Monday, January 28, 2019

ခမောက်တွေကို လျစ်လျူရှုလိုက်ပြီလား (ညိုစိန်ဝင်း)

0 comments
ခမောက်တွေကို လျစ်လျူရှုလိုက်ပြီလား(ညိုစိန်ဝင်း)
အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၁)မှာ ဖော်ပြမယ့်ဆောင်းပါး
အစိုးရရဲ့မြေယာပေါ်လစီဟာ လယ်သမားတွေအပေါ်ဖိနှိပ်ပြီး စစ်အုပ်စု၊ စစ်ဗိုလ်ချုပ်များ၊ စစ်တပ်၊ ရဲတပ်၊ စစ်ခရိုနီနဲ့ ငွေရှင်ကြေးရှင် လုပ်ငန်းရှင်တွေဘက်က ရပ်တဲ့ပေါ်လစီလားလို့ မေးခွန်းထုတ်ရပါတော့မယ်။

မြေသိမ်းတဲ့အမှုတွေ၊ အိမ်ခြံမြေသိမ်းတဲ့အမှုတွေ ပြဿနာပေါင်းစုံ ပြေလည်အောင်မဖြေရှင်းနိုင်သေးတဲ့အချိန်မှာ မြေလွတ်၊ ပလပ်မြေ၊ မြေရိုင်း ဥပဒေဆိုတာ ပေါ်လာတယ်။

မြေလွတ်၊ ပလပ်မြေ၊ မြေရိုင်းဥပဒေကို ပြည်နယ်တွေမှာရှိတဲ့ တောင်ပေါ်နေ တိုင်းရင်းသား တောင်သူလယ်သမားတွေ ဆန္ဒပြ ကန့်ကွက် နေကြတဲ့အချိန်မှာ မြေသိမ်းဥပဒေဆိုပြီး တခါ ထပ်ပေါ်လာပြန်တယ်။ အခု အမျိုးသားညီလာခံ(လွှတ်တော်)မှာ ဒီဥပဒေကြမ်းကို အတည်ပြုဖို့ ဆွေးနွေး ကြတော့မယ်တဲ့။ ဒီဥပဒေကြမ်းရော မြေလွတ်၊ ပလပ်မြေ၊ မြေရိုင်းဥပဒေတို့ပါ တောင်သူလယ်သမားတွေနစ်နာစေပြီး စစ်အုပ်စု၊ စစ်ဗိုလ် ချုပ်များ၊ စစ်တပ်၊ ရဲတပ်၊ စစ်ခရိုနီနဲ့ ငွေရှင်ကြေးရှင်လုပ်ငန်းရှင်တို့ပဲ အကျိုးပြုနေတာ လေ့လာတွေ့ရှိရပါတယ်။

ဒီဥပဒေတွေအရ မြေလွတ်၊ ပလပ်မြေ၊ မြေရိုင်းမှန်သမျှ နိုင်ငံတော်ပိုင်လို့ သတ်မှတ်တယ်။ ဓားမဦးချ မြေပိုင်စနစ်ကို ဖျက်သိမ်းလိုက်တယ်။ ဟိုတုန်းက လယ်သမားဟာ ၃ နှစ်ဆက်တိုက် ခုတ်ထွင်၊ ထွန်ယက်လုပ်ကိုင်လာခဲ့ရင် မြေပိုင်တယ်။ အခု ဥပဒေအရ လယ်သမားက အနှစ် ၃ဝ ထွန်ယက်လုပ်ကိုင်လာခဲ့လည်း ဦးပိုင်မပေါက်ရင် လယ်သမားမပိုင်ဘူး။ စာပေယဉ်ကျေးမှုရေချိန်နိမ့်တဲ့ တောင်သူလယ်သမားတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး မင်းပေါက်စိုးပေါက် ရုံးတွေကန္နားတွေပေါက်ရောက်တဲ့ ငွေရှင်ကြေးရှင်တွေကို အခွင့်အရေး ပေးလိုက်တာပဲ။ ရုံးတွေ ကန္နားတွေဆီကို ငွေကုန်ကြေးကျခံကာ လာပြီး နောက်တဆင့် ငွေကုန်ကြေးကျခံကာ ဦးပိုင်အမည်စာရင်း ပေါက်အောင်မလုပ်နိုင်တဲ့ တောင်သူလယ်သမားတွေ သေပေရော့ပဲ။ ငွေရှင်ကြေးရှင်တွေကတော့ ငွေကြေးကို လက်နက်သဖွယ်အသုံးပြုကာ ရုံးတွေကန္နားတွေကို နည်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး ရသမျှ မြေယာအခွင့်အရေးတွေ သိမ်းကျုံးယူမှာကလည်း သေချာနေတယ်။

