Thursday, January 24, 2019

ကုန်သွယ်ရေးစစ်စတင်ခြင်း(၁၁) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း (၁၁)
အီးယူနဲ့ယူရိုဇုံ
ဇန္နဝါရီ ၄ရက်နေ့က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာစီးတီးမှာလုပ်ခဲ့တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေရဲ့ဆွေးနွေးပွဲမှာ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ဂျရုမ်းပိုဝဲက ဘဏ္ဍာရေးဈေးကွက်မှာရင်းနှီးမြုပ်နှံသူတွေနဲ့ တကမ္ဘာလုံးကစီးပွားရေး လေ့လာစောင့်ကြည့်နေသူတွေကို အရေးကြီးတဲ့ သတင်းတခုပေးခဲ့တယ်။ အမေရိကန်ငွေကြေးပေါ်လစီဟာ ငွေရင်းတင်းကျပ်တဲ့ QT ပေါ်လစီကို သွားနေပေမယ့် ဈေးကွက်ကိုစောင့်ကြည့် မယ်။ ပေါ်လစီကိုတရားသေ ဆွဲကိုင်ထားမှာမဟုတ်ဘူးလို့ဆိုတယ်။ ဒီစကားက ၂ဝ၁၉နဲ့ ၂ဝ၂ဝမှာ အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်း မြှင့်မယ့်ပေါ်လစီရှိပေမယ့် ဈေးကွက်ကလိုအပ်လာရင် ငွေတင်းကျပ်တဲ့ပေါ်လစီကိုဆန့်ကျင်ပြီး ဘဏ်တိုးနှုန်းကိုချမယ်လို့ဆိုတဲ့ သဘောပါပဲ။ ဒီမှာဘဏ်တိုးနှုန်းတင်လို့ ပေါ်ဝဲကိုဘယ်လိုထုတ်ရမလဲစဉ်းစားနေတဲ့ ဒေါ်နယ်ထရမ့်ရဲ့အသံ ငြိမ်သွားတယ်။ ပြီးတော့ဒေါ်လာဈေး နည်းနည်း ကျလာတယ်။ အမေရိကန် စတော့ဈေးကွက် အတက်ဘက်ကိုပြန်ပြလာတယ်။

ဂျရုမ်းပေါဝဲရဲ့ဒီစကားဟာ ယူရိုဇုံရဲ့ငွေကြေးပေါ်လစီကို သတိရစရာပါပဲ။ ဘာဖြစ်သလဲဆိုတော့ ယူရိုဇုန်ရဲ့ ငွေရင်းချောင်ချိတဲ့ QE ပေါ်လစီဟာ (၂ဝ၁၈)အကုန်မှာ ပြီးမယ်လို့ဆိုထားပေမယ့် ယူရိုဗဟိုဘဏ်ဥက္ကဋ္ဌက အခြေအနေတွေကိုစောင့်ကြည့်ဖို့လိုမယ်။ အဲသည် လိုအပ်ချက်အတိုင်း ဆက်လုပ်ရမှာလို့ ပြောထားဘူးတဲ့အတွက်ကြောင့်ဖြစ်တယ်။ သူတို့စကားတွေက ဒီလောက်တောင်အရေးပါသလားဆိုရင် ၂ဝ၁၂ ဇူလိုင်က ယူရိုဇုံငွေကြေး အကျပ်အတည်းတွေနဲ့ကြုံနေရတဲ့အချိန်မှာ ယူရိုဗဟိုဘဏ်ဥက္ကဋ္ဌ မာရီယိုဒရာဂီ(Mario Draghi) ပြောခဲ့တာတခုပြန်ပြော ရမယ်။ ကျနော်တို့မှာရှိတဲ့အခွင့်အာဏာထဲကနေ ယူရိုငွေကိုတည်ငြိမ်အောင် ဘာပဲလုပ်ရလုပ်ရလုပ်မယ် ဆိုတာပဲ။ သူ့စကားတခွန်းဟာ နိုင်ငံ(၁၉)နိုင်ငံသုံးနေတဲ့ ယူရိုငွေကြေးဇုံတခုလုံးကို ကယ်တင်လိုက်တာပါပဲ။ ကမ္ဘာ့နာမည် ကြီးစီးပွားရေးသတင်းစာတခုဖြစ်တဲ့ Financial Times က သူ့ကို အဲသည် (၂ဝ၁၂)ခုနှစ်အတွက် တနှစ်တာအထူးချွန်ဆုံးလူ(Man of the year) အဖြစ် သတ်မှတ်ပေးခဲ့တယ်။

