(ဆိုးမွေဝေပုံကြယူတာ)
ပထမတော့ လူတွေ ထင်ကြတာက စစ်တပ်ကသူ့ဟာသူ လုပ်ချင်ရာလုပ်နေတယ်၊ အစိုးရက အမိန့်မပေးနိုင်ဘူး။ အဲ့ဒါကလည်း အစိုးရအပြစ် မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်။ အဲ့ဒီဖွဲ့စည်းပုံကလည်း NLD က ဆွဲတာမဟုတ်ဘူး၊ NLD အစိုးရဟာ လူထုတင်မြှောက်ထားတာလည်း မှန်တယ်၊ စစ်တပ်ကို အမိန့်မပေးနိုင်တာလည်း မှန်တယ်။ ဒါပေမယ့် အာဏာ ၃ ရပ် မပိုင်စိုးတဲ့အဖြစ်မို့ နိုင်ငံတကာက စာနာကြတယ်၊ ဖေးမကြတယ်၊ နိုင်ငံရေးအရ အမှီအခိုမဲ့မဖြစ်ရအောင်နဲ့ ကမ္ဘာ့အလည်မျက်မှာ မျက်နှာမငယ်ရအောင် အရေးပေးအရာသွင်းတယ်။
ပြည်တွင်းမှာလည်း လူထုကမေတ္တာထားကြတယ်၊ ဟိတ်ဆိုတာနဲ့ “အမေ“ ဆိုပြီး အသင့်အနေအထားရှိကြတယ်။ အစပိုင်းတော့ ဟုတ်တုတ်တုတ်ပဲ။ သိတ်မကြာလိုက်ဘူး ဗီဇလေးပြလာတယ်။ အစွယ်လေးပြူလာတယ်။ လူထုကို မထေမဲ့မြင်လုပ်လာတယ်။ ငေါက်လားငမ်းလားတွေ လုပ်လာတယ်။ ဒေါ်စုမရှိရင် ဒရဝမ်တောင် မဖြစ်မယ့်ကောင်တွေက နေရာလေးတွေရလာတော့ ဝိဒေဟရာဇ်ပုတ်သင်လို လုပ်လာတယ်။ အဲ့ဒီအထိလည်း လူထုက “ရပါတယ်ကွာ..ဟိုကောင်တွေတုန်းက နယ်လှည့်တောင် ပါးရိုက်ခဲ့သေးတာပဲ“ဆိုပြီး သည်းခံကြတယ်။ တိုင်းပြည် ဖွတ်အတက်တော့ မခံနိုင်ဘူးဆိုပြီး ဖြေဆည်ရာလေး ရှာကြံနေကြတယ်။
နိုင်ငံတကာကလည်း စစ်တပ်ဘက်က စိတ်လည်လာအောင် စိတ်ကောင်းဝင်လာအောင် မြှူနေတာနေမှာဆိုတဲ့အတွေးနဲ့၊ သင့်မြတ်နိုးသင့်မြတ်နိုးနဲ့ အရှည်ကြည့်ပြီး ခပ်မဆိတ်နေပေးတယ်။ နောက်တော့ မစို့မပို့အာဏာလေးမှာ သာယာလာပုံပေါ်လာတယ်။ မော့မော့ မော့မော့နဲ့ ခြေဖျားတထောက်ထောက် လုပ်လာတယ်။ “ဗိုလ်ချုပ်ကြီးတွေ ချစ်ဖို့ကောင်းတယ်တို့ ကျမနဲ့မောင်နှပေါ့“တို့တွေ လုပ်လာတယ်။ စစ်တပ်ကလွဲလို့ ဘယ်သူ့မှ လူမထင်လုပ်လာတယ်။ ပြည်တွင်းစစ်ပြဿနာမှာ စစ်တပ်ဘက်က ပင်းလာတယ်။ “ဒေါ်စုနဲ့ အလုပ်ဖြစ်ပါ့မလား“ဆိုပြီး လူမျိုးစုတွေဘက်က အသံထွက်လာတယ်။ ဒီအထိလည်း ပြဿနာသိတ်မရှိသေးဘူး။ “သြော်..သူ့ခမျာ ဓားအမိုးခံထားရရှာတာ“ဆိုပြီး ကရုဏာသက်ကြသေးတယ်။
