(သန်းကောင့်ထက် ညည့်နက်စေလိုသူတွေလား)
အစိုးရဆိုတာဘယ်အစိုးရဖြစ်ဖြစ် တိုင်းသူပြည်သားပိုက်ဆံကို ယူသုံးရတာဖြစ်ပါတယ်။ လူတွေပိုက်ဆံနဲ့ အလုပ် လုပ်ရတာပါ။ အဲ့လိုလုပ်ပေးဖို့ သူတို့ကို လူတွေက လုပ်ခလစာတွေ ပေးထားပြီးသားပါ။ အစိုးရတွေအနေနဲ့ သိတ်လိုအပ်လာရင် မနိုင်ရင်ကာဖြစ်လာရင် ဗဟိုဘဏ်ကနေ ငွေလှဲ့ ရပါတယ်။ ဗဟိုဘဏ်ဆီကနေ ငွေချေးရတာပါ။ ငွေစက္ကူအသစ်တွေရိုက်ရတာပါ။ အဲ့ဒါနဲ့မှ မလည်သေးရင် အစိုးရငွေချေးစာချုပ်တွေရိုက်ပြီး ဘယ်နှနှစ်တန်သည် အာမခံနဲ့ထုတ်ရောင်းပြီး ငွေခုထားရတာလည်းရှိပါတယ်။ သဘောကတော့ တိုင်းပြည်တွေမှာ ပြည်ပကြွေးမြီရှိကြတယ်။ ပြည်ပကြွေးမြီမရှိဘူးဆိုတဲ့ပြည်တောင် လူထုဆီက ငွေလှဲ့ရတယ်၊ ဗဟိုဘဏ်ကနေ ချေးရငှားရတယ်၊ ငွေချေးစာချုပ် ထုတ်ရောင်းကြရတယ်။
အကြွေးဆိုတာ ဘယ်သူ့ဆီက ယူယူ အချိန်တန်ရင်ပြန်ဆပ်ရပါတယ်။ ဘယ်သူကမှလည်း သူတို့ပြည်သူပြည်သား နဖူးကချွေးခြေမကျအောင် ရှာထားတဲ့ငွေကို နိဗ္ဗာနပစ္စရောဟောတုဆိုပြီး ရော့အင့် မလုပ်ပါဘူး။ လုပ်ရင် ကွဲပါတယ်။ ခေါင်းနဲ့ ဆင်းပြေးရပါတယ်။ အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးတာ၊ အတိုးများများနဲ့ ကာလတိုချေးတာပဲကွာပါတယ်။ အကူအညီသဘောပေးတယ်ဆိုတဲ့ငွေမှာတောင် နှောင်ကြိုးရှိပါတယ်။ အစိုးရတွေမှာ ငွေပိုရှိတဲ့ကောင် သြဇာပိုရှိပါတယ်။ ကြီးစိုးနိုင်တဲ့ပါဝါရှိပါတယ်။ အဖွဲ့အစည်းတွေမှာ ပိုက်ဆံရှိတဲ့ကောင် ဘဏ္ဏာရေးကိုင်သလိုပါ။ လျော်နိုင်တဲ့ကောင် ဘဏ္ဏာစိုးဖြစ်တဲ့သဘောပါ။
အကြွေးကြေအောင် ပြန်မဆပ်နိုင်သေးခင်မှာ အတိုးသတ်ထားရပါတယ်။ အရင်းကို ဖြည်းဖြည်းချင်း ဖဲ့ဖဲ့ဆပ်တာလည်း ဆပ်ကြပါတယ်။ အတိုးတောင်မှန်မှန်မသတ်နိုင်ရင် အတိုးပေါ်အတိုးထပ်ပြီး တိုးရင်းပေါင်းပမာဏ များသထက်များ တက်သထက်တက်ပါတယ်။ အကြွေးမဆပ်နိုင်လို့ အကြွေးထပ်ယူရင်း ကြွေးနွံနစ်တဲ့တိုင်းပြည်တွေလည်း ရှိပါတယ်။ အကြွေးတွေဘယ်လိုယူ၊ အတိုးတွေ ဘယ်လိုသတ်၊ ငွေကြေးပေါ်လစီတွေ ဘယ်လိုချမှတ်၊ အစိုးရဘတ်ဂျက်တွေဘယ်လိုခွဲဝေ စတာတွေကိုတော့ ပညာရှင်ရယ်၊ အာဏာရှင်(အစိုးရ)ရယ်၊ လုပ်ငန်းရှင်တွေရယ်အပါအဝင် သက်ဆိုင်သူတွေက လုပ်ကြပါတယ်။ ကျနော်က အဲ့နေရာတွေမှာ နကန်းတလုံးတောင် မသိတဲ့ မြင်းထိန်းငတာမို့ ဘာမှမပြောတတ်ပါ။