ဒီတော့ယူရိုငွေကြေးဇုံ အခြေအနေတွေလည်း တချက်လောက်ကြည့်ကြရရင် ကောင်းမယ်ထင်တယ်။ တကယ်က ဥရောပပြည်ထောင်စုလို့ ပြောတဲ့ အီးယူထဲမှာ နိုင်ငံပေါင်း(၂၈)နိုင်ငံ ပါတယ်။ ဒါပေမယ့် ယူရိုငွေကြေးမသုံးတဲ့နိုင်ငံက (၉)နိုင်ငံရှိတယ်။ အများစုက နောက်မှ အီးယူထဲ ဝင်လာတဲ့ အရှေ့ဥရောပက နိုင်ငံ (၆)နိုင်ငံ။ ဆိုဗီယက် ဇာတ်ခေါင်းကွဲသွားတဲ့နောက် အချီကောက် လိုက်ကနေရတဲ့ အရှေ့ဥရောပနိုင်ငံကြီး တွေဖြစ်တဲ့ ပိုလန်၊ ဟန်ဂေရီ၊ ရူမေးနီးယားတို့ပါတယ်။ အနောက်ဥရောပဘက်က နိုင်ငံသေးပေမယ့် သူ့ထီးသူ့နန်းနေနိုင်ကြတဲ့ ဆွီဒင်နဲ့ ဒိန်းမတ် ပြီးတော့ နန်းကျဧကရာဇ် အင်္ဂလန် ဒီ(၃)နိုင်ငံက သူတို့ပိုက်ဆံကိုပဲ ဆက်သုံးတယ်။ ယူရိုဇုံထဲမှာ ဘယ်သူတွေ အစွာဆုံးလဲ ကြည့်တော့ ကမ္ဘာ့နံပါတ်(၄)စီးပွားအင်အားကြီး ဂျာမနီ၊ နောက်မှာ ပြင်သစ်၊ အီတလီ ပြီးရင် စပိန်၊ ဟော်လန်ဆိုပြီးဆက်တိုက်ရှိကြတယ်။
လွယ်အောင်ပြောရရင် တီဗွီထဲမှာ ဘောလုံးအရမ်းကန်တဲ့နိုင်ငံတွေက ချမ်းသာတဲ့နိုင်ငံတွေလို့သာ မှတ်ထားစေချင်တယ်။ တနည်း ဘောလုံးကို ကြေးစားအဖြစ်ဈေးကွက်ထွင်ပြီး ကန်နိုင်လောက်အောင် ချမ်းသာကြတယ်လို့ဆိုချင်တယ်။

ယူရိုဇုံမှာ ထူးခြားတာတခုက ဖွဲ့စည်းပုံပဲ။ ECB (European Central Bank)လို့ခေါ်တဲ့ ဥရောပဗဟိုဘဏ်နဲ့ ယူရိုစနစ်(Euro system) ဆိုတာ ရှိတယ်။ မတူဘူး။ အီးယူကနိုင်ငံတွေစုပြီး ပြည်ထောင်စုတခုလုပ်ထားပေမယ့် အားလုံးက ငွေကြေးတမျိုးထဲ မသုံးကြတော့ ယူရိုသုံးတဲ့နိုင်ငံ တွေနဲ့ဆိုင်တဲ့ အီးစီဘီ(ယူရိုဗဟိုဘဏ်) ရှိတယ်။ အဲသည် (၁၉)နိုင်ငံ တခုချင်းစီက ဗဟိုဘဏ်တွေနဲ့အီးစီဘီ ပေါင်းထားတာကိုတော့ ယူရိုစနစ် လို့ခေါ်တယ်။ ဗဟိုဘဏ်မှာ ဘုတ်အဖွဲ့က (၆)ယောက်ရှိတယ်။ နိုင်ငံ (၁၉)နိုင်ငံက ဘဏ်တွေရဲ့အကြီးအကဲ(governor) တဦးချင်းစီလည်း ပါတယ်။ လက်ရှိဥက္ကဋ္ဌက ၂ဝ၁၁ နိုဝင်ဘာမှာ စတာဝန်ထမ်းဆောင်တယ်။ ဖော်ကျွန်းမဂ္ဂဇင်းက သူ့ကို ၂ဝ၁၅ ရဲ့ ကမ္ဘာ့ဒုတိယအထူးချွန်ဆုံး အဖြစ်ရွေးတယ်။

၂ဝ၁၄ စာရင်းအရပြောရင် အီးစီဘီရဲ့အက်ဆက်က ယူရိုငွေဘီလီယံ(၂ဝဝ)မပြည့်သေးတဲ့အချိန်မှာ ယူရိုစနစ်တခုလုံးရဲ့ ဘဏ်ကအက်ဆက် တွေပေါင်းရင် ယူရို(၂)ထရီလီယံကျော် ရှိနေတယ်။ ဆိုတော့ အီးစီဘီဟာ ပါဝါတော့ရှိပေမယ့် ငွေတွေတော့ အများကြီးရှိတာမဟုတ်ဘူး။ ဒါက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြွယ်ဝမှုကိုလိုက်ပြီး ငွေကြေးပေါ်လစီနဲ့ ငွေလုပ်ခွင့်တွေပေးထားလို့ဖြစ်တယ်။ အီးယူဗဟိုဘဏ်ဟာ နိုင်ငံတနိုင်ငံချင်းစီရဲ့ ဗဟိုဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ရတဲ့အပိုင်းတွေရှိသလို ယူရိုဇုံတခုလုံးရဲ့ ငွေကြေးပေါ်လစီကိုလည်း ကိုင်တွယ်ရတယ်ဆိုတော့ အခြား ဗဟို ဘဏ်ကြီးတွေထက် ပိုရှုပ်မယ့်သဘောရှိတယ်။ အီးယူ(ဥရောပ ပြည်ထောင်စု) ရဲ့ နိုင်ငံရေးရည်ရွယ်ချက်က နောက်တကြိမ် သူ့မြေပေါ်မှာ ကမ္ဘာစစ်ကြီးတခု မဖြစ်ရေးနဲ့ အနည်းဆုံး ဥရောပနိုင်ငံအချင်းချင်းစစ်မဖြစ်ရေးလို့ဆိုရင် အီးစီဘီ(ယူရိုဗဟိုဘဏ်) ရဲ့ စီးပွားရေးရည်ရွယ်ချက်က ယူရိုငွေကြေးဇုံတွင်းမှာ ဈေးနှုန်းတည်ငြိမ်ရေးပဲ။ ယူရိုဇုံမှာဖြစ်တဲ့ ပြဿနာဖြေရှင်းပုံနဲ့အနေအထားတွေက ရှေ့အပတ်မှာပြောခဲ့တဲ့ ဂျပန်နဲ့ နည်းနည်းဆင်တာတွေ့ရမယ်။ သူတို့လည်း ငွေက မဖောင်းပွဘူးဖြစ်နေလို့ ငွေဖောင်းပွနှုန်းကို ၂% နီးပါးလောက်ကို ထားချင်ကြတာပဲ။ ငွေမဖောင်းပွဘူးဆိုတာ စီးပွားရေးမတိုးတက်ဘူးဆိုတဲ့သဘောလို့လည်း နားလည်နိုင်တာကိုး။

