(ကြွမိုင်း)
မြေမြှုပ်မိုင်းတွေရဲ့ မက္ကနစ်ဇင်မ်မှာ ကြွမိုင်းဆိုတာရှိပါတယ်။ စက်ခလုပ် အလုပ် လုပ်ပုံကြောင့်ခေါ်တာပါ။ လူက တက်နင်းလိုက်တယ်။ ဒါပေမယ့် မကွဲသေးဘူး။ ပြန်ကြွလိုက်တော့မှ ထကွဲတာမျိုးပါ။
နင်းမိုင်းဆိုရင်တော့ နင်းလိုက်တာနဲ့ ရိုက်တံထိန်းပင်က ပြုတ်ထွက်သွားတယ်၊ ရိုက်တံကို စရိန်ကနေ ကန်လွှတ်လိုက်တယ်၊ ရိုက်တံကအရှိန်နဲ့ စနောင့်ခေါ်တဲ့မီးပွင့်ခေါင်းကို သွားရိုက်တယ်၊ သွားရိုက်မိမှ မီးပွင့်ထွက် Spark ဖြစ်ပြီး စနက်ကြိုးကို မီးကူးတယ်၊ စနက်ကြိုးကနေ စနက်တံ Detonator ကိုမီးကူးပြီး လှန့်ခွဲ ခွဲပေးလိုက်တယ်၊ အဲ့ဒီကမှ မရိုင်မာခေါ်တဲ့ အားမြှင့်ယမ်းပေါက်ကွဲ၊ နောက်ဆုံး ယမ်းအုံကြီးတခုလုံးပေါက်ကွဲ ထွက်သွားပါတော့တယ်။ ဒါက နင်းမိုင်း အလုပ် လုပ်ပုံဖြစ်ပါတယ်။
ကြွမိုင်းကြတော့ လူက နင်းလိုက်တယ်။ လုံခြုံရေးအထိန်းပင်ပြုတ်ထွက် သွားတယ် ဒါပေမယ့် ရိုက်တံကို စပရိန်က ဆွဲကျုံ့ထားတုန်းပဲ မလွှတ်သေးဘူး။ နင်းထားတဲ့ခြေ ကြွလိုက်တော့မှ နင်းမိုင်းမှာပြောခဲ့တဲ့ မက္ကနစ်ဇင်မ် ပရောဆက်အတိုင်း အဆင့်ဆင့်ဖြစ်ပြီး ပေါက်ကွဲသွားတော့တယ်။ အဲ့ဒီမှာ မိုင်းတလုံးရဲ့အလုပ်က ပြီးမြောက်ပြည့်စုံသွားပါတယ်။ ပွဲက အဲ့ကျမှ ပြတ်သွားပါတယ်။
နင်းမိုင်းရောကြွမိုင်းပါ သတ်မှတ်တဲ့အလေးချိန်နဲ့ အနင်းခံရမှ အဖိခံရမှ စက်ခလုပ်က အလုပ်လုပ်ပါတယ်။
နင်းမိုင်းက နင်းမှန်းသိလိုက်ချိန်မှာ နင်းမိသူဟာ ဒဏ်ရာရသွားပြီ။ ကြွမိုင်းကတော့ နင်းမိလိုက်မှန်းသိတယ်ဆို ခြေကို ဒီအတိုင်းပြန်မကြွပဲ သတ်မှတ်အလေးချိန်နဲ့ညီတဲ့တခုခုနဲ့ ဖြည်းဖြည်း ဖြည်းဖြည်းခြင်း ရွှေ့ရွှေ့ အစားထိုးသွားရင်း မိုင်းခလုပ်အပေါ် အဲ့ဒီအလေးချိန်အပြည့် တင်မိသွားပြီးဆိုရင် ခြေထောက်ဖယ်ပြီး လူလွတ်အောင်လုပ်လို့ ရတယ်လို့ဆိုပါတယ်။ ရုပ်ရှင်တွေထဲမှာလည်း တွေ့ဖူးပါတယ်။ အပြင်မှာတော့ ကိုယ်တိုင်အဲ့သလိုကြုံဖူးဖို့ဝေးစွ သူများလုပ်တာတောင် မမြင်ဖူးပါဘူး။အဲ့သလိုလုပ်နိုင်ရင်တော့ မိုင်းရန်ကလွတ်တယ်လို့ကြားဖူးပါတယ်။
