Monday, January 21, 2019

(အသံကြားချင်ရင် စကားလျှော့ပါ) မျိုးမြင့်ချို

0 comments
(အသံကြားချင်ရင် စကားလျှော့ပါ)

မိမိပါတီကနေဖြစ်လာတဲ့အမတ်တွေ၊ အုပ်ချုပ်ရေးပိုင်းနဲ့ တရားဥပဒေပြုရေးအပိုင်းကလူတွေ တကယ် လဘ်စားလို့ အကျင့်ပျက်လို့ ခြစားလို့ ပါတီစည်းကမ်းအရ အရေးယူတာတွေကို သဘောကျပါတယ်။ ဥပဒေကြောင်းအရပါ အရေဒးယူဖို့ပြင်တာကြားတော့ ဝမ်းလည်းမြောက်မိပါတယ်။ ပါတီတခုအနေနဲ့(ဟုတ်တာမဟုတ်တာ အပထား)အစိုးရတရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်တာမို့ ထူးပြီး ချီးမွမ်းစရာ ကျေးဇူးတင်ပေးစရာမရှိတဲ့တိုင် ဘဝင်ကျမိ နှစ်ခြိုက်မိတာတော့အမှန်ပါ။ စစ်အုပ်စုရဲ့ အဂတိလိုက်စားမှု ထင်ရာစိုင်းမှုတွေကို လက်ဖျားနဲ့မတို့ဝံတာကို မခံချည့်မခံသာဖြစ်ပေမယ့် နင်ဘဲငဆမပြောခဲ့ဖူးပါဘူး။ ကိုဖော်တဲ့ဆေး ကိုယ်စားတဲ့ကိစ္စမို့ ကြားက ခါးတယ်ချိုတယ် မပြောချင်တဲ့သဘောပါ။

တိုင်းပြည်နဲ့ဆိုင်တဲ့၊ လူထုနဲ့ဆိုင်တဲ့၊ မဲဆန္ဒရှင်တွေနဲ့ဆိုင်တဲ့ ကိစ္စတွေကိုတော့ ပါတီဝင်အားလုံးကို ပါတီပြင်ပမှာတင်မက မီဒီယာတွေကိုပါ လွတ်လွတ်လပ်လပ်ပြောခွင့်ပေးထားရပါမယ်။ ပါတီတွင်းနေရာလု၊ အဆင်းဘီးတပ်၊ အတို့အထောင်လုပ်၊ အုပ်စု ဂိုဏ်းဂဏဖွဲ့ စတာမျိုးတွေတော့ အပြင်မပေါက်ကြားအောင်ထိန်းတာ ဘာမှမပြောလိုပါ။ ဒါပေမယ့် အချိန်တန်တော့လည်း ပွင့်ကျလာပါတယ်။ မိမိပါတီဟာ ပုဂ္ဂလိကပိုင်ပါတီဆိုရင်တော့ တမျိုးပါ။ ခုက တိုင်းပြည်က၊ လူထုအခွန်အကောက်တွေကနေ လခယူထားသူတွေရဲ့ပါတီပါ။ အများဆိုင်ပါတီပါ။ လူထုက နေရာတကာ ဝင်မစွက်ဖက်ပေမယ့် လူထုနဲ့ပါသက်ဆိုင်တဲ့ပါတီတွင်းကိစ္စဟာ အများဆိုင်ဖြစ်ပါတယ်။ အများမှာ သိခွင့်ရှိပါတယ်။ ဖုံးထားလည်း ပေါ်ပါတယ်။ လက်သိတ်ထိုးထားလည်း လက်ကုပ်ပြောတဲ့သူရှိပါတယ်။ စေ့ထားတဲ့ပါးစပ်ပေါက်ကို မီဒီယာက ငွေသော့နဲ့ဖွင့်တတ်ပါတယ်။ ရသေ့ကြီးဦးခန္တီပြောသလို ကိုယ့်ပေါင် သူများလာလှန်ထောင်းတော့ ပိုနာပါတယ်။

 "ဒေါ်သက်သက်ခိုင်တို့ ခုမင်္ဂလာဒုံအမတ်တို့ကိစ္စတွေ ပါတီက အရေးယူတာဟာ သွေးရိုးသားရိုးမဟုတ်ဘူး၊ ပါတီတွင်းအကောက်ကြံမှု ဒါမှမဟုတ် စေတလုံးပိုင်ရှင်ရဲ့ မျက်မန်ရှမှုတွေကြောင့်"လို့ လူတွေ သံသယရှိပါတယ်။ ဒါတွေဟာ ပါတီတွင်းကိစ္စသက်သက်မဟုတ်တဲ့အထဲ ပါပါတယ်။ လူထုသိခွင့်ရှိပါတယ်။ မသိရင် "ဒေါ်နန္ဒမာလာကိစ္စ စစ်တပ်နွယ်တွေမြေသိမ်းယာသိမ်းကိစ္စဖော်ထုတ်ခဲ့သူ NLD အမတ် ပါတီတွင်းအရေးယူခံရ"ဆိုတဲ့ သတင်းခေါင်းစည်းတွေ တက်နေမှာပါ။ လူထုရဲ့ သင်္ကာယနမကင်းတဲ့အမြင် ကြီးထွားသထက်ကြီးထွားလာမှပါ။

