Monday, January 14, 2019

(ပဒူအုံ တုတ်ထိုးသူများ) မျိုးမြင့်ချို

0 comments
(ပဒူအုံ တုတ်ထိုးခြင်း)

ကျနော်မြစ်ဆုံကိစ္စသဘောမတူတာက ပတ်ဝန်းကျင်သဘာဝကြီး ပျက်စီးမစိုးလို့၊ ပတ်ဝန်းကျင်အလှတွေ ပျက်စီးကုန်မစိုးလို့၊ သစ်ပင်သစ်တောတွေ သက်ရှိမျိုးစိတ်တွေ ပျက်စီးကုန်မစိုးလို့ဘာလို့ စတာတွေကြောင့်လည်း မဟုတ်ပါ။ အဲ့ဒါတွေက ကိုယ်မဖျက်လည်း ဖျက်သူတွေဖျက်နေကြတာပဲလေ။ ခုမှ စဖျက်ကြတာမှလည်း မဟုတ်တာ။ ဖျက်လာခဲ့တာမှ ကြာလှပြီ။ ဖျက်ပြီး ကောင်းစားကြီးပွားတဲ့အကျိုးသာ လူတိုင်းမခံကြရတာ ဖျက်လို့ ပျက်တဲ့ဒဏ်တော့ လူတိုင်း သာတူညီမျှခံနေကြရတာပဲ မဟုတ်လား။ ဖျက်ပါ။ ဒဏ်လည်းခံပါ့မယ်။ အကျိုးစီးပွားလည်း ညီတူမျှတူခံစားပါရစေ။ ဒဏ်ကျ သာတူညီမျှခံရပြီး အမြတ်ကျ လူတစုက မောင်ပိုင်စီးသွားတော့ မခံနိုင်ပါ။ ကျနော်တို့ ညီတူမျှတူအကျိုးခံစားခွင့်ဆိုတာ ဒေသခံကချင်ပြည်သူတွေနဲ့ ကျန် ဗမာတပြည်လုံးကို ဆိုလိုတာပါ။ အတူခံရတော့ အတူစံချင်တယ်။ ဒါ့ကြောင့် ဆန့်ကျင်တာပါ။

နောက်တချက်က လူတွေဟာ သဘာဝကြီးကို တဘက်ကဖျက်ရင်း တဘက်ကပြန်ပြုပြင်ဖာထေးရင်းနဲ့ လောက ခုလောက် တိုးတက်လာတာမဟုတ်လား။ ရေနံလိုချင်ရင် မြေပြင်ကို ဖေါက်ရမှာပါဘဲ။ ကျောက်မီးသွေးလိုချင်ရင် မြေကို ခွဲရမှာပါဘဲ။ ကျောက်သံပတ္တမြားလိုချင်ရင် မြေကို တူးရမှာပါဘဲ။ ပရိဘောဂလိုချင်ရင် သစ်ပင် ခုတ်ရတာပါဘဲ။ ရေလိုချင်ရင် မြစ်ကို ယဉ်ကျေးအောင် လုပ်ရတာပါဘဲ။ ရေအားလျှပ်စစ်လိုချင်ရင် မြစ်ကို ပြင်ရမှာပါဘဲ။ မြစ်ကို ဖျက်ပစ်တာမဟုတ်ဘူးဆို ဘာဆန့်ကျင်စရာရှိမလဲ။ မြစ်တော့ ပြင်လိုက်တယ်။ ရေအားလျှပ်စစ်တွေလည်း ထွက်လာတယ် အကျိုးအမြတ်ကျတော့ မြစ်ရှင်က ထိုက်တန်သလောက်မခံစားရဘူးဆို ဘာကိစ္စ ကိုယ့်မြစ်ကို အပြင်ခံရမှာလဲ။ ဒါ့ကြောင့် ဆန့်ကျင်တာပါ။