ဘယ်မှာ စရှိလာလည်းဆိုတော့ ရိုဟင်ဂျာကိစ္စမှာ။ သီတာထွေးကိစ္စ မှူးဇော်(ဇော်ဋ္ဌေး)က စဖွပြီး ရခိုင်မှာ မီးမွှေးတော့၊ မဘသတွေ မိတ္ထီလာကိုမီးကူးတော့ တိုင်းပြည်ဆူလာတယ်။ အဲ့ဒီအထိလည်း “ရခိုင်ပြည်နယ်မှာနေတဲ့ မတူတဲ့လူစု“လို့သုံးစွဲတာမျိုး၊ “ကုလားလို့ ဒီ့ပြင်လူမျိုးတွေကို ချိုးချိုးဖဲ့ဖဲ့ခေါ်တာ မယဉ်ကျေးရာကျတယ်“တို့လေးတွေ အထိ ပြောဖော်တော့ရသေးတယ်။ နောက်လည်းကျရော ရခိုင်မှာ ရခိုင်အစွန်းရောက်တွေ၊ ရဲတွေ၊ ဘုန်းကြီးဆိုးတွေက ရိုဟင်ဂျာတွေကို နည်းမျိုးစုံနှိပ်စက် လုယက်သတ်ဖြတ် မုဒိန်းကျင့် ရွာတွေမီးရှို့စတာတွေ လက်ရဲဇက်ရဲလုပ်တာကို မခံနိုင်တော့တဲ့အဆုံး ဓားမတိုရှည် လောက်လေးဂွကိုင်ပြီး ပြန်ခုခံတော့ စစ်တပ်က “ASAR အကြမ်းဖက်သမား“ခေါင်းစဉ်နဲ့ ထင်တိုင်းရမ်းကား အစုလိုက်အပြုံလိုက်သတ်ဖြတ် မီးရှို့မုဒိန်းကျင့်ပြီး ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်မောင်းထုတ်ပစ်တယ်။
ဒါကို ဒေါ်စု(အစိုးရ)ဘယ်လိုရပ်တည်မလဲ ကြည့်ကြတယ်။ သတိပေးကြတယ်၊ မေတ္တာရပ်ခံကြတယ်၊ တိုက်တွန်းကြတယ်။ ဒါပေမယ့်မရပါဘူး ဒေါ်စုရဲ့သန္ဓေပါ အရွဲ့တိုက်တတ်တဲ့ဗီဇစိတ် ပေါက်တဲ့နဖူးမထူးတော့ပြီဇာတ် ခင်းချင်တဲ့ဉာဉ်ဆိုးဟာ ဘွားကနဲပေါ်လာပြီး စစ်အုပ်စုဘက်က ထွက်ရပ်ခံပေးတော့တာပဲ။ ဒါတောင် နိုင်ငံတကာက သူ့ကို“ဖယ်“ပြီး စစ်အုပ်စုကိုပဲ “တည်“ တိုက်နေသေးတာ။ သူ့ကို လက်ရှောင်ခိုင်းနေသေးတာ။ သူက မရတော့ဘူး မထူးဇာတ်အဆိပ်က ငယ်ထိပ်တက်နေပြီ။ သေရင်တောင် စစ်အုပ်စုနဲ့အတူသေပွဲဝင်မယ်ဆိုတဲ့ အပေါက်မျိုးတွေအထိ တိုင်းပြည်အပြင်ထွက်ပြီးပြောလာတယ်။ ဖေဖေ့တပ်မတော်ကြီးကို မထိနဲ့တွေဖြစ်လာတယ်။