လေတလုံးမိုးတလုံးပြောတာတွေ မတည်မယ့်ကတိပေးတာတွေတော့ ဆင်ခြင်စေချင်ပါတယ်။ ခုတောင် လူရယ်စရာ လှောင်စရာဖြစ်လှပါပြီ။

စစ်အုပ်စုနဲ့ ပယောပယီလုပ်ရင် ဘာဖြစ်တတ်တယ်ဆိုတာ ကိုယ်တိုင်လည်း သဘောပေါက်သလောက်တော့ ပေါက်လောက်ပြီတွေးပါတယ်။ ဒါမှ "ဝက်ဖြစ်လို့ မစင်စားတာကွ" ဆိုလည်း ကံမ္မသကာလို့ပြောရမှာပါ။ လူထုက စစ်အုပ်စုကို မစင်ထက်ရွံပါတယ်။ မစင်ကို စားရုံမက ဦးထိပ်ပါတင်ရင် လူချဉ်ရုံလောက်ဆို တော်ပါသေးတယ်။ ချေးတွင်းထဲပျော်တဲ့လောက် ပျော်ရာမှာ ခွေးသေဝက်သေ သေရစ်ပေရော့ဆိုပြီး ပေယျာလကံပြုလိုက်ရင် နိုင်ငံရေးတဖြည်းဖြည်းမြုံပြီး NLD မျိုးဆက်သုဉ်းသွားမှာပါ။ မိမိရဲ့ နိုင်ငံရေးရာထူး အူမြူးမှုကို လျှော့ပါ။ နေရာမှာ သာယာစိတ်ကို ချုံ့ပစ်ပါ။ ပါတီရဲ့အရှည်ကိစ္စကိုတွေးပါ။ ဖက်ရှင်ဆန်ဆန်ပွဲတက်ဝတ်စုံတွေနဲ့ ဟန်ရေးပြနေတာထက် တိုင်းပြည်ဘက် လူထုဘက် မျက်နှာပြန်လှည့်ပါ။

ကြိတ်ဝိုင်းမှာ လက်ဝါးရိုက် လက်သိပ်ထိုးခဲ့လည်း စစ်အုပ်စုက သူတို့ကိုယ်ကျိုးအတွက်လိုအပ်ရင် ဖောက်ချပေးပါတယ်။ ဖွင့်ချပါတယ်။ ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ်မိမှ မုန်လာဥလုပ်လို့မရပါ။ AA ကိစ္စဟာ ပူပူနွေးနွေးရှိပါသေးတယ်။ ဒီသတင်း ဟုတ်တယ်မဟုတ်ဘူး ယတိပြတ်ငြင်းတာ ဒါမှမဟုတ် အတိအလင်းဝန်ခံတာ မလုပ်ပေမယ့် အဲ့သလိုလေသံမျိုး အဲ့သလို Tone ဟာ ဒေါ်စုပြောတတ်မှန်း လူတိုင်း ခန့်မှန်းနိုင်ပါတယ်။ အဲ့သလိုမျိုး အရပ်ဆန်တဲ့၊ နိုင်ငံရေးမဆန်တဲ့ Tone မျိုးတွေ ဒေါ်စုဆီက မကြာမကြာ ထွက်ကျလာတတ်ပါတယ်။ လက်ပန်းတောင်ကိစ္စမှာ စာမတတ်ပေမတတ်တောင်သူမလေးတွေကို "အစီရင်ခံစာဖတ်ပြီးမှပြော" ဆိုတာမျိုး "ရန်ကုန်ကလူတွေနဲ့ စကားမပြောဘူး" ဆိုတာမျိုးတွေပါ။ မီဒီယာသမားကို "သူတို့လုပ်ထားတာသိချင်ရင် သူတို့သွားမေးပေါ့"ဆိုတာမျိုးတွေပါ။ ပြောရရင် များပါတယ်။ လူတွေ သိပါတယ်။ သတိလည်းထားမိပါတယ်။ 

လူထုအသံကြားချင်ရင် နားထောင်ရပါတယ်။ ကိုယ်ကချည်းပြောနေလို့မရပါ။ တခါတလေမှာ တိတ်နေတဲ့အသံဟာ တောလုံးဆိတ်ညံဖြစ်သွားတတ်ပါတယ်။
ဒီလောက်ပါပဲ။
မျိုးမြင့်ချို ဇန်နဝါရီ ၂၁၊ ၂ဝ၁၉

0 comments:

Post a Comment