(မြစ် တကယ်ရေတိုးရင် ဆည်ကျိုးပါတယ်)
“မြစ်ဆုံကိစ္စ အကိုတို့ တခုခုပြောဖို့ကောင်းတယ်“တဲ့။
ဟုတ်ကဲ့ပြောခဲ့ပါတယ် ၂ဝ၁၁ တုန်းက “ကြွက်
မြွေနဲ့ ဧရာဝတီကိစ္စ“ဆိုပြီး။ ဒီဘက်မှာ(အမေရိကန်တွေကို)လည်း တတ်နိုင်သလောက်
ပြောခဲ့ဆိုခဲ့ပါတယ်။ ပြည်တွင်းက လုပ်နေသူတွေဆီလည်း ငွေလေးဘာလေးလည်း
ထည့်ဝင်ခဲ့ပါတယ်။ မြစ်ဆုံစီမံကိန်း ယာယီရွေ့သွားပေမယ့် ပွဲမပြတ်ခဲ့ပါဘူး။
ဗြမ္မာ့ဥက္ခောင်း လက်ပြောင်းရုံဖြစ်ခဲ့တာကတကြောင်း၊ မြစ်ဆုံကိစ္စထက်
သိန်းစိန်ထောက်ခံရေးနဲ့ တရုတ်ဆန့်ကျင်ရေးဘက် ရုပ်ပျက်ဆင်းပျက်ကြီး ဇောင်းပေးတာက ပိုတာတွေ့ရတာကတကြောင်းမို့
စိတ်ထဲ မကောင်းလှပါ။ နိုင်ငံရေးအရ ဘဝင်မကျခဲ့ပါ။ ကိုယ့်ချွေးနှဲစာလေးလည်း
သဲထဲရေသွန်ဖြစ်ရုံမက စစ်အုပ်စုထောက်ခံရေးထဲ မလိမ့်တပတ် အလုပ်ခံလိုက်သလို
သိမြင်နားလည်လိုက်ရပါတယ်။
ခုလည်း “ပဒူအုံတုတ်ထိုးခြင်း“နဲ့ ထပ်
ပြောပါတယ်။ အဲ့ဒီမှာ ကျနော့်သဘောထားကို အိပ်သွန်ဖာမှောက်ပြောထားပါတယ်။ ငွေတော့
မထည့်တော့ဘူး ဆုံးဖြတ်ထားပါတယ်။ ၂၀၁၁ နဲ့ ခုကာလကြားထဲတွေမှာလည်း တစောင်တဖွဲ့သာမပြောဖြစ်တာ ကြိုကြားကြိုကြား တိုနန့်နန့်လေးတွေနဲ့ မပြတ်ပြောပါတယ်။ ဒီက
လူတွေကိုလည်း ဗမာပြည်အကြောင်းပြောတဲ့အခါ တရုတ်ပါပါတယ်။
တရုတ်ဆန့်ကျင်ရေး
သက်သက်လောက်လုပ်နေသူတွေနဲ့ ပြောပုံနည်းတော့ ခြားနားပါတယ်။
မြစ်ဆုံကိစ္စက
ပြည်နဲ့ချီဖြစ်နေတဲ့ စီးပွားရေးအခြေခံနိုင်ငံရေးပါ။ စီးပွားရေးတိုင်းဟာ အခြေခံမတူ
သဏ္ဌန်ကွဲတဲ့ နိုင်ငံရေးတွေပါ။ ဂေဟဗေဒတို့၊ ပတ်ဝန်းကျင်သဘာဝတို့၊
လူလုပ်အန္တရာယ်တို့ဆိုတာတွေ နိုင်ငံရေးဆုံးဖြတ်ချက်ကို ဘက်သဘောအရ အထောက်အကူပေးရတဲ့
ပညာရပ်နယ်ပယ်က အရေးပါပြီးသတိပြုအပ်တဲ့ အချက်အလက်တွေမျှသာပါ။ တကယ့်အဆုံးအဖြတ်က
နိုင်ငံရေးပါ။ အပြီးသတ်အဆုံးအဖြတ်က အာဏာရောက်မှ ပြတ်တာပါ။
နိုင်ငံရေးဖြစ်တဲ့အလျှောက် အာဏာကိစ္စ အာဏာပြဿနာအထိ တက်ပြီးမြင်ရမှာပါ။
ညောင်ပင်ကြီးခုတ်ရင်
ငှက်ဥတွေကွဲကုန်မှာပေါ့ဆိုတာလောက်နဲ့ အချိုမကုန်ချင်တာ ကျနော့်စိတ်ပါ ဆန္ဒပါ