၂ဝဝ၈ ငွေကြေးအကျပ်အတည်းမှာ အမေရိကန်နောက်မှာ ဥရောပဘဏ်တွေ ကောင်းကောင်းအထိနာတယ်။ (၂)ချက်ပေါ့။ ဘဏ်တွေထိလို့ ဘဏ်စနစ် ကောင်းကောင်း မလည်ပတ်နိုင်တာနဲ့ ချေးငွေတွေပြဿနာကိုရှင်းဖို့ မလွယ်တာ။ အဲဒီအချိန်က ယူရိုဇုံကြွေးပြဿနာက နေ့တိုင်း လောက် အရေးကြီးသတင်းတက်နေတယ်။ ယူရိုကို ဒီတောင်က ကျော်နိုင်ပါ့မလားလို့ သံသယတွေနဲ့ စောင့်ကြည့်နေကြတဲ့အချိန်။ အီးစီဘီ နောက်ဆုံးဝင်ကယ်တယ်။ ၂ဝဝ၇ နဲ့ ၂ဝဝ၈မှာ ဘဏ်တွေကို ရှေးရိုးစဉ်လာ ငွေထုတ်ချေးတဲ့နည်းနဲ့ ကယ်တယ်။ သိပ်မထိရောက် လို့ ၂ဝဝ၉ ကိုရောက်မှ အစိုးရဘွန်းတွေကိုဝယ်တဲ့နည်းကို သုံးလာတယ်။ ၂ဝ၁၁ နှစ်ကုန်တော့ အီးစီဘီက နည်းတခုသုံးပြန်တယ်။

နှစ်ရှည် ငွေကြေးပြန်လည်စီမံတဲ့နည်း(LTRO – Long Term Refinancing Operations) လို့ခေါ်တယ်။ အဲဒီနည်းအရ ယူရိုဘဏ်တွေက ဗဟိုဘဏ်ကနေ တနှစ်ကို (၁%)တိုးနဲ့ (၃)နှစ်အထိ ချေးခွင့်ပေးတယ်။ နိုင်ငံတွေရဲ့ဗဟိုဘဏ်က သူ့နိုင်ငံထဲကဘဏ်ကနေ အီးစီဘီဆီက ငွေချေးတာကိုတာဝန်ယူ(အပေါင်ပစ္စည်းအာမခံ) ပေးရတယ်။ (ဥပမာ ပြင်သစ်ဘဏ်တခုက ယူရိုဗဟိုဘဏ်ဆီကနေ ငွေချေးတာကို ပြင်သစ် ဗဟိုဘဏ်က ကြားကနေ ဝင်တာဝန်ယူပေးထားတာကို ဆိုလိုတာ)။ အဓိကကတော့ ဘဏ်တွေမှာ ငွေမရှိတော့တဲ့ပြဿနာကို ကူညီတာပါပဲ။ ၂ဝ၁၄ နှစ်ဝက်မှာ အီးစီဘီက သူ့ဆီမှာ ဘဏ်တွေကလာအပ်ထားတဲ့ဘဏ်အပ်ငွေ(မထားမဖြစ် ထားရတဲ့ deposit အပြင်အပ်တဲ့ငွေ) တွေကို အနုတ်ဘဏ်တိုး(Negative Interest Rate Policy – NIRP) ပေးတယ်။ ဈေးကွက်ထဲ ငွေတွေလည်နေအောင် လုပ်တာဖြစ်တယ်။

၂ဝ၁၅နှစ်မှာ အီးစီဘီက ငွေရင်းချောင်ချိတဲ့ပေါ်လစီ QE ကို စတယ်ဆိုပေမယ့် ပထမမှာ သိတ်စိတ်ထက်သန်မှု မရှိလှသေးဘူး။ ဗဟိုဘဏ် တွေမှာ ငွေကြေးပေါ်လစီနဲ့ပတ်သက်လို့ အဓိကနည်း(၂)ခုသုံးတယ်။ တခုကငွေချေးတာ(landing/discounting) နဲ့ နောက်တခုက အစိုးရ ဘွန်းတွေကိုဝယ်တာ(asset purchase by open market operations) ။ ဒုတိယနည်းကိုသုံးမှ ငွေရင်းချောင်တဲ့နည်း QE လုပ်တယ် ခေါ်နိုင် တယ်။ ၁၉၉၈ ကနေ ၂ဝ၁၈ အထိ နှစ် ၂ဝအတွင်း ယူရိုစနစ်ဘဏ်တွေမှာ စုစုပေါင်း အက်ဆက် ယူရို ၄.၅ ထရီလီယံကျော်ရှိတယ်။ ၂ဝဝ၁ ကနေ ၂ဝ၁၈ အတွင်း ယူရိုဇုန်ရဲ့အခံငွေ(monetary base) ဟာ (၃)ဆတက်လာတယ်။ QE လုပ်တဲ့ ၂ဝ၁၅ နောက်ပိုင်းမှာကျမှ အက်ဆက် (၂)ဆကျော်နဲ့ ငွေခံပါ တက်လာတာဖြစ်တယ်။