အရင်ကတည်းက မြေယာတွေကို မတရားသိမ်းယူခဲ့တာတွေ ဧက သိန်းနဲ့သန်းနဲ့ချီပြီး ရှိနေခဲ့တာပါ။ ဥပမာတခုလောက် ပြောပါဦးမယ်။ ပဲခူးရိုးမဘက်မှာ သခင်သန်းထွန်းတို့ မရောက်မီအချိန်ကတည်းက တောင်သူလယ်သမားတွေ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက် လာခဲ့တဲ့ မြေတွေ ရှိပါတယ်။ ပဲခူးရိုးမဘက်မှာ အမြန်လမ်းဖောက်တော့ တောင်သူလယ်သမားတွေ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက် လာခဲ့တဲ့ လမ်းဘေးဝဲယာ မြေကွက်တွေကို ဗိုလ်ချုပ်တွေ ခွဲဝေယူခဲ့ကြပါတယ်။ ဒီတော့ လယ်သမားတွေနဲ့ ပြဿနာတက်ပါတယ်။

နေပြည်တော်မှာလည်း အုပ်ချုပ်ရေးအကြီးအကဲတွေ စစ်တပ်အကြီးအကဲတွေကလည်း တောင်သူလယ်သမားတွေရဲ့မြေတွေကို ဒီလိုပဲ မတန်တဆလျော်ကြေးနဲ့သိမ်းယူ၊ အဓမ္မသိမ်းယူတာတွေလုပ်ခဲ့တာပဲ။ တိုင်းရင်သားတွေရဲ့ တောင်တန်းဒေသတွေအပါ ဗမာပြည်အနှံ့အပြားမှာ ခရိုနီတွေ အဓမ္မနည်းနဲ့သိမ်းယူခဲ့တဲ့မြေတွေကလည်း ဧက ထောင်သောင်းမက ရှိနေခဲ့တာ အားလုံးအသိပါ။

အခု လယ်သမားတွေမပိုင်ဘူးလို့ သူတို့ပြောနေတဲ့မြေယာအများစုဟာ ၁၉၇၅ ခုနှစ်ကတည်းက လုပ်ကိုင်စားသောက်လာခဲ့ကြတဲ့မြေတွေပါ။ လယ်သမားဘက်ကပြောရင် ထွန်ယက်လုပ်ကိုင်စားသောက်လာတာ အနှစ်(၂ဝ) ကျော်ပြီပေါ့။ အဲဒါတွေ အကုန်လုံး လယ်သမားမပိုင်ဘူး ပြောနေတာပါ။ ဒီမြေတွေ စုစုပေါင်းဟာ ဧက သိန်းသန်းချီပြီး ရှိနေပါတယ်။

ယခု ၂ဝ၁၇ မြေသိမ်းဥပဒေကြမ်းဆိုတာ ၁၈၉၄ ခုနှစ် ကိုလိုနီခေတ် မြေသိမ်းဥပဒေထက်တောင် လယ်သမားတွေကို ထိခိုက်နစ်နာစေတဲ့ ဥပဒေဖြစ်နေပါတယ်။ ကိုလိုနီခေတ် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေထက်ပိုပြီး လယ်သမားတွေဘက်ကရပ်ခံတဲ့ ဥပဒေပြုရမယ့်အစား ၁၈၉၄ မြေသိမ်းဥပဒေထက် ပိုဆိုးတဲ့ဥပဒေကြမ်းကိုအတည်ပြုဖို့ လွှတ်တော်မှာ ဆွေးနွေးကြပါတော့မယ်။

