ကုန်သွယ်ရေးစစ်စတင်ခြင်း(၁ဝ)
Kyaw Zaaw Khine
(ဂျပန်ချေးငွေနဲ့ဈေးနှုန်းဖောင်းပွမှု)
(ဂျပန်ချေးငွေနဲ့ဈေးနှုန်းဖောင်းပွမှု)
ဂျပန်ဗဟိုဘဏ်ရဲ့ငွေကြေးပေါ်လစီဟာ
ကြမ်းတယ်လို့ပြောနိုင်တယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်း နိုင်ငံရဲ့ငွေပမာဏကို (၅)ဆခွဲလောက်
တင်လိုက် တယ်။ အစိုးရချေးငွေ(ဘွန်းတွေ) အားလုံးရဲ့ ၄ဝ% ကို ဂျပန်ဗဟိုဘဏ်(Bank of
Japan) က ဝယ်ပေးတယ်။ အဲဒီပမာဏဟာ ဂျပန်ဂျီဒီပီ အားလုံးလို့လည်းပြောနိုင်တယ်။
ဆိုလိုတာက ဂျပန်အစိုးရကြွေးမြီဟာ သူ့ဂျီဒီပီထက် အများကြီးမြင့်နေတယ်ဆိုတာပဲ။
ပြီးခဲ့တဲ့အပတ်ကပြောတာနဲ့
ပြန်ချိန်ဆကြည့်မယ်ဆိုရင်တာ့ ဂျပန်ဟာ ကမ္ဘာမှာ အကြွေးနဲ့ဂျီဒီပီအချိုးချရင်
အမြင့်ဆုံးနိုင်ငံဖြစ်တယ်။ ရာနှုန်း ၂ဝဝ ကျော်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က
ဂရပ်ကိုပြန်ကြည့်ကြစေချင်တယ်။ အဲဒါကိုအရပ်စကားနဲ့ပြောပါဆိုရင် ဂျပန်ဟာ
သူ့ပြည်တွင်း အသားတင်ထုတ်လုပ်မှုထက်ပိုပြီး ကြွေးမြီတွေရှိနေတယ်ဆိုတာပဲ။ ရေးလာတာ
အခန်းဆက်နဲ့ကြာလာပြီဆိုတော့ အမေရိကန်တို့ ဂျပန်တို့ရဲ့ ကြွေးမြီတွေဆိုတာကို
နည်းနည်း ထပ်ရှင်းပြချင်တယ်။ သူတို့ကြွေးတင်တယ်ဆိုတာက မြန်မာနိုင်ငံလိုတရုတ်ကနေ
သန်း(၁)ထောင်၊ ဂျပန်ကနေ သန်း(၃)ထောင် စသည်ဖြင့် ချေးယူထားတာမျိုးမဟုတ်ဘူး။
ဂျပန်အစိုးရက သူ့အသုံးစရိတ်အတွက် အခွန်ကောက်ထားတဲ့ငွေ ရှိတယ်။ အဲဒါက
အစိုးရဘတ်ဂျက်အတွက်ငွေတွေ ဖြစ်လာတယ်။ အဲဒီကမှ အစိုးရက
ဝန်ကြီးဋ္ဌာနဆိုင်ရာတွေကိုပြန်ခွဲပေးရတယ်။ ဒါပေမယ့် မလုံလောက်ဘူးဆိုရင် အစိုးရက
ဘွန်းတွေထုတ်ရောင်းတယ်။ ဒီမှာတော့ ဒါကို ငွေတိုက်စာချုပ်လို့ ခေါ်တယ်ထင်တယ်။
အဲဒီဘွန်းတွေကို ပြည်သူတွေ၊ ဘဏ်တွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံခြားတိုင်းပြည်တွေကနေ
ဝယ်ယူရင်းနှီးမြုပ်နှံကြတယ်။ ဒီတော့ သူတို့အကြွေးဆိုတာက
ထုတ်ရောင်းထားတဲ့ဘွန်းတွေကို အဓိကအခြေခံတာ။ ကိုယ့်အကြွေးဆိုတာက
သူများနိုင်ငံမှာလိုက်ချေးငှားထားတာ။ သဘာဝချင်းတော့ မတူဘူး။ တူတာက အတိုးပေးရတာပဲ။
ဂျပန်ဗဟိုဘဏ်က အစိုးရဆီက ဝယ်ပေးထားတဲ့ဘွန်းတွေဟာ
ဂျပန်ဂျီဒီပီအားလုံးနဲ့ညီတယ်ဆိုတော့ နည်းနည်းနောနောတော့ မဟုတ်ဘူး။
ဂျပန်ဗဟိုဘဏ်ရဲ့ပိုင်ဆိုင်မှုဟာ တရုတ်ဗဟိုဘဏ်ပိုင်ဆိုင်မှုငွေရဲ့ ၂ ဆဖြစ်ပြီး
အမေရိကန်ဗဟိုဘဏ် ပိုင်ဆိုင်မှုထက် (၄)ဆဖြစ်တယ်လို့ ယှဉ်ကြည့်နိုင်တယ်။
အရင်းစနစ်တုန်းကရေးခဲ့တာ တခုရှိတယ်။ အရင်းစနစ် ကမ္ဘာမှာရှင်သန်တာ ရာစု(၂)ခုကျော်လာခဲ့ပေမယ့်
အဖွံ့ဖြိုးဆုံး အချိန်ကို (၁၉၄၅)ကနေ (၁၉၇၃)အထိ သတ်မှတ်ကြတယ်ဆိုတာ။
ဒုတိယကမ္ဘာစစ်ပြီးစ စစ်ရှူံးနိုင်ငံဖြစ်တဲ့ဂျပန်ဟာ ဟီးရိုးရှီးမားနဲ့နဂါစကီ
မီးလျှံထဲကပြန်ထလာခဲ့တဲ့ ဖီးနစ်ငှက်ပဲ။ ဂျပန်စီးပွားရေးဟာ ၁၉၅ဝ ပြည့်နှစ်တွေကနေ
