Sunday, January 27, 2019

ဗမာတိုင်း သိုင်းတတ်ရမတဲ့...လား (မျိုးမြင့်ချို

0 comments
(ဗမာတိုင်း သိုင်းတတ်ရမတဲ့...လား) မျိုးမြင့်ချို

စစ်သားကို Martial art တခုခုသင်ပေးတယ်ဆိုတာဟာ တကယ့်စစ်ပွဲကြီးတွေတိုက်တဲ့အခါ အသုံးမတည့်ပေမယ့် စစ်သားတွေ ကျန်းမာသန်စွမ်းကြံ့ခိုင်ဖို့ ရန်သူနဲ့တယောက်ချင်း လုံးထွေးသတ်ပုတ်ရတဲ့အခါတွေရှိခဲ့ရင် အသုံးဝင်နိုင်တာမို့ ကောင်းပါတယ်။ လိုလည်း လိုအပ်ပါတယ်။ နိုင်ငံတကာက စစ်သည်လေ့ကျင့်ရေးတွေမှာလည်း အခြေခံကိုယ်ခံပညာတော့ သင်ကြားကြရပါတယ်။ လိုအပ်ချက်အရ ဖြစ်ပါတယ်။ ကျနော်လည်း စစ်သားဖြစ်ခဲ့ပါတယ်။ သင်ခဲ့ရပါတယ်။ ကျောင်းသားဘဝတုန်းကလည်း ကရာတေးနဲ့ဗမာ့သိုင်းပညာကို သင်ခဲ့ဖူးပါတယ်။


"ဗမာတိုင်းသိုင်းတတ်ရမည်"ဆိုတာကတော့ လူမျိုးရေးအခြေခံတဲ့ နိုင်ငံရေးဝါဒဖြန့်မှုဖြစ်ပါတယ်။ ဒီလို အပြုအမူ လုပ်ရပ် အတွေးအခေါ်ဆိုးတွေကို ဝီရသူတို့ မဘသ နာဇီဂတုံးရဂိုဏ်းနဲ့ ဗမာစစ်အုပ်စုက အလွန်ပဲအားပေးအားမြှောက်ပြုပါတယ်။ ဆရာငှားခက အစ တုတ်ဓားခအလယ် လူသူစုဆောင်းတာအဆုံး ငွေကို ဘုံးဘောလအော သုံးပါတယ်။ သူတို့သားကောင်တွေကတော့ ရပ်ထဲရွာထဲက ကလေကချေ၊ လူဆိုးလူမိုက်၊ လူရမ်းကား၊ လူ့ယဉ်ကျေးတို့အော့နှလုံးနာတဲ့ လူ့အန္ဓတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ လူယဉ်ကျေးဆိုတာက ပညာတတ်တာ ချမ်းသာတာ ဘာသာရေးလုပ်တာ အလှူအတန်းပေးတာ စွန့်ကြဲတတ်တာ လုံလုံခြုံခြုံ ဝတ်တတ်စားတတ်တာတွေလောက်ကိုဆိုလိုတာ မဟုတ်ပါ။ စိတ်အနေရော စိတ်အထားပါ လှတဲ့ကောင်းတဲ့ လူအမွန် လူအမြတ်တွေကိုပြောတာပါ။ လူတချို့ဟာ ခုနပြောတဲ့အရာတွေရှိစေဦး၊ စိတ်အနေကောင်းဦးတောင် စိတ်အထားမတတ်တော့ လူ့အလိုလား မခံရတာလည်းရှိပါတယ်။

နဂိုကတည်း လူမျိုးမတူ ဘာသာအယူမတူသူဆို အလိုလို မုန်းတီးအောင် အတွေးအခေါ်အရ ဦးနှောက်အဆေးခံရတဲ့ဘဝနဲ့ မွေးဖွားခဲ့ရသူမျိုးဟာ အဲ့ဒီပတ်ဝန်းကျင်ရဲ့ ခေါင်းကိုင်ခံရပြီး လူလားမြောက်ခဲ့ရတော့ သူ့မှာ ဆင်ခြင်တုံတရား တွေးခေါ်မြော်မြင်မှုရှိဖို့ ဝေးစွ။ လူလူချင်း ချစ်ရခင်ရမယ် ဖေးမကူညီစောင့်ရှောက်ရမယ်ဆိုတဲ့အသိလေးတောင် တစိုးတစေ့မှရှိမလာ ပါမလာတော့။ မျိုးဆက် တဆက်ပြီးတဆက် အဲ့သလိုဖြစ်လာတာကြာတော့ အဲ့ဒီ စိတ်အနေ စိတ်အထားဟာ လူတမျိုးရဲ့ ဗီဇစိတ် သန္ဓေစိတ်သဘောအထိ ဖြစ်မသွားတောင် ဆွပေးမယ့်သူနဲ့ အခြေအနေပေါ်လာတာနဲ့ ဟုန်းကနဲ ပြန်ကြွလာတတ် သွေးဆူလာတတ်ပါတယ်။ အဲ့လိုဖြစ်ကြတာဟာ ပညာတတ်ခြင်း မတတ်ခြင်းနဲ့မဆိုင်ပါ။ လူ့နှလုံးသားနဲ့ဆိုင်တဲ့ လူသားဆန်တဲ့ကောင်းမြတ်တဲ့ စိတ်အနေနဲ့စိတ်အထားနဲ့ပဲဆိုင်ပါတယ်။ ကမ္ဘာကြီးကို လူမျိုးရေး ဘာသာရေးအတွေးအခေါ်မှိုင်းနဲ့ မီးလောင်တိုက်သွင်းခဲ့တာ၊ လူသတ်ပွဲကြီးတွေလုပ်ခဲ့တာ၊ သွေးမြစ်တွေစီးဆင်းစေခဲ့တာ၊ လူအရှင်လတ်လတ်တွေကို မီးပုံရှို့ခဲ့တာ စာမတတ်ပေမတတ်တွေမဟုတ်ပါ။ ပညာတတ်တွေပါ။ အထက်တန်းလွှာလို့ပြောခဲ့သူတွေပါ။ တချို့လူ့အဖွဲ့အစည်းတွေရဲ့ ထူးခြားချက်မှာတော့ လူလူချင်းမေတ္တာထားရမယ်လို့ သွန်သင်ပို့ချနေသူတွေက အမုန်းမီးမွှေး သတ်ဖြတ်လုယက်မှုတွေ လုပ်တဲ့နေရာမှာ ဝါဒဖြန့်လှုံ့ဆော်သွေးထိုးရုံမက လူအကောင်လိုက်ကြီးတွေပါ ထိပ်ဆုံးကပါနေပါတယ်။ အတုတွေလို့ ဘယ်လိုပြောပြော ဖုံးဖုံး ဖာဖာ ကာကာ ထေးထေး လုံတော့မလုံပါ။