၃ ပေါင်လောက်အလေးနဲ့ဖိမိရင် ပြုတ်ထွက်ပြီးအလုပ်လုပ်သွားတဲ့ မက္ကနစ်ဇင်တခုအပေါ် ပေါင်တရာ နှစ်ရာလူကောင်ကြီးက ကျောပိုးအိပ်တွေ အီကွပ်မင်န့်တွေ ကျည်တွေ ဝန်စည်စလှယ်တွေနဲ့ တောစီးစစ်ဖိနပ်ကြီးစီးပြီး တက်နင်းမိတာကိုသိတယ်ဆိုရင် ဒီစစ်သားဟာ ထိတွေ့မှုအာရုံ အင်မတိအင်မတန်ကောင်းသူဖြစ်မှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။
ကြွမိုင်းထောင်တဲ့အခါ စက်ခလုပ်ကိုဖြုတ်ပေးမယ့် Safety Pin လုံခြုံရေးပင်ကိုသာဖြုတ်ခဲ့တာပါ။ အထဲကရိုက်တံထိန်းတဲ့ပင်ကတော့ တက်နင်းမှပြုတ်တာပါ။ အပေါ်ကနေလည်း ဘာမှလည်း ဖိမထားခဲ့ပါဘူး။
ပုဒ်မ ၄၃၆ က ၂ဝဝ၈ ဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ပုဒ်မတွေ (ဖွဲ့စည်းပုံရဲ့ဝိဉာဉ်ပုဒ်မတွေ)ကို ပြင်ချင်ရင် ဘယ်လိုပြင်ရမယ်လို့ ပြောထားတာဖြစ်ပါတယ်။ သူက ဖွဲ့စည်းပုံဝိဉာဉ်ပုဒ်မတခုဖြစ်ပါတယ်။ သူ့ကိုပြင်လို့ရမှ အခြားအရေးကြီးပုဒ်မတွေကို ပြင်လို့ရပါမယ်။ ဒီတော့ အရင်ဆုံး ၄၃၆ ကို ပြင်မယ်ဆိုပါတော့။ လွှတ်တော်အမတ် ၇၆ ရာခိုင်နှုန်း ထောက်ခံရမယ်။ (၂၅ ရာခိုင်နှုန်းစစ်အတ်က ကာချုပ်ခလုပ်နှိပ် နှိပ်တဲ့အတိုင်းအသံမြည်ရတယ်)အဲ့လိုထောက်ခံတယ်ဆို၊ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ လုပ်ရပါမယ်၊ အဲ့ဒီပွဲမှာ မဲပေးနိုင်တဲ့ အရည်အချင်းနဲ့ပြည်စုံသူရဲ့ ၅၁ ရာခိုင်နှုန်းက မဲလာပေးရပါမယ်။ တခါ အဲ့ဒီ လာပေးသွားတဲ့သူတွေရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ကထောက်ခံမှ ပြင်လို့ရပါမယ်။ လာတော့ပေးကြပါရဲ့ ပေးနိုင်သူက လူတရာရှိတယ် ဆိုပါတော့ အနည်းဆုံး ၅၁ ယောက်လာပေးရပါမယ်။ မပေးရင် အဲ့ဒီဆန္ဒခံယူပွဲ အထမမြောက်ပါဘူး။ ၅၁ ဦးအထက်တော့ လာပေးသွားတယ် ထောက်ခဲမဲက ၅၁ ရာခိုင်နှုန်းမကျော်ဘူးဆို ပြင်ရေးစခန်းက ဒီမှာတင်သိမ်းသွားပါပြီ။ ဒါက ဖွဲ့စည်းပုံပြင်ရေးနဲ့စပ်လို့ ကျနော့်လို ဥပဒေဥပဒက်တွေနဲ့အလှမ်းဝေးတဲ့ သာမန်လူတွေရဲ့ နားလည်ချက်ပါ။ (လိုတာရှိဖြည့်စွက်ပေးကြပါ။ မှားတာရှိပြင်ပေးကြပါ)
ဆိုတော့ လွှတ်တော်ထဲအရင်ဝင် လွှတ်တော်ထဲကနေပြင် (ဝင်ပြင်)လိုင်းကိုရွေးခဲ့တဲ့၊ လွှတ်တော်ပြင်ပ(လူထုနည်း)ကို အရံရွေးလမ်းလေးလောက်တောင်မထားခဲ့ပဲ စစ်အုပ်စုနောက် ငေါက်ကနဲ ထလိုက်သွားခဲ့တဲ့၊ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိုးပြိုမတတ်နိုင်ခဲ့တဲ့ NLD ဟာ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံကိုဘာလုပ်နိုင်ပါသလဲ။ စစ်အာဏာကိုမထိပါးတဲ့ အပယိက ပုဒ်မဘုစုခရုလေးတွေ တို့တာတိတာကလွဲလို့ ဖွဲ့စည်းပုံဝိဉာဉ်ကို လက်ဖျားနဲ့တောင်မတို့နိုင်ပါဘူး။ နောင်ဆို ပိုတောင် မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် စစ်အုပ်စု စိတ်ကောင်းဝင်တဲ့တနေ့ ရောက်လာဖို့ ထိုင်ဆုတောင်းရင်း အသနားခံနေရတဲ့ဘဝ ရောက်သွားပါတယ်။ ဒေါက်တာမျိုးညွန့်ပြောတဲ့ "ကာချုပ်ကြီးက ၂ဝ၂ဝ မှာ ငြိမ်းချမ်းရေးပေးမယ်၊ ငြိမ်းချမ်းရေးရရင် ဖွဲ့စည်းပုံပြင်လို့ရပြီ"ဆိုပြီး ကိုယ့်သိမ်ငယ်စိတ်နဲ့ ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း မျက်ရည်ခံ ထိုးနေရတာပါပဲ။
ကောင်းပြီ ဒါဆို နိုင်ငံရေးသမားတွေက ပါတီတွေက ပြင်လို့မရဘူးဆို စစ်တပ်ကရော လွှတ်တော်လမ်းကြောင်းအတိုင်းပြင်လို့ရမလား။ မရရေးချမရပါပဲ။ ပိုတောင် မရနိုင်ပါဘူး။ ဘာလို့ဆိုတော့ ရှေ့လျှောက် ဘယ်ပါတီမှ ၂ဝ၁၅ မှာ NLD နိုင်ခဲ့သလို မနိုင် နိုင်တော့ပါဘူး။ ကြံ့ဖွံ့ သူ့ဘာသာ ဘာ မသမာတွေပဲလုပ်လုပ် ဘယ်လောက်ငွေ ရေလိုသုံးသုံး လူထုက နိုင်ငံရေးအရ အော်ကြော့လန်ဖြစ်နေပါပြီ။ ဘယ်တော့ ထူထူထောင်ထောင် ပြန်မဖြစ်နိုင်တော့မယ့် နိုင်ငံရေးဂီလာနဖြစ်သွားပြီ။ အနာဂတ်ရွေးကောက်ပွဲတခုခုမှာ ကြံ့ဖွံ့သာ ၂ဝ၁၅ တုန်းက NLD နိုင်သလို နိုင်ခဲ့မယ်ဆိုရင်တော့ စစ်အမတ်မဲနဲ့ ကြံ့ဖွံ့မဲပင်းပြီး ၇၆ ရာခိုင်နှုန်းထောက်ခံမဲ လွှတ်တော်ထဲက ရနိုင်ပါတယ်။ ဒါရရင် ဟိုဘက်ပိုင်းကဟာတွေကတော့ ထုံးစံအတိုင်း ဘယ်နှရာခိုင်နှုန်းက ထောက်ခံပါတယ်ဘာညာနဲ့ ဆက်လှိမ့်သွားလို့ ရရင်လည်း ရသွားနိုင်တယ်။ ဒါလည်း လွယ်တဲ့ကိစ္စ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စ မဟုတ်ပါဘူး။
ဆိုတော့ ၂ဝဝ၈ ဟာ နိုင်ငံရေးသမားတွေပါတီတွေကလည်း ပြင်လို့မရ၊ စစ်တပ်က(ပြင်ချင်စိတ်ပေါက်လို့) ဒါမှမဟုတ် သူတို့အကျိုးစီးပွားအရ ပြင်ဖို့လိုလာလို့ ပြင်ချင်သပဆိုရင်တောင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီတော့ "ဖွဲ့စည်းပုံကိုယ်၌က အကျပ်အတည်း" ဖြစ်နေတာပါ။ "ဖွဲ့စည်းပုံအကျပ်အတည်း" မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအကျပ်အတည်းလို့ပြောတော့ "ကိုယ့်ဘက်" အတွက်ပဲဖြစ်နေသယောင်ယောင်၊ စစ်အုပ်အတွက်ပဲ မဖြစ်နေသယောင် အဓိပ္ပါယ်နှစ်ခွထွက်နေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ တကယ့်လက်တွေက စစ်အုပ်စုအတွက်ရော၊ ဒီမိုကရေစီအင်အားစုတွေအတွက်ပါ ကျပ်တည်းနေတာဖြစ်ပါတယ်။ အဲ့ဒီအကျပ်အတည်းဟာ ဘယ်အချိန် ဘယ်ပုံစံနဲ့ ပြည်ထွက်သွားမလဲက ခုနေခါ ဘာမှမပြောနိုင်သေးပါဘူး။ ပြည်တွင်း၊ ပြည်ပ၊ သူ့ဘက်၊ ကိုယ့်ဘက်၊ နိုင်ငံတကာအခြေအနေတွေက ရည့်မှည့်လောက်အောင်မ ပြည့်စုံသေးဘူးလို့ဆိုရမယ် ထင်ပါတယ်။
ပြန်ချုပ်ရရင် ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ကြွမိုင်းတလုံးဖြစ်ပါတယ်။ လုံခြုံရေးပင်လည်း ဖြုတ်ထားခဲ့ပြီးသားဖြစ်ပါတယ်။ ထောင်တာကလည်း စစ်အုပ်စုဖြစ်ပါတယ်။ နင်းထားတာကလည်း စစ်အုပ်စုပဲဖြစ်နေတယ်။ သူ့မိုင်း သူနင်းမိနေတာဖြစ်နေတယ်။ ကြွလိုက်တာနဲ့ ဝုန်းဆို ပေါက်ကွဲထွက်သွားမှာပါ။ ဒါကို ပေါက်ကွဲမထွက်အောင် သူ ဘယ်လိုခြွ (ချွ)မလဲ၊ မပေါက်ကွဲပဲ ခြေကြွလို့ရအောင် လူထုက ဘယ်လိုလုပ်မလဲ ဒါကစဉ်းစားစရာပါ။
အာဏာ ယာယီပြန်လွှဲယူ၊ အစိုးရဖျက်၊ လွှတ်တော်ဖျက်၊ ရွေးကောက်ပွဲပြန်လုပ်၊ ဖွဲ့စည်းပုံအသစ်ပြန်ဆွဲ အဲ့သလိုလုပ်မလား။ လုပ်ရင် တိုင်းပြည်လူထု ရင်ဆိုင်ရမှာတွေက သက်သာစရာအကြောင်း တယ်မမြင်မိပါဘူး။
စစ်အုပ်စုကတော့ ကြွမိုင်း နင်းထားပါပြီ။ မိုင်းရန်က လွတ်မလွတ်တော့ မပြောတတ်သေးပါဘူး။
မျိုးမြင့်ချို(ဇန်နဝါရီ ၄၊ ၂ဝ၁၉)
0 comments:
Post a Comment