၁၉၈ဝ ပြည့်နှစ်တွေအထိ ဆယ်စုနှစ် (၃)ခုကျော် ဆက်တိုက် တိုးတက်လာခဲ့တယ်။ ၁၉၉ဝ
လောက်မှာ ဒီစီးပွားရေးပူပေါင်း ပေါက်သွားတယ်။ ၁၉၈ဝ မှာရှိတဲ့
တိုကျိုစတော့အိတ်ချိန်းရဲ့ ပီအီးအချိုး (PE ratio) ဟာ ၁၉၈၉ မှာ (၇၃)ဆလောက်
တက်သွားတယ်။ ပီအီးအချိုးဆိုတာက စတော့တန်ဖိုးနဲ့ပြန်ရငွေ (Price and Earning)
ကိုခေါ်တာ။ ပီအီးအချိုး သိပ်မြင့်သွားတယ်ဆိုတာက စတော့တန်ဖိုးက မူရင်းဈေးနှုန်းထက်
အဆမတန်မြင့်တက်မယ်မှန်းပြီး လိုက်ဝယ်ရင်းဖြစ်ကြတာ အဲဒီပူပေါင်းက
တချိန်မှာထပေါက်တာပဲ။ (ဒစ်ဂျစ်တယ်မန်းနီးလို့ပြောတဲ့ ဘစ်ကွိုင်ကိုကြည့်ရင်
သိနိုင်တယ်)။
မြန်မာတွေမှာ အိမ်ခြံမြေသဘာဝနဲ့တူပါတယ်။ တဧက
ငါးသိန်းလောက်တန်တဲ့လယ်ကို သိန်း၂ဝဝ ကျော် ၃ဝဝ အထိတက်လာပြီး တချိန်မှာ ဝယ်သူ
တန့်သွားတယ်။ ပြီးတော့ ဈေးပြုတ်ကျလာတာမျိုးပဲ။ ဒီတော့ ပီအီးအချိုးက
လိုတာထက်ပိုတက်နေရင် ရင်းနှီးမြှုပ်နှံသူတွေက သတိထားလာရတယ်။ ပိုက်ဘော မိသွားနိုင်တာကိုး။
ပီအီးအချိုး သိပ်မတက်တာကော ကောင်းသလားဆိုတော့ ဒါကလည်း ဈေးကွက်ထဲမှာ
ရင်းနှီးမြုပ်နှံဖို့မျှော်လင့်ချက် မရှိဘူးဆိုသလိုမျိုးဖြစ်စေတယ်။
ဂျပန်မြေဈေးဟာ ၂ဝဝဝ ခုနှစ်မတ်လမှာ
မြေတန်ဖိုးအညွှန်းကိန်း အဆ(၂ဝဝ)လောက် တက်နေရာကနေ ပြုတ်ကျတယ်။ နစ်ကီ စတော့ ဈေးကွက်အညွှန်းကိန်းဟာ
၁၉၇ဝ ကျော်မှာ ၇ဝဝဝ လောက်ရှိရာကနေ ၁၉၈၉မှာ ၃၉ဝဝဝ အထိတက်လာပြီး ၁၅ နှစ်လောက် အတွင်း
၂ဝဝ၃ ခုနှစ်လောက်မှာ ၈ဝ% လောက်ပြန်ကျသွားတယ်။ ဆိုတော့ ၇ဝဝဝ ကျော်ကို
ပြန်ရောက်သွားတာပါပဲ။ ဂျီဒီပီကျတယ်။ ၁၉၉၅ လောက်ကစပြီး ၂ဝ၁၇ အထိကြည့်တော့ စီပီအိုင်(Consumer
Price Inflation) တန်ဖိုးတွေက ကျလာတဲ့နှစ်က များတာတွေ့ရတယ်။ ဆယ်စုနှစ်တွေ ပိုင်း ကြည့်ရင်
၉ဝ ကနေ ၂ဝ၁၇ အတွင်း စားသုံးမှုဈေးနှုန်းဖောင်းပွမှုဟာ ၁% ပြည့်အောင်မရှိဘူး။
ပုံမှန်မှာ စီပီအိုင်လို့ပြောရင် ဈေးနှုန်းညွှန်ကိန်း ဖြစ်တဲ့ Consumer Price
Index ကို ရည်ရွယ်တာပါ။ ဒီနေရာမှာ ဈေးနှုန်းဖောင်းပွမှုနဲ့ ဈေးနှုန်းညွှန်ကိန်းဘာကွာသလဲ
မေးရင် ညွှန်ကိန်းကို မူတည်ပြီး ဖောင်းပွမှုကိုတွက်တာပါ။ ယေဘူယျအနေနဲ့
ဈေးနှုန်းညွှန်ကိန်းဖြစ်စေ ဖောင်းပွမှုဖြစ်စေကျလာတယ်ဆိုတာက ပစ္စည်းဈေးတွေ ကျလာတယ်လို့ဆိုလိုတာပါ။
မကောင်းဘူးလားဗျာဆိုရင်တော့ သိပ်မကောင်းဘူးပြောရပါမယ်။ လူတွေက မလိုဘူးထင်တာ မဝယ်တော့ဘူး။
လိုတာတောင် နည်းနည်းချင်းပဲ ဝယ်တော့တယ်။ ရှေ့မှာ ဈေးကျကိန်းရှိနေတာကိုး။
ပြည်တွင်းစားသုံးမှုဟာ ဂျီဒီပီရဲ့ အစိတ်အပိုင်းတခုဆိုတော့ စီပီအိုင်ကျတာဟာ
ဂျီဒီပီကျဖို့တွန်းအားပေးသလို ဖြစ်စေတယ်။
(ဂျပန်ကုစားချက် ၄မျိုး)
အစိုးရရဲ့ချေးငွေ(ဘွန်းတွေကိုဆိုလိုတယ်)
ဟာ ၁၉၈ဝ ကနေ၂ဝ၁၇ အထိကြည့်ရင် ပျမ်းမျှ(၆)ရာနှုန်းကျော်တက်တယ်။ ၁၉၉၁ မှာ ဂျီဒီပီရဲ့
၆၃% ရှိတဲ့ကြွေးမြီဟာ ၂ဝ၁၇ မှာ ၂၃၆% ကိုရောက်လာတယ်။ ဘာမှတော့
ပြဿနာကြီးကြီးမားမားမရှိပေမယ့် ငွေကျုံ့ဝင်နှုန်း (deflation) ကိုတော့
