"ပြည်သူ့စစ်က
ပြည်သူ့ရန်သူဖြစ်တဲ့မြေ"
ပြည်သူ့စစ်ဆိုတာနဲ့ လူအကောင်လိုက်ကြီး သေနတ်တကားကားနဲ့ အခွန်ကောက်စားနေတဲ့လူတွေပဲ ပြေးမြင်ကြသွားတာ ဗမာပြည်အဖို့တော့ တယ်မဆန်းလှဘူးထင်ပါတယ်။ ကျနော်လည်း အဲ့သလိုပဲမြင်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဒီလိုပဲ တိုင်းသူပြည်သားထဲ လူမွေးပြီး ပြန်သတ်ခိုင်း နှိပ်စက်ကလူ ပြုခိုင်းခဲ့တာကိုး။
ဒီဘက်ခေတ်ကျတော့ ဒါတင်မကတော့ဘူး လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးတွေကနေ ခွဲထုတ်လိုက်နိုင်တဲ့၊ ကွဲထွက်လာတဲ့၊ ပဲ့ထွက်လာတဲ့ အဖိတ်အစဉ် အလေအလွင့်တွေကိုစုပြီး ပေးစာကမ်းစာလေးနဲ့ နေရာထိုင်ခင်းလေးနဲ့ အကောက်ဂိတ်ကလေးတွေပါဖွင့်ပေးပြီး ဖွတ်မြီးနဲ့ဖွတ်ချည်နည်း ထပ်တိုးလာတာလည်း လူတိုင်းသိကြပါတယ်။
နယ်ခြားစောင့်ကိစ္စကလည်း ဗူးလေးရာဆင့်လိုက်တဲ့ ဖရုံပါ။
ဒီနေရာမှာ ကျနော်ပြောချင်တဲ့ ပြည်သူ့စစ်ဆိုတာက အဲ့သလို လူအကောင်လိုက်ကြီးတွေထက် အတွင်းသားသဘောဖြစ်ပါတယ်။ တော်လှန်စစ်တွေ၊ ပြည်သူ့စစ်သေနင်္ဂဗျူဟာတွေဘာတွေလည်း မဟုတ်ပါဘူး။ အဲ့ဒါတွေက ကျနော်လည်း နားလည်းမလည်သလို အလှမ်းလည်း မမီပါဘူးခင်ဗျာ။
ပြည်သူ့စစ်ဟာ ဘယ်လိုအခြေအနေရှိတဲ့တိုင်းပြည်တွေနဲ့အစိုးရတွေမှာ အသည်းအသန် လိုသလဲကိုလောက်ပဲ တွေးကြည့်တာပါ။ အခြေအနေ အမျိုးမျိုးတွေကြောင့် လိုအပ်ပုံလိုအပ်နည်းအမျိုးမျိုးရှိတဲ့ တိုင်းပြည်တွေလည်း များကြမှာပါ။ အစိုးရတခုခြင်း နိုင်ငံတနိုင်ငံခြင်း ခွဲကြည့်မယ်ဆို အများကြီးထွက်လာမယ် ထင်ပါတယ်။ နားလည်းတတ်ပွန်သူတွေ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြတာတွေ လေ့လာခွင့်ရမယ်ဆို အများနည်းတူ ကျနော့်အတွက်လည်း အကျိုးများမယ်တွေးပါတယ်။
ကျနော်ကတော့ ပညာရှင်လည်းမဟုတ်၊ သူလိုငါလိုသိ သိတဲ့သူဆိုတော့ ပြည်သူ့စစ်နဲ့ပတ်သက်လို့ ပတ္တောပိတ်ပြော တခွန်းတည်းပြောရရင် "ရန်သူပတ်လည်ဝိုင်းနေတဲ့အစိုးရတွေ၊ လိပ်ပြာမသန့် စိတ်မလုံတဲ့အုပ်စိုးမှုမျိုးတွေ၊ အချိန်မရွေး အချေမှုန်းခံသွားရနိုင်တဲ့တိုင်းပြည်တွေ"မှာ ပြည်သူ့စစ်ဟာ မရှိမဖြစ်ကိုလိုပါတယ်။ အဲ့ဒါ ကျနော့်အမြင်ဖြစ်ပါတယ်။