ဒီနေရာမှာ ငွေနဲ့ဆိုင်တဲ့ အသုံးအနှုန်းတွေကို နည်းနည်းရှင်းဖို့လိုမယ်ထင်တယ်။ ငွေနဲ့ပတ်သက်လို့ သတ်မှတ်ချက်တွေရှိတယ်။ ဥပမာ M0 ဆိုရင် လက်နဲ့ကိုင်သုံးနေတဲ့ငွေစက္ကူတွေ အကြွေစေ့တွေကိုခေါ်တာ။ M1 ဆိုရင် M0 နဲ့ ချက်လက်မှတ်လိုဟာမျိုးတွေကို ခေါ်တယ်။ သဘောတရားက ဒီလို။ ငွေကိုလွယ်လွယ်သုံး အပေးအယူလုပ်နိုင်တာကို စကားလုံးက အရည်ဖျော်နိုင်(liquidity) တယ်ခေါ်တယ်။ ကိုယ်က တထောင်တန်ငွေတရွက်ပေးပြီး ဈေးဝယ်ရင်နေရာတိုင်းမှာ ရတယ်။ ချက်လက်မှတ်ကျ ငွေသားလောက်မလွယ်ဘူး။ ဒါပေမယ့် ပစ္စည်းတန်ဖိုး ကြီးတာမျိုးဝယ်ရင် ချက်လက်မှတ်နဲ့စရံပေးတာမျိုးတွေ လုပ်နိုင်တယ်။ ဒီတော့ မန်းနီး Money ဆိုတဲ့ M မှာ နံပါတ်ကြီးလာလေလေ အရည် ဖျော်နိုင်စွမ်း(ငွေပေးငွေယူလုပ်ရတာလွယ်ကူမှု) နည်းလာလေပဲလို့ သဘောပေါက်ဖို့ပါ။ M2 ဆိုတာ M1 နဲ့ နှစ်တိုရင်းနှီးမြုပ်နှံထားတဲ့ ဘွန်း တွေလိုမျိုး။ M3 ဆိုရင် M2 နဲ့ နှစ်ရှည်ရင်းနှီးမြုပ်နှံထားတာတွေကိုခေါ်တယ်။ အပေါ်မှာပြောတဲ့ နိုင်ငံတနိုင်ငံရဲ့အခံငွေ(Monetary Base ၊ MB လို့လည်း သုံးကြတယ်) ဆိုတာကြတော့ နိုင်ငံထဲမှာလည်ပတ်နေတဲ့ငွေသား M0 နဲ့ ဗဟိုဘဏ်မှာ တခြားဘဏ်တွေက စပေါ်ငွေ ပေးထားရ တဲ့ငွေ (၂)ခု ပေါင်းကိုခေါ်တာဖြစ်တယ်။

ဘီသုံးလုံးကိုချိန်ဆပါ (Bank interest - ဘဏ်တိုး၊ Bond yield - ဘွန်းတိုး နဲ့ Brexit အင်္ဂလန်အထွက်)
တိုက်ဆိုင်တာတခုက ယူရိုဇုံမှာ QE စတဲ့ ၂ဝ၁၅ မှာ အမေရိကန်မှာ ဒေါ်လာကို QE စရပ်တဲ့အချိန်ပဲ။ အမေရိကန်က ၂ဝ၁၄ မှာ ငွေရင်း ချောင်ချိတဲ့ပေါ်လစီကို ရပ်တယ်။ ဒီလောက်ဆိုရပြီဆိုတဲ့ သဘောဖြစ်ပုံပဲ။ အဲသည်ကနေ ခုထိ ငွေရင်းတင်းကျပ်နေတာဖြစ်တယ်။ ဘာဖြစ် သလဲဆိုတော့ ငွေရင်းချောင်ချင်တဲ့အခါ အတိုးနှုန်းကိုနှိမ့်ရတယ်။ လူတွေ ငွေမအပ်အောင်။ အဲမှာ စတော့ဘက်ကိုလှည့်တော့ ပုံမှန်မှာ စတော့ဈေးကွက်မှာ အရောင်းအဝယ်သွက်လာတယ်။ ဈေးတက်လာတယ်ပေါ့။ ဘဏ်တိုးကျတဲ့အခါ ငွေတန်ဖိုးပါကျတဲ့သဘောရှိတယ်။ ဒီမှာ ယူရိုဟာ ဈေးမြင့်လာတဲ့ဒေါ်လာနဲ့ယှဉ်ရင် အားနည်းလာတယ်။ တန်ဖိုး ကျလာတယ်ပေါ့။ အဲဒါက ဈေးကွက်ထဲမှာ သူ့တင်ပို့တဲ့ပစ္စည်းတွေ ဈေးကျတဲ့သဘောပဲ။ ဒီတော့ အိတ်စ်ပို့ ကောင်းလာတယ်။ ဘဏ်တိုးကျတဲ့အတွက် နိုင်ငံတကာက အစိုးရဘွန်း ဝယ်ယူမြုပ်နှံသူတွေအတွက် ဘွန်းတိုးနှုန်းမြင့်တဲ့ အမေရိကန်ဈေးကွက်ကို ရောက်သွားတယ်။