ဒီမြေယာဥပဒေဥပဒေကြမ်းတွေဟာ အုပ်ချုပ်သူအမြင်ဘက်ကနေ ရေးဆွဲထားတဲ့ဥပဒေတွေ ဖြစ်ပါတယ်။ စစ်ဗျူရိုကရက် အရာရှိဟောင်း ဥပဒေပညာရှင်တွေက မွမ်းမံပြင်ဆင် အရောင်တင်ပေးနေတဲ့ ဥပဒေကြမ်းပါ။ (အလားတူ မြေသိမ်းဥပဒေကြမ်းတခုကို ပြည်ထဲရေးဌာနက သီးခြား ပြုစုရေးဆွဲနေသေးတယ်လို့လည်း ကြားသိနေရပါတယ်။ )လယ်သမားတွေထဲ သွားရောက်လေ့လာတာ၊ လယ်သမားတွေရဲ့ဆန္ဒ၊ လယ်သမားတွေရဲ့ နစ်နာချက်၊ လယ်သမားတွေဘက်ကတင်ပြချက် စုံစမ်းလေ့လာပြီးရေးဆွဲတဲ့ ဥပဒေကြမ်းမဟုတ်ပါဘူး။ မြေသိမ်းမှုတွေမှာ အာဏာပိုင်ဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ထွေအုပ်ဦးစီးဌာနတို့ ဖြစ်နေပါတယ်။ မြေယာတွေဟာ တပ်မတော်ထိန်းချုပ်မှုအောက် ရောက်သွားတဲ့ သဘောပါပဲ။ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ထွေအုပ်ဦးစီးဌာနနဲ့ ပြည်ထဲရေးဌာနတို့ရဲ့ အာဏာနဲ့ဖိနှိပ်မှုအောက်မှာ လယ်သမားတွေ ကျောကော့အောင်ခံပေရော့ပဲ။

ဒီဥပဒေကြမ်းမှာ မြေသိမ်းခံရတဲ့ တောင်သူလယ်သမားတွေအတွက် လျော်ကြေးငွေပေးရေးနဲ့ပတ်သက်လို့လည်း ရှင်းရှင်းလင်းလင်း သတ်သတ်မှတ်မှတ် ဖော်ပြထားတာ မရှိပါ။ ၁၈၉၄ ကိုလိုနီခေတ်မြေသိမ်းဥပဒေ အသက်ဝင်နေဆဲ ကာလကတောင် ဥပဒေဘေးချိတ်ပြီး ထင်သလိုလုပ်လာခဲ့ကြတာ အခုဆို ပိုဆိုးပြီပေါ့။

ဒီ ၂ဝ၁၇ မြေယာဥပဒေကြမ်းဟာ လယ်သမားတွေဘက်က နစ်နာချက်ရှိမှာတွေကို အလေးမထားပေမယ့် ငွေရှင်ကြေးရှင်တွေဘက်ကိုတော့ စေ့စပ်စပ်စပ် အခွင့်အရေးပေး ရေးဆွဲထားတာတွေ့ရပါတယ်။ မြေသိမ်းကိစ္စအငြင်းပွားမှုတွေ တရားရုံးသို့ရောက်လာပြီး တရားရုံးက မြေမသိမ်းသင့်ဘူးလို့ ဆုံးဖြတ်ရင်တောင်မှ မြေသိမ်းသူဘက်က သမ္မတထံအထိ တင်ပြလျှောက်ထားပြီး အယူခံခွင့်ပေးထားပါတယ်။

မြေသိမ်းမှုတွေမှာ ထွေအုပ်တွေ ဘယ်သူဘက်က ရပ်မယ်၊ ပြည်ထဲရေး ဘယ်သူဘက်က ရပ်မယ်ဆိုတာ ဗေဒင်မေးနေစရာ မလိုပါဘူး။ ပြည်ထဲရေးဌာနရဲ့ အုပ်ချုပ်မှုအောက်မှာ မြေသိမ်းခံလယ်သမားတွေ ထောင်ချခံနေရတာ အခုထိ ရှိနေဆဲပါ။ လယ်သမားတွေက မြေသိမ်း အမှုတွေမှာ ခံဘက်ကချည်း ဖြစ်နေဦးမှာပါ။ ငွေများ တရားနိုင်တဲ့ခေတ်ကြီးထဲမှာ တောင်သူလယ်သမားတွေ တရားရှုံး မြေရှုံး ဖြစ်ကြရဦးမှာ ပါပဲ။ သည်အထဲက မြေသိမ်းသူအတွက် သူတရားရှုံးရင်တောင် သမ္မတထံ အယူခံခွင့်ပေးထားသေးတယ်ဆိုတော့ တောင်သူလယ်သမား တွေမှာ မျက်ရည်နဲ့မျက်ခွက်သာ အဖော်ပြုဖို့ ရှိတော့မှာပါ။