ဒီနေရာမှာ နည်းနည်းလေး ထပ်ခွဲကြည့်ချင်တာက "တိုင်းပြည်"ဆိုတာကိုပဲဖြစ်ပါတယ်။
အစိုးရကတော့ရှင်းပါတယ်။ ရွေးကောက်ပြီးပဲ တင်တင်၊ သူ့ဘာသာ အာဏာသိမ်း တက်တက်၊ တော်လှန်ရေးနည်းနဲ့ရရ အစိုးရဟာ အစိုးရမို့ ထူးပြီးခြားနားလှတယ် မရှိပါဘူး။ အစိုးရတိုင်း ဒီမိုကရေစီတို့၊ ပြည်သူအတွက်တို့၊ တိုင်းပြည်မျက်နှာတို့၊ လူထုဆန္ဒနဲ့အညီတို့ပြောသလို၊ အစိုးရတိုင်းဟာ သူ့ကိုယ်စားပြု လူတန်းစားအကျိုးစီးပွားကိုပဲ ဦးထိပ်ရွက်ရတာ မဟုတ်လား။ (ဘုန်းကြီးတို့၊ စစ်သားတို့၊ ကျောင်းသားတို့၊ ပကာသနဇာတ်ပျက်သမားတို့ စတာတွေက လူတန်းစားမဟုတ်ပါ၊ လူ့အလွှာတွေထဲက အလွှာတွေဖြစ်ပါတယ်၊ လူတန်းစားကိုယ်စားပြုမှုက အလွှာတွေထဲမှာလည်း ရှိပါတယ်)
လူတန်းစားလက္ခဏာရှိတဲ့အစိုးရတိုင်းဟာ သူနဲ့ဆန့်ကျင်ဘက် အကျိုးစီးပွားရှိသူ၊ သူ့ ပုန်ကန်ဖီဆန်အာခံသူ၊ သူ့လူတန်းစားအကျိုးစီးပွားကို ကဖျက်ယဖျက်လုပ်လာသူဆို ရှိသမျှအားသုံးပြီး အစွမ်းကုန် ချေမှုန်းပစ်မှာပါပဲ၊ သုတ်သင်မှာပါပဲ။ ကွပ်မျက်မှာပါပဲ။ ဖိနှိပ်မှာပါပဲ။ ညှာနေလို့မရပါဘူးဗျာ။ ဒါ လူတန်းစားပေါ်စဦးကနေ ခုထိမှန်နေတဲ့ အမှန်တရားမှန်းလည်း လူတိုင်းသိပါတယ်။
ဆိုတော့ အစိုးရဆိုတာ ဘယ်အစိုးရဖြစ်ဖြစ် လူတန်းစားကိုယ်စားပြုမှု ရှိတယ်။ သူ့လူတန်းစား အကျိုးစီးပွားကို ကာကွယ်မယ်။ ဆန့်ကျင်ဘက်လူတန်းစားကို ဖိနှိပ်မယ်၊ အဲ့သလိုဖိနှိပ်ဖို့ ဖိနှိပ်ရေးကိရိယာတွေဖြစ်တဲ့ စစ်တပ်၊ ရဲတပ်၊ အချုပ်ခန်း၊ တရားရုံး၊ အကျဉ်းထောင် စတာတွေတည်ဆောက်တယ်။ အဲ့ဒါတွေကို အမိန့်ပေးနိုင်တဲ့စနစ်တခု တီထွင်တယ်။ အဲ့ဒီစနစ်ကို နိုင်ငံတော်လို့ အမည်တပ်လိုက်တယ်ခင်ဗျာ။ အဲ့ဒီမှာ နိုင်ငံတော်ဆိုတာ လူတန်းစားရေးလောင်စာဆီနဲ့ခုတ်မောင်းနေတဲ့ ယန္တယားကြီးမှန်း ထင်းကနဲပေါ်လာပါတယ်။ ဒီတော့ အစိုးရနဲ့နိုင်ငံတော်ဆိုတာ လူတန်းစားဖိနှိပ်ရေးအတွက်တီထွင်ထားတဲ့ "အာဏာစက်" ဖြစ်လာပါတယ်။ ဒါကအစိုးရ(နိုင်ငံတော်)နဲ့ပတ်သက်တဲ့ ချုပ်မြင်တဲ့ အမြင်ပါ။ ကျနော် နားလည်သဘောပေါက်လက်ခံထားတဲ့ ရှေ့ ရှေ့က အတွေးအခေါ် ပညာရှင်တွေရဲ့အဆိုအမိန့်ပါ ခင်ဗျာ။