မဖြေရှင်းနိုင်ဘူးဖြစ်နေတယ်။ ဈေးနှုန်းတွေကျတယ်။ အရောင်းအဝယ် မသွက်တော့ဘူး။
ဈေးကွက်အေးတယ်ဆိုတဲ့အခါ ကုမ္ပဏီ တွေမှာ အသုံးအစွဲတွေ ဖြတ်တယ်။ လူတွေလျော့တယ်။
ငွေဖောင်းပွတဲ့အခါ ဒီအခက်အခဲတွေမရှိဘူး။ ဒါကိုကုစားဖို့ ဂျပန်ဗဟိုဘဏ်ကနေ
ငွေကြေးပေါ်လစီ(၄)မျိုး ပြောင်းကစားတယ်။
၁၉၉၉ မှာ အတိုးနှုန်း သုညအထိချတဲ့ ZIRP
(Zero Interest Rate Policy)၊ ဒါပေမယ့် ၁၉၉၅ ကစပြီး အတိုးနှုန်းက(၁)ရာနှုန်းတောင်
မရှိတော့ သုံညအထိချတော့လည်း သိပ်မသိသာသလိုဖြစ်တယ်။ ၂ဝဝ၁ ကနေ ၂ဝဝ၆ အထိမှာ
ငွေကြေးချောင်ချိစေတဲ့ QE (Quantative Easing) ကိုသုံးတယ်။ အမေရိကန်မှာတုန်းက
ရှင်းခဲ့သလိုပါပဲ။ ငွေလုပ်တဲ့ (၂)နည်းစလုံးကို သုံးတယ်။ တနည်းက ငွေတွေရိုက်ထုတ်တာ၊
နောက်တနည်းက ဗဟိုဘဏ်မှာလာအပ်နှံထားတဲ့ တခြားဘဏ်တွေရဲ့စရံအပ်ငွေ (deposit)
ငွေစာရင်းထဲကို ငွေထဲ့ပေးလိုက်တာ။
ဒီနည်းက ဘဏ်နဲ့ မရင်းနှီးတဲ့သူတွေက
နားလည်ရခက်ပါမယ်။ ဘဏ်တွေရဲ့စရံအပ်ငွေဆိုတာ ဥပဒေကပြဋ္ဌာန်းထားတဲ့အတိုင်း အပ်တာကို
ဆိုလိုတာ။ ဥပမာ အေ ဆိုတဲ့ဘဏ်က သူတို့ဘဏ်မှာ လူတယောက်က သန်း ၁ဝဝ
လာအပ်နှံထားတာရှိရင် သန်း (၁ဝဝ)စလုံး ပြန်အသုံးပြု လို့မရပါဘူး။ ဥပဒေက စရံငွေအဖြစ်
ဗဟိုဘဏ်မှာ (၂ဝ)ရာနှုန်း အပ်ထားရမယ်ဆိုရင် ဗဟိုဘဏ်မှာ စရံငွေအဖြစ် အပ်နှံငွေ
သန်း(၂ဝ) ထားရ ပါတယ်။ ဈေးကွက်ထဲ ပြန်လည်ပတ်တဲ့ငွေက သန်း(၈ဝ)ပါ။ ဗဟိုဘဏ်ရဲ့
ဒုတိယငွေလုပ်နည်းက အဲဒီဘဏ်က အစိုးရဆီကဝယ်ထားတဲ့ ဘွန်း (၁ဝ)သန်းလောက်ပြန်ဝယ်ပြီး
(နမူနာပေးတာပါ။ ဘွန်းမဝယ်ပဲ တခြားဟာတွေလုပ်လည်းရတယ်) အဲဒီဘဏ်ရဲ့ဗဟိုဘဏ်မှာ အပ်နှံထားတဲ့
စရံငွေစာရင်း(deposit)ထဲကို ထဲ့ပေးလိုက်ရင် အဲဒီဘဏ်က ၁ဝ သန်းကို၂ဝ% စရံအဖြစ်
သဘောထားလို့ရသွားတယ်။ ဒီတော့ အပြင်မှာ ကျန်တဲ့ ၈ဝ% ဖြစ်တဲ့ သန်း ၅ဝ ကို
အလုပ်လုပ်လို့ရသွားတယ်။ ဒီဖြစ်စဉ်မှာ ဗဟိုဘဏ်က သန်း(၆ဝ)ဖန်တီးလိုက်တဲ့သဘောပါ။
QE သုံးတဲ့နှစ်တွေမှာ ဂျပန်ယန်းငွေ
(၅)ထရီလီယံ ကနေ ၃၅ ထရီလီယံအထိ တက်သွားတယ်။ ၇ ဆပေါ့။ ဒါ ငွေကျုံ့ဝင်နေလို့မို့
ဈေးကွက်ထဲ ငွေလည်ပတ်မှုများ၊ (တနည်း အင်ဖလေးရှင်းဖြစ်) အောင်လုပ်ပြီး
ကုန်ဈေးနှုန်းကို ဆွဲတင်ကြည့်တာပါ။ ဒီနည်းနဲ့ငွေသွင်းလိုက်တာ ဂျပန် ငွေရင်းဟာ
ငါးနှစ်အတွင်း ၇ဝ% တက်လာတယ်။ ၂ဝဝ၆ မှာ ကမ္ဘာ့စီးပွားရေး ဦးမော့လာသလိုရှိလို့ QE
ကို ပြန်ရပ်လိုက်တယ်။ ၂ဝဝ၈ မှာ အားလုံးသိထားတဲ့အတိုင်း ကမ္ဘာ့ဘဏ္ဍရေးအကျပ်အတည်းကြီး
ဆိုက်ရောက်တယ်။ အဲဒီ သက်ရောက်မှုက ဂျပန်မှာနောက်တကြိမ် ငွေကျုံ့ဝင်မှု (Deflation
– ဒီဖလေးရှင်း) ဖြစ်စေပြန်တယ်။ ၂ဝ၁ဝေ အာက္တုိဘာမွာ ဂ်ပန္ဗဟုိဘဏ္က CME
(Comprehensive Monetary Easing) ပေါ်လစီကို သုံးတယ်။ ၂ဝ၁ဝ ကနေ ၂ဝ၁၂ အထိကြာတယ်။
အစိုးရရဲ့ သက်တမ်းသိပ်မကျန်တဲ့ နှစ်ရှည်ဘွန်းတွေနဲ့ နိုင်ငံခြားငွေ လဲနှုန်း