လိုလားမှုပါ။ ဧရာဝတီဟာမြစ်ဖြစ်လို့၊ ဆောက်သူဟာတရုပ်ဖြစ်လို့လောက်နဲ့ ရပ်သွားရင်
လက်သည်ပျောက်သွားမှာပါ။ ခု တရုတ်ဘက် လှည့် “တည်“ပေးနေတာတွေ များများလာပါတယ်။
လက်သည်ဖျောက်ဖို့အားထုတ်မှုတွေ တစတစကြီးထွားနေပါတယ်။ တရုတ်ဆန့်ကျင်ရေးအင်ဂျီအိုတွေ
ခြေသွက်လက်သွက် ပြန်လှုပ်ရှားတာလည်း မြင်ရပါတယ်။ သိန်းစိန်တုန်းကလောက်တော့ လုပ်စားရ
မချောင်ပါ။ ဒေါ်စုမျက်နှာကြည့်လုပ်နေရတော့ အာ သိတ်မကျယ်ဝံ့ပါ။
လုပ်သူတွေကြည့်ပြန်တော့ ရွှေဂက်စ် ပိုက်လိုင်းတုန်းက မြက်မြက်ကလေးရလိုက်တဲ့
မျက်နှာဟောင်းတွေပါနေတာ တွေ့ရပါတယ်။ သူတို့ အသက်မွေးဝမ်းကြောင်းမို့
သူများထမင်းအိုးမခွဲသင့်ဘူးဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ်ကာရံနေကြ ဖာထေးနေကြတာတွေလည်း
ကြားရပါတယ်။
ကျနော်က မြစ်ဆုံဟာ နိုင်ငံရေးလို့ခံယူလို့
နိုင်ငံရေးလိုလုပ်ဖို့ပဲဇောင်းပေးပါတယ်။ မြစ်တမြစ်ကိစ္စလောက် ဆည်တဆည်ကိစ္စလောက်
မဟုတ်ပါဘူး။ လူတင်ပါလို့ နွားကျားကိုက်တဲ့ကိစ္စမှာ လက်သည်ဟာ စစ်အုပ်စုပါ။ တရုတ်က
သူတို့ခေါ်လို့ရောက်တာပါ။ တိုင်းပြည်ကို ပေါင်းပြီးပင်းပြီး စားကြတာမှာ
“မြစ်ရှင်“ဖြစ်တဲ့ အာဏာကိုင် အုပ်စိုးသူပါမှ ဖြစ်ပါတယ်။ စစ်အုပ်စုက
သူ့ဓနနဲ့သူ့အာဏာအတွက် နိုင်ငံတကာမှာအကာအကွယ်ရဖို့ စစ်မျိုးစစ်နွယ်စစ်သူကြွယ်တွေ
ခရိုနီတွေအကျိုးစီးပွားအတွက် ပြည်ပိုင်မြစ်ကို ကိုယ့်ဥစ္စာလုပ်ပြီး
အပေါင်ပေးခဲ့တာပါ။
လက်သည်အရင်းဟာ စစ်အုပ်စုပါ။ ခု NLD က
လက်ဝင်လျှိုမယ့် အရိပ်အမြွက်ပေးရုံတင်မက ဗြောင်ကျကျ သွေးတိုးစမ်းနေပါတယ်။ ဒါလည်း
အာဏာကိစ္စ အာဏာပြဿနာဖြစ်တော့ နိုင်ငံရေးဖြစ်ပါတယ်။ နိုင်ငံရေးဆို
နိုင်ငံရေးစကားပဲပြောရပါတယ်။
ကျနော်တို့ စစ်အာဏာရှင်စနစ်ကို
မျက်ခြေမပြတ်ဖို့ပါ။ ဘယ်သူ ခြေရာကူဖျောက်ဖျောက် ကျနော်တို့ မပျောက်ကြဖို့ပါ။ ဘယ်သူ
ကူလှည့်လှည့် ကျနော်တို့ မျက်စေ့မလည်ဖို့ပါ။
တိုင်းပြည်ဟာ မြစ်ပါ။ လူထုဟာ ရေပါ။ အာဏာဟာ
ဆည်ပါ။ မြစ်တကယ်ရေတိုးရင် ဆည်ကျိုးပါတယ်။
မျိုးမြင့်ချို(ဇန်နဝါရီ ၁၈၊ ၂ဝ၁၉ )
0 comments:
Post a Comment