Wednesday, January 2, 2019

(အာဏာ့ကံကြီးထိုက်သူများ) မျိုးမြင့်ချို

0 comments
(အာဏာ့ကံကြီးထိုက်သူများ)
လက်စားချေတာ (ဂလဲ့စားချေတာ)နဲ့ သင်ပုန်းချေတယ်ဆိုတာဟာ လူတဦးချင်းအလိုက် ကျူးလွန်ခဲ့တဲ့ကိစ္စကို လူတဦးချင်းအလိုက် ပြန်တုံ့ပြန်ခြင်း မတုံ့ပြန်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ပြောရရင်  ၂ ခုလုံးဟာ လူ့ တသီးပုဂ္ဂလဆိုင်ရာအရေးဖြစ်ပါတယ်။ 

လက်စားချေတာ ဂလဲ့စားချေတာကို လူမိုက်တွေမှလုပ်တာ မဟုတ်သလို လူမိုက်တိုင်းလည်း မလုပ်ပါဘူး။ တခါမှ လူမိုက်ဘဝ မရောက်ဖူးတဲ့သူတွေတောင် ကိုယ့်ဘဝ ကိုယ့်မိသားစုဘဝကို ခွင့်မလွှတ်နိုင်လောက်အောင် အကျူးလွန်ခံရတယ်လို့ယူဆတဲ့အခါ ခံပြင်းစိတ်သက်သက်နဲ့သွေးဆူပြီး ဒေါသမထိန်းနိုင်ပဲ လက်လွန်ခြေလွန်တွေ ပြန်လုပ်မိသွားကြတာလည်းရှိပါတယ်။


ဆိုတော့ လူမိုက်မဟုတ်တဲ့လူတွေထဲမှာလည်း လက်စားချေတာမျိုးရှိပါတယ်။ တသီးပုဂ္ဂဖြစ်လုနေတာတောင်မှ လက်စားပြန်ချေမယ် မချေဘူးရှိပါတယ်။ လူမိုက်ဖြစ်ခြင်း မဖြစ်ခြင်းသက်သက်ကိစ္စမျှလည်း မဟုတ်ပါဘူး။ မလုပ်တဲ့လူ မလုပ်ဘူး။ လုပ်တဲ့သူ လုပ်တယ်။ ဒီသဘောလောက်ပါဖြစ်ပါတယ်။



တခါ လက်စားပြန်ချေရာမှာလည်း ဘယ်အတိုင်းအထိ ပြန်ချေတယ်ဆိုတာက ရှိပါသေးတယ်။ ကိုယ့်လူတယောက်ကိုသတ်လိုက်လို့ သူ့လူတယောက်ကို ပြန်ဖြောင်ပစ်တာရှိသလို သူ့တမိသားစုလုံးကို အပြတ်ရှင်းပစ်လိုက်တာမျိုးလည်းရှိပါတယ်။ ဇ ကြောင်းပြရုံလောက် စတိသဘောလေးလုပ်တာလည်းရှိပါတယ်။


ပြန်မလုပ်ကြတာမှာလည်း တကယ့်ကို ပြန်မလုပ်ချင်လို့၊ ရန်ကိုရန်ခြင်းမတုံ့နှင်းချင်လို့လည်းရှိပါတယ်။ လုပ်နိုင်လောက်တဲ့အားနဲ့ မိုက်ဂုဏ်ခြင်းမယှဉ်နိုင်တာကြောင့် မလုပ်တာလည်းရှိပါတယ်။


ဒါကို နိုင်ငံရေးထဲမှာ အာဏာကိစ္စထဲမှာလည်း ချသုံးလို့ရပါတယ်။ သုံးသူတွေလည်း သုံးကြပါတယ်။ ဒီလို သုံးလာပြီဆိုရင်တော့ ဒါကို နိုင်ငံရေးအရလုပ်ကြံသတ်ဖြတ်မှုလို့ ပြောလေ့ရှိပါတယ်။ ရာဇဝတ်မှုအကြီးစားဖြစ်ပါတယ်။ အုတ်အော်သောင်းတင်းတွေ ဖြစ်တတ်ပါတယ်။ သတင်းစာတွေ ရောင်းကောင်းပါတယ်။


အာဏာရနေသူ လူထုထောက်ခံမှုရနေသူကို သွားပြီးလုပ်ကြံခဲ့ရင်တော့ နိုင်ငံတော်တံဆိပ်ကပ်ပြီး နိုင်ငံတော်လုပ်ကြံမှုဖြစ်သွားပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဖြစ်သွားပါတယ်။ ပုဂ္ဂိုလ်အရေးကိုးကွယ်မှု အားကြီးတဲ့နိင်ငံတွေမှာတော့ အဲ့သလို အလုပ်ကြံခံလိုက်ရသူဟာ အာဇာနည်တို့ဘာတို့ဖြစ်သွားတတ်ပါတယ်။


နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဖြစ်ဖြစ် နိုင်ငံတော်ပုန်မှု (နိုင်ငံတော်လုပ်ကြံမှု)ဖြစ်ဖြစ် အဲ့ဒါဟာ နိုင်ငံရေးအခြေခံတဲ့ ရာဇဝတ်မှုအကြီးစားတွေဖြစ်ပါတယ်။ ဒါ အမှုဆိုတဲ့ရှုထောင့်ကနေပဲပြောတာဖြစ်ပါတယ်။ နိုင်ငံရေးအရ ဘက်သဘောအရပြောတာမဟုတ်ကြောင်း နားလည်သိမြင်ကြမျာဖြစ်လို့ အဲ့ဒါတွေကို ဒီနေရာမှာ ထဲ့မပြောပါဘူး။ ချန်ခဲ့ပါမယ်။


ဆိုတော့ လက်စားချေတယ် ဂလဲ့စားချေတယ်ဆိုတာ ကိုယ်ရေးကိုယ်ကိစ္စ တသီးပုဂ္ဂဆိုင်ရာကိစ္စဖြစ်တယ်၊ ချေမယ်မချေဘူးကို ကာယကံရှင်တဦးတည်းက ဆုံးဖြတ်တယ်။ လူမိုက်ခြင်း မမိုက်ခြင်းနဲ့လည်း မဆိုင်။ ရာဇဝတ်မှုဖြစ်တယ်ဆိုတာဖြစ်ပါတယ်။


တိုင်းပြည်နဲ့ဆိုင်တဲ့ လူအဖွဲ့အစည်းနဲ့ဆိုင်တဲ့ကိစ္စတွေမှာကြတော့ နိုင်ငံရေးသမားတယောက်ဟာ ဒီစကားလုံးကို သုံးလို့ကိုမရတာပါ။ လူ့အဖွဲ့အစည်းပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်လည်း နိုင်ငံရေးသမားတယောက်ယောက်က “လက်စားချေတာပဲဖြစ်ဖြစ် သင်ပုန်းချေတာပဲဖြစ်ဖြစ် သူ့သဘောနဲ့သူ လုပ်ခွင့်မရှိပါဘူး“။


ဒီလိုလုပ်ခဲ့တာတွေမရှိဘူးမဟုတ်ဘူး ရှိပါတယ်။ လုပ်ခဲ့ကြသူတွေ နောက်ဆုံး ဘယ်ပုံ နိဌိတံသွားလည်းဆိုတာ သမိုင်းမှာ အထင်အရှားရှိပါတယ်။ ဒါဟာ နိုင်ငံရေးသမားရဲ့ တိုင်းပြည်အပေါ်၊ လူထုအပေါ်၊ တရားဥပဒေအပေါ် စောင့်ထိန်းရမယ့်ကျင့်ဝတ်သီလ ပျက်သွားတာပါ။ ဒီနိုင်ငံရေးသီလပျက်တာကို ပရဏဝါလုပ်ပြီး အပြစ်ဖြေလို့မရပါဘူး။ အာပတ်ဖြေလို့မရပါဘူး။ နိုင်ငံရေးပါရာဇိက ကျတာပါ။ တချို့ဆို အာဏာလက်လွတ်တပြန် ပြန်ဖြစ်တဲ့အခါ ကြိုးစင်ပါအတင်ခံရပါတယ်။


တိုင်းပြည်အပေါ်၊ လူထုအပေါ်၊ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ကျူးလွန်ခဲ့သူတွေ “မိမိတို့မှားယွင်းခဲ့ကြောင်း အတိအလင်းလည်းဝန်ခံ၊ နောင်တတရားလည်းရ၊ နောက်နောင် အလားတူကိစ္စတွေ ထပ်မပေါ်ပေါက်ရေးအတွက် လူထုနဲ့လည်းလက်တွဲဆောင်ရွက်“လို့ ကြေအေးလိုက်မယ်ဆိုလည်း လူထုကပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။


အဲ့ဒီထက်တဆင့်တက်ပြီး မှတ်တမ်းမှတ်ရာတွေ သမိုင်းဆိုင်ရာ အထောက်အထားတွေ တိုင်းပြည်ကိုဖော်ထုတ်ချပြ၊ ထိန်းသိမ်း၊ မှတ်တမ်းမှတ်ရာတွေပြုစု၊ ပြတိုက်တွေဆောက် စတဲ့ Transitional Justice လုပ်မယ်ဆိုလည်း လူထုကပဲ ဆုံးဖြတ်လုပ်ကိုင်ရမှာဖြစ်ပါတယ်။