ကုန်သွယ်တဲ့ရင်းနှီးမြုပ်နှံငွေတွေနဲ့ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ
အားလုံးကို အထောက်အပံ့ပြုပေးတဲ့သဘော လိုက်ဝယ်တယ်။ အတိုးနှုန်းချပြီး
ကုန်ဈေးနှုန်းတွေ တက်အောင်လုပ်တာပါ။ သို့သော် သိပ်မအောင်မြင်ခဲ့ဘူး။ ၂ဝ၁၂ ခု
နောက်ပိုင်းမှာ ဈေးနှုန်းတွေပြန်ကျသွားတာကို ကြုံတွေ့ရတယ်။
၂ဝ၁၃ ကနေ ခုထိလုပ်တဲ့ QQE (Quantitative
and Qualitative Easing)ကို ကြည့်ရင်တော့ QE နဲ့ CME ကို ရောထားတဲ့သဘောမျိုးပါ။
ရှေ့မှာပြောခဲ့တဲ့ စားသုံးသူဈေးနှုန်းဖောင်းပွမှု (CPI) ကို ၂%
မှာထိန်းထားနိုင်အောင် ဈေးကွက်ထဲငွေတွေကို QE နဲ့သွင်းပြီး တပြိုင်တည်းမှာ
နိုင်ငံခြားငွေလဲနှုန်း ကုန်သွယ်တဲ့ရင်းနှီးမြုပ်နှံငွေတွေနဲ့
အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို ဝယ်တယ်။ (မှတ်ချက်။ ETFs and J-REITs
တွေလို့ခေါ်တယ်။ စတော့သဘောပါပဲ။ ဒါပေမယ့် exchange trade fund နဲ့ real estate
investment trust လို့သုံးကြတယ်)။ အဲဒါတွေ အပြင် အစိုးရဘွန်း အားလုံးကိုလည်း
ဂျပန်ဗဟိုဘဏ်ကဝယ်မယ်။ ၂ နှစ်အတွင်း သူတို့ရည်မှန်းထားတဲ့ စီပီအိုင် ၂% တက်လာအောင်
လုပ်မယ့်ရည်မှန်းချက်က မအောင်မြင်ဘူး။ ဒီတော့ အစိုးရဘွန်းတွေကို တနှစ်
ယန်း(၅ဝ)ထရီလီယံ ကနေ (၈ဝ)အထိ ၂ဝ၁၄ ခု အောက်တိုဘာ မှာ တိုးဝယ်တယ်။ ဒါ့အပြင် ၂ဝ၁၆
မှာ ဗဟိုဘဏ်ဟာ သူ့ဆီမှာလာအပ်ထားတဲ့ ဘဏ်တွေရဲ့စရံငွေ(deposit) ကိုဘဏ်တိုး ဝ.၁% ပဲ
ပေးတော့တယ်။ ဒါကို အနုတ်ဘဏ်တိုးနှုန်း(Negative interest rate)လို့ ခေါ်ပြီး QQE
ကိုအားဖြည့်တာဖြစ်တယ်။ ဒါပေမယ့် QQE ကို (၅)နှစ်လောက်လုပ်ပြီးတဲ့အထိ ပြန်ကြည့်တော့
ဂျပန်ဗဟိုဘဏ်ဟာသူတို့ရချင်တဲ့ ဈေးနှုန်း၂% ဖောင်းပွမှုကို မရဘူးဖြစ်နေဆဲပဲ။
ဒါပေမယ့် QQE ကနေရတာတွေတော့ ရှိတယ်။
(အင်ဖလေးရှင်းနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း)
ယန်းငွေတွေ တအားဖန်တီးထားတော့
ငွေလဲနှုန်းမှာ ယန်းတန်ဖိုးကျတယ်။ ရှင်ဇိုအာဘေးက ၂ဝ၁၂ အကုန် ဒီဇင်ဘာမှာ
ဝန်ကြီးချုပ် ဖြစ်တယ်။ QQE က ၂ဝ၁၃ အေပယ်မှာ စတယ်။ ငွေတန်ဖိုးဟာ ခုချိန်မှာ ၂ဝ၁၃
နှစ်စက ထက်စာရင် ၃ဝ% လောက်ကျသွားတယ်။ QQE က ဂျပန်စတော့ဈေးကို တက်စေတယ်။
နစ်ကီအညွှန်းကိန်းဟာ ၂ဝ၁၂ ခု ကုန်မှာ တသောင်းလောက် ရှိနေရာကနေ ၂ဝ၁၇ အကုန်မှာ ၂၃ဝဝဝ
အထိ တက်လာတယ်။ အိမ်ဈေးတွေ နည်းနည်းလှုပ်လာတယ်။ ၂ဝဝ၉ ကတည်းက အနုတ်ပြနေတ
ဂျပန်မြေဈေးရဲ့ နှစ်စဉ်ပြောင်းလဲနှုန်းဟာ ၂ဝ၁၆ မှာ အပေါင်းပြန်ထွက်လာတယ်။ ၂ဝဝ၉
နဲ့ ၂ဝ၁ဝမှာ ၆% ရှိတဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂ဝ၁၇၊ ၂ဝ၁၈ မှာ ၂.၇% ကို ကျလာတယ်။
ဂျပန် QQE ရဲ့ဘဏ်တိုးငွေ အလွန်အမင်းနှိမ့်ချထားလိုက်တာဟာ တကမ္ဘာလုံးမှာရှိတဲ့
ဘဏ်တိုးနှုန်းတွေချဖို့ ဖိအားပေးတဲ့သဘော သက်ရောက်ခဲ့တယ်။ ဒီဘဏ်တိုးအချဟာ
