Monday, January 28, 2019

(နီပေါဆိုတာ စစ်ဘောမရဲ့အခြားအမည်...တဲ့) မျိုးမြင့်ချို

0 comments
(နီပေါဆိုတာ စစ်ဘောမရဲ့အခြားအမည်...တဲ့)
ပထမတော့ စုံလုံကန်းမေမေ့သားတွေနဲ့ မန်ဖီသန်တဲ့စစ်ခွေးတွေက လက်ဝဲအလံထောင် ကြောင်တောင်တောင်လူတွေကို နီကြောင်တွေလို့ တညီတညွတ်တည်း သတ်မှတ်ခဲ့ကြတယ်လို့ဆိုတယ်ဗျ။ သူတို့ညီညွတ်ရေးကိုလည်း အဲ့ဒီအပေါ်မှာတည်ဆောက်ပြီး နီကြောင်တွေကို မထိခလုပ်ထိခလုပ် လုပ်တယ်ဗျ။ နှစ်ဘက်ပေါင်းပြီး နီကြောင်တွေကို တောခြောက်တဲ့အခါခြောက် အမဲလိုက်တဲ့အခါ လိုက်တယ်ဗျ။

ပြဿနာက သူတို့အချင်းချင်း စကားနိုင်လုကြရင်း တခါတခါ စိတ်ကောက်တတ်ကြတာပဲဗျ။ တချက်တချက် စောင်းကြမြောင်းကြ မခေါ်နိုင်မပြောနိုင်တွေဖြစ်ကြတယ်ဗျ။ အဲ့လိုဖြစ်ဖန်များတော့ စစ်ခွေးတွေက မေမေ့သားတွေကို ငှက်တွေလို့သမုတ်ပြီး အယုတ္တအနတ္တပြောတယ်ဗျ။ သူတို့ကို ငှက်မခေါ်နဲ့ကြိုက်ဘူးဆိုပြီး ခြေဆောင့်တော့ ဒါဆိုလည်း နီပေါတွေကွာလို့ တစ်တစ်ခွခွ ပြောင်းခေါ်တယ်တဲ့ဗျ။

ဒီနေရာမှာတော့ မေမေ့သားကနေ ငှက်၊ ငှက်ကနေမှ နီပေါဖြစ်လာသူတွေက စစ်ခွေးဆိုသူတွေထက် နည်းနည်းတော့ ပိုတည်ကြည်တယ် နည်းနည်းပိုသဘောထားကြီးတယ် လို့ပြောရမယ် ထင်တယ်ဗျ။ ဘာလို့ဆို သူတို့သာ ပိုးစိုးပက်စက် သုံးနံမည်ပြောင်းပြီး နင့်နင့်နာနာအခေါ်ခံရပေမယ့် စစ်ခွေးတွေကိုတော့ စစ်ခွေးလို့ခေါ်နေရာကနေ စစ်ဘောမတွေလို့ပြောင်းခေါ်တယ်ဗျ။ အဲ့ဒီကနေမှ နောက်တဆင့်လျှော့ပြီး စစ်လော်ဘီတွေလို့ ပြောင်းခေါ်ပေးတယ်တဲ့ဗျ။ ပိုလည်းယဉ်ကျေး နိုင်ငံရေးလည်းဆန် စည်းရုံးရေးအရလည်းဖြစ်လို့ လို့ပြောတယ်ဗျ။