တိုင်းပြည်ကျတော့ လူထုကိုပြောတာပါ။ ဒီနေရာမှာလည်း လူထုဆိုတာ၊ ပြည်သူဆိုတာထပ်ပြီး ဝိတ္တာရချဲ့စရာရှိပါသေးတယ်။ ပြောနေရင်ကျယ်ပြီး ချော်ထွက်သွားမစိုးလို့ ချန်ခဲ့ပါရစေ။ ကျနော် လူထုလို့ပဲ ရိုးရိုးသုံးစွဲပါရစေ။ လူထုပေါ့ ခင်ဗျာ။ တိုင်းပြည်မှာ အများတကာ့ အများစုကြီးဖြစ်တဲ့ အလုပ်သမား၊ လယ်သမား၊ လက်လုပ်လက်စား အခြေခံလူတန်းစားတွေကိုပဲ ယေဘုယျသဘောထားပြီး နားလည်လိုက်ပါရစေ ခင်ဗျ။
ဒီလူထုဟာ အတိုင်းအတာရှိတဲ့ နယ်နိမိတ်တခုခုအထဲမှာ စုပြီးနေကြတဲ့ လူအစုအဝေးကြီးတခုပေါ့လေ။ တိုင်းပြည်ဖြစ်တယ်ဆိုပါတော့ ခင်ဗျာ။ တိုင်းပြည်ဆိုတဲ့အခါကြတော့ ထုံးစံအတိုင်း အချင်းချင်းကြားမှာပြဿနာ ရှိပါတယ်။ အပြင်နဲ့ဖြစ်နေတဲ့ပြဿနာလည်း ရှိပါတယ်။ အပြင်နဲ့ဖြစ်ဖြစ် အတွင်းထဲမှာဖြစ်ဖြစ် ဖြစ်သမျှပြဿနာတိုင်းမှာ အဓိကပြဿနာနဲ့ လက်အောက်ခံပြဿနာတွေ ရှိရစမြဲပါပဲ။ အဓိကပြဿနာကို ရှင်းလိုက်နိုင်ရင် လက်အောက်ခံပြဿတွေ ထိုက်သလောက်ပြေလည် သွားပေမယ့် အစွယ်အငုတ်မကျန်အောင် အပြီးအပြတ် မရှင်းနိုင်သေးသရွေ့ကတော့ အချိန်တန်ရင် အစို့အညှောက်ပြန်ထွက်ပြီး ပြဿနာအပင်သစ် ပြန်ပေါက်တာလည်း ဓမ္မတာပါပဲ။
ဗမာပြည်ဟာ တိုင်းပြည်ပါ။ ထုံးစံအတိုင်း ပြဿနာရှိပါတယ်။ ပြဿနာဆိုတာ အလကားနေအလကား ပေါ်လာတာတော့ မဟုတ်ပါဘူးခင်ဗျ။ ပြဿနာဆိုတာ ရှာသူရှိမှဖြစ်တာမျိုးပါ။ ပြဿနာ ဘယ်သူရှာနေလဲဆိုတော့ ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး ရှိသမျှဓန လက်ဝါးကြီးအုပ်ထားတဲ့၊ စစ်အာဏာရှင်စနစ်ကို တွေ့ရမှာပါ။ မတရားသဖြင့် ရှာဖွေစုဆောင်းထားတဲ့ "ဓနဥစ္စာ"ကို "တရားဝင်အရင်းအနှီး" အဖြစ်ပြောင်းပြီး ကြီးပွားသထက် ကြီးပွားအောင်လုပ်ထားဖို့ဆို "အာဏာစက်"လိုပါတယ်။