ကမ္ဘာ့စီးပွားရေးကို အထောက်အကူပြုခဲ့တယ်။ နိုင်ငံတကာအနေအထားတွေနဲ့ပါ ပူးတွဲကြည့်မယ်
ဆိုရင် ဂျပန်စီးပွားရေးနဲ့ ဂျပန်ကုန်ပစ္စည်းဈေးနှုန်းတွေအပေါ်မှာ
ငွေကြေးပေါ်လစီတခုတည်းတင်မကပဲ တကမ္ဘာလုံးမှာရှိတဲ့တခြား ဖြစ်ရပ် တွေကပါ သက်ရောက်မှုရှိပါလိမ့်မယ်။
ကောင်းတဲ့သက်ရောက်မှုက သိပ်မများလှဘူး။ ၂ဝဝဝ ပြည့်နှစ် အလယ်ပိုင်းလောက်က စီးပွားရေး
တိုးတက်မှုနဲ့ ၂ဝ၁၇ မှာ ပြန်ကောင်းလာတဲ့ ကမ္ဘာ့စီပွားရေးပါပဲ။ အဆိုးတွေကတော့
ဂျပန်လူဦးရေကျဆင်းမှု၊ ၂ဝဝ၈ခု ဘဏ္ဍာရေးအကျပ် အတည်း၊ ၂ဝ၁၁ မှာဖြစ်တဲ့ငလျှင် နဲ့
ဖူကူရှီးမား ဓာတ်ပေါင်းဖိုပြဿနာ၊ ၂ဝ၁၅ ဒေါ်လာငွေကြေးခိုင်မာမှုကနေ
ထွန်းသစ်စဈေးကွက်တွေကို ပေးတဲ့ဖိအား၊ ၂ဝ၁၆ တရုတ်စီးပွားရေးကျဆင်း လာမှုတို့ကိုတွေရတယ်။
QQE အနှစ်ချုပ်ကြည့်တော့ အချက်(၂)ချက်ကို
ထင်ရှားစွာတွေ့ရတယ်။ ဂျပန်ဗဟိုဘဏ်(Bank Of Japan) အတိုးနှုန်းတွေကို အနုတ်အထိ
ရောက်အောင်ချတော့ ဂျပန်အစိုးရရဲ့ကြွေးမြီတွေအပေါ် ပေးရတဲ့အတိုးနှုန်းတွေဟာ
အတော်သက်သာသွားခဲ့တယ်။ ၁၉၉၁ ကနေစပြီး ဂျပန် အစိုးရကြွေးမြီဟာ ငါးကြိမ်တက်တယ်။
အဲဒီငါးကြိမ်က ပေးရမယ့်အတိုးဟာ (၃)ပုံ(၁)ပုံကျော် သက်သာသွားတယ်။ ခုပေးနေရတဲ့ အတိုး
နှုန်းဟာ တနှစ်ကို ဝ.၇% လောက်ပဲ ရှိတယ်။ ၁ဝနှစ်သက်တမ်းဘွန်းတွေရဲ့ အတိုးနှုန်းဟာ
သုညဖြစ်နေတယ်။ ဆိုလိုတာက ဂျပန်အစိုးရက (၁ဝ)နှစ်သက်တမ်းဘွန်းတွေနဲ့ အတိုးမဲ့ငွေ
ချေးလို့ရနေတယ်ဆိုတဲ့သဘော ဖြစ်တယ်။ ဂျပန်အစိုးရရဲ့ အကြွေး ၄ဝ% ကို ဂျပန်ဗဟိုဘဏ်က
ပိုင်တယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် ဗဟိုဘဏ်တွေဟာ အစိုးရဆီကမှ မဟုတ်
သူရမယ့်အတိုးငွေတွေကို နှစ်ကုန်ရင် အစိုးရဆီကိုပြန်ပေး တယ်။ ဒီတော့ ဂျပန်အစိုးရကနေ
ဗဟိုဘဏ်ကိုပေးရမယ့်အတိုးငွေဆိုတာ မပေးရတာနဲ့အတူတူပဲ။ ဗဟိုဘဏ်ကသာ ဒီဘွန်းတွေကို
သက်တမ်းကုန်တဲ့အထိ ကိုင်ထားနိုင်ရင် အစိုးရအတွက်ကြွေးမြီတွေဟာ
လျှော်ပစ်ပေးလိုက်သလိုဖြစ်မယ်။ အဲသည်ပမာဏကိုကြည့်တော့ ယူအက်စ်ဒေါ်လာ (၄)ထရီလီယံ ရှိတယ်။
တိုင်းပြည်မှာရှိတဲ့ကြွေးတွေအတွက် အခွန်ဆောင်ပြည်သူတွေရဲ့ဝန်ထုပ်ဝန်ပိုးကို ငွေကြေး
ပေါ်လစီ တခုက ပယ်ဖျက်ပေးနိုင်တဲ့သဘောပေါ့။
ဒုတိယအချက်က ငွေတွေ
ဒီလောက်အများကြီးဈေးကွက်ထဲကို သွင်းနေပေမယ့် ဂျပန်ဈေးနှုန်းဖောင်းပွမှု
ဖြစ်မလာဘူး။ ဂလိုဘယ်လိုက် ဇေးရှင်းရဲ့ ကြီးမားတဲ့အရှိန်အဟုန်ကို
ငွေကမလိုက်နိုင်ဘူးဆိုတဲ့သဘော ဖြစ်တယ်။ ဂျပန်တွေဟာ ၁၉၈ဝ ပြည့်နှစ်တွေမှာ
သူ့စက်မှုကုန်ထုတ် လုပ်ငန်းတွေကို နိုင်ငံခြားတိုင်းပြည်တွေကို ရွှေ့ပြောင်းခဲ့တယ်။
ဈေးနှုန်းချိုသာအောင်ပါ။ ကားတစီးဂျပန်မှာထုတ်သလား၊ မလေးမှာ ဆင်တာ လား၊
ထိုင်းမှာတပ်တာလား။ ဒီ ရေခဲသေတ္တာက ဂျပန်ပစ္စည်းတွေပဲ၊ ဒါပေမယ့် တရုပ်မှာလုပ်တာ
စသည်ဖြင့် ကျနော်တို့ ကြားဖူးကြတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့စရိတ်စကတွေက