ယူအက်စ်မှာ အစိုးရ(၁ဝ)နှစ်ဘွန်းက ၂.၉% ဘွန်းတိုးနှုန်း(yield) ရချိန်မှာ ဂျာမနီမှာ ဝ.၄% ပြင်သစ်မှာ ဝ.၇% စပိန် ၁.၃% နဲ့ အီတလီ ၂.၄% ရှိတယ်။ ဘွန်းဈေးတွေကဘဏ်တိုးနှုန်းနဲ့ ဆက်စပ်မှုတွေရှိတယ်။ ဘဏ်တိုးနှုန်းကိုကာမိတဲ့ အမြတ်နှုန်းမပေးနိုင်ရင် ဘွန်းတွေကို ဘယ်သူက ဝယ်မြုပ်နှံကြမလဲ။ ဘွန်းတိုးနှုန်း(yield) တွက်နည်းတွေကတော့ အလွယ်အတိုးနှုန်းတွက်နည်းကနေ ဘွန်းသက်တမ်းပြည့်ချိန် (maturity)ကို လိုက်ပြီး သီးခြား ဂဏန်းတွက်စက်တွေနဲ့ တွက်တာတွေအထိရှိတယ်။ အလွယ်အနေနဲ့ ဘဏ်တိုးတက်ရင် ဘွန်းဈေးကျတယ်။ ဘွန်းဈေးကျရင် ဘွန်းတိုး(yield) တက်တယ်ဆိုတာပါပဲ။ ဘွန်းတိုး(yield) ဟာ ဘဏ်တိုးကိုလိုက်ပြီး ပြောင်းနေမှာပဲဖြစ်တယ်။

ဥရောပငွေကြေးပေါ်လစီဟာ အလုပ်လက်မဲ့နှုန်းကို ချပေးလိုက်နိုင်တယ်။ ၂ဝ၁၃ ပထမ(၃)လပတ်မှာ ၁၂.၇% ရှိနေရာကနေ ၂ဝ၁၈ အေပယ်မှာ ၈.၆% ကို ကျသွားတယ်။ မက်ခရိုသီအိုရီအရတော့ အလုပ်လက်မဲ့နှုန်းဟာ သုံညအထိကျသွားဖို့ မရှိပါဘူး။ အကောင်းဆုံး အနေအထားကို ၃ ကနေ၄% အတွင်းမှာ သတ်မှတ်ကြတယ်။ ၄% အောက်ကိုကျရင် အိုကေတယ် သတ်မှတ်တယ်။ ဆိုတော့ ဥရောပ အနေအထားက အကောင်းဆုံးအနေအထားကို ရောက်မလာသေးဘူးဆိုတဲ့သဘောပါ။ ဒါပေမယ့် အစိုးရကြွေးတွေ အများကြီးတက်လာ ပေမယ့် QE ကြောင့် ဘဏ်တိုးကျ၊ ဘွန်းတိုးကျတဲ့အတွက် အတိုးပေးရတဲ့ငွေတွေလည်း ကျတယ်။ ဒီနေရာမှာတော့ ဂျပန်နဲ့ သဘောချင်း တူတာတွေ့ရတယ်။ QE ဟာ ယူရိုကြွေးမြီတချို့ကို လျော်လိုက်သလိုဖြစ်စေခဲ့တယ်။ ယူရိုဇုံဟာ (၂ဝ၁၃) ကနေစပြီး ဂျီဒီပီတော့ မှန်မှန် ပြန်တက်လာတယ်။ QE ရပ်ဖို့စဉ်းစားတာဟာ ထိုက်သင့်သလောက်ယုံကြည်မှု ရှိလာတယ်လို့လည်းပြောနိုင်တယ်။ ၂ဝ၁၈ နှစ်စမှာ ရှိတဲ့ ယူရိုဇုန်ရဲ့ အစိုးရဘွန်းကြွေးမြီတွေနဲ့ အခြားစုစုပေါင်းကြွေးမြီတွေရဲ့အချိုးကိုကြည့်ရင် ယူရိုနိုင်ငံကြီးတွေရဲ့စီးပွားရေးကို နည်းနည်းချိန်ဆလို့ ရလာနိုင်ပါမယ်။

ဂျာမနီ ယူရို ၄၈၆ ဘီလီယံ စုစုပေါင်းကြွေးရဲ့ ၂၂%
ပြင်သစ် ယူရို ၃၉၇ ဘီလီယံ စုစုပေါင်းကြွေးရဲ့ ၁၇%
အီတလီ ယူရို ၃၄၅ ဘီလီယံ စုစုပေါင်းကြွေးရဲ့ ၁၄%
စပိန် ယူရို ၂၄၄ ဘီလီယံ စုစုပေါင်းကြွေးရဲ့ ၂ဝ%
နယ်သာလန် ယူရို ၁ဝ၈ ဘီလီယံ စုစုပေါင်းကြွေးရဲ့ ၂၅%