စစ်အုပ်စုနဲ့ နာဇီဦးပြည်းတွေက ဦးဆောင်လှုံ့ဆော်ပြီး ဘာသာရေးလူမျိုးရေး မီးမွှေးလိုက်ပြီးလို့ မီးဖွားဖျတ်ကနဲလက်လိုက်တာနဲ့ မီးတောက်မီးလျှံကြီးတွေ ဖြစ်သွားအောင်လုပ်ဖို့ ရပ်ထဲရွာထဲမှာ ဂိုဏ်းဖွဲလူစုထားတဲ့ လူယဉ်ကျေးတို့ နှလုံးနာသူတွေကို အရက်ကိုးမောင်းတိုက်၊ တုတ်ဓား လက်နက် တပ်ဆင်ပေးပြီး လုယက်သတ်ဖြတ်ဖို့ ကြိုးဖြည်လွှတ်လိုက်တော့တာပါပဲ။ အဲ့ဒီလူတွေကို ဗမာတိုင်း သိုင်းတတ်ရမည်ဆိုတဲ့ခေါင်းစဉ်နဲ့ သတ်နည်းဖြတ်နည်း ရက်စက်ကြမ်းကြုပ်နည်းမှန်သမျှ ဆရာစားမကျန် လက်ဆုပ်ဖြည်ပြီးကို လေ့ကျင့်သင်ကြားပေးထားပြီးသားပါ။ သတ်ရဲဖြတ်ရဲ လူသတ်ရဲအောင် ဇာတ်သွင်းထားပြီးသားပါ။ 

"လုယက်လို့ရသမျှ မင်းတို့ဟာ"ဆိုတဲ့မက်လုံးနဲ့ သိမ်းသွင်းထားပြီးသားပါ။ ဗမာပြည်မှာတော့ စွမ်းအားရှင်နဲ့ ဒေါသထွက်နေသောလူအုပ်ကြီးလို့ ပြောရမှာပါ။ ဒီလူတွေခေါင်းထဲမှာ "သတ်ကြ"ဆိုတဲ့ စကားတလုံးကလွဲပြီး ဘာမှမကျန်အောင်ကို နှုတ်ယူထားလိုက်ပြီးသားပါ။ သွေးဆာနေအောင် လုယက်ဖျက်ဆီးလိုတဲ့ စိတ်ဆိုးစိတ်မိုက်တွေနဲ့ အမြဲတစေ သွေးနွှေးပေးထားတာပါ။ ခံရသူတွေမှာတော့ အလုအယက်ရခံရပြီး အပိုင်းပိုင်း အတစ်တတစ်ပြတ်ထွက်ကုန်တဲ့ ဘဝတွေပါ။


ပြန်ကောက်ရရင် စစ်သားကို စစ်ပညာထဲမှာ ကိုယ်ခံပညာပါ ထည့်သင်ပေးတာ အငြင်းထွက်စရာမရှိဘူးလို့မြင်ပါတယ်။ ကိုယ်ခံပညာဆိုတာကို လူမျိုးရေးဘာသာရေး အစွန်းရောက် တဇောက်ကန်း အယူသီးသမားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် ဝါဒဖြန့်ရာမှာသုံးပြီး နိုင်ငံတော်အဆင့် အကြမ်းဖက်လုယက် သတ်ဖြတ်ရာမှာချသုံးတာကိုတော့ ဘာခြွင်းချက်မှမရှိအောင်ကို ရှုံ့ချသလို ပြတ်ပြတ်သားသားကို ဆန့်ကျင်ပါတယ်။
မျိုးမြင့်ချို ဇန်နဝါရီ ၂၇၊ ၂ဝ၁၉
(ဟို မအလ က သိုင်းဆရာတွေခေါ်တွေ့တယ်ဆိုလို့ ရေးဖြစ်သွားတာပါ)

0 comments:

Post a Comment