လုပ်ခဈေးပေါတဲ့နိုင်ငံမှာ အရမ်းသက်သာသွားတယ်။ တကမ္ဘာလုံးမှာ အပြိုင်အဆိုင်ဈေး
ရောင်းနိုင် လာတယ်။ ဒါပေမယ့် ဒီသက်ရောက်မှုက ဂျပန်မှာလက်ရှိ ငွေကျုံ့ဝင်မှု(Deflation)
ကိုဖြစ်စေခဲ့တယ်။ ၁၉၇၃ မှာ ဂျပန်ငွေကြေး ကို ၄ဝ% တင်လိုက်တာ ငွေဖောင်းပွနှုန်းက
၂ဝ% တက်လာတယ်။ ၂ဝ၁၄ မှာ ငွေ (monetary base) ၅၅%တင်တယ်။ ငွေဖောင်းပွနှုန်းက
လှုပ်တယ် ဆိုရုံပဲ။ ဂျပန်ဗဟိုဘဏ်ဟာ ပထမဆုံး ငွေချောင်ချိစေတဲ့ပေါ်လစီ (QE) ကို
စသုံးခဲ့တဲ့နိုင်ငံ။ ငွေကျုံ့ဝင်နှုန်းကို နှစ်ပေါင်းများစွာ ရင်ဆိုင်လာ ရတဲ့နိုင်ငံ။
အစိုးရကြွေးမြီတွေကို ၄ဝ% လောက် ချေဖျက်ပြမယ့်နိုင်ငံ။ လုပ်ငန်းတွေကို ပထမဆုံး
နိုင်ငံရပ်ခြားတိုင်းပြည်တွေကို တင်ပို့ပြီး ပြည်တွင်းစီးပွားရေးမှာ ပြန်တည်ဆောက်နေရတဲ့နိုင်ငံ။
တရုတ်အတွေ့အကြုံဟာ သီးခြားဖြစ်ပေမယ့် အမေရိကန်ဟာ ဂျပန် ဗဟိုဘဏ် ပေါ်လစီတွေနဲ့ဖြစ်ရပ်တွေကို
ကောင်းစွာဆင်ခြင်ရမယ့်သဘောဖြစ်တယ်။ တနည်း ဂျပန်ကနေ အမေရိကန်က လေ့လာလို့ရနိုင်တာတွေ
ရှိနေတယ်။
မြန်မာတွေကကော ဘာတွေရနိုင်မလဲ။
ဂျပန်နဲ့အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေဖန်တီးခဲ့တဲ့အားဟာ အရမ်းကြီးမားတယ်။
ငွေဖောင်းပွနှုန်း မဖြစ်ဘူး။ ဘာလို့လည်း၊ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့်။ တရုတ်
ဘာလို့ချမ်းသာလာလဲ။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့်။ မြန်မာစီးပွား ရေးမှာခံနေတာတခုက
မြန်မာနိုင်ငံရေးပါ။ အမျိုးသားရေးလှုံ့ဆော်ချက်တွေနဲ့
တိုင်းပြည်ကိုပိတ်ထားမယ်ဆိုရင် တအိအိနဲ့ပြိုပြီး ဘုံးဘုံးလဲ သွားမှာပါပဲ။
နိုင်ငံတကာစီးပွား ဆက်စပ်လမ်းကြောင်းတွေကို ရှာပါ။ ဝင်ပါ။ အတားအဆီးတွေကို ဖွင့်ပါ။
ပြူတင်းပေါက်ဖွင့်ရင် အလင်းရောင်၊ လေကောင်းလေသန့်နဲ့အတူ
အမှိုက်သရိုက်တွေဝင်လာမယ်ဆိုတဲ့ တိန့်ရှောင်ဖိန်ရဲ့စကားရှိတယ်။ ဒါပေမယ့်
ပိတ်ထားပြီး အမှောင်ထဲမှာနေလို့ မရတော့ဘူး။ ကုန်သွယ်စစ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့
အဆင်းလမ်းတခု ဖြစ်လာနိုင်တယ်။
သက်ရောက်မှုတွေက ဖြည်းဖြည်းချင်း
အရှိန်တက်လာပါမယ်။ လက်ရှိပွင့်နေတဲ့လမ်းကြောင်းတွေနဲ့ ငွေစီးဆင်းမှုဟာ
ကုန်သွယ်စစ်နဲ့အတူ ပိတ်ဆို့သွားနိုင်တယ်။ ယူရိုဇုန်ရဲ့ QE ပေါ်လစီဟာ ၂ဝ၁၉ မှာ
ရပ်ပြီ။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက ထရမ့်ကိုဆန့်ကျင်ပြီး ၂ဝ၁၈ ဒီဇင်ဘာလ ထဲမှာ
ဘဏ်တိုးနှုန်းကိုတင်ခဲ့ပြီ။ ၂ဝ၁၉ ထဲမှာ ၂ ကြိမ် ထပ်တင်မယ်လို့လည်း
သတိပေးခဲ့ပြီးပြီ။ ဘဏ်တိုးတခါကို ဝ.၂၅% တင်နေတယ်။ အမေရိကန်ရဲ့ QT ခေါ်တဲ့
ငွေရင်းပြန်တင်းကျပ်တဲ့ပေါ်လစီဟာ ၂ဝ၂ဝ အထိ ဆက်သွားပါမယ်။ ကမ္ဘာ့အကြီးဆုံး
ဗဟိုဘဏ်(၄)ခုမှာ အမေရိ ကန်နဲ့ယူရိုဟာ လာမယ့် (၂)နှစ်မှာ
ငွေရင်းတင်းကျပ်မှာဖြစ်ပြီး တရုတ်က ရှီကျင်းပင်ရဲ့ ဒီဇင်ဘာ ၃၁
