခြားမဖြစ်သေးဘူးဆို
အိမ်မှာပဲ ခြေချုပ်နဲ့ ထားတယ်ဗျာ။ သူ့ခြေချုပ်ကမှ တကယ့်ခြေချုပ်အစစ်ကြီး။ ကလေးခြေကျဉ်းဝတ်မှာ
လျှပ်စစ်ကိရိယာလေးတခုကို ပတ်ပေးလိုက်တာ။ အဲ့ဒီ ခြေပတ်လေးကို ကုဒ်နံပတ်သိသူကလွဲလို့
ဘယ်သူမှ ဖြုတ်မရဘူးဗျ။ အဲ့ဒီကိရိယာနဲ့ ကလေးရဲ့အိမ်ဖုန်း(ဒီမှာတော့ Landline လို့ခေါ်ပါတယ်)နဲ့
ချိတ်ပေးထားတယ်ဗျာ။ အဲ့ဒီအချိတ်အဆက်ကို Probation Office ခြေချုပ်ရုံးက ကွန်ပြူတာစစ္စတမ်နဲ့တွဲထားပြီး
ကေ့စ်ကိုကိုင်ထားတဲ့ခြေချုပ် အရာရှိ Probation Officer စောင့်ကြည့်နေတာဗျာ။ ၂၄ နာရီ ရုံးကကွန်ပြူတာရှေ့
ထိုင်ကြည့်နေတာမဟုတ်ပါဘူး။ အဲ့ဒီအရာရှိမှာလည်း သူ ဘယ်သွားသွား ခုန ခြေချုပ်မိထားတဲ့
ကလေးအိမ်ကဖုန်း၊ ကလေးခြေထောက်က ကိရိယာ၊ သူ့ရုံးကကွန်ပြူတာစစ္စတမ်နဲ့ တိုက်ရိုက်ချိတ်ဆက်
ထားတဲ့ စက်ပေါက်စနလေးတခု ပါတယ်ဗျာ။
ကလေး
ဘယ်အချိန်ကျောင်းသွား ကျောင်းပြန်၊ ဘယ်အချိနကဘယ်အချိန် အိမ်မျာရှိစတာတွေကို စစ္စတမ်ထဲမှာ
အပြီးထဲ့ထားပြီးသားဗျ၊ တနေရာရာက တခုခုမှားတာနဲ့ အရာရှိကတန်းသိတာဗျာ။ ကျောင်း၊ အိမ်၊
ရဲဌာန၊ ခြေချုပ်ရုံး၊ ခြေချုပ်အရာရှိ အားလုံးပတ်လည် လင့်ခ်ချိတ် ထားတာဆိုပါတော့။ အဲ့ဒါလေးတပ်ထားရင်
ကလေးဟာ အိမ်ထဲကအိမ်ပြင် ဘယ်နှကိုက်အကွာအထိပဲ ထွက်လို့ရမယ်ဆိုတာ တခါတည်း ပြောပြထားသလို
စစ္စတမ်ထဲမှာလည်း သိမ်းထားတယ်၊ သတ်မှတ်အကွာအဝေးထက် ခြေကျွံမိတာနဲ့ ချက်ခြင်းဆိုသလို
ကလေးအိမ်ရှေ့ ရဲကားရောက်လာပြီး မေးတော့မြန်းတော့တာပဲ။ ဖြစ်စဉ်အခြေအနေ အကြိမ်အရေအတွက်
စတာတွေအပေါ်တည်ပြီး သတိပေးရင်ပေး သွားမယ်၊ တခါတည်း မ ချသွားပြီး Juvenile Center လို့
ခေါ်တဲ့ ကလေးထောင်ပို့ရင်လည်း ပို့လိုက်မယ်ဗျာ။
ကလေးက
အဲ့ဒီလို ခြေချုပ်နဲ့နေနေတုန်းမှာ သူ့အနေအထိုင်အပြုအမူတွေသိရဖို့ Case Managers တွေက
စကားပြန်နဲ့အတူ အိမ်၊ ကျောင်း၊ ရုံးတွေကိုသွားပြီး မေးရမြန်းရ အကဲခတ်ရပါတယ်။ ရလာတဲ့
အချက်အလက်တွေကို ခြေချုပ်အရာရှိဆီ အစီရင်ခံရပါတယ်။ အရာရှိက အကဲ ဖြတ်တာ၊ မှတ်ချက်ရေးတာတွေလုပ်ပြီး