ပြောချင်တာက အကြွေးရှိရင်ဆပ်ရပါတယ်။ ဘယ်လူက ဘယ်လု့ဆီကချေးချေး၊ ဘယ်အစိုးရက ဘယ်အစိုးဆီကချေးချေး၊ ဘယ်တိုင်းပြည်က ဘယ်တိုင်းပြည်ကချေးချေး ပြန်ဆပ်ရပါတယ်။ အဆင်ပြေလို့ မပြေလို့ ကြွေးတွေလျှော်ပစ်တာ၊ လျှော့ချပေးတာ၊ ကြွေးပြန်ဆပ်ချိန် ဆန့်ပေးတာ၊ အတိုးနှုန်းပြန်ပြင်ဆင်တာတွေက တပိုင်းပါ။ အောကွးဆို လောကကြွေးတင်မက သံသယာကြွေးပါ ဆပ်ရပါတယ်။ နန်းမတော်မယ်နု အကွပ်မျက်ခံရခါနီး သူ့ဆရာတော်က “မယ်နု သူ့ကြွေးရှိ ကြေအောင်ဆပ်ရတယ်“လို့မိန်ပါတယ်။ သူ့ကြွေးယူပြီး မဆပ်မိရင် နောက်ဘဝကျ သူ့ဆီမှာမြေခံရတယ်လို့ ယုံကြည်ရင်းစွဲလည်းရှိပါတယ်။
အကြွေးမဆပ်နိုင်လို့ ချစ်တီးသိမ်း သိမ်းလို့မရတဲ့ခေတ်ဆိုတော့ သိမြင်ဖို့လိုပါတယ်။ တကမ္ဘာလုံးမောင်ပိုင်စီးပြီး အတိုးကြီးပေးစားလို့လည်း မရတော့တဲ့အခြေအနေဖြစ်ပါတယ်။ ငွေထုတ်ချေးချင်သူတွေ တန်းစီနေကြတာပါ။ ချေးယူမယ့်သူမှာ ရွေးချယ်စရာ ပိုများနေတဲ့ခေတ်ပါ။ ကမ္ဘာ့ဘဏ်တို့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့၊ နိုင်ငံတွေကြားက စာချုပ်စာတမ်းတို့ စတဲ့ အထိမ်းအကွပ်တွေ ရှိပါတယ်။ ရွှေကိုယူသည် ငွေကိုယူသည် ပြီးတော့လူကိုပါယူသည်ဆိုပြီး သမီးပျိုပါထိုးအပ်ကြတဲ့ခေတ်ဟု မတ်သလို ကြွေးရှင်က လည်မြိုအဓမ္မညှစ်ဖို့လည်း မဖြစ်တော့ပါ။ “အကြွေးမဆပ်နိုင်လို့ ဘယ်တိုင်းပြည်က ဘယ်တိုင်းပြည်ဆီကနေ ဘာတွေကိုတော့ အကြွေးနဲ့သိမ်းကုန်ပါပြီ“ တို့ဆိုပြီး အရပ်ပြော ပြောမယ်ဆို မိမိညာဏ်တိမ်ရာကြကြောင်း လူသိတာပဲ အဖတ်တင်မှာပါ။ ရပ်ကွက်ထဲက နေ့ပြန်တိုးချေးစားတာလောက်၊ ခေါက်ပြန်ပေး ပေးစားတဲ့လူလောက်၊ အိုးခွက်ကအစအပေါင်ခံတဲ့ အပေါင်ဆိုင်လောက်မှာပြောတဲ့စကားကို နိုင်ငံတကာအရေးထဲ နိုင်ငံရေးထဲ ထဲ့ပြောရင် လူရီပါလိမ့်မယ်။ နိုင်ငံရေးသတိလေးကပ်ပြီး၊ စီးပွားရေးအသိလေးကပ်ပြီး ပြောကြစေချင်ပါတယ်။
