Thursday, January 3, 2019

(သင်တာကောင်းတယ်ဆိုပေသိ) မျိုးမြင့်ချို

0 comments

(သင်တာကောင်းတယ်ဆိုပေသိ)
ဗကပ ထိပ်ပိုင်း ကေဒါကြီးတွေကို တရုတ်ကွန်မြူနစ်ပါတီ တရုတ်ပြည်ခေါ်ပြီး မာ့က်စ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေခေါ်၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်လက်တွေ့ တိုင်းပြည်တည်ဆောက်နေပုံတွေကို လေ့လာစေခဲ့တာရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကို ဗကပ ပါတီတွင်းမှာ ပီကင်းပြန်တွေလို့ ခေါ်ပါတယ်။

ခုအင်န်အယ်လ်ဒီကလည်း သူ့လူငယ်တွေကို တရုတ်ပြည်လွှတ်ပြီး လေ့လာသင်ယူစေတယ်လို့ ကြားရပါတယ်။ ဘာတွေလေ့လာ ဘာတွေသင်ယူ ဘာတွေတတ်မြောက်ဖို့လည်းတော့ မပြောတတ်ပါ။ ဒီလူငယ်တွေကတော့ ပီကင်းပြန်တွေဖြစ်ဖို့ထက် ရှန်ဟိုင်းပြန်တွေ ဖြစ်ဖို့များပါတယ်။

စီးပွားရေးအရ ပီကင်းဟာ ရှန်ဟိုင်းနောက်မှာ အများကြီး ကျန်ခဲ့တာမဟုတ်လား။ ပီကင်းဟာ တရုတ် ဝေါ်ရှင်တန်ဒီစီဖြစ်ပြီး ရှန်ဟိုင်းကတော့ တရုတ်နူးယော့ခ်စီးတီးဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ စီးပွားရေးအရ ကိုယ့်ထက်ခေတ်မီပြီး ရှေ့ရောက်နေတဲ့နိုင်ငံကြီးတွေဆီက သင်ယူကြတယ်ဆိုတာ ကောင်းပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးစ ကာလများကလည်း အင်န်အယ်လ်ဒီအမတ်တွေ အမေရိကန် လေ့လာရေးခရီးတွေ လာကြပါတယ်။ ကက်ပီတယ်လ်ဟောသွားပြီး ကွန်ဂရက်စ်အလုပ်လုပ်ပုံ၊ အမေရိကန်ဖွဲ့စည်းပုံ၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစတာတွေကို စနည်းနာကြတဲ့သဘောလောက်ပါပဲ။ သေချာအချိန်ယူပြီး ကျကျနန လေ့လာကြရတာတော့ မဟုတ်ပါ။ ဥပဒေပြုအမတ်တွေတင်မက တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းကလူတွေကိုပါ အချိန်ယူပြီး ထဲထဲဝင်ဝင်လေ့လာရေးတွေ လုပ်ပေးနိုင်မယ်ဆို ကောင်းပါတယ်။

တရုတ်လည်း စေလွှတ်ပါ၊ အနောက်ဘက်နိုင်ငံကြီးတွေဆီလည်း စေလွှတ်ပါ။ ငွေလည်းအကုန်ခံပါ။ သင်ယူလေ့လာကြပါစေ။ ဒါမှ နှိုင်းနှိုင်းချိန်ချိန် ယှဉ်ယှဉ်ထိုးထိုး တွေးတွေးဆဆ လုပ်ကိုင်နိုင်မှာ မဟုတ်လား။

တခုပဲရှိတယ် လေ့လာသင်ယူခဲ့တာတွေကို အနာဂတ် ဗမာ့လူ့အဖွဲ့အစည်းမှာ ဘယ်လိုပြန်အသုံးချမလဲ၊ ဘယ်လောက် အသုံးချခွင့်ရမလဲ၊ အသုံးချနိုင်စွမ်း ဘယ်လောက်ရှိမလဲကတော့ ကိစ္စရှိပါတယ်။

သေချာတာတခုကတော့ နိုင်ငံကြီးတွေဆီက သင်ယူတတ်မြောက်ခဲ့တာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာတော့ ပြန်အသုံးချဖို့ အလှမ်းအလွန်ဝေးနေမှာပါ။
မျိုးမြင့်ချို(စက်ဆင်ဘာ ၂၇၊ ၂ဝ၁၈)

0 comments:

Post a Comment