နောက်တချက်က မြစ်ဆုံကိစ္စကျနော်သဘောမတူတာက ဧရာဝတီမြစ်ကြီးချစ်လှချည်ရဲ့ကြောင့်တော့ မဟုတ်ပါဘူး၊ မြစ်က ကျနော် မချစ်လို့လည်း အစီး မပျက်ပါဘူး။ ကျနော်ချစ်လို့လည်း အစီး မသွက်ပါဘူး။ နိုင်ငံရေးအရ နဂိုကမှ အစည်းပျက် အစည်းပြေနေတဲ့ပြည်မှာ မြစ်ဆုံကြောင့် အစေးမကပ်တာတွေပိုများ ပဋိပက္ခတွေ ပိုကြီးထွားလာမှာကို ထိတ်လို့ပါ။ သံယံဇာတ အဝေမတည့်လို့ ဗူးလေးနေရတဲ့ပြည်ကို မြစ်အဝေမတည့်တဲ့ဖရုံ ထပ်မဆင့်စေချင်တော့ပါဘူး။ ဧရာဝတီတကြောမှာ စစ်ပွဲတွေများလှပြီ။ မြေနုကျွန်းကလေးပေါ်တယ်ဆိုတောင် တုတ်တပြက် ဓားတပြက်တွေလည်း ဖြစ်ရလှပြီ။ မြစ်ဝကျွန်းကြီးပေါ်တော့ စပါးကျီလုတဲ့စစ်တွေ ဖြစ်ကြရလှပြီ။ လူတွေ မြစ်ကြောင့် စစ်ဖြစ်ရလှပြီ။ မြစ်လုပွဲတွေများလှပြီ။ မြစ်ထဲမှာ သွေးတွေချောင်းစီးကြရလှပြီ။ ဧရာဝတီဟာ စစ်ပွဲတွေ သွေးချောင်းစီးသတ်ဖြတ်မှုတွေကို မြင်ရလှပြီ။ ခုတခါ မြစ်ကြောင့် ထပ် မီးလောင်ရာလေပင့်လာမှာကို စိုးရိမ်တယ်။ ဒါ့ကြောင့် ဆန့်ကျင်တာပါ။

မြေငလျင်လှုပ်လို့ ဆည်ရိုးကြီးပြိုကျရင် ဒုက္ခတွေ တွေ့ကြတော့မယ် ဆိုတာကလည်း တယ်ပြီးမဆန်းလှပါဘူး။ ဆည်မကျိုးလည်း ငလျင်ကြောင့် လူတွေဒုက္ခရောက်ကြတာပါဘဲ။ ငလျင်ကြောနဲ့နီးလို့ ဆည်မဆောက်ဘူးဆိုတာထက် ငလျင်ဒဏ် တတ်နိုင်သမျှခံနိုင်ရည်ရှိတဲ့ ဆည် လူတွေဆောက်နိုင်ကြတာပဲ။ ငလျင်ကို ရွှေ့လှုပ်ခိုင်းလို့မရသလို မြစ်ကိုလည်း မ ရွှေ့သွားလို့မှ မရတာ။ ငလျင်ကြောက်လို့ဆို ဂျပန်မှာလူတွေ နေနေပါ့မလား။ မီးတောင်ပေါက်မှာကြောက်လို့ဆို တောင်ခြေမှာ ဘာကိစ္စမြို့တည်ပြီးနေမလဲ။ ကြံ ကြောက်မယ်ဆို လှည်းအောက်တောင် အိပ်မရဘူးမဟုတ်လား။ ဆိုတော့ ဆည်ဆောက်ပါ။ တတ်နိုင်သလောက် ဒဏ်အခံနိုင်ဆုံးဆောက်ပါ။ ဖြစ်ကတတ်ဆန်း ပြီးပြီးရောလုပ်မရအောင် ကမ္ဘာကနည်းပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့ ညှိပါ။ အကူအညီယူပါ။ ကြပ်မတ်ပါ။ ခုကအဲ့သလို သိတ်လုပ်ထားပုံမပေါ်ဘူး။ ဒါ့ကြောင့် ဆန့်ကျင်တာပါ။