ပြန်ဆက်ပါ့မယ်။ အစိုးရဆိုတာ ရှေ့အစိုးရလုပ်ခဲ့တာတွေကို တာဝန်ခံရပါတယ်။ မခံချင်ရင် အာဏာထဲ မဝင်တာကောင်းပါတယ်။ ရှေ့အစိုးရကြောင့်ချည်းပုံချ ခေါင်းရှောင် ကိုယ်လွတ်ရုန်းလို့ မလွတ်ပါ။ တာဝန်ခံရတဲ့အထဲမှာ ပြည်ပ ပြည်တွင်းကြွေးမြီတွေလည်းပါပါတယ်။
ခု ဗမာပြည်မှာ ကြွေးတွေတင်နေပါတယ်။ အမေရိကန်တင်၊ ဂျပန်တင်၊ တရုတ်တင် တင်တာမဟုတ်ပါဘူး။ ရှင်ဘုရင် ဆပ်ရမှာမဟုတ်ပါ။ အလုပ်လုပ်တဲ့ပြည်သူတွေ ကုန်းရုန်းဆပ်ကြရမှာပါ။ ဘုန်းကြီးနဲ့စစ်သားက ကုန်ထုတ်စွမ်းအားစုထဲမပါတော့ နေသာသပလေညှာကပါ။
ပေါ်လွင်အောင်ပြောရမှာက အဲ့ဒီအကြွေးတွေ ဘယ်သူကချေးယူခဲ့တယ်၊ ဘယ်နေရာတွေမှာ သုံးခဲ့တယ်၊ ဘယ်လို ကိုယ်ကျိုးရှာခဲ့တယ်၊ ဘယ်လို တိုင်းပြည်ကို ကြွေးနွံနစ်အောင် လုပ်ခဲ့တယ်ဆိုတာဖြစ်ပါတယ်။ ပီပြင်အောင်လုပ်ရမှာက အဲ့အကြွေးတွေ ဘယ်လိုပြန်ဆပ်နေတယ်၊ ဘယ်လို အတိုးသတ်နေတယ်၊ ဘယ်လို လျှော်ပေးဖို့ မေတ္တာရပ်နေတယ်ဆိုတာပါ။
အဲ့သလိုပြောတဲ့သူ ပြောနေပါတယ်။ ကြားလည်းကြားနေရပါတယ်။ ချီးလည်း ချီးမွမ်းပါတယ်။ သေနတ်နားထင်အတေ့ခံထားရတဲ့ကြားက ဖွင့်ချရဲတဲ့ သတ္တိကိုလည်း လေးစားပါတယ်။ အဲ့သလိုလုပ်တဲ့သူ လုပ်နေပါတယ်။ မြင်လည်းမြင်နေရပါတယ်။ အကန့်အသတ်အကြီး ကြီးတွေကြားကနေ ခါးချိအောင်လုပ်နေကြတာကြည့်ပြီး စိတ်ထဲလည်း မချိတင်ကဲဖြစ်ရပါတယ်။
ခက်နေတာက မီဒီယာတချို့နဲ့၊ ကြောင်သူတော် နိုင်ငံရေးသမားတချို့ဟာ တိုင်းပြည်အတွက် ဗူးလေးရာဖရုံဆင့်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးပြဿနာတွေကို ဖန်တီးနေကြတာဖြစ်ပါတယ်။ ဒုတိယအကြိမ် တရုတ်ဗမာအရေးအခင်းမျိုးပေါ်လာလေနိုးအိပ်မက်နဲ့ သွေးထိုးလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ လူထုဘဝကို သန်းကောင့်ထက် ညည့်နက်စေချင်တဲ့စေတနာဆိုးတွေများလားလို့ မြင်စရာပါ။ နဂိုကမှ တရုတ်ရဲ့အုပ်စီးထားမှုကြောင့် မကျေမချမ်းဖြစ်နေကြတဲ့ပြည်သူက အများစုပါ။ လူတရာမှာ ကိုးဆယ်လောက်စိတ်ထဲ ဘဝင်မကျဖြစ်နေကြတာပါ။ ဖြစ်လည်း ဖြစ်ချင်စရာပါ။ ဖြစ်လည်း ဖြစ်ရမှာပါ။ မစွမ်းရင်းက ရှိထားပြီးသားပါ။ ဒါက အညှာပါ။
