(ဒေါ်အောင်ဆန်းစုကြည်အတွက်
လော်ဘီလုပ်ခြင်း)
ကျနော်သည် ဒေါ်စုအတွက် တခါမှ လော်ဘီမလုပ်ဖူးပါ။ ယုံကြည်ကိုးစားမှုအပြည့်ဖြင့် ထောက်ခံခဲ့ပါသည်။ လေးစားအားကျ စိတ်အဟုန်ဖြင့် ကြည်ညိုခဲ့ပါသည်။ ထက်မြက်တက်ကြွသည့် ခေါင်းဆောင်မှုကို တသဝေမတိမ်း နာခံခဲ့ပါသည်။ သင့်မြတ်သည့်တိုက်တွန်းမှုကြောင့် စွန့်လွှတ်ရန်ပိုင်းဖြတ်ပြီး သိစိတ်ရှိရှိ ပါဝင်ခဲ့ပါသည်။ အစောဆုံးဖြစ်ခဲ့သည့် NLD ပါတီဝင်တွေထဲလည်း ပါခဲ့ပါသည်။ နိုင်ငံရေးဆိုသည်မှာ ပုဂ္ဂိုလ်သဘော ကြည်ညိုလေးစားမှုရှိမှ နိုင်ငံရေးအရ ခေါင်းဆောင်မှုကိုခံယူလို့ရသည့်ကိစ္စဖြစ်ပါသည်။ "တို့ထက် ပို တွေးတတ် ခေါ်တတ်၊ လုပ်တတ် ကိုင်တတ်၊၊ စဉ်းစားတတ် ချင့်ချိန်တတ်၊ စည်းရုံးတတ် လှုံ့ဆော်တတ်၊ စွန့်လွှန့်တတ် အနာခံတတ်၊ သည်းခံတတ် စိတ်ရှည်တတ်၊ နှစ်သိမ့်တတ် ဖျောင့်ဖြတတ်၊ မူအပေါ်ကြံ့ကြံ့ခံတတ်သူ" ဟု နောက်လိုက်တို့စိတ်၌မဖြစ်ပါက လူတဦးတဦးအနေနှင့် မည်သူ့ကိုမျှ ဦးဆောင်မှုမပေးနိုင်ပါ။ ခေါင်းဆောင်လုပ်မရပါ။ ကျနော့်စိတ်တွင် ဒေါ်စု၌ ထိုအရည်အချင်းများအကုန်ရှိသည်ဟု ထင်ခဲ့ပါသည်။ ပုဂ္ဂိုလ်ခင်ခြင်းနှင့်တရားမင်ခြင်းမှာ အဆက်အစပ်ဖြစ်ပါသည်။
သူနှင့် ၂ ဦးတည်း လူချင်း ၂ ကြိမ်တွေ့၍ မြို့နယ်အခြေအနေများကိုလည်း အစီရင်ခံတိုင်ပင်၍ သူ့လမ်းညွှန်မှုကို ခံယူခဲ့ပါသည်။ "လက်ထဲတွေ့ရင် အဖမ်းခံရနိုင်တယ်" ဟုပြောပြီး ကျနော်ဖတ်ရန်စာအုပ်တအုပ်ကို ကျနော့်လက်ထဲ သူ ထည့်ပေးခဲ့ပါသည်။ သူ့ရှေ့မှာပင် ကျနော့်ပြတ်နေသည့် ညာဘက်ခြေထောက်ပေါင်ရင်းတွင် သရေကွင်းနှင့်ကပ်စည်း၍ အပေါ်က ပုဆိုးနှင့်ဖုံးကာ စစ်ထောက်လှမ်းရေးများမသိအောင် ခြံအပြင်(အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း)သို့ ခိုးထုတ်ယူခဲ့ပါသည်။ ထိုစာအုပ်အကြောင်း အခွင့်သည့်အခါ ပြန်ရေးမည်ဟုတွေးထားပါသည်။ ထိုခေတ်က စာအုပ်မပြောနှင့် စာရွက်ဆုတ်ကလေးတခုနှင့်ပင် ထောင် ခွန်နှနှစ်ချသည့်ခေတ်မဟုတ်လား။ စာဖတ်လျှင် ထောင်ကျသည့်ခေတ် မဟုတ်လား။ ထိုစာအုပ် အပြင်ရောက်အောင်ခိုးထုတ်ခဲ့ခြင်း၊ ဖယောင်းစက္ကူဖေါက် ဖန်ချောင်းဖြင့် မင်လှိမ့်၍ မိတ္တူကူးကာ အချင်းချင်းကြား ဖတ်ရှုလေ့လာပြောဆိုကြခြင်းမျာ အန္တရာယ်ကြီးသလောက် စွန့်စားခန်းလည်းဖြစ်ပါသည်။ သို့သော် ကျနော်တို့ စွန့်စားခဲ့ကြပါသည်။ ထိုခေတ်ကနိုင်ငံရေးသည် အသက်မွေးဝမ်းကြောင်းကိစ္စမဟုတ်ပါ။ ဟိုတယ်လ်မတက်သေးပါ။ သင်တန်းဖွင့်စားခြင်း သင်တန်းတက်စားခြင်းမရှိပါ။ ဂရန့်နှင့်ပရိုပိုဆယ်လ်မရေးပါ။
