ကွန်ဒိုက အမျိုးသမီး (ကြူးနစ်)
ကြူးနှစ်
ချယ်ရီ၊ စက်တင်ဘာ၊ ၂ဝဝ၈။
အမျိုးသမီးသည် အလျားနှင့်အနံကွာခြားချက်မသိသာသော ကျောမှီဘောင်လည်း မပါ၊
ခြေရင်းဘောင်လည်းမပါသော ကြီးမားသည့် စားပွဲအနိမ့်စားတစ်လုံးနှင့်တူသော ရေမြှုပ်မွေ့ရာခင်းအိပ်ရာပေါ်တွင်
မှောက်လျက် အိပ်မောကျနေရာမှ နံနက် ၉ နာရီ ၂၅ မိနစ်တိတိတွင် နေရောင်ကာ နံ့သာရောင်ပိုးသားလိုက်ကာ
အဟကြားကနေ တိုးဝင်လာသည့် နေရောင်ခြည်တန်းစူးစူးက သူမ၏ ပါးပြင်တစ်ဖက်ကို အပ်နှင့်
ထိုးဆွလိုက်သလို ကျရောက်လင်းလက်လာခဲ့သောကြောင့် တုတ်ခိုင်ဖွံ့ထွားသောရုပ်ခန္ဓာနှင့်
မလိုက်ဖက်လောက်အောင် ဖျတ်လတ် သွက်လက်သည့်လှုပ်ရှားမှုဖြင့် ငေါက်ခနဲ ထထိုင်လိုက်သည်။
ရုတ်ခြည်း ထထိုင်ခြင်းဖြစ်၍ မလိုအပ်ဘဲ
ချောင်ချိပွယောင်းနေသောညဝတ်ဂါဝန်မှ လက်တစ်ဖက်သည် ပခုံးတစ်ဖက်ပေါ်ကနေ သူမ၏
လက်မောင်းတုတ်တုတ်ကြီးတစ်ဖက်ပေါ်သို့ လျှောကျသွားသည်။ အမ်ိဳးသမီးက ဂါဝန္အက်ႌလက္ကို
ဂရုမစိုက်။ ဂါဝန်အောက်နားစက ဝဲဘက်ပေါင်လယ်အထိ ခွေခေါက်လန်တက်ခြင်းကိုလည်း
ဂရုမစိုက်။ ကွန်ဒိုကအမျိုးသမီး လတ်တလော သတိပြုစူးစမ်းနေသည်မှာ ခုတင်ခြေရင်းဘက်
နံရံတစ်နေရာမှ နံရံကပ် နာရီဝိုင်းကြီးသာဖြစ်သည်။ ကြည့်စမ်း … ၉ နာရီတောင်
ခွဲတော့မယ် … ခေါင်းဖြူမသာကြီးက ၁ဝ နာရီ လာမယ်လို့ မနေ့က ဖုန်းဆက်ထားတာ။ မသာကြီးမရောက်ခင်
ရေချိုးထားနှင့်မှ။ ရေချိုးတုန်း ရေနွေးတစ်အိုး ကျိုထားမယ်။ မသာကြီး ရောက်လာရင်(ကော့်ဖီး
… ကော့်ဖီး) နဲ့ အငတ်ကြီးလို ပူဆာဦးမှာ။ တစ်နေ့ ကော်ဖီခါးခါး ရှစ်ခွက်လောက်သောက်တဲ့
ဒီမသာကြီးကျ ဘာဖြစ်လို့ ကင်ဆာတွေဘာတွေ မဖြစ်ပါလိမ့်နော်။
ကွန်ဒိုက အမျိုးသမီး၏ အသက်ကို ၄ဝ
တစ်ဝိုက်ဟု ခန့်မှန်းသော် များစွာလွဲချော် မှားယွင်းနိုင်ခြင်း ရှိမည်မဟုတ်။ သူမ၏
ရုပ်ရှည်ရူပကာ သွင်ပြင်ကိုကြည့်၍ ဤမိန်းမ၌ မဇ္ဈိမတိုင်းသွေး တစ်ဝက်ကျော်ကျော်၊ မွန်ဂိုလွိုက်သွေး