လယ်လုပ်သူ လယ်ပိုင်ရေး၊ လက်ငုတ်လယ် လက်မလွတ်ရေး၊ မူလလက်ငုတ်နဲ့ လက်ရှိလုပ်ကိုင်သူ အငြင်းပွားရင် - နှစ်ဖက်လယ်သမားချင်း အပြန်အလှန်ထောက်ထားကာ စေ့စပ်ဖြေရှင်းရေးဆိုတာတွေကို မြေယာပြုပြင်ပြောင်းလဲရေး (မြေယာတော်လှန်ရေး) ပေါ်လစီတရပ် (ဥပဒေ တရပ်) အဖြစ် ပီပီပြင်ပြင်ချမှတ်ဖို့ဆိုတာ ခရီးဝေးနေတုန်းပါ၊ အကောင်အထည်ဖော်မယ့် ကေဒါအပါအဝင် ကျေးလက်အုပ်ချုပ်ရေးယန္တရား ခိုင်မာတောင့်တင်းရေး နဲ့ ပေါ်လစီအာမခံရေးတို့ကို စနစ်တကျ မပျိုးထောင် မတည်ဆောက်ဘဲ မြေယာပြုပြင်ပြောင်းလဲရေးလုပ်လို့မရသလို လယ်သမားတွေရဲ့ မြေယာပြဿနာကိုလည်း မှန်ကန်အောင်ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။

- ခေတ်အဆက်ဆက် မတရားသိမ်းခဲ့တဲ့မြေယာများအပြင် နောက်သိမ်းမယ့် မြေယာများအတွက်ပါ တရားဝင်အောင်လမ်းခင်းပေးထားတဲ့ မြေယာဥပဒေသာ ဖြစ်ပါတယ်။ မဆလခေတ် စစ်ဗျူရိုကရက် နိုင်ငံတော်မြေရှင်စနစ်မှ ၂ဝဝ၈ အောက် စစ်ဗျူရိုကရက် အစိုးရမြေရှင်ကြီး စနစ်သို့ပြောင်းလဲရာမှာ တရားဝင်ဖြစ်အောင် ဖောက်ပြန်တဲ့မြေယာဥပဒေများနဲ့ ကျောထောက်နောက်ခံပြုခြင်းသာ ဖြစ်ပါတယ်။

ဒီ ၂ဝ၁၇ ဥပဒေကြမ်းကို လွှတ်တော်မှာဆွေးနွေးရင် လွှတ်တော်ကိုမေးရမှာက ခင်ဗျားတို့ ခမောက်တွေမဲပေးလို့ လွှတ်တော်မှာ အခုလို တက်ခွင့်ရလာကြတာ မဟုတ်လား။ ကျေးဇူးရှင်ခမောက်တွေကို မေ့ပြီလား-လျစ်လျူရှုလိုက်ပြီလား-ဆိုတာပါပဲ။ တပြည်လုံးက တောင်သူ လယ်သမားတွေအနေနဲ့ကတော့ ဒီဥပဒေကြမ်းတွေကို လွှတ်တော်ကအတည်မပြုသေးမီ ဆန့်ကျင်ကန့်ကွက် တောင်းဆိုတိုက်ပွဲဝင်သွားကြဖို့ လိုပါတယ်။ အကယ်၍ လွှတ်တော်က ဒီဥပဒေကြမ်းတွေကို အတည်ပြုလိုက်မယ်ဆိုရင်တော့ တိုက်ပွဲကို အရှိန်အဟုန်မြှင့်ပြီး တဆင့်တိုး ဆန့်ကျင်ကန့်ကွက်ဖို့နည်းလမ်းမှတပါး တခြားမရှိတော့ပါ။ ။

0 comments:

Post a Comment