အင်န်ဂျီအိုစီးပွားရေးမဟုတ်ပါ။ ပွဲတက်ဖဲကြိုးမဖြတ်ပါ။ ကမ္ဘာကြီးကို ဝီစကီနှင့် မမြည်းပါ။ ဝပ်ရှော့ပ်က အိုဗာဟက်ပရိုဂျက်တာများဆီက ထွက်သည့်အသံမဟုတ်ပါ။ လက်ပ်တော့ပ်လေး ပေါင်ပေါ်တင်မတင်ပါ။ ထောင်နှုတ်ခမ်း နင်းရပါသည်။ ဘဝ ရင်းရပါသည်။ ရင်းစားတခုခု ပြန်ရကောင်းစေစိတ်မရှိပါ။
မင်္ဂလာဒုံသည် တပ်မြို့ဖြစ်သောကြောင့် သူ ပိုစိတ်ဝင်စားသလို မြေပြင်တွင်လုပ်ရသည့် ကျနော်တို့မှာလည်း အလွန်အကျပ်ရိုက် အခက်တွေ့သည့်မြို့နယ် ဖြစ်ပါသည်။ မဝတ၏ ဗြောင်ခြိမ်းခြောက် ကြိမ်းမောင်း သတိပေးသံများကြားမှ လုပ်ရခြင်းဖြစ်ပါသည်။ မဝတ ဥက္ကဌ စစ်ဗိုလ်က ခါးမှပစ္စတိုလ်ကိုချွတ် စားပွဲပေါ် အနှောင့်နှင့် ဒိုင်းကနဲဆောင့်ချကာ "မင်းလည်း စစ်သားလုပ်ခဲ့တာပဲ၊ သေနတ်ဆိုတာ ဘာမှန်း သိတာပါဘဲ"ဟု သေနတ်ကြိမ်း ကြိမ်းတာကိုလည်း စားပွဲတဘက်မှထိုင်ရင်း "ဗိုလ်မှူးတို့လည်း လုပ်စရာရှိလုပ်ပါ၊ ကျနော်တို့လည်း ကျနော်တို့လုပ်စရာရှိတာ လုပ်နေကြတာပါ"ဟု ပြန်ပြောရင်း ရင်ဆိုင်ခဲ့ဖူးပါသည်။ စိတ်ထဲမွန်းမွန်းကျပ်ကျပ်နှင့် တထိတ်ထိတ်ဖြစ်ခဲ့တာတော့ ဝန်ခံပါသည်။ ရင်ဘတ်တွင် ချွေးစေးပြန်နေတာလည်း သတိထားမိပါသည်။ သို့သော် ကျနော် အတတ်နိုင်ဆုံးတည်ငြိမ်ခဲ့သည် (ဟု)ထင်ပါသည်။ သေနတ်သည် ပစ်လျှင် ကျည်ထွက်ပါသည်။ လူမှန်လျှင် သေတတ်ပါသည်။ သေလည်း သေသွားကြရပါသည်။
ထိုအချိန် နိုင်ငံရေးလှုပ်ရှားမှု(ဒီမိုကရေစီအရေးတော်ပုံ)တွင် ပါဝင်ခဲ့သည့်မိသားစုများနည်းတူ ကျနော့်မိသားစုလည်း ဒုက္ခသုက္ခအမျိုးမျိုးတွေ့ရပါသည်။ သို့သော် တမိသားစုလုံး လှုပ်ရှားမှုတွင် ကိုယ်ရောစိတ်ပါ ပါဝင်ခဲ့ကြပါသည်။ ထို့ကြောင့် ကျနော့်ညီ တောထဲ ထွက်ပြေးရပါသည်။ ADSDF တွင် လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ရပါသည်။ နာနာဘာဝ ဝိနာဘာဝဆိုသည်မှာ လူအရှင်လတ်လတ်ဖြစ်နေတုန်း ဘဝရှိနေတုန်းသာ ဖြစ်သည့်အရာဖြစ်ပါသည်။ သေကွဲရှင်ကွဲများသောခေတ်၌ နာနာဘာဝဝိနာဘာဝတွေ အသင်္ချေအနန္တမဟုတ်တောင် များတော့အတော်များခဲ့ပါသည်။ ကျနော်လည်း ထိုစဉ်မှစကာ .ခုထိ နာနာဘာဝ ဝိနာဘာဝ ဘဝထဲ ဝဲလည်နေတုန်းဖြစ်ပါသည်။ တခါတလေ မသေကြွင်းကျန်တွေနှင့် ပြန်ဆုံသည့်အခါ ရှိုက်ကြီးတင်ငိုမိသည့်အခါ ငိုမိပါသည်။ ရင်ထဲနင့်သွားပြီး တညလုံး ငုတ်တုတ်ဖြစ်ခဲ့ရသည့်အခါ ဖြစ်ပါသည်။ လူမသိအောင် မျက်ရည် ကြိတ်ကျခဲ့တာလည်းရှိပါသည်။ စိတ်သည် အနာတရ ဒဏ်ရာဗလဝနှင့်ဖြစ်ပါသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုတင်ထွန်းမောင်(ရုပ်ရှင်မင်သား ဒွေး ၏ ဖခင်) ကိုကြည်ဝင်း(ဦးသန့်ဈာပနလှုပ်ရှားမှုကျောင်းသားခေါင်းဆောင်)တို့နှင့် အတူတွဲလုပ်ခဲ့ပါသည်။ "မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ"ဆိုသည့် စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်လည်း ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ လူငယ်တာဝန်ခံ(တဦး)အနေနှင့် ဦးဆောင်လှုပ်ရှားခဲ့ပါသည်။ ထောက်ကြန့်တွင် ကျနော်သည် လူငယ်တာဝန်ခံ(၁)ဖြစ်ပြီး လူကြီးအလုပ်အဖွဲ့တွင်လည်း ပြန်ကြားရေးကို တာဝန်ယူခဲ့ပါသည်။ ထောက်ကြန့်ရုံးဖွင့်ပွဲသို့ ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည် လာ မိန့်ခွန်းပြော ပရိတ်သတ်နှင့်တွေ့တော့ ကျနော်က အခမ်းအနားမှူးလုပ်ရပါသည်။
သူပြောပြီး ပရိတ်သတ်နှင့်သီးသန့်တွေ့ကာ အမေးအဖြေလုပ်တော့ ဘုန်းကြီးတပါး(စာရေးဆရာ ချောင်းဦး မောင်စန္ဒာဟု ထင်ပါသည်၊ မသေချာတော့ပါ)က မေးတော့ ဘုန်းကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်ကြား ကျနော်က မိတ်ဆက်ပေးရပါသည်။ ဘုန်းကြီးကိုပြော ဒေါ်စုကိုပြောနှင့် တနေရာတွင် ဒေါ်စုအား "တင်ပါ့ဘုရား"ဟု မှားပြောမိသဖြင့် ပွဲကျခဲ့ပါသည်။ ထိုနေ့က ကျနော် စိတ်များနေသလို စိတ်လည်း အလွန်လှုပ်ရှားခဲ့ပါသည်။ အားလုံးနှင့်တွေ့ပြီးမှ ထောက်ကြန့်လူငယ်အလုပ်အဖွဲ့နှင့် ခနတဖြုတ်စကားပြောပါသည်။ စည်းရုံးရေးကိစ္စ၊ မြို့နယ်ခွဲကိစ္စ၊ လူကြီးလူငယ်ဆက်ဆံရေးကိစ္စ၊ ရုံးခန်းကိစ္စ၊ လူထုထောက်ခံပါဝင်မှုအခြေအနေ စသည်တို့အား အတိုဆုံးချုံ့ကာ သူ့ကိုတင်ပြအစီရင်ခံပါသည်။ သူက များများစားစား ဘာမှ မှာကြားမနေတော့ပဲ "သားတို့ လုပ်နေကိုင်နေတာတွေ အန်တီတို့အားရတယ်၊ ဒီအတိုင်းဆက်လုပ်သွားပါ၊ သားက ရုပ်ပိုင်းဘဝ မသန်စွမ်းသူလည်းဖြစ်တော့ ကျန်းမာရေး ပိုဂရုစိုက်ပါ။ ဒါပေမယ့် လုပ်စရာရှိတာကိုတော့ လုပ်ပါ"ပြောခဲ့သည်ကိုတော့ ယခုထိ မှတ်မိနေပါသေးသည်။ အချိန်မရသဖြင့် ခနနှင့်ပွဲဖြတ်လိုက်ရသည့်အတွက် လူထု၊ ပါတီဝင်ထုနှင့် လူငယ်အလုပ်အဖွဲ့များ အားမလိုအားမရဖြစ်ကြသည်မှာ မျက်မြင်ဒိဋ္ဌဖြစ်ပါသည်။
ဇူလိုင် ၇၊ ရက် ၁၉၈၉ နေ့တွင် စစ်အာဏာဖီဆန်ရေးကိစ္စဖြင့် ပထမဆုံးအကြိမ်အဖမ်းခံရပြီး ရေကြည်အိုင်တွင် နှိပ်စက်ညှဉ်းပမ်း ခံရပါသည်၊ အတူတွဲလုပ်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဘက် ယုံကြည်ချက်တူသူ မည်သူတဦးတယောက်မှ ကျနော့်ထံမှ စစ်ထောက်လှမ်းရေးလက်သို့ မကျအောင် ကာကွယ်ခဲ့ပါသည်။ ထို့အတွက် အတော်နာအောင် ခံခဲ့ပါသည်။ ထို့အတွက် ယခုတိုင် ဂုဏ်ယူနေပါသည်။
(မပြီးသေးပါ)
မျိုးမြင့်ချို(ဇန်နဝါရီ ၁၄၊ ၂ဝ၁

0 comments:
Post a Comment