နှစ်သစ်ကူးမိန့်ခွန်းအရဆိုရင် ပို့ကုန် အဓိက ဖွံ့ဖြိုးမှုကနေ
ပြည်တွင်းစားသုံးမှုဆီကို ကူးပြောင်းဖို့ရှိနေပါတယ်။ အခွန်အကောက်တွေလျော့ချမယ်၊
ပြီးရင်ဈေးကွက်ထဲ ငွေပင်ငွေရင်း သွင်းမယ်(stimulus package)လို့ ဆိုတယ်။
ဂျပန်ကလည်း လက်ရှိ QQE ကိုဆက်သွားနေဦးမယ်လို့ကြေညာထားပြီးဖြစ်တယ်။ ဒီတော့
အနောက်(ယူအက်စ်နဲ့အီးယူ)က ငွေတွေပြန်ကျပ်မှာဖြစ်ပြီး အရှေ့(တရုတ်နဲ့ဂျပန်) က
ငွေတွေ ဖြေလျော့မှာဖြစ်တယ်။ မြန်မာပြည် ငွေရင်း ရှာတဲ့
ဂျပန်လမ်းကြောင်းဟာမှန်ကန်တယ်လို့ လွှမ်းခြုံပြောနိုင်ပြီး
အကောင်အထည်ဖော်မှုပိုင်းကိုသာ တခုချင်းသုံးသပ်ရမှာဖြစ်တယ်။
(ပြည်တွင်းအကျပ်အတည်းတွေနဲ့
ကုန်သွယ်စစ်ရဲ့မျက်နှာစာ ၂ဘက်)
အရင်းစနစ်နိဂုံးမှာ
စာအုပ်ဒုတိယခေါင်းစဉ်ကို သမိုင်းအမြင်၊
နောက်ဆုံးအရင်းလှိုင်းနဲ့ငွေစစ်ပွဲလို့နာမည် ပေးခဲ့တယ်။ အကြောင်းမဲ့ မဟုတ် ပါဘူး။
ကုန်သွယ်စစ်ကိုမှီးပြီး ဂလိုဘယ်လိုက်ဇေးရှင်းနောက်ပြန်ဆုတ်ရင် လက်ရှိသွားနေတဲ့အရင်းလှိုင်းဟာ
နောက်ဆုံးမဖြစ်ခဲ့ဘူးဆိုရင် တောင် အရင်လို အင်အားကောင်းဖို့ မလွယ်လှဘူး။
အကျိုးဆက်က မြန်မာပြည် ပြန်လည်ထူထောင်ရေးဟာ ပိုလို့ခက်ခဲဖွယ်ရှိလာနိုင်တယ်။
ဗီယက်နမ်ဟာ ဒီလှိုင်းကို အရစီးနေတဲ့နိုင်ငံပါ။ အမေရိကန်လို ဂျပန်လိုကိုယ်က
ငွေဖန်တီးဖို့မလွယ်ပေမယ့် ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေကို စီးပွားရေးပညာရှင်တွေက
သေချာစီစစ်ကြစေချင်တယ်။ ငွေဟာ လေထဲကဖြစ်နိုင်တဲ့အချိန်ပါ။
ကြွေးတင်မှာမကြောက်ပါနဲ့။ ၂ဝ၁၉၊ ၂ဝ၂ဝ ဟာ တိုင်းပြည်အကျိုးရှိမယ့်စီမံကိန်းတွေကို
အရှိန်နဲ့စတင်ရတော့မယ့်နှစ်တွေလို့ မြင်ကြည့်ကြဖို့ပါပဲ။
ကုန်သွယ်စစ်ဟာ ထရမ့်နဲ့ ရှီကျင်းပင်ရဲ့
ဗြူနိုအေရိ (ဒီဇင်ဘာ၁၇က်) ဆွေးနွေးပွဲနောက်ပိုင်း အလယ်အလတ်ပိုင်းခေါင်းဆောင်တွေ
ဆက်တိုက် ညှိနှိုင်းနေဆဲဖြစ်တယ်။ အမေရိကန်ကုန်တွေ တရုတ်က တိုးဝယ်ပေးဖို့ပါ။
ရှီကျင်းပင်အတွက် တရုတ်ကိန်းဂဏန်းတွေဆက်ပြီး အကျဘက် ရောက်နေတဲ့ အစီရင်ခံစာကို
ဒီဇင်ဘာ(၃၁)ရက်မှာ မတွေ့ရခင် စနေနေ့(၂၉ ဒီဇင်ဘာ) မှာ ထရမ့်နဲ့
တိုက်ရိုက်ဖုန်းပြောခဲ့တယ်။
ရှေ့အပတ်ထဲမှာ အမေရိကန်အဖွဲ့ကို
ဒုတိယကုန်သွယ်ရေးကိုယ်စားလှယ်ဦးဆောင်ပြီး ဘေဂျင်းမှာဆွေးနွေးပွဲတခုလုပ်ဖို့
သဘောတူခဲ့တယ်။ အဓိကခေါင်းစဉ်က ကုန်သွယ်ခွန်လျော့ချဖို့ပါ။ ထရမ့်အစိုးရမှာ
ကာကွယ်ရေးဝန်ကြီးက နှုတ်ထွက်သွားပြီး အစိုးရလုပ်ငန်းဆောင်တာတချို့ကို
ရပ်ဆိုင်းထားရတယ်(government partial shutdown)။ (မှတ်ချက်။ အမေရိကန်မှာ
ဘတ်ဂျက်နဲ့အသုံးစရိတ်တွေကို အောက်လွှတ်တော်က စပြီး ဥပဒေမူကြမ်းလုပ်တယ်။ ပြီးရင်
ဆီးနိတ်ကိုတင်တယ်။ အဲသည်ကမှတဆင့် သမ္မတလက်မှတ်ထိုးရင် ဥပဒေဖြစ်တယ်။ မထိုးရင်
ဒီမူကြမ်း က လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ကွန်ဂရက်စ်ကိုပြန်ကျလာတယ်။ အဲဒီမှာ