နောက်ဆုံးအဆင့်ဖြစ်တဲ့ ရုံးတင်၊ တရားစွဲဆို၊ အပြစ်ပေး အရေးယူစတာတွေလုပ်မယ်ဆိုလည်း လူထုကပဲဆုံးဖြတ်ရမှာပါ။ ဒီလိုလုပ်တဲ့နေရာမယ် ဥပဒေကြောင်းအရ အဘက်ဘက်က ညီညွတ်ဖို့ပါတယ်။ ရ ရမယ့် ဥပဒေပါအခွင့်အရေးတွေ အကုန်ပေးရပါမယ်။ လူတွေဆင်ခြင်နိုင်ဖို့၊ အပြစ်ရှိသူကို အပြစ်ပေးဖို့၊ ဥပဒေနဲ့အညီဖြစ်ဖို့ စတာတွေက တိတိကျကျ မျှမျှတတ ဖြစ်ရမှာပါ။


ကြေပဲကြေအေးအေး၊ အသွင်ကူးပြောင်းရေးစီရင်ပဲ ထုံးဖွဲ့ဖွဲ့၊ ရုံးတင်တရားစွဲ အပြစ်ပဲပေးပေး ဘာပဲလုပ်လုပ် လူထုဆန္ဒနဲ့အညီဖြစ်ရမှာပါ။ အဲ့သလိုဖြစ်ဖို့က လူထုဆန္ဒ ဘာရှိတယ်သိအောင် အရင်လုပ်ရပါမယ်။ အဲ့ဒီအလုပ်ကို နိုင်ငံရေးသမားက လုပ်ရပါမယ်။ လူထုဆန္ဒကိုဖော်ထုတ်ပေးရပါမယ်။ ပေါ်ထွက်လာတဲ့ လူထုအများစုရဲ့သဘောတူညီချက်အရ ဆက်သွားနိုင်ရေးကို တိုင်းပြည်(နိုင်ငံတော်နဲ့အစိုးရ) က ကြီးကြပ်ပေးရမှာဖြစ်ပါတယ်။ ဒါဟာ Process ဖြစ်ပါတယ်။


ဒီ Process ကို နိုင်ငံရေးသမားတယောက်ယောက်ပဲဖြစ်ဖြစ် ခေါင်းဆောင်တဦးဦးကပဲဖြစ်ဖြစ် ချိုးဖေါက်လို့မရပါဘူး။ ချိုးဖေါက်ခဲ့ရင် လူ့အဖွဲ့အစည်းပေါ်စောင့်စည်းရမယ့် နိုင်ငံရေးဝိနည်းပျက်ပါတယ်။ ကိုယ့်ကျင့်သီလ ကျိုးပေါက်ပါတယ်။ အာဏာ့ကံကြီးထိုက်ပါတယ်။ နိုင်ငံရေးပါရာဇိကကျပါတယ်။


ခုဖြိုးမင်းသိမ်းနဲ့အပေါင်းအပါတွေက “လက်စားမချေဘူး ဂလဲစားမချေဘူး“စတဲ့စကားလုံးတွေကို လှိုင်လှိုင်သုံးပြီး လူထုကပဲ၊ တိုင်းပြည်ကပဲ ဂလဲ့စားချေချင်ဇောနဲ့ သွေးဆာနေတာလိုလို၊ သူတို့မဟုတ်တဲ့အခြားသူတွေကပဲ ရာဝတ်မှုတွေ ကျူးလွန်ချင်နေတာလိုလို၊ အညှိုးတကြီးနဲ့ ခုတ်မယ်ထစ်မယ် သတ်မယ်ဖြတ်မယ်တကဲကဲ ဖြစ်နေတာလိုလို၊ အာဃာတ တရားတွေ အမုမီးတောက်တွေပဲ တောက်လောင်နေတာလိုလို၊ ခုပဲထပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းတော့မှာလိုလိုဆိုတဲ့ အတွေးတွေ လူထုကြားထဲ မဖြစ်ဖြစ်အောင် မှိုင်းတိုက် ဝါဒဖြန့်နေတာဖြစ်ပါတယ်။


ဗမာ့လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုး မကျိုးမပေါက် မပြောက်မကြားအပ်တဲ့ နိုင်ငံရေးသီလကို အရင်ဆုံးစတင်ချိုးဖေါက်ခဲ့တာက ဝန်ကြီးချုပ်ဟောင်း မောင်နုပါ။ သူ့နိုင်ငံရေးဘဝ ဘယ်လိုနိဌိတံသွားလဲ ကျနော်တို့ တွေ့ခဲ့ကြပြီးပါပြီ။ ဦးနုရဲ့ “ချေ ၂ ချေ(လက်စားချေရေးနဲ့သင်ပုန်းချေရေး)“ မူမမှန်တဲ့အတွေးအခေါ်ဟာ စစ်အာဏာရှင်စနစ်ဆိုးကြိး သက်ဇိုးရှည်နေစေတဲ့အကြောင်းရင်းတွေက တခုလည်း ခုထိဖြစ်နေပါသေးတယ်။ ကျနော်တို့ဆင်ခြင်ကြည့်ကြဖို့ပါ။

မျိုးမြင့်ချိုဒီဇင်ဘာ ၂၊ ၂ဝ၁၉ )

0 comments:

Post a Comment