Saturday, January 5, 2019

(အမေးထူရင် အလုပ်ပါးတာ သဘာဝ) မျိုးမြင့်ချို

0 comments
(အမေးထူရင် အလုပ်ပါးတာသဘာဝ)
ထောင်ကျဖူးလားမေးရင် ကျဖူးတယ်။ ကျတာမှ ဖြတ်သွားဖြတ်လာမဟုတ်ဘူး။ အုတ်ရိုးသေးပန်းသလောက် မဟုတ်ဘူး။ ချောင်တဲ့ခေတ်မှာ မဟုတ်ဘူး။ ၁၅ နှစ်ကို ၄ ရက်ပဲလျော့တယ်။ အေး..ဒါပေမယ့် အဲ့ဒါ ငါ့ရွေးချယ်မှု၊ ငါ့ယုံကြည်ချက်၊ ငါ့ပိုင်းဖြတ်ချက်ကြောင့်ပဲ။ ဘယ်သူတိုက်တွန်းလို့ ခြိမ်းခြောက်လို့ မြှောက်ပင့်ပေးလို့မှလည်းမပါဘူး။ ငါ့လုပ်ရပ် ငါ့ရွေးချယ်မှု ငါ့ပိုင်းဖြတ်ချက် ငါ့ရပ်တည်ချက်တွေအတွက် ငါ့ဘာသာကျေနပ်တယ်။ ဂုဏ်ယူတယ်။

ငါ ဒီမိုကရေစီလိုချင်တယ်။ ငါပြည်တွင်းစစ်ရပ်စေ့ချင်တယ်၊ ငါလူမျိုးစုတွေအားလုံး ဘာမှမခွဲခြားပဲ တန်းတူရည်တူသွေးစည်း ညီညွတ်တဲ့ပြည်ထောင်စုလိုချင်တယ်။ ခုချိန်ထိ မရသေးဘူး။ မရလို့လည်း စိတ်မပျက်ဘူး။ ငါလိုချင်တာ ငါယုံကြည်တာကို ငါရောက်တဲ့နေရာကနေ ရသလောက်လုပ်တယ်။ ပြောတယ်။ ရေးတယ်။ ဖတ်တယ်။ လေ့လာတယ်။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်တယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားတယ်။ လိပ်ပြာသန့်တယ် စိတ်သန့်တယ်။

အေး..ဒါပေမယ့် ဘယ်သူ့ကိုမှတော့ "ထောင်ကျဖူးလား" တခါမှ မမေးမိဖူးဘူး။ မေးစရာအကြောင်းလည်း မရှိဘူး။ မေးတဲ့ကောင်တွေကိုလည်း အထင်ကြီးဖို့ဝေးစွ မသူတော်တွေလို့ပဲမြင်တယ်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့တိုက်ဖို့လား။ မလုပ်ဘူး။ လုပ်ဖို့သဘောထား အရင်ကလည်းမရှိ၊ ခုလည်းမရှိ နောင်လည်း မရှိဘူး။ လုပ်တဲ့သူလည်း သူ့ရွေးချယ်မှုနဲ့၊ သူယုံကြည်မှုနဲ့၊ သူ့ပိုင်းဖြတ်ချက်နဲ့ သူလုပ်ခဲ့တာ၊ လုပ်နေတာ၊ လုပ်နေမှာပဲ။

သူတို့လည်း ငါလိုချင်တာတွေလိုချင်လို့ လုပ်နေကြတာလို့မြင်တယ်။ အဲ့လိုလည်း သဘောထားတယ်။ ကိုယ်တိုင်တော့ ဘယ်တော့မှ မပါဘူး။ အေး.."လက်နက်ကိုင်ခဲ့ဖူးလား" လာမေးရင် မေးတဲ့ကောင်ကို လေးစားဖို့ဝေးစွ မစင်ထက်တောင်ရွံသေးတယ်။

ငါစစ်သားဖြစ်ခဲ့တယ်။ ငါ စစ်ကိုဖြတ်ခဲ့တယ်။ ငါစစ်မြေပြင် ရောက်ခဲ့တယ်။ ငါစစ်အနိဌာရုံတွေ တွေ့ခဲ့တယ်။ ငါစစ်ရဲ့သားကောင် ဖြစ်ခဲ့တယ်။ ငါစစ်ကို မုန်းတယ်။ ငါစစ်ဝါဒီတွေကို မုန်းတယ်။ ငါစစ်အာဏာရှင်စနစ်ဆိုးကို မုန်းတယ်။ ဒါပေမဲ့ ဖိနှိပ်တဲ့စစ်၊ တော်လှန်တဲ့စစ်၊ ဖေါက်ပြန်တဲ့စစ်၊ မှန်ကန်တဲ့စစ်ကို ငါခွဲခြားနိုင်တယ်။ စစ်မုန်းတယ်ဆိုတိုင်း စစ်တိုင်းကို လိုက်မုန်းနေတာမဟုတ်ဘူး။ စစ်တိုင်းကို လိုက်ဆန့်ကျင်နေတာမဟုတ်ဘူး။

ဒီနေ့အထိ တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေဟာ စစ်ဝါဒီတွေကြောင့်။ လူထု ခါးစည်းခံနေရတဲ့ ဒုက္ခသုက္ခတွေအားလုံးရဲ့လက်သည်ဟာ ဗမာလူမျိုးကြီးဝါဒီ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကြောင့်မှန်း မင်းသိသလို ငါလည်းသိတယ်။ မင်းနဲ့ငါ မတူတဲ့နည်းနာနဲ့ ခွဲပြီး လူထုရန်သူကို တိုက်ခဲ့တာပဲ။ တိုက်နေတာပဲ။ တူညီတဲ့ရည်မှန်းချက် အတွက် ဘုံရန်သူစစ်ဝါဒီဆန့်ကျင်ရေးအတွက် ယုံကြည်တဲ့နည်းစွဲကိုင် တိုက်လှန်နေကြတာဘဲ။

ဘာမန်တက်စရာရှိလဲ။ ဘာသိမ်ငယ်စရာရှိလဲ။ ဘာအလံထောင်စရာ ရှိလဲ။ ဘာအောက်ချစရာရှိလဲ။ လုပ်ပါ လုပ်နေပါ မင်းလည်း မင်းနိုင်သလောက်။

လုပ်မယ် လုပ်နေမယ် ငါလည်း ငါနိုင်သလောက်။ အေး..စာတော့ဖတ်။ လေ့တော့ လေ့လာ။ ဟိုတုန်းလည်းဒီအတိုင်းပဲ ခုလည်း ဟိုတုန်းကထက် တက်မလာဘူးဆို မင်းဖြတ်သန်းခဲ့တဲ့ နှစ် ၃ဝ၊ ငါရင်ဆိုင်ခဲ့တဲ့ နှစ် ၃ဝ ဆိုတာ ဘာတန်ဖိုးမှ မရှိမှန်း လူသိတာပဲ အဖတ်တင်လိမ့်မယ်။

လူတွေ့တိုင်းလိုက်ပြီး ထောင်ကျဖူးလားတို့၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ဖူးလားတို့မေးမနေနဲ့။ မိမိကိုယ်ကိုယ် တပါးသူ စက်ဆုပ်စရာသတ္တဝါဖြစ်အောင်မလုပ်နဲ့။ အမေးထူသူဟာ အလုပ်ပါးလို့ပဲ။
မျိုးမြင့်ချို

0 comments:

Post a Comment