ဗမာပြည်ပေါ် တရုတ်ရဲ့စီးပွားရေးအရ အုပ်စီးနိုင်ဖို့ အခွင့်အလမ်းတွေကို စစ်အုပ်စုက ထိုးအပ်ခဲ့တာ၊ တဘက်စောင်းနင်းစီးပွားရေးစာချုပ်တွေ ချုပ်ခဲ့တာ၊ ကြွေးတွေ နင်းကန်ယူပြီး မိမိကိုယ်ပိုင်ငွေစာရင်းထဲ ထဲ့ခဲ့တာ၊ မိသားစု စီးပွားရေးလုပ်ငန်းတွေထူထောင်ကြတာ၊ ခရိုနီတွေနဲ့ ဝေစားမျှစား စာားကတာ၊ မြစ်ဆုံဆည် လက်ပန်းတောင်တောင်စတဲ့ တိုင်းပြည့်အရင်းအမြစ်တွေကို ဝကွက်အပ်ခဲ့တာ၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခဲ့တာ၊ သယံဇာတတွေကို မောင်ပိုင်စီးခွင့်ပေးခဲ့တာ စစ်အုပ်စုပါ။ လူတင်ပါလို့ နွား ကျားကိုက်ခံရတာပါ။ စစ်လက်ဝါးကြီးအုပ်အရင်းရှင် စနစ်ဆိုးကြောင့်ဖြစ်ခဲ့တာပါ။ ဒီစနစ်ကိုဆိုးနဲ့ ဒီစနစ်ဆိုးကို ကိုယ်စားပြုသူတွေကို ဖွင့်ချရမှာပါ။ ဒါကို ဦးတည်ပစ်မှတ်ထားတိုက်ရမှာပါ။
စစ်အုပ်နဲ့သူ့လုပ်ရပ်တွေကိုဖော့ထား၊ တရုတ်အကြွေးသက်သက်လောက်ကို ထိုးချ၊ လူထုကို လမ်းလွဲအောင်လုပ်ပြီး တိုင်းပြည်ကို လူမျိုးရေးအဓိကရုဏ်းတွေထဲနစ်သွားအောင် ဖန်တီးနေသူတွေကိုလည်း တပါတည်းဖွင့်ချဖော်ထုတ် ထိုးနှက်ကြဖို့လိုပါတယ်။
တိုင်းပြည်တွေမှာ ပြည်ပ ကြွေးမြီရှိတာ
မထူးဆန်းပါဘူး။ မရှိမှ ထူးဆန်းတာပါ။ အမေရိကန်ဟာ ပြည်ပကြွေးမြီအထူဆုံးပြည်
ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ကြွေးထူမပူ သန်းထူမယားလို့ပြောလို့တော့ မဖြစ်ပါ။
ကုန်သွယ်မှု ကုန်ထုတ်လုပ်မှု စားသုံးမှု စတာတွေနဲ့ ငွေကြေးပေါ်လစီတွေနဲ့ သူ့ဟာနဲ့သူ လည်ပါတယ်။
ဆင်ပေါ်က လူပါ။ ငွေသိတ်မလည်တဲ့အခါ ကြွက်စီကြွက်စီတော့ အသံထွက်တတ်ပါတယ်။

မျိုးမြင့်ချို(ဇန်နဝါရီ ၁၊ ၂ဝ၁၉ )
0 comments:
Post a Comment