Tuesday, January 22, 2019

(အမေရိကန် ခင်ဝင်းရွှေ) မျိုးမြင့်ချို

0 comments
(အမေရိကန် ခင်ဝင်းရွှေ)
ဒီမှာ Pro-Life နဲ့ Pro-Choice ဆိုပြီးရှိတယ်ဗျာ။ ချုံ့ပြောရရင် ပရိုလိုက်ဖ်က ကိုယ်ဝန်ဖျက်ချတာကိုလက်မခံဘူး ဆန့်ကျင်တယ်။ ပရိုချွိုက်စ်က ကိုယ်ဝန်ဖျက်ချတာကို လက်ခံတယ် ထောက်ခံတယ်။ အဲ့ဒီ ၂ စုဟာ ကိုယ့်လူနဲ့ကိုယ်၊ ကိုယ့်ငွေနဲ့ကိုယ်၊ ကိုယ့်လှုပ်ရှားမှုကိုယ် သွားနေကြတာပဲဗျာ။ ၂ ဘက်စလုံးမှာတော့ ဘာ့ကြောင့်ဆိုတာကို အချက်အလက်ဝေဝေဆာဆာနဲ့ ကိုးကိုးကားကားပြောကြတာရှိတယ်ဗျ။

ပရိုလိုက်ဖ်တွေက ဘာသာရေးနည်းနည်းပိုကဲသလို ပရိုချွိုက်စ်တွေက လောကီဘက် ပိုယိမ်းတယ်လို့ပြောလည်း ထိုက်သလောက်တော့ မှန်တယ်ဗျ။ ပရိုလိုက်ဖ်တွေက လိင်တူခြင်းထိမ်းမြားလက်ထပ်ခွင့်ကို ဆန့်ကျင်ရုံမက လိင်တူဆက်ဆံတယ်ဆိုရင်တောင် သဘာဝလည်းမကျသမို့ နတ်လူလည်းမကြိုက်လို့ ငရဲအိုးဇောက်ထိုးဆင်းရမှာလိုလို ပြောတယ်ဗျ။
ပရိုချွိုက်စ်တွေကတော့ သူ့ခန္ဓာကိုယ်နဲ့ သူ့လိင်စိတ်ခံစားမှုထူးခြားပုံအရ သဘာဝကျတယ်၊ နတ်လူကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့ဘာသာ ကြိုက်နေရင်ပြီးတာဘဲ၊ ဘုရားကအပြစ်လွှတ်ဖို့ လောကကိုကြွလာတာမို့ အပယ်တံခါး ပိတ်သွားတာဖြင့်ကြာလှပြီ ဘုရားက နားလည်ပါတယ်တဲ့... ဗျ။ သခင်ယေရှုနဲ့ ရှင်ပေတရုတောင် ဘာလိုလိုညာလိုလိုဆိုပြီး ပြောသေးတဲ့လူတွေဗျာ။

ဆိုတော့ ပရိုချွိုက်စ်တွေက ကိုယ်ဝန်ဖျက်ခွင့်မပေးချင်ဘူး၊ LGBTQ တွေကို ကာမေသုမိစ္ဆာ စာရာစာရင်းသွင်းပြီး အရာမလုပ်လိုဘူး။ ဘာသာရေး တိမ်းညွှတ်မှုကဲတယ်၊။ ပရိုချွိုက်စ်တွေက ကိုယ်ဝန်ဖျက်ခွင့်ကို သဘောကျတယ်၊ LGBTQ တွေကို လိင်စိတ်သဘာဝအရ ခြားနားနေသူတွေဖြစ်ပေမယ့် လူလူချင်းတန်းတူလို့ သဘောပိုက်တယ်၊ ဘာသာရေးနဲ့ ခွာတွေး တွေးတတ်ကြတယ် ဆိုပါတော့ဗျာ။ ဒါက အကြမ်းဖျဉ်းသဘောပါ။ ပြောရရင် အတော် အဆာကျယ်ပါတယ်ဗျ။

ဒေါ်ကြီးက သမ္မတရွေးကောက်ပွဲမဲဆွယ်တုန်းက သူ သမ္မတဖြစ်ခဲ့ရင် ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေနဲ့ လိင်တူထိမ်းမြားခွင့်ဥပဒေတွေကို ဖျက်ပစ်မယ်လို့ ကြုံးလည်းကြုံးဝါး ကတိတွေလည်း အတန်တန်ပေးတယ်ဗျ။ Conservatives လို့ဆိုတဲ့လူတွေနဲ့ ဘုရားကျောင်းတွေက အတော်လေး လက်ခုပ်သြဘာ ပေးခဲ့ကြတယ်ခင်ဗျ။ ဒုက္ခသည်အဖြစ်ရောက်လာတဲ့ ကျနော်တို့ ဗမာပြည်ဖွားတွေထဲကတောင် အဲ့ ၂ ချက်ကြောင့် ဒါမှ တို့ဒေါ်ကြီးကွဆိုပြီး အားတက်သရောနဲ့ သူ့ မဲပေးခဲ့တဲ့လူတချို့ ရှိခဲ့ပါတယ်။

ခုထိတော့ ဒေါ်ကြီးလည်း တံတိုင်းကိစ္စနဲ့ဗျာများ ယားလို့တောင်မကုပ်အားပဲ အဲ့ဒီကိစ္စတွေဘက် ယောင်လို့တောင် မလှည့်သာဘူးဗျ။ ပြောတာတော့ ပြောနေတာပေါ့ဗျာ။ NLD ဖွဲ့စည်းပုံပြင်မယ်တို့ဘာတို့ပြောနေသလိုမျိုး အရည်မရ အဖတ်မရတွေပေါ့ဗျာ။ မြစ်ဆုံက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖျာပဲခင်းမှာလိုလို ပွဲခင်းပဲမီးရှိုံ့မှာလိုလိုတွေပေါ့ဗျာ။

ဒေါ်ကြီးက တံတိုင်းနဲ့တိုင်ပတ်နေချိန်မှာ ဒုသမ္မတ မိုက်ခ်ပန့်စ်ကတော် ကယ်ရင်ပန့်စ်က တစခန်းထလာတယ်ဗျ။ သူက ဒုသမ္မတကတော် ဆိုတော့ Second Lady ဘဲထားပါတော့ဗျာ။ အဲ့ဒါ သူက ကျောင်းတကျောင်းမှာ စာသွားသင်တယ်။ ဆရာမအနေနဲ့သင်တာလား ဒေါ်စုလို တခုခုတော့ မေးဦးပြောဦးမှပါဆိုပြီး ဘာသာပြန်တွေ မှားနေတယ်တို့၊ ကလေးတွေနို့တိုက်တို့ အဲ့လိုမျိုး စကားမရှိ စကားရှာချင်လို့လားကတော့ သူ့မေးမှဘဲ သေချာသိရမယ် ထင်တာဘဲဗျာ။

သူက ဒုသမ္မတကတော်ဆိုတော့ ထုံးစံအတိုင်း အမေရိကန်ခင်ဝင်းရွှေပေါ့ဗျာ။ အမှန်က မီလာနီကြီးဖြစ်ရမှာ။ ဟိုက မော်ဒယ်လ်ကနေ စိုင်ကော်လို့ အိမ်ဖြူတော်ရောက်ပြီး သမ္မတကတော်ဖြစ်လာတာဆိုတော့ နေရာတကာ မဝင်ဆန့်ဘူးဗျ။ မိုက်ခ်မိန်းမကတော့ နိုင်ငံရေးအဝန်းအဝိုင်းထဲကလည်း လာတာဖြစ် ပညာလည်းပညာတတ် ပြည်နယ်ဘုရင်ခံကတော်လည်းဖြစ်ခဲ့တာ ဆိုတော့ ပန်ကာပေါ့ဗျာ။ ဂျင်ထိပ်ကထုံးပေါ့။ ဒါကြောင့် အမေရိကန်ခင်ဝင်းရွှေဖြစ်တာပေါ့လေ။

သူက အမေရိကန်ခင်ဝင်းရွှေဆိုတော့ ထုံးစံရှိသည်နှင့်အညီ ကျောင်းကိစ္စမှန်သမျှ ဒိုင်ခံဆုံးဖြတ်ရတဲ့ ဘုတ်အဖွဲ့ထဲ ထည့်ပေးရတာပေါ့ဗျာ။ ဆြာမကြီးပေါ့။ သူလည်း အကောင်ဖြစ်လာရော အရင်ဆုံးလုပ်တာက သူ့ကျောင်းမှာ လိင်တူစုံမက်တဲ့ကျောင်းသားတွေ မတက်ရတို့၊ လိင်တူ ခုံမင်သူမှန်သမျှ ကျောင်းမှာ ဘာအလုပ်မှ အသစ်မခန့်ရတို့၊ ခန့်ပြီးသားထဲမှာ မောင်မစ္စကတွေ မယ်သံဝါသတွေရှိရင် လျော်ကြေးပေးပြီး အလုပ်ဖြုတ်တို့၊ ကျောင်းသားသစ်လာအပ်ရင် သူ့ရဲ့ Sexual Orientation (လိင်စုံမက်မှု သဘော)ဘာလဲကို အာမ ခံရမယ်တို့တွေ လုပ်ရောဗျို့။ ကွိုင်က အဲ့ဒီမှာတင် စတက်တော့တာဘဲ။

မီဒီယာတွေကလည်း သိတဲ့အတိုင်း သူ့ဘက်ကိုယ့်ဘက် အပြတ်ရပ်ခံပြီးရေးကြတာပေါ့ဗျာ။ အမေရိကန်အောင်မျိုးမင်းတွေလည်း အများကြီးပဲဗျ။ သူတို့က ထောလည်းထော လူလည်းတောင့် ဥပဒေအရတည်ရှိခွင့်လည်းရှိ လွှတ်တော်တွေထဲလည်း နားကပေါက်ဆိုတော့ စည်တယ်လေ ဆယ်ကမ္ဘာထက်ကဲပေါ့ဗျာ။ ယောမင်းကြီးစကားဝိုင်းကလူတွေလို ယုန်နားရွက်အစလေး ၂ ခုထောင်ပြီး ပညာယှိယောင်ယောင် ဆုံးမချေချွတ်သယောင်တွေလည်း မနည်းဘူးဗျ။ အားလုံးကတော့ ကိုယ့်ပရောဂျက်တွေနဲ့ ကိုယ့်ပရိုပိုဆယ်လ်တွေ ကိုယ့်ဒိုနာ Donors တွေနဲ့ကိုယ်ပေါ့ဗျာ။ ဗမာပြည်က ပွင့်လင်းလုပ်ခဲ့တဲ့ ၈၈ ငြိမ်းပွင့်တွေကိုတော့ ဂျော့ဆိုးရော့စ်က ဘယ်မျှစွန့်ကြဲခဲ့သလဲ လူတွေမသိပေမယ့် သူက ဒီမိုကရက်ဆိုတော့ အမေရိကန်အောင်မျိုးမင်းတွေဘက်တော့ ရေလောင်းတယ်ပြောတယ်ဗျ။

ထားပါ့တော့ဗျာ အဲ့လိုနဲ့ ပွဲကဆူလာတယ်။ အုတ်အော်သောင်းတင်းကြီး မဟုတ်ဦးတောင် အုံးအုံးကျက်ကျက်လေးတော့ဖြစ်လာတယ်။ ပြသဒ်ကမီး အမှိုက်ပုံတင်မကဘူး မီးဖိုချောင်ထဲက လက်နှီးစုတ်အထိလိုက်လောင်တယ်။ အမေရိကန်ခင်ဝင်းရွှေလည်း ပျာပျာသလဲ ခေါင်းခါခါလက်ခါခါနဲ့ နှုတ်လှန်ပြန်ထိုးတာပေါ့ဗျာ။ လက်ပန်းတောင်တောင်ကိစ္စတုန်းက ဒေါ်စု ဟိုစာမတတ်ပေမတတ် တောင်သူမလေးတွေသွားပြီး အစီရင်ခံစာဖတ်ပြီးပြီလား မဖတ်ရသေးရင်မပြောနဲ့ ဘာညာဆိုပြီး ထမီစွန်တောင်ဆွဲ ကက်ကက်လန်သလောက်ကြီးတော့လည်း ရာဇအိနြေ္ဒမပျက်ဘူးပေါ့ဗျာ။ သူက နိုင်ငံရေးသမား မယားကိုး။ ဒုသမ္မတကတော်ကိုး။

နောက်ဆုံး ထုံးစံအတိုင်း မယားမွှေးတဲ့မီး လင့်ငယ်ထိပ် တက်လောင်ရော။ ဒီတင် မိုက်ခ်ပန့်စ်လည်း ဘီလူးသွားကို လဖြဲတည်းဟူသောမန်နဲ့ မျက်ထောင့်နီပြီး မင်းတို့ကောင်တွေနော် ပြောတာလွန်လာပြီ၊ ဒါ သက်သက်မဲ့ စော်ကားမော်ကားလုပ်တာ ရန်လိုတဲ့သဘောပါတယ် ဘာညာနဲ့ ဒေါင်းတင်မောင်းတင် တင်တော့တာပဲ။

တခုတော့ရှိတာပေါ့ဗျာ ဒီမှာက ဗမာပြည်မှာလို အစိုးရကို နိုင်ငံတော်လို့ခေါ်တာမှ မဟုတ်တာ။ ဆယ်အိမ်ခေါင်းက အာဏာပိုင်အဖွဲ့အစည်းဆိုပြီးလုပ်နေတာမှ မဟုတ်တာကိုး။ ဒီတော့ မိုက်ခ်က ဒုသမ္မတအနေနဲ့ ဘီလူးကြိမ်း ကြိမ်းမရဘူး။ နိုင်ငံတော်အတိုင်ပင်ခံလို ချေမှုန်းချင်စိတ်ရှိတိုင်း ချေမှုန်းခိုင်းလို့ မရဘူး။ မင်းအောင်လှိုင်လို အမျိုးသားရေးဦးဆောင်မှုကဏ္ဍမှာပါမယ်လို့ လုပ်လို့မရဘူးဗျ။
ဒီတော့ မိုက်ခ်က ဒုသမ္မတအနေနဲ့ ထွက်သာထွက်လာပေမယ့် နိုင်ငံတော်နဲ့ကိုင်ပေါက်လို့ မရဘူးပေါ့ဗျာ။ အဲ့ဒီတော့ ဒါသက်သက်မဲ့ သူ့မယားရဲ့ဘာသာရေးယုံကြည်မှုကို၊ ကန်ဆားဗတစ်ဆန်မှုကို ထိုးနှက်တာ ဘာညာပြောပြီး တောင်းပန်တာလိုလို လျှောချတာလိုလို မအီမလည်လုပ်ပြီး အသာလေး တပ်ခေါက်သွားတယ်ဗျ။ ပြီးတော့မပြီးသေးဘူး။ မပြီးတာမှ ၂ ဘက်လုံးက မပြီးတာ။

အမေရိကန်ခင်ဝင်းရွှေတို့ဘက်က ပရိုလိုက်ဖ်တွေနဲ့ လိင်တူဆန့်ကျင်ရေးသမားတွေ ပါနေတယ်။ ဒီစည်းကမ်းသစ်ကို တည်အောင်လုပ်ပြမယ် ဘာညာ လက်သီးလက်မောင်းတန်းနေတာပေါ့ဗျာ။

ခင်ဝင်းရွှေရဲ့ ရွှေစိတ်တော်အလိုအရ အသစ်ထည့်သွင်းလိုက်တဲ့ စည်းကမ်းချက်တွေကို အတည်ဖြစ်မလာအောင် ဆက်လက် တိုက်ပွဲဝင်ရမယ်လို့ အမေရိကန်အောင်မျိုးမင်းတို့နဲ့အတူ ပရိုချွိုက်စ်တွေကလည်း ညာသံပေးနေတုန်းပါဗျား။ ဟူး..မောလိုက်တာ။
မျိုးမြင့်ချို ဇန်နဝါရီ ၂၂၊ ၂ဝ၁၉

0 comments:

Post a Comment