ဒီတော့မှ နိုင်ငံတကာက မလွဲသာမရှောင်သာ သူ့ပါ ပြောလာကြတယ်။ ဆုတွေပြန်သိမ်းတယ်။ နိုင်ငံရေးဆေးဖော်ကြောဘက်လုပ်ဖို့ အင်တင်တင်ဖြစ်လာတယ်။ "အတင်များသွားလို့ ရုတ်တရက်ကြီး အချရခက်မှန်း"လည်း သူတို့ဘာသာသိပြီး တဖြည်းဖြည်းချင်း ပြန်ချလာကြတယ်။ ဒီတင် “ဒေါ်စုသိက္ခာကျတာ တိုင်းပြည်သိက္ခာကို ချတာတို့၊ နိုင်ငံ့ပုံရိပ် ပါတီ့ပုံရိပ်ထိခိုက်တယ်“တို့ဆိုပြီး သူ အငှားပါးစပ်တွေက မိုးဦးကျဖားတွေလို အသံတစီစီထွက်လာတယ်။ ဒါပေမယ့် မရတော့ဘူး။ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်ပြီ။ ဒါတောင် နိုင်ငံတကာက သမီးရှင်ဆိုတော့ အလိုမတူဘဲဖြစ်ခဲ့ကြပေမယ့် တရှက်ကနှစ်ရှက် အဖြစ်ခံနိုင်ပုံမပေါ်ဘူး။ စစ်အုပ်စုထဲက တချို့ကိုပဲ ကွက်ပြီးအရေးယူတယ်။ သူ့အပေါ်လည်း ကြံရာပါလို့သဘောမထားဘူး။
ဒီလောက်နဲ့ပြီးသွားတယ်ဆိုရင်တောင် သမိုင်းအမည်းစက်နဲ့ နိုင်ငံရေးကပျက်လှပြီ။
ခုမပြီးဘူး။ AA ကိစ္စပေါ်လာတော့ ပိုဆိုးသွားတယ်။ AA ကိုစစ်အုပ်စုက ASAR နဲ့ချိတ်ပေးပြီး အကြမ်းဖက်သမားပုံဖော်ထားတယ်။ (ASAR ဆိုတာက ဓားလွတ်တောင် လူစေ့တက်စေ့ရှိတာ မဟုတ်ဘူး)။ AA ကို မူးယစ်ဆေးဝါးဆက်နွယ်တဲ့အဖွဲ့အစည်းဆိုပြီး ရုပ်လုံးသွင်းထားတယ်။ အပစ်ရပ်ရေးမှာ ခေါင်းမာနေတဲ့လူတွေဆိုပြီး တံဆိပ်ကပ်ထားတယ်။ စစ်အုပ်စုက AA ကိုလုပ်ချင်နေတာ လက်ယားနေတယ်။ သူ့ချည်းပဲ သူ့လက်သူ့ခြေ အရင့်အရင် တခြားလူမျိုးစုတွေအပေါ် လုပ်နေကြလိုမျိုး မလုပ်ဝံ့လို့တော့ မဟုတ်ဘူး။ အဘက်ဘက်ကချိန်နေရတယ်။
ရိုဟင်ဂျာကိစ္စမှာ အဖတ်ဆည်မရအောင် နံမည်ပျက်သွားတဲ့စစ်တပ် ဖြစ်နေတယ်။ ခုတခါ AA ကိုအကြောင်းပြပြီး ထပ်ဆော်မယ်ဆို ပြဿနာက ဘယ်လိုမှ ရှင်းမရအောင်ရှုပ်ကုန်မယ်။ နောက်တခုက ခုဖြစ်တာက ရိုဟင်ဂျာနဲ့ မဟုတ်ဘူး။ ရခိုင်နဲ့။ ရခိုင်ကို ရိုဟင်ဂျာကိုင်သလို ကိုင်လို့မဖြစ်ဘူး။ နောက်တချက်က ဒါဟာ ရခိုင်ပြည်နယ်မှာ တောက်လျှောက်ဖြစ်တော့မယ့် ပြည်တွင်းစစ်ရဲ့ နောက်တိုးလာတဲ့ စစ်မျက်နှာတခုဖြစ်တယ်။ ရေရှည်စစ်ဖြစ်မယ်။ နောက်ဆုံးအချက်က AA