အဲ့ဒီတော့ ချုပ်လိုက်ရင် ဗမာ့နိုင်ငံရေးဖေ့စ်ဘွတ်ခ်မှာ မေမေ့သား၊ ငှက်၊ နီပေါ၊ နီကြောင်၊ စစ်ခွေး၊ စစ်ဘောမနဲ့စစ်လော်ဘီရယ်လို့ ထွက်လာတယ်။ သေချာသတ္တုပြန်ချကြည့်ရင် စစ်အုပ်စုလူ၊ မေမေ့လူ၊ လက်ဝဲလူ ဒါပဲ။ ၃ မျိုးထဲဘဲ။ ကျနော့်မှာ အဲ့ဒါကို နားလည်ဖို့ အချိန်အတော်ကြာယူရတယ်။
ဒါနဲ့ ခုခေတ်တကြော့ပြန်အမြှုတ်ထလာတဲ့ဖွဲ့စည်းပုံပြင်တို့ မြစ်ဆုံကိစ္စတို့နဲ့ဆက်စပ်ပြီး လုပ်ဖော်ကိုင်ဘက်တယောက်နဲ့ စကားစပ်ရင်း အပေါ်ကပြောခဲ့တဲ့ နီကြောင်၊ စစ်ခွေးနဲ့နီပေါကိစ္စဆီ ရယ်ရယ်မောမောနဲ့ ရောက်လာတယ်ဗျ။

ဟေ့လူရေ ခုတော့ နီပေါတွေဘက်က စစ်ခွေး/စစ်လော်ဘီတွေလို့ခေါ်သံရော စစ်ခွေးတွေဘက်ကပြန်ပြီး ငှက်တွေ/နီပေါတွေလို့ဆိုပြီး အပြန်အလှန်ယိုးစွပ်ကြသံတွေ အတော်တိုးနေတယ်ဗျ၊ သိတ်မကြားရတော့ဘူးနော်ဆိုတော့ မိတ်ဆွေက ဟုတ်တယ်ဗျ ငြိမ်နေကြတယ်။ ဘာလဲတော့ သေချာမဆိုနိုင်ဘူးဗျ၊ နောက်တခုက ဖေ့စ်ဘွတ်ခ်က စစ်တပ်အကောင့်တွေပိတ်ပစ်တာလည်း ပါမယ်နဲ့တူတယ်ဗျတဲ့။ သင်ပုန်း တဘက်သတ်ချေရေးကြီးကလည်း အောက်ရေတိုးနေတာဗျတဲ့။ အေးဗျာ သူတို့အချင်းချင်း သင့်မြတ်ကုန်ကြလည်း ကောင်းပါတယ်၊ လူလုံး ကွဲသထက်ကွဲသွားတာပေါ့ နောက်ပြီး ပြောနေတဲ့ရင်ကြားစေ့ရေးဆိုတာလည်း သူတို့ချင်းဂဟေဆက်ရေး မဟုတ်လားဗျဆိုတော့ မိတ်ဆွေက ဟုတ်တယ်ဗျို့ ဒါကြောင့်ထင်တယ်ဟေ့လူရေ၊ ဟိုနေ့က လဘက်ရည်ဆိုင်မှာ လှောင်နေသံကြားတယ်ဗျတဲ့။ လုပ်ပါဦး ဘာများတုန်းဆိုတော့ ချာတိတ်တယောက်ကပြောတယ်ဗျ "AA ကိစ္စနဲ့မြစ်ဆုံဆည် တကြော့ပြန်လာတော့ ကာလပေါ် ဖေ့စ်ဘွတ်ခ် ဗမာ့နိုင်ငံရေးမှာ နီပေါတွေနဲ့စစ်ခွေးတွေ ယာယီညီညွတ်ရေးရနေတယ် ..ဒါ့ကြောင့် နီပေါလို့ခေါ်လိုက်ရင် အဲ့ဒါဟာ စစ်ဘောမကို အခြားတနည်းနဲ့ လှည့်ခေါ်ခြင်းမည်လို့ ၂ ဘက်လုံးက ကျေနပ်လက်ခံကြဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်ခိုင်းရမယ်"လို့ပြောတော့ တဝိုင်းလုံးပွဲကျပြီး ဟားတိုက်နေလေရဲ့ဗျာ..တဲ့။
မျိုးမြင့်ချို ဇန်နဝါရီ ၂၈၊ ၂ဝ၁၉

0 comments:

Post a Comment