Wednesday, January 23, 2019

(လူ မအ ဖို့ပါ) မျိုးမြင့်ချို

0 comments
(လူ မအ ဖို့ပါ)
အိန္ဒုမြစ်ဝှမ်းကယုံကြည်မှုတခုမှာ နတ်တွေ ဗြမ္မာတွေကနှစ်စဉ် ဗြာဟ္မဥက္ခောင်းကို တလက်ကတလက် လက်လွှဲတယ်ဆိုတာရှိပါတယ်။ လက်လွှဲတဲ့အခါ ဒီဥက္ခောင်းမြေပေါ်မကျအောင် ဂရုတမထားရပါတယ်။ ကျခဲ့ရင် မြေအပြင်မီးလောင်ပြီး ဖုတ်ကျည်းသင်္ဂြီုဟ်သလိုဖြစ်မယ်တဲ့။ ဒါ့ကြောင့် နတ်တွေ နှစ်တိုင်းနှစ်တိုင်း ကမ္ဘာမြေ "လုပ်တိုင်း" ဖြစ်မသွားလေအောင် လန့်လန့်နဲ့ လက်လွှဲကြပါတယ်။ လူတွေသေမှ နတ်ငတေချည်း မာလို့မှမရတာ။ နတ်ဆိုတာ လူမရှိ သူ့ ဘယ်သူ ပသနေပါ့မလဲ။



စစ်မြေပြင်မှာ စစ်အင်္ဂျင်နီယာက ရန်သူသုံးတဲ့လမ်း သွားပြီး အသက်လည်းသွင်းခဲ့တယ်၊ မြေပုံလည်းမတင်ခဲ့ဘူး၊ ပြန်လည်း မဖော်တော့ဘူးဆိုပြီး မကောင်းသူထိပ်ကောင်းသူထိပ် ထောင်ခဲ့တဲ့မိုင်းမျိုး ရှိပါတယ်။ စွန့်လွှတ်မိုင်းလို့ခေါ်ပါတယ်။ မှိုတိုးမျှစ်ချိုး တောတိုးတဲ့ရွာသားတွေနဲ့ မျက်စေ့လည်လမ်းမှားလာတဲ့ ကျွဲနွား ဒါမှမဟုတ် တောကောင်တွေ ထိကုန်တာလည်း ရှိပါတယ်။ ဘယ်သူမှမထိရင် ကြာတော့ ရာသီဒဏ်ကြောင့်ပျက်ဆီးကာ မပေါက်ကွဲတော့ပဲ သက်မဲ့ပြီး မိုင်းအ ဖြစ်သွားပါတယ်။ ရည်ရွယ်ချက်ကိုက ရန်သူတခုတည်း ထိဖို့ မဟုတ်တာပါ။။


မြစ်ဆုံဟာ စစ်အုပ်စုလွှဲခဲ့တဲ့ဗြဟ္မဥက္ခောင်းပါ၊ NLD လက်က လွတ်ကျရင် တိုင်းပြည် ဘာဖြစ်မယ်တော့ မပြောတတ် NLD တော့ တစပြင်ဖြစ်မှာပါ။ ကျီးနဲ့ဖုတ်ဖုတ်နေမှာပါ။ လူအရှင်တွေကို သရဏဂုဏလာတင်မယ့် ကိုယ်တော်တွေပဲ အသုဘရှုပရိတ်သတ် ဖြစ်မယ်ထင်တယ်။


မြစ်ဆုံဟာ စစ်အုပ်စုထောင်ခဲ့တဲ့ စွန့်လွှတ်မိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် မြေပုံတော့ တင်ထားပါတယ်။ မြေပုံညွှန်းဖြစ်တဲ့စာချုပ်ရှိပေမယ့် ကူဖျောက်နေကြပါတယ်။ NLD ပါတီနဲ့ ခေါင်းဆောင်ဟာ မှိုများရမလားဆိုပြီး နိုင်ငံရေးတောတိုးလာတဲ့ရွာသားပါ။ စစ်တပ်ကတောစိုးတောင်စိုး ရုက္ခစိုးပါ။ ရာသီတွေလည်း အခါအခါမညောင်းသေးတော့ မိုင်းကလည်း အသက်ရှိနေတုန်းပါ။ မအ သေးပါ။ လူထုက မျက်စေ့လည်လမ်းမှားလာတဲ့ ကျွဲနွားတွေ တောကောင်တွေ မဖြစ်ဖို့ပဲလိုပါတယ်။ စစ်အုပ်စုရည်ရွယ်ချက်က NLD တခုတည်း ထိဖို့မဟုတ်ပါ။

မိုင်း မအ သေးတော့ လူတွေ မအကြဖို့ပါ။
မျိုးမြင့်ချို(ဇန်နဝါရီ ၂၃၊ ၂ဝ၁၉)

0 comments:

Post a Comment