ဒီစာရင်းကိုကြည့်တော့ ယူရိုဇုံမှာ ဂျာမနီဘွန်းကြွေးအများဆုံးပါလားဆိုပြီး အဝေဖန်မစောလိုက်ပါနဲ့။ ပုံမှန်မှာ အီးစီဘီဗဟိုဘဏ်ကနေ စီးပွားရေးပိုတောင့်သူတွေကို ဘွန်းအများဆုံးထုတ်ရောင်းခွင့်ပေးထားတဲ့ သဘောမို့ပါ။ ဥပမာ ယူရိုဇုံမှာ ကြွေးမြီဒုက္ခအရောက်ဆုံးဖြစ်တဲ့ ပလေတိုးတို့ရဲ့ ဂရိနိုင်ငံဟာ အစိုးရဘွန်းကြွေး လုံးဝမရှိပါဘူး။ ချမ်းသာလို့ မဟုတ်ပါ။ အေသင်သားတွေကို ချေးငွေလုပ်ဖို့ခွင့်မပြုလို့ဖြစ်တယ်။ ယူရိုဇုံမှာတင်မဟုတ်ပဲ အီးယူ(ဥရောပယူနီယံ) တခုလုံးအနေနဲ့ကြည့်ရင် ဂျာမနီဟာ ဂျီဒီပီ ဒေါ်လာ(၄)ထရီလီယံနီးပါးနဲ့ထိပ်ဆုံးက၊ အင်္ဂလန် (၂.၈)ထရီလီယံနဲ့ ပြင်သစ် ၂.၇ထရီလီယံလောက်ရှိတယ် ၂နဲ့၃။ အင်္ဂလန်ဟာ လက်ရှိ အီးယူကထွက်ဖို့လုပ်ထားပေမယ့် ဝန်ကြီးချုပ်မေရဲ့ ဘယ်လို ထွက်မယ်ဆိုတဲ့အစီအစဉ်(အဓိကကုန်သွယ်ရေးသဘောတူညီချက်) ကို အင်္ဂလန်ပါလီမန်က ပယ်ချလိုက်တယ်။

သူ့ပါတီကိုယ်တိုင်က ကန့်ကွက်မဲတွေပေးကြတာမို့ ပြီးခဲ့တဲ့ နှစ်(၈ဝ)လောက်အတွင်း ပါလီမန်မှာ အဆိုးဆုံးရှူံးနိမ့်မှုတခု ဖြစ်သွားတယ်။ အယုံအကြည်မရှိအဆို ပြန်နိုင်တယ်ဆိုပေမယ့် မတ်လ(၂၉)ရက်နေ့ ထွက်မယ့်အနေအထားက ဖြစ်နိုင်ခြေနည်းသွားပါပြီ။ လက်ရှိမှာ အင်္ဂလန်အတွက် နည်းလမ်း(၃)ခုရှိနေတယ်။ ပထမက အီးယူနဲ့ကုန်သွယ်ရေးသဘောတူညီချက် ပြန်ညှိမှာ၊ ဒုတိယက နောက်ထပ် ရွေးကောက်ပွဲတခုလုပ်မှာ (ဒါမှမဟုတ်ရင်) နောက်ထပ် အီးယူကထွက်မထွက် ဆန္ဒခံယူပွဲတခု ထပ်လုပ်မှာ၊ တတိယနည်းကတော့ အီးယူနဲ့ ဘာသဘောတူညီချက်မှမယူပဲ မတ်လကုန်မှာ ထွက်မှာတို့ဆိုပြီး ဖြစ်တယ်။

ပထမနည်းဖြစ်တဲ့ အီးယူနဲ့ပြန်ညှိတဲ့နည်းကိုသွားဖို့ အတိုက်အခံလေဘာပါတီရဲ့သဘောတူညီချက်ယူဖို့ ဝန်ကြီးချုပ်မေ က ကြိုးစားနေတယ်။ အီးယူနဲ့ ပြန်ညှိတဲ့နည်းလမ်းဆိုရင် အင်္ဂလန်ဟာ မတ်လမှာ အီးယူကထွက်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကုန်သွယ်စစ်နဲ့ဆက်စပ်နေတာတခုက အီးယူနဲ့ ကုန်သွယ်ရေးသဘောတူညီချက်မယူပဲ ထွက်မယ်ဆိုရင် စတာလင်ပေါင်တန်ဖိုးဟာ ဆိုးဆိုးဝါးဝါးကျသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် တွေ ရှိနေတယ်။ ဒီအတွက် ဈေးကွက်ထဲမှာ ဖြစ်လာမယ့်အနေအထားတွေကို စီးပွားရေးပညာရှင်တွေကော ငွေကြေး၊ စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံသူတွေကပါ တွယ်ချက်နေကြတယ်။ အခြေအနေအားလုံးကို လေ့လာကြည့်တဲ့အခါ ကျနော်တို့နားလည်ထားတဲ့ ကျောင်းစာအုပ် တွေထဲက အစဉ်အလာအရင်းစနစ်ဟာကုန်ဆုံးသွားပြီလို့ အဓိပ္ပါယ်ကောက်ယူနိုင်တယ်။ စီးပွားရေးအခြေအနေတွေကို အခြားတဘက်ကနေ မြင်ကြည့်ဖို့ကြိုးစားကြရ ပါလိမ့်မယ်။