(၃)ပုံ(၂)ပုံက ထောက်ခံရင် သမ္မတလက်မှတ်မထိုးပဲ ဥပဒေ ဖြစ်တယ်။ သမ္မတနဲ့လွှတ်တော်တရပ်ရပ်မှာ
သဘောတူညီချက်မရရင် အစိုးရရဲ့ အရေးမကြီးဘူးလို့ ယူဆရတဲ့လုပ်ဆောင်ချက်တချို့ကို
ရပ်ဆိုင်းထားရတယ်။ ခုဆိုရင် (၁ဝ)ရက်ကျော်လာပြီ။ အမေရိကန်သမိုင်းမှာ (၂၁)ရက်အထိ
အများဆုံးကြာဘူးတယ်။ ၂ဝ၁၃ ခု အောက်တို ဘာမှာ ၁၆ရက်အထိ ကြာတယ်။ တတိယအကြာဆုံးလို့
ဆိုတယ်)။ ဒီနိုင်ငံရေးအကျပ်အတည်းကနေ ထရမ့်ကကုန်သွယ်စစ်သဘောတူညီ ချက်နဲ့ထွက်ဖို့
ကျိုးစားချင်နေပုံရတယ်။
တဘက်မှာ တရုတ်ဟာ
ဆက်လက်နှေးကွေးလာတဲ့စီးပွားရေးကို နိုင်ငံရေးနဲ့ပြပြီး ခနထိန်းထားဖို့
အခွင့်အရေးတချို့ ရှိနေတယ်။ ၂ဝ၁၉ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်(၇ဝ)ပြည့်နှစ်ဖြစ်တယ်။
စုပေါင်းဦးဆောင်မှုကိုပယ်ဖျက်ပြီး ရာသက်ပန်အုပ်ချုပ်ဖို့
ပြန်ပြင်ထားတဲ့ဥပဒေတွေနဲ့ မော်စီတုန်းနောက်ပိုင်း အာဏာအချုပ်ကိုင်နိုင်ဆုံး
ရှီကျင်းပင်ဟာ မတ်လမှာ အမျိုးသားပြည်သူ့ကွန်ဂရက်စ်နဲ့ အေပယ်မှာ နဂါးပတ်လမ်း
ထိပ်သီး(belt and road summit)ဆွေးနွေးပွဲတွေကို ဘီဂျင်းမှာကျင်းပပါလိမ့်မယ်။
ရှီကျင်းပင်ရဲ့ နိုင်ငံရေးအာဏာချုပ်ကိုင်မှုဟာ ကျဆင်း လာတဲ့
တရုတ်စီးပွားရေးကြားမှာ ဆက်လက်မြဲမြံနေပြီး ထရမ့်ဟာ အောက်လွှတ်တော်မှာ
ဒီမိုကရက်တွေကို အလျော့ပေးရမယ်ဆိုရင် နှစ်နိုင်ငံ နိုင်ငံရေးအလှည့်အပြောင်းတွေဟာ
ကုန်သွယ်စစ်ရဲ့အတက်အကျတွေအပေါ်မှာ စကားပြောလာပါလိမ့်မယ်။
ဒါပေမယ့် ကမ္ဘာ့အင်အားအကြီးဆုံးနဲ့
စီးပွားရေးအတောင့်တင်းဆုံး စူပါပါဝါအမေရိကန်ရဲ့ ရှေ့ဆက်လာမယ့်
စီးပွားရေးဆိုင်ရာအနေအထား တွေဟာ ဇန္နဝါရီ(၄)ရက်သောကြာနေ့မှာ နားဆင်ကြရဖို့
ရှိနေပါတယ်။ လက်ရှိ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပိုဝဲ (Jerome Powell 2018 – ) ဟာ
သူ့အရင် ဥက္ကဋ္ဌတွေဖြစ်တဲ့ ဂျနတ်ယဲလ်လင် (Janet Yellen 2014 – 2018)၊ ဘင်ဘားနိတ် (Ben
Bernake 2006 – 2014)တို့နဲ့ အမေရိကန် စီးပွားရေးအသင်းရဲ့ ၂ဝ၁၉ နှစ်ပတ်လည်အစည်းအဝေးမှာ
အင်တာဗျူးနဲ့စကားဝိုင်းဆွေးနွေးပွဲတွေ လုပ်ဖို့ရှိနေတယ်။ အမေရိကန်ရဲ့ ရေရှည်မက်ခရိုစီးပွားရေးစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ဆွေးနွေးကြမှာပါ။
ကြုံရခဲတဲ့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ သုံးဦးရဲ့ ဆွေးနွေးငြင်းခုံမှုတွေကို
ဒေါ်လာတန်ဖိုးကျနေတုန်း နိုင်ငံပိုင် နိုင်ငံခြားအရံငွေတွေနဲ့
အရှူံးခံဝင်ရောက်ဝယ်ယူပေးခဲ့တဲ့ မြန်မာဗဟိုဘဏ် ပညာရှင်များကို လေ့လာကြည့်ရှုဖို့
အကြံပြုလိုက်ပါရစေ။
နှစ်သစ်မှာ မြန်မာပြည်သားများအားလုံး
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း
ဆုမွန်ကောင်းပို့သလိုက်ပါတယ်။
Kyaw Zaaw
Khine 2011+Publishing ကနေကူးယူဖော်ပြတာဖြစ်ပါတယ်။
0 comments:
Post a Comment