တစ်ဝက်ကျော်ကျော်ပါနိုင်သည်ဟု ခန့်မှန်း ကြည့်လျှင်လည်း အနီးစပ်ဆုံးအဖြေမှ
တိမ်းပါးသွားမည် မဟုတ်။ သူမ၏ ခန္ဓာမှ နေရောင်ခြည် အထိအတွေ့များသော အင်္ဂါအစိတ်အပိုင်း
အရေပြားတို့သည် ညိုမှိုင်းမှိုင်းအရောင်အဝါ ဖြစ်ကြသော်လည်း နေရောင်ခြည်လွတ်ကင်းသော
အစိတ်အပိုင်းတို့ကမူ ဝင်းဝါစိုပြည် ကြသည်ဟု ပြောနိုင်မည်။ အကြောင်းသော်ကား
ဂါဝန်အောက်နားစဖုံးအုပ်ခြင်းမရှိသော ထုထည်ကြီးသည့် အသားစိုင်မှာ ဝင်းလဲ့ဖွေးစင်း
နေသောကြောင့် ဖြစ်သည်။ ခြေဖမိုးတွေ၊ ခြေချောင်းတွေကတော့ အမဲသားခြောက်ရောင်
ညိုညစ်မှုန်ပျနေကြသည်။ အမျိုးသမီး၏ လက်မောင်းအိုးကြီးများ၊ လက်ဖျံလုံးကြီးများ၊
တုတ်တုတ်ထွားထွား လက်ချောင်းကြီးများကိုကြည့်ဘိဦး … နွားသားရေ
အဟောင်းအမြင်းကဲ့သို့ ညိုမွဲမွဲ အကျည်းတန်နေခြင်းကို မြင်ရပါလိမ့်မည်။
အဆိုပါ အမျိုးသမီး၏ ပြည့်တင်းဖောင်းကားသောမျက်နှာမှ
အသားများ၊ အဆီပြင်များကို လျှော့ချပစ်လိုက်ပါက ကြည့်ပျော်ရှုပျော် လုံးသွယ်သည့်
မျက်နှာအကျကို သေချာပေါက်တွေ့ရပြီး၊ ထိုမျက်နှာရှိအစိတ်အပိုင်းများ၏ ဖွဲ့စည်းထားဟန်မှာ
အချိုးကျနှစ်သက်ဖွယ်ဟု ရှုမြင်ခံစားနိုင်ကြလိမ့်မည်။ သူမမှာ လိုအပ်သည်ထက်ပိုလျှံနေသော
အဆီအသား ဒြပ်ထုနေရာနှစ်ခု ရှိသည်။ ဂါဝန်ဖျင်သားပါးပါး အောက်ကနေ တွန်းကန်ရုန်းထွက်နေကြသည့်
ရင်အင်္ဂါနှင့် တင်အင်္ဂါတို့ ဖြစ်ကြလေ၏။
အချင်း နှစ်လက်မကျော်ကျော် ရှိမည့် ရွှေနားကွင်းကြီးတွေကတော့
ကွန်ဒိုကအမျိုးသမီး၏ ကာယသဏ္ဌာန်နှင့် အလိုက်ဖက်ဆုံး အဆင် တန်ဆာများဟု အချို့က
ထင်ကြလိမ့်မည်။ ဤမိန်းမမှာ အခြား လက်ဝတ်တန်ဆာတွေ မတွေ့ရ။ တစ်နေရာရာမှာ
သိမ်းဆည်းထားလိမ့်မည်။
သူမသည် ခြေဆန့်၍
ငူငူငိုင်ငိုင်ထိုင်နေရာမှ ဆတ်ခနဲလှုပ်ရှားကာ ခန္ဓာကိုယ်ကြီးကို တစောင်းလှဲချ၍
ကုတင်ဘေးရှိ ဝမ်းဘဲဥပုံ အလူမီနီယံ စားပွဲပုကလေးဆီသို့ ဦးတည်လက်လှမ်းသည်။
စားပွဲပေါ်မှာ ပင်လယ်ခရုခွံ ဆေးလိပ်ပြာခွက်ကြီး တစ်ခု၊ ခွက်ထဲမှာ `ရွှေပြည်စိုး´ ဆေးပေါ့