နောက်တချက်က အစိုးရကိစ္စ။ (ဟုတ်မဟုတ်တာအပထား NLD ဟာ ပုံသဏ္ဌန်အရ အစိုးရဖြစ်နေတယ်) အစိုးရဆိုတာ ရှေ့အစိုးရလုပ်ခဲ့တဲ့ လုပ်လက်စအလုပ်တွေ ချုပ်ခဲ့တဲ့ကတိစာချုပ်တွေ(စီးပွားရေး ကုန်သွယ်ရေး၊ စစ်ရေးအပါအဝင်)ကို ထိန်းသိမ်းဆက်ခံရတာမှန်ပေမယ့် ပြင်တာ၊ ဖျက်သိမ်းတာ၊ အလျော်ပေးတာ၊ လျှော်ပစ်တာတွေ လုပ်လို့ရသလို မရတာတွေလည်းရှိတယ် မဟုတ်လား။ လုပ်လို့ရလို့ လုပ်ဦးတောင် ဘယ်ပုံစံနဲ့လုပ်ကြမလဲက တွေးစရာပါ။ စစ်အုပ်စုက သူ့ကိုယ်သူ ဧရာဝတီမြစ်ပိုင်ရှင်လိုလုပ်ပြီး ကိုယ်ပိုင်ဝယ်ရောင်းစာချုပ် ချုပ်ပြီး သပိတ်ဝင်အိပ်ဝင် အကုန်ကဲ့ယူသွားတာမဟုတ်လား။ မြစ်အမည်ခံ တိုင်းပြည်အမည်ပေါက်နဲ့ငွေချေးပြီး ကိုယ်ပိုင် ဘဏ်အကောင့်တ်ထဲ ထည့်သွားတာ မဟုတ်လား။ အဲ့ဒါကို တိုင်းပြည်လူထုက ဘာကိစ္စ နဖူးကချွေး ခြေမကျအောင်ရှာထားတဲ့ ချွေးနှဲစာကလေးထဲကနေ ထပ်ပေးရဦးမှာလဲ။ ဓားစာခံလည်း အလုပ်ခံရသေး ပြန်ပေးရွေးငွေလည်း ကိုယ်ကပေးရဦးမယ်ဆိုတော့ တရားတဲ့ကိစ္စလား။ မျှတတဲ့ကိစ္စလား။ ဒါ့ကြောင့် ကျနော်ဆန့်ကျင်တာပါ။

နောက်တချက်က ရင်းနှီးထားသူဘက်ကကိစ္စ။ သူလည်း အမြတ်လိုချင်လို့ အရင်းထုတ်ထားတာပါ။ နိုင်ငံနဲ့ချီတဲ့စီးပွားရေးပါ။ ရင်းထားတာက ကျောက်ခဲသလဲမဟုတ်ပါ။ ချုပ်ထားတဲ့စာချုပ်က နိုင်ငံချင်းပါ။ မတရားသဖြင့်အမြတ်မထုတ်နိုင်အောင်၊ ဝိသမလောဘနဲ့ မဟားဒယားကြီးမဖြစ်အောင် ထိမ်းကွပ်ဖို့ပါ။ လိုအပ်ရင် (ပြင်လို့ရတယ် ဆိုရင်) စာချုပ်ကိုပြင်ပါ။ ရခိုင်ဘက်က တချို့စာချုပ်တွေတောင် အကျိုးအမြတ်ခွဲဝေမှု ပြန်ပြင်ချုပ်ဆိုတာတွေ လုပ်သေးတာပဲ။ သူ့ဘက်ကလည်း ဒီနေရာငွေရှူံးရဲ အခြားနေရာက အမြတ်ပြန်ထုတ်မှာပါဘဲ။ ငွေအမြတ်လောက်ပြန်ထုတ်ရင်ခံသာမှာပါ။ ဂုဏ်သိက္ခာအတွက် ရင်းစားကြေအောင် ချေမယ်ဆို မီးခိုးမဆုံးမိုးမဆုံးဖြစ်မှာပါ။ ဒါ့ကြောင့် ကျနော် ဆန့်ကျင်တာပါ။

နောက်တချက်က လူတွေကိုလိမ်တာပါ။ တိုင်းပြည်ကို မလှိမ့်တပတ်လုပ်တာပါ။ စာချုပ်ကို အပျောက်ရိုက်ဖို့လုပ်တာပါ။ မလုပ်ကောင်းတဲ့အလုပ်ပါ။ ပေးထားတဲ့ကတိအတိုင်း မြစ်ဆုံစာချုပ်ကို လူတွေကို အတိအလင်းချမပြတော့ လူထုက ဘာသဘောထားပေးရမှန်း မသိပါ။ သို့လောသို့လောတွေ ပိုများလာတယ်။ သံသယတွေ ပိုကြီးထွားလာတယ်။ မယုံသင်္ကာဖြစ်လာတယ်။ ကိုယ်ချုပ်ခဲ့တဲ့စာချုပ် မဟုတ်ပေမယ့် ကိုယ်က တာဝန်ခံနေရတာဆိုတော့ ချပြရမယ့်တာဝန်ပါ ရှိပါတယ်။ ချပြပါ တိုင်းပြည်ကို လူထုကို။ လူထုက သဘောထားပေးပါ့မယ်။ ခိုးကြောင်ခိုးဝှက်သာ မလုပ်ပါနဲ့။ ခုက ပုလင်းတူဗူးဆို့လိုလို၊ ဓားမြနဲ့လက်ထောက်ချလိုလိုတွေလုပ်နေတာပါ။ ဒါ့ကြောင့် ကျနော် ဆန့်ကျင်နေတာပါ။

ငွေလိုချင်တာသက်သက်မို့လို့၊ နိုင်ငံချင်း စိုတဲ့လက်မခြောက်ချင်လို့မို့၊ အစိုးရဆိုတာ ရှေ့ကလုပ်ခဲ့တာတွေကို တာဝန်ခံရတာမို့လို့၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ မှီခိုနေရတာမို့၊ တခြားပြဿနာတွေကို နိုင်ငံတကာအလည်မှာ ဝိုင်းကူဖုံးဖိပေး ကြံရာပါလုပ်ပေး၊ သေတွင်းက ဆင်းကယ်ပေးနေတဲ့ ကယ်တင်ရှင်ဖြစ်နေတာမို့လို့၊ မိမိအာဏာကို ကျားကန်ပေးနေသူမို့လို့ဆိုတာလောက်နဲ့တော့ မလုပ်စေ့ချင်ပါ။ တုံးတိုက်ကျားကိုက်ကိုက် လုပ်မှာဘဲဆိုပြီး မျက်ကန်းတစ္ဆေမကြောက် ဆောက်မယ်ဆို မြစ်ပေါ်မကလို့ မိုးပေါ်ပဲတက်ဆောက်ဆောက် ဆောက်လို့ရပါတယ်။ လူထုမကျေနပ်လို့ ထကြွလာလည်း စစ်တပ်ကိုင် နှိမ်နင်းလို့လည်းရပါတယ်။

ဒါပေမယ့် ပွဲက ပြီးမသွားပါဘူး။ မီးက သေမသွားပါဘူး။ တာဆိုတာ ချိုးရင် ကျိုးပါတယ်။ ဆည်ဆိုတာ ရေလွှဲပေါက် ဘယ်လောက်ရှိရှိ တကယ်ရေတိုးရင် မခံနိုင်ပါ။

လူထုဟာ ရေပါ။ တိုင်းပြည်ဟာ ဧရာဝတီပါ။ အုပ်စိုးသူဆိုတာ ဆည်ပါ။

ဒါတွေမဖြစ်စေချင်ပါ။ ဒါ့ကြောင့် ကျနော် ဆန့်ကျင်ပါတယ်။
မျိုးမြင့်ချို ဇန်နဝါရီ ၁၄၊ ၂ဝ၁၉

0 comments:

Post a Comment