တနည်းပြောရရင် "နိုင်ငံတော်"ကို စီးထားဖို့လိုပါတယ်။ လူထုကို နင်းပြားလုပ်ထားဖို့လိုပါတယ်။ နိုင်ငံတော်ကို ပိုင်ပိုင်နိုင်နိုင်စီးထားဖို့ဆို ထောင့်စေ့အောင် ကွပ်ညပ်ရပါတယ်။ ဟာကွက် ယိုပေါက် ထားမရတော့ပါဘူးဗျာ။ အဲ့သလိုကွပ်ညပ်တဲ့အခါ ဓနရှင်လူတန်းစားချင်း အတူတူ အရပ်သားဓနရှင်ကိုပါ ချမ်းသာပေးလို့မရပါဘူး။ သူ့စကားမြေဝယ်မကျတဲ့ အရပ်သားခရိုနီကို တောင်စမုတ်က ထောင်ထုပ်များချပေမယ့် နည်းနည်းလေး အကြေးပြန်လှန်တာနဲ့ နာလန်မထူအောင် နှိပ်ကွပ်ပစ်ပါတယ်။ အဲ့ဒီအခါ သူ့မှာ ရန်သူ တိုးသထက်တိုးလာပါတယ်။ ဆန့်ကျင်ဘက်လူတန်းစားရော၊ အဖိနှိပ်ခံအောက်ခြေလူထုရော၊ အတန်းအစားတူ လူတစုရော အားလုံးဟာ သူ့ရန်သူတွေဖြစ်လာပါတယ်။ ရန်သူပတ်လည် ဝိုင်းလာပါတယ်။ ရန်သူလိပ်ပြာလန့်လာပါတယ်။ စိတ်မလုံ ဘဝမလုံတွေ ဖြစ်လာပါတယ်။ အချိန်မရွေး အချေမှုန်းခံသွားရနိုင်တယ်ဆိုတဲ့ ခြောက်ခြားစိတ်တွေ ခြောက်အိပ်မက်တွေ မက်လာပါတယ်။
ဒီအခါ ရန်သူမှန်သမျှ ခြေမှုန်းဖို့ ဖိနှိပ်ရေးယန္တယားကို ထပ်ချဲ့ရပါတယ်။ ဒီတော့ အရပ်သူအရပ်သားထဲက ဗောင်းညိတ်စိတ်တော်သိမယ့် လူတွေကို ရပ်ကွက်ထဲအထိဆင်းမွေးပြီး သေနတ်ကလေးပစ်သင်၊ ဘယ်ညာလျှောက်ကလေးသင်၊ မီးကျိုးမောင်းပျက်သေနတ်လေးတွေ ဆင်ပြီး "ပြည်သူ့စစ်"ဆိုတဲ့ တစ္ဆေတကောင်မွေး ခေါစာလေးပစ်ပြီး တယုတယ စောင့်ရှောက်ရပါတော့တယ်။
လက်နက်ကိုင်တော်လှန်ရေးတွေကထွက်လာတဲ့ အဖိတ်အစဉ် အလေအလွင့်တွေလည်း တဗိုလ်တမင်းလုပ်ခွင့် ပေးပါတော့တယ်။ ဒီတော့ ၂ ထပ်ကွမ်းပြည်သူ့စစ်တွေနဲ့ ရွှေပြည်ကြီး ချာလပတ် ရမ်းပါတော့တယ်။ ပြည်သူ့စစ်တွေဟာ ပြည်သူ့ရန်သူတွေ၊ ပြည်သူကို ရန်သူလိုသဘောထားသူတွေ၊ လူထုဖိနှိပ်ရေးခွေးသွားစိပ်တွေ ဖြစ်လာပါတယ်။ ဒါ ဗမာပြည်က သေနတ်ခါးထိုး၊ တဗိုလ်တမင်းလုပ်၊ မိုက်ကြေးခွဲ၊ ဆက်ကြေးကောက် စစ်အာဏာကိုဒူးထောက်နေတဲ့ ပြည်သူ့စစ်ဆိုတဲ့ လူအကောင်လိုက်ကြီးတွေပါခင်ဗျ။
အစပိုင်းမှာ ကျနော်က ပြည်သူ့စစ်ဆိုတဲ့ လူအကောင်လိုက်ကြီးတွေ အကြောင်းထက် အတွင်းသားသဘောပြောချင်တာပါလို့ စကားပလ္လင်ခံပေမယ့် ပြောရင်းပြောရင်း လူအကောင်လိုက်ကြီးတွေဆီ ပြန်ရောက်သွားတာကတော့ ကျနော့်နဲ့ စကားရှေ့နောက်မညီညွတ်မှုလို့ပဲ ပြောပါတော့ ခင်ဗျာ။
မျိုးမြင့်ချို (ဇနနဝါရီ ၁၃၊ ၂ဝ၁၉)

0 comments:
Post a Comment