လိပ်တို တစ်တို၊ အဖိုးတန်`ဟတ်ဆန်´ Hudson အမျိုးအစား ဒန်ရောင် ဓာတ်ငွေ့မီးခြစ်တစ်လုံးတို့ရှိကြတယ်။
မသာကြီး မလာခင် ဆေးလိပ် အဝ သောက်ထားဦးမှ။ ပြီးရင် သွားတိုက်ပြီး ခံတွင်းသန့်ဆေးနဲ့
ပလုတ်ကျင်းထားလိုက်မယ်။ ပြီးတော့ သူ့ရှေ့မှာ ပီကေတွေ စွတ်ဝါး နေလိုက်မယ်။ ဒင်း
(သင်း) က ပြောသေး "ဆေးလိပ်တွေ ခိုးခိုးသောက်နော် စိုးစိုး … မင်း အဆုတ်ကင်ဆာ
ရလိမ့်မယ်" တဲ့။ သေခါနီးကြီး ကများ ပူပင်နေသေးရဲ့။ ကင်ဆာနဲ့ အရင်သေမှာက သူ။
အခုပဲ ကြည့်လေ … သူ အောက်ပိုင်းသေလို့ တွန်းလှည်းနဲ့ သွားနေရတာပဲ ဘဝက တုံးနေပြီ။
အသက်မသေခင် ဘဝက သေသလိုဖြစ်နေပြီ မဟုတ်လား။
ကွန်ဒိုကအမျိုးသမီးသည် ဆေးပေါ့လိပ်ကိုမီးညှိကာ
ခုတင်ပေါ်မှ ခြေတွဲလောင်းချ၍ထိုင်ရင်း ဂါဝန်ပေါ်၊ အိပ်ရာခင်းပေါ် ဆေးလိပ်မီးပွားတွေ
မကျအောင် သတိထား၍ ဆေးငွေ့တွေကို မက်မက်မူးမူး သောက်ရှူနေသည်။ တစ်ချက်တစ်ချက်မှာ
အခန်းနံရံ လေးဘက်စလုံးမှာ အထားအသိုကျနစွာ ချိတ်ဆွဲထားသော ပုံနှိပ်ပန်းချီကားတွေကို
ရည်ရွယ်ချက်မရှိ လှမ်းကြည့်သည်။ ပေါဂေါ်ဂင်၊ ဟင်နရီမာတစ်၊ မိုဒီဂလီယာနီ၊
ဖရန်စစ်ကာတွန် စသော ဥရောပသား ပန်းချီအနုပညာရှင်များကို သူမ သိဖူးကြားဖူးခြင်း
မရှိခဲ့ပါ။ သူမ သေချာစွာသိရှိသူမှာ မြန်မာပြည်မှ အပျော်တမ်းပန်းချီဆရာကြီး
ဦးဖေတင်သာလျှင် ဖြစ်၏။ အသက် ၇၈ နှစ်အရွယ် ဦးဖေတင်မှာ ချမ်းသာကြွယ်ဝသော ပန်းချီဆရာကြီးတစ်ဦးမျှသာ
မဟုတ်၊ မရွှေစိုး၏ တရားဝင် ကာမပိုင်ခင်ပွန်းသည်လည်း ဖြစ်သည်၊ စတုတ္ထမြောက် လင်လည်း
ဖြစ်သည်။ ဦးဖေတင်ကတော့ မုဆိုးဖိုသက်တမ်း ၁၅ နှစ်ခန့် ရှိနေပြီ။ လွန်ခဲ့သော ၂ နှစ်က
ဦးဖေတင်သည် အဝတ်အစားအသစ် လဲလှယ်ဝတ်ဆင်ခြင်း မျိုးထက်
ဘာမျှမပိုသောလုပ်ဆောင်မှုတစ်ခုကဲ့သို့ ဤမိန်းမကို တရားဝင်လက်ထပ်ယူခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား
မိုင်ဝက်ခန့် အကွာအဝေးမှ ဖူးမြော်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဝယ်ယူထားခဲ့သည့် ဤကွန်ဒို
အဆောက်အအုံ၏ ဒွါဒသမမြောက်အခန်းတွင် သူ၏ ဇနီးအား နေရာချထားပေးခဲ့၏။ အဘိုးကြီးက
မရွှေစိုးနှင့်အတူနေထိုင်ခြင်း မပြုပါ။ သမီးအထွေးဆုံး ဆရာဝန်မ၏ မိသားစုနှင့်
အတူနေထိုင်သည်။ သန်လျင်မြို့မှာ ဖြစ်သည်။
ကွန်ဒိုမှ အမျိုးသမီးသည် ဆေးလိပ်တိုကို
ပြာခံခွက်ကြီးထဲမှာမီးငြိမ်းသတ်ကာ ဖင်စီခံကို ခွက်ထဲမှာ ထည့်သည်။ ပြီးလျှင်
ဆေးလိပ်ခွက်ကို မ,ယူကာ မီးဖိုခန်းဘက်သို့ တင်ပါးကြီးကို အရုပ်ဆိုးစွာ
ခါရမ်းစေသည်အထိ ခပ်သွက်သွက် လှမ်းသွားသည်။ ၂ နှစ်လောက် ကြာတဲ့အထိ ဒီဆေးလိပ်ခွက်ကို
ခေါင်းဖြူကြီး မတွေ့ဖူးသေးတာ အံ့ပါရဲ့ကွယ်။ တွေ့ရင်တော့ “အဆုတ်ကင်ဆာ … အဆုတ်ကင်ဆာ”
နဲ့ အော်လိုက်မယ့် ဖြစ်ခြင်း။ ပြီးရင် “စိုးစိုးပါးစပ်က မွှေးမှမွှေး” လို့
ပလီစိချောက်ချက် ပြောဦးမှာ။ မသာကြီး …။
အမျိုးသမီးသည် သန့်စင်ပြီးသောခရုခွံကြီးကို
အဝတ်ဟောင်း ကြိမ်ခြင်းထဲရှိ ထဘီပုံအောက်မှာ သေသေသပ်သပ် ဖုံးဖိသိုဝှက်ထားလိုက်၏။
ထို့နောက် အိပ်ခန်းထဲရှိ ဆေးလိပ်ပြာအစအနများ ရှင်းသွားအောင် ဖုန်စုပ်စက်သုံး၍
လက်စနက်န ဖျောက်ဖျက်ပစ်လိုက် ပြန်သည်။ လူဆိုတာ ဘဝမှာ ဇိမ်ခံစရာလေးတစ်ခုတော့ရှိမှ
လူဖြစ်ကျိုးနပ်မယ်ဆိုတာ ဒင်း (သင်း) နားမလည်တာ မဟုတ်ဘူး။ သင်္ချိုင်းကုန်း
ခြေတစ်ဖက်ချထားတဲ့ ဒင်း(သင်း)လို ခေါင်းဖြူစွယ်ကျိုးကြီးတောင် ကတ်သီးကတ်သပ်
ဇိမ်ခံနေတာပဲ မဟုတ်လား။ ချောင်းသာ သွားရတာနဲ့၊ ပြင်ဦးလွင် တက်ရ တာနဲ့၊
ရန်ကုန်မြစ်ထဲ အပျော်စီးသင်္ဘောကြီးနဲ့ လေညှင်းခံရတာနဲ့။ ငါ့မှာ ဇိမ်ခံစရာ
ဘာရှိလို့လဲ။ အားလုံးလိုလိုက ရိုးနေပြီ။ ပြောရရင် ဆေးလိပ်ဖွာရတာနဲ့၊ ဘိုထိုင်ပေါ်မှာ
ထိုင်ရင်း ကာတွန်းဖတ်ရတာ လောက်ပဲ ရှိတာ။ ကျန်တဲ့ အရသာတွေက ဖွယ်တယ်တယ် ဖြစ်ကုန်ပြီ။
ဘာမှ ဟုတ္တိပတ္တိ စေးစေးပိုင်ပိုင် မရှိတော့ဘူး။
ကွန်ဒိုကအမျိုးသမီးသည်