နောက်မှာရှိနေနိုင်တဲ့ ရခိုင်လူထုအနေအထား ဒါက ထဲ့တွက်ကို တွက်ရမယ့် စစ်နဲ့ဆိုင်တဲ့ အလွန်အရေးပါတဲ့အကြောင်းအချက်။ ပျောက်ကြားစစ်ဖြစ်ဖြစ်၊ နေရာယူစစ်ဖြစ်ဖြစ်၊ လွတ်မြောက်နယ်မြေ ထူထောင်နိုင်တဲ့စစ်ဖြစ်ဖြစ် လူထုနောက်ခံမရှိရင် ဘာမှလုပ်မရဘူး။ ခုအခြေအနေက ရခိုင်အမျိုးသားတွေထဲမှာ ကိုယ်ကျိုးစီးပွားရှိနေတဲ့ရခိုင်တချို့၊ စစ်ဆို ဘာစစ်သံမှ မကြားချင်တဲ့ရခိုင်တချို့ကလွဲလို့ ရခိုင်အများစုက AA ဘက်ယိုင်တယ်။ တိမ်းညွှတ်မှုရှိတယ်။ အနည်းဆုံး စာနာကြတယ်။
ဒီတော့ ရခိုင်ကဒီစစ်ဟာ ရေရှည်တိုက်ရတော့မယ်။ စတိုက်ကတည်းက ပြည်တွင်းစစ် စစ်မျက်နှာသစ်ဖွင့်ဖို့ ဒါမှမဟုတ်လည်း စစ်ရှိန်ကို မီးကုန်ယမ်းကုန်မြှင့်ဖို့ တရားဝင်မှုလိုလာတယ်။ အစိုးရတံဆိပ်တုံး လိုလာတယ်။
ဒီတင် အလွန်အကင်းပါး အလွန်အရည်လည် အလွန်နိုင်ငံရေးဝါးဝတဲ့ စစ်အုပ်စုက တိုးချဲ့ကာ/လုံ ဆိုပြီးခေါ်ချလိုက်တယ်။ ဒေါ်စုကို မြှောက်ပင့်ပေးပြီး သေဖော်ညှိကြည့်တယ် ကြံရာပါလုပ်မလားတောက်ကြည့်တယ်။ ဟိုကလည်း လူလည်။ “အ“ လို့၊ မသိလို့၊ ကြောက်လို့၊ ရိုးသားလို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အကျပ်ကိုင် ခံထားရလို့၊ အသုံးချခံရလို့၊ ဘာလို့ညာလို့တွေ မဟုတ်ဘူး။ သူ့အတွက်အချက်နဲ့သူ ပလေးတာ။ သူ့ဇယားနဲ့သူ ကစားတာ။ ဒီတင် ချက်ခြင်းပဲ မဆိုင်းမတွ လုပ်မယ်ဆိုပြီး အားသွန်ခွန်စိုက် မိုက်တွင်းဆက်တူးတယ်။ ဟယ်လီကော်ပတာသုံးပြီး တိုက်ခိုက်ဖို့၊ AA ကို အမျိုးဖြုတ်ဖို့ ကြံရာပါအဖြစ် ပျော်ပျော်ကြီး ဂဟေဆက်လိုက်တော့တယ်။
ချုပ်ရရင် NLD အစိုးရနဲ့ ဒေါ်စုဟာ စစ်တပ်ကိုအမိန့်မပေးနိုင်တာလည်း မဟုတ်ဘူး။ စစ်တပ်ရဲ့အမိန့်ပေးကို ခံနေရတာလည်း မဟုတ်ဘူး။ စစ်အုပ်စုနဲ့ အလိုတူအလိုပါ၊ ကြံဖော်ကြံဘက်၊ နှစ်ကိုယ့်တစိတ်တွေအဖြစ်ဟာ ဘွားကနဲပွင့်ကျသွားပါတော့တယ်။
မျိုးမြင့်ချို(ဇန်နဝါရီ ၈ ၊ ၂ဝ၁၉ )
0 comments:
Post a Comment