(တရုတ်ဈေးဝယ်စာရင်းကို လေ့လာခြင်း)
ပြီးခဲ့တဲ့ဘေဂျင်းဆွေးနွေးပွဲမှာ တိကျတဲ့ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ ရှီကျင်းပင်ရဲ့ စီးပွားရေးလက်ရုံး တရုတ်ဒုတိယဝန်ကြီးချုပ်လျူဟီ (Liu He) ဟာ ဇန္နဝါရီလကုန်မှာ ဝါရှင်တန်ကို နောက်ထပ်ဆွေးနွေးပွဲအတွက်သွားဖို့ ခရီးဆောင်အိတ်ကို ဖုန်ခါနေတုန်းပဲရှိသေးတယ် အတည် မပြုပါနဲ့လို့ဆိုတဲ့သတင်းတပုဒ် တက်လာတယ်။ မနှစ်က ဒေါ်လာ(၃၂၃)ဘီလီယံ ကုန်သွယ်ရေးလိုငွေပြခဲ့တဲ့ အမေရိကန်တွေအတွက် လိုငွေ သုညရောက်တဲ့အထိ အမေရိကန်ကုန်တွေကို တရုတ်က (၆)နှစ်ဆက်တိုက် တိုးဝယ်ပေးမယ်ဆိုတဲ့သတင်းပါ။ ဒါပေမယ့် ဈေးကွက်က သူ့အလုပ် သူလုပ်ပါတယ်။ သတင်းအဆင့်ပဲ ရှိသေးတယ်။ အမေရိကန်စတော့ဈေးကွက် S&P 500 ညွှန်ကိန်းနဲ့အတူ ဒေါ်လာကနည်းနည်း တက်လာတယ်။ (၆)နှစ်ဆက်တိုက် ပိုဝယ်ပေးရမယ့်ငွေက အမေရိကန်ဒေါ်လာ(၁)ထရီလီယံကျော် ဖြစ်တယ်။ ဒီသတင်းက အတည်ဖြစ်လာ မယ်ဆိုရင်တောင် ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာက မေးခွန်းအဖြစ်ရှိနေပါသေးတယ်။ လက်ရှိ တရုတ်ဝယ်နေတဲ့ အမေရိကန် ကုန်တွေက ဝက်ကျွေးတဲ့ပဲ(soyabean) အတွက် ယူအက်စ်က လယ်သမားတွေက အထူးအထွက်တိုးအောင် စိုက်ကြ၊ မြေလွတ်မြေရိုင်း တွေလည်း တပြိုင်နက်ချဲ့ထွင်ကြရလိမ့်မယ်။ ဓာတ်ငွေ့ရည် LNG အတွက်လည်း တာမီနယ်တွေ အများကြီးထပ်ဆောက်ရမယ်။ လေယဉ်တွေ မှာမို့လို့ ဘိုးရင်းလေယာဉ်ကုမ္ပဏီက နောက်ထပ် စက်ရုံသစ်တရုံ တည်ရမယ်ဆိုတဲ့သဘောပါပဲ။ တရုတ်က အမေရိကန်ပဲကို ပိုဝယ်ရင် ဘရာဇီးဆီက လက်ရှိသွင်းနေတဲ့ပဲကို လျော့ချပါမှ ဒါမှမဟုတ် တရုတ်မှာ ဝက်မွေးမြူရေးတွေ တိုးချဲ့ပါမှပဲ။ ဆိုလိုတာက (၆)နှစ်အတွင်း ရှိသမျှ ကုန်သွယ်ရေးမညီမျှချက်တွေကို ချေဖျက်ဖို့ဆိုတာ နိုင်ငံတကာကုန်သွယ်ရေးနဲ့ အမေရိကန်တရုတ်အကြား ထုတ်လုပ်ရေးလုပ်ငန်းတွေအပေါ် အများကြီးရိုက်ခတ်မှုတွေရှိမယ်။ ပြင်ဆင်မှုတွေလုပ်ကြဖို့ လိုပါလိမ့်မယ်။ တချိန်တည်းမှာ အဆင့်မြင့်လုံခြုံရေးနည်းပညာပစ္စည်းတွေကို တရုတ်က ဝယ်ချင်ပေမယ့် အမေရိကန်က ပယ်ချထားတယ်။ ဒါ့အပြင် ထရမ့်က တရုတ်မိုဘိုင်း ဆက်စပ်ပစ္စည်းတွေကို လုံခြုံရေးအကြောင်း ပြချက်နဲ့ အမေရိကန်မှာအသုံးမပြုဖို့ တားမြစ်ဖို့ ပြင်ဆင်နေတယ်။

အမေရိကန်အစိုးရရုံးတွေ  တပိုင်းတစပိတ်ထားရတာ မပြီးဆုံးသေးတဲ့အတွက် နောက်တပတ် ဒါးဗို့စ်မှာကျင်းပမယ့် စီးပွားရေးဖိုရမ်ကို ထရမ့် မသွားဖြစ်တော့ပါဘူး။ ဖိုရမ်ကိုကြလာမယ့် နိုင်ငံတကာကကုန်သွယ်ဖက်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့်အခွင့်အရေးတခု လက်လွှတ်သွားတဲ့ သဘောပါ။ ပြည်တွင်းမှာ နိုင်ငံရေးအကျပ်အတည်း အစိုးရအုပ်ချုပ်ရေးအစိတ်အပိုင်းတရပ် ရပ်ဆိုင်းပြီး ဒီမိုကရက်တွေနဲ့လည်း မဆွေးနွေးနိုင်၊ တရုတ်နဲ့လည်း ဘာရလဒ်မှ သေချာမထွက်၊ နောက်ဆုံး မြောက်ကိုရီးယားဆွေးနွေးပွဲရလဒ်သည်ပင် ဘာဖြစ်မှန်း မရေရာဖြစ်နေတဲ့ထရမ့်ကို ဆွေးနွေးပွဲတွေမလုပ်တတ်သူလို့ နာမည်ထွက်လာစေခဲ့တယ်။

တဘက်က တရုတ်ပြည်တွင်းမှာတော့ ရာသက်ပန်အာဏာကို ပြန်လည်ဆွဲကိုင်ထားပြီးဖြစ်တဲ့ ရှီကျင်းပင်ရဲ့ခေါင်းဆောင်မှု အရည်အချင်းကို စမ်းသပ်မယ့်ပွဲတွေကရှေ့မှာ စောင့်ကြိုနေပါပြီ။ တရုတ်ကြံအင်လက္ခဏာနဲ့ပြည့်စုံတဲ့ ဆိုရှယ်လစ်စနစ်လို့ တရုတ်တွေကြွေးကြော်ခဲ့တဲ့ နိုင်ငံ တော်ကထိန်းချုပ်ထားတဲ့ အရင်းစနစ်ဟာ အစဉ်အလာပြဿနာတခုဖြစ်တဲ့ အလွန်အကျွံထုတ်လုပ်မှု(Over production) နဲ့ အရင်းစနစ်ရဲ့ နောက်ဆုံး ကြုံတွေ့နေရတဲ့ ခေတ်မှီပြဿနာ ငွေကြေးပေါ်လစီကဖန်တီးတဲ့ ကြွေးမြီ အခက်အခဲတွေကြားမှာ ပိတ်မိသွားပြီဖြစ်တယ်။

ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရ အဖြေက တခုပဲရှိနေတယ်။ လက်ရှိဖွံဖြိုးနှုန်းနဲ့ အလုပ်အကိုင်တွေကိုထိန်းထားပြီး ရေရှည်ရင်ဆိုင် သွားဖို့ပါ။ ဆိုလိုတာက တရုတ်တွေအတွက် အချိန်ဝယ်ထားဖို့ပါပဲ။ တရုတ်ပြုတ်ကျရင် တကမ္ဘာလုံး ယောက်ယက်ခတ်ရဖို့ ရှိနေတယ်။ တရုတ်ရဲ့ အိတ်စ်ပို့အားပြုတဲ့ဖွံ့ဖြိုးမှု အလုပ်မဖြစ်တော့လို့ ပြည်တွင်းစားသုံးမှုကို လှည့်ဖို့ရာမှာလည်း စားသုံးမှုဆိုတာ ဖွံ့ဖြိုးမှုညီမျှခြင်းမှာ တရုတ် အားအနည်းဆုံးအပိုင်းဖြစ်နေတယ်။ ရှေ့မှာ တရုတ်ဖြုန်းအားကို အနောက်နဲ့ယှဉ်ပြထားတာ ရှိပါတယ်။

ဒီတော့ နိုင်ငံတကာပတ်ပြီး ရင်းနှီးမြုပ်နှံမှုဟာ တရုတ်ကော်ပိုရိတ်၏လုပ်ငန်းကြီးတွေနဲ့ သူတို့ကိုမှီခိုနေတဲ့ ဝန်ထမ်းတွေအလုပ်သမားတွေ အတွက် အဖြေတခုဖြစ်လာတယ်။ တရုတ်လုပ်တဲ့ပရောဂျက်တွေမှာ ထမင်းချက်ကအစပါတယ်ဆိုတာ ဒီပြဿနာရဲ့အစိတ်အပိုင်းတခုပါ။
နဂါးပတ်လမ်း(BRI) ရှော့ပင်းမောကြီးထဲ မျက်စေ့ကစားနေတဲ့တရုတ် သတိပြန်ဝင်လို့ ဈေးဝယ်စာရင်းကိုကြည့်တော့ မြစ်ဆုံကိုတွေ့ရတဲ့ သဘော ရှိပုံပါပဲ။ မြန်မာတွေအတွက်တော့ ဧရာဝတီဟာ ဒဏ္ဍာရီထဲကသူရဲကောင်းဖြစ်သလို အိပ်ရာဝင်ပုံပြင်တခု ဖြစ်နေပါသေးတယ်။

ပြဿနာက နိုင်ငံရေးနဲ့စီးပွားရေးအပြင် ယဉ်ကျေးမှုနယ်ပယ်ထဲကို ရောက်နေတယ်။ ကိုယ့်အတွက် အကျိုးအမြတ်ကလည်း မရေရာတဲ့ သဘော ရှိနေတယ်။ ရခိုင်အရေးလို မဟာဗျူဟာပြဿနာတခုအဖြစ် ရှူမြင်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ မြန်မာ့စီးပွားရေးကိုကြည့်ရင် အပြင်က မဝင်လို့ ရှင်းမရနိုင်တဲ့အခြေအနေပါ။ အပြင်ကဝင်ဖို့မှာလည်း အထဲမှာ နိုင်ငံရေးတည်ငြိမ်မှုက အတိုင်းအတာတခုအထိ လိုအပ်နေတယ်။ ကမ္ဘာ့စီးပွားအင်အားကြီးတွေကို အစီအစဉ်လိုက်ချစဉ်းစားမယ်ဆိုရင် ဒီလိုတွေ့ရပါမယ်။ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့အီးယူ (ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်)။ ဂျပန်ဟာ ငွေကြေးပေါ်လစီအရကော၊ ပထဝီနိုင်ငံရေးဖိအားအရကော၊ လူ့အခွင့်အရေးရှုထောင့်အရပါ လွတ်ကင်းတယ်။ BRIC ထဲက တရုတ်ဖယ်ပြီး ကျန်တဲ့(၃)နိုင်ငံကို ချိန်ဆမယ်ဆို ဘရာဇီး၊ ရုရှားနဲ့အိန္ဒိယ။ ပြီးတော့ အာစီယံကျားတွေဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်း။ ထွန်းသစ်စဈေးကွက်နိုင်ငံတွေ(Emerging markets) ရဲ့ရင်းနှီးမြုပ်နှံမှုကို ကုန်သွယ်စစ်နဲ့ယှဉ်တွဲစောင့်ကြည့် တွက်ချက်ကြည့်ဖို့လိုမယ်လို့ ယူဆတယ်။
Kyaw Zaaw Khine 2011+ Publishing မှ ကူးယူဖော်ပြပါတယ်
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment