(စာအဖတ်လျှော့မယ်)
စာအဖတ်လျှော့ပြီး ဖေ့စ်ဘွတ်ခ်အသုံး
နည်းနည်းတိုးနေတာ။ စာက မသေမချင်းဖတ်ရမှာ။ ဖေ့စ်ဘွတ်ခ်ကပြောမရဘူး
တော်ာကာနေရှူံးလို့ဆိုပြီး ရပ်လိုက်ရင်၊ ဒါမှမဟုတ် သူ့ထက်ကောင်းတဲ့
နောက်တခုပေါ်လာရင် ခက်မယ်။
Yahoo ခေတ်၊ ဂျီတော့ခ်ခေတ်၊ Skype
ခေတ်တွေ ဖြတ်လာတာဆိုတော့ လူ့တသက်တမ်း အမှည်မှည့်တဝင်းဝင်းမှာတင် နည်းပညာအကင်းတွေက
ဖြုတ်ကနဲဖြုတ်ကနဲ ကိုယ့်မျက်စေ့ရှေ့တင် ဇိဝိန်ကြွေကုန်ကြတယ်။
ဦးထင်ကျော် သမ္မတလုပ်စားတုန်းက
အင်တာနက်နဲ့ အချိန်ကုန်မယ့်အစား စာအုပ်တွေဖတ်လို့ပြောတယ်။ အမှန်က သူ
မသိလို့ပြောတာ။ သူမကြားဖူးတဲ့စာအုပ်တွေကို လူငယ်တွေက အင်တာနက်မှာ ဖတ်နေကြတာ။
သူ့စိတ်ထဲ ကွန်ပြူတာ အင်တာနက်ဆိုတာ အလာပ သလာပပြောစရာ ဂိမ်းကစားစရာနေရာလို့ပဲ
သိပုံရတယ်။ စာဆိုတာ စာအုပ်ကြီးကိုင်ဖတ်မှ ဖတ်တယ်လို့ထင်နေတာ။
ကျနော်တော့ စာအဖတ် နည်းနည်းလျှော့တယ်။
စာက တအုပ်ဖတ်ပြီး နောက်တအုပ် နောက်တအုပ်နောက်တအုပ် အုပ်ပေါင်းများစွာ
ဆက်ခါဆက်ခါဖတ်မှ ဟိုးပထမဆုံးဖတ်တဲ့စာအုပ်ကပြောတာကို ပြန်ခြုံမိငုံမိတာ။
ဆိုတော့ စာဟာ မသေမချင်းဖတ်ရတယ်။
ရှင်နေတုန်း ဖတ်ရတယ်။ လူသေတွေ စာမဖတ်ဘူး။ ရှင်ရက်နဲ့ စာမဖတ်တဲ့သူတွေကျတော့
သေနေတဲ့လူသေတွေထက်တောင် ပိုသေ သေးတယ်။ စာလည်း ဖတ်တယ်။ မသေချင်းလည်း ဖတ်မယ်။
အဖတ်တော့ လျှော့မယ်။
အင်တာနက် လူမှုမီဒီယာကို
ကိုယ့်ကိုယ်ပိုင်မီဒီယာလိုသဘောထားပြီး ကိုယ်တွေးမိ မြင်မိ သိမိ ခံစားမိတာတွေကို
ဝါဒဖြန့်မယ်။ ယုံတဲ့အတိုင်း ပြောမယ်။
ငါမသေခင်လေး ဘာတော့မလုပ်လိုက်ရမှာစိုးတယ်တို့
မစိုးဘူးတို့လည်း တခါမှ မတွေးဖူးဘူး။ တွေးစရာကိစ္စလို့လည်း မထင်ဘူး။
ခုအတိုင်းလုပ်မယ်။ နေမယ်။ သေမယ်။ ဒီလောက်ပဲ။
မျိုးမြင့်ချို ဇန်နဝါရီ ၂၃၊ ၂ဝ၁၉
0 comments:
Post a Comment