ကလေးတရားရုံးက တရားသူကြီးဆီ အစီရင်ခံရပါတယ်။ ခြေချုပ်အရာရှိရဲ့မှတ်ချက်ကိုကြည့်ပြီး
တရားသူကြီးက ခြေချုပ်ရက်မစေ့ခင် လွှတ်မယ်မလွှတ်ဘူး။ ထပ်တိုးမယ်မတိုးဘူးကို ဆုံးဖြတ်တာဖြစ်ပါတယ်။
ဆိုတော့ ခြေချုပ်အရာရှိရဲ့ မှတ်ချက်က အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ မှတ်ချက်ပေးရတာက
သူ့လုပ်ပိုင်ခွင့်ဆိုပါတော့ဗျာ။ ဒါပေမဲ့ ကလေးရဲ့တသီးပုဂ္ဂလ လွတ်လပ်ခွင့်နဲ့ ပရိုက်ဗေစီကို
မထိပါးမိအောင် တိတိကျကျ လိုက်နာထိန်းသိမ်းရပါတယ်။ ဒါက ဥပဒေပါ။ ကျနော်(စကားပြန်)လည်း
စောင့်ထိန်းရပါတယ်။ လွတ်လပ်ခွင့်နဲ့လုပ်ပိုင်ခွင့်ကို ဘယ်လို ဟန်ချက်ညှိထားသလဲဆိုတာက
ကျနော် ခုပြောမယ့်အကြောင်းအရာပါ။ ဇာတ်ရည်လည်အောင် ပြည်တည်နေရတာနဲ့ကြာနေတာပါ။
ကျနော်က
Department of Child Services လို့ခေါ်တဲ့ ကလေးသူငယ် ဝန်ဆောင်မှုအေဂျင်စီမှာ on call
လို့ခေါ်တဲ့ “ခေါ်ရင်သွား”စကားပြန် လုပ်ခဲ့တယ်ဗျ။ တရက် ကျနော့်အလုပ်ပေါ်လို့ ခြေချုပ်ရုံးရောက်သွားတယ်ဗျ။
ကလေးက တတ်ပေမယ့် မိဘတွေက အင်္ဂလိပ်လို မတတ်ကြဘူး။ သူတို့အတွက် စကားပြန်လုပ်ပေးရမှာ။ ဒါနဲ့
ကလေးနဲ့သူ့မိဘများအလာကို ရှေ့ခန်းက ထိုင်စောင့်နေချိန်ပေါ့။ အခန်းထဲမှာ အခြားကလေးတွေ
(အဖြူ၊ အမည်း၊ မက္ကဆီကန်၊ လက်တီနိုလေးတွေ)လည်းရှိနေတယ်ဗျ။ သူတို့ အုပ်ထိမ်းသူ ကိုယ်စီတွေနဲ့ပေါ့။
Teenagers တွေလည်းဖြစ်တော့ တယောက်နဲ့တယောက် မသိမသာ အထာလေးတွေပေးကြ၊ ဟန်ရေးလေးတွေပြကြ၊
အသံလေးတွေ မြှင့်ပြီးပြောကြ ဆိုတော့ တခန်းလုံး စီနေတာပေါ့ဗျာ။ ကျနော့်ရှေ့တည့်တည့်မှာက
သားအမိ ၂ ယောက် ထိုင်နေတာဗျ။ အမေက အသက် ၄ဝ လောက်။ သမီးလေးက ၁၇ လောက်ရှိမယ်။ သူလည်း
လျှပ်စစ်ခြေပတ်လေးနဲ့ပေါ့။ သူတို့စကားသွား စကားလာအရ ဒီကလေးအတွက် ခြေချုပ်အရာရှိနဲ့
လာတွေ့ရတာ က ဒီအကြိမ်နောက်ဆုံးပဲ၊ ဒီအပတ်ထဲ ရုံးချိန်းသွားမယ်။ တရားသူကြီးက ကောင်းမွန်စွာနေစေဆို
ပြီးပြီ။ ခြေကျဉ်းပြုတ်ပြီ။ အိမ်ထဲကအိမ်ပြင် ထွက်လည်လို့ရပြီ။ ကလေးမလေးက ချောတယ်ဗျာ။
တကယ့်အချောလေး။ အဖြူမလေး။ မျက်လုံး ပြာလေး။ အပြင် အဆင်လည်း တတ်ပုံပဲ။ ခြယ်ထားတာမှ မှူံနေတာပဲဗျ။
မျက်နှာချင်းဆိုင်လည်းဖြစ် အသံလေးကလည်း လွင်လွင်စာစာနဲ့ဆိုတော့ ကျနော့် မျက်စေ့ ခနခန
ရောက်တယ်ဆိုပါတော့။
အဲ့ဒီမှာတွေ့တော့တာပဲ
သူ့အင်္ကျီလည်ပင်းအဟိုက်ကို။ အသေးစိတ်တွေတော့ ထားလိုက်တော့ဗျာ ကိုယ်လေးများ ရှေ့နည်းနည်းလေး
ကိုင်းလိုက်ရင် ရင်နှစ်မြွှာဟာ အပြင်ကို ဗြုတ်ကနဲထွက်ကျတော့မတတ်ကို ဟိုက်တာဗျာ။ အောက်ကလည်း
အသားကပ်ဘောင်းဘီ အကျပ်လေး။ ကျပ်တာမှ အတိုင်းသားကိုမြင်နေရအောင် ကျပ်တဲ့အကျပ်။ ဆိုတော့
အမြင်မတော်ဘူး။
ခနနေတော့
ကျနော် ဘာသာပြန်ပေးရမယ့်ကလေးနဲ့ သူ့မိဘများရောက်လာတယ်။ သူတို့လည်း ဒီတပတ်နောက်ဆုံးပဲ။
ခုကလေးမလေးနဲ့ အတူ ရုံးချိန်းတရက်တည်းပဲ။ ဒါနဲ့ ရောက်ကြောင်း Check in လုပ်ပြီးတော့
အခန်းထဲအတူထိုင်စောင့်ကြတယ်ဗျ။ ချာတိတ်က ကောင်မလေး ကြည့်လိုက်။ ကျနော့်ကြည့်လိုက်။
သူ့အမေကြည့်လိုက်နဲ့ ဂဏှာသိတ်မငြိမ်ချင်ဘူး။ သူ့အမေက ကျနော့်ကို တချက်ကြည့်ရင်း သူ့သားကို
“ဟဲ့ မျက်စေ့ ငြိမ်ငြိမ်နေစမ်း”လို့ ဟန့်တယ်။ ချာတိတ်က စပ်ဖြဲဖြဲနဲ့ “ဦးလေး လှတယ်နော်”တဲ့။
ကျနော်က “အေး”ဆိုတော့ သူ့အမေက “အကိုကပါ အလိုတူအလိုပါ”လို့ပြောပြီ မကြည်ကြည့် ကြည့်တယ်ဗျ။
ကျနော်က မသိချင်ယောင်ဆောင်နေလိုက်တယ်။ အဲ့လိုနေတုန်း ကျနော်တို့အလှည့် ခေါ်သံကြားတယ်။
အရာရှိထွက်လာတယ်။ ကျနော်တို့လည်း သူနဲ့အတူအခန်းထဲဝင်တယ်။ အခန်းတိုင်းလိုလို လူတွေရှိနေကြတယ်။
အခန်းတွေက
ကပ်လျှက်တွေ၊ အသံလုံအခန်းတွေ မဟုတ်ဘူး။ ဆင်နားရွက်တံခါးတပ်အခန်းတွေ။ အရာရှိရဲ့ အလုပ်သဘောအရကိုက
မေးတာမြန်းတာထက် သူ့အစီရင်စာပါ အချက်အလက်တွေနဲ့ ကိုက်ညီမညီ ကလေးကို အကဲခတ်ရတာလောက်ပါဘဲ။
လိုအပ်ရင် နည်းနည်း ပြောမယ်။ ဒီလောက်ပါဘဲ။ ပြောရင်လည်း ဟိုဘက်အခန်း ဒီဘက်အခန်းကြားနေရတယ်။
ကြားလည်း ကိစ္စမရှိတဲ့အနေအထားမို့လည်း ဖြစ်မယ်။ ကျနော်တို့ဘေးခန်းမှာက ခုနကျနော်ပြောတဲ့
အချောမလေးနဲ့သူ့အမေ။ ကျနော်တို့ကိစ္စက ၃ မိနစ်လောက်နဲ့ပြီးတယ်ဗျ။ အရာရှိက ကာယကံရှင်
လက်မှတ်ထိုးရမယ့်စာရွက်တွေ ပရင်န့်တ်သွားထုတ်တော့ အခန်းကတိတ်နေတယ်။ ဟိုဘက်အခန်းက အပြန်အလှန်အချီအချ
ပြောနေတဲ့အသံတွေ အတိုင်းသားကြားနေရတယ်။
အရာရှိ။
မင်း အဝတ်အစားတော့ နည်းနည်းဆင်ခြင်ရင်ကောင်းမယ် ထင်တယ်။
ကလေးမ။
ငါဝတ်ထားတာ ဘာဖြစ်နေလို့လဲ။
အရာရှိ။
သိတ် အမြင်မတော်သလိုပဲ။
ကလေးက။
ငါ့မှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်ရှိတယ်။ ဟိုလိုမဝတ်ရဘူး ဒီလိုမဝတ်ရဘူးလို့ ဘယ်သူကမှ
ငါ့ကိုလာ အမိန့်ပေးလို့မရဘူး။ ဒါ ငါ့ အခွင့်အရေးလေ၊ ဟုတ်တယ်နော်။
အရာရှိ။
ဟုတ်ပါတယ်။ မင်းကို အကြံပေးတာပါ။ အမိန့်ပေးတာ မဟုတ်ပါဘူး။
ကလေးမ။
အကြံပေးလို့ ရလို့လား၊ မင်းအလုပ်မှာ ငါ့ကို အကြံပေးရမယ်လို့ပါလား။
အရာရှိ။
အဲ့လိုတော့ မပါပါဘူး။
ကလေးမ။
မပါရင်မပေးနဲ့ပေါ့။ ငါကလည်း မင်းဆီက အကြံတောင်းဖို့ လာတာတာမှမဟုတ်တာလေ။
အရာရှိ။
ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။
နောက်တော့
ကျနော်တို့လည်း ပြန်လာခဲ့ကြတယ်။
နောက်
၂ ပတ်လောက်ရှိတော့ ခုန ကလေးမိဘများအိမ်ဘက် တခြားကိစ္စတခုနဲ့ ကျနော်ရောက်တယ်။ ချာတိတ်လည်း
အိမ်မှာရှိနေတယ်။ ဘောလုံးသွားကန်မလို့ ပြင်နေတာ။ ကျနော်က “ဟေ့ကောင် ခု မင်းအေးဆေးပေါ့ဟုတ်လား”
ဆိုတော့ ဟုတ်..ဦး။ ပြီးသွားပြီ။ မလွယ်ပါဘူးဗျာ။ တချီတည်းနဲ့ လန်ထွက်သွားတာပဲ..တဲ့။
ပြောနေတုန်း ကျနော့်စိတ်ထဲ ဖျတ်ကနဲ ဟိုကလေးမလေးက ဝင်လာတယ်ဗျ။ ဒါနဲ့ “ဟေ့ကောင် အဲ့နေ့က
မင်းနဲ့အတူရုံးလာတဲ့ကောင်မလေးရော လွတ်သွားပြီလား။ မင်းနေ့ ရုံးချိန်လည်း တရက်တည်းလေ”
ဆိုတော့။ “မလွတ်ဘူး ဦးရေ၊ နောက် ၃ ပတ် ထပ်တိုးသွားတယ်၊ အဲ့နေ့က ဦးလေးကြားလား၊ သူ
အရာရှိကို ရန်တွေ့နေတာလေ”တဲ့။
ကျနော်လည်း
“အင်း”လို့တခွန်းပြောပြီး အိမ်ပြန်ခဲ့တာပါပဲဗျ။
မျိုးမြင့်ချို(ဇန်နဝါရီ
၉၊ ၂ဝ၁၉)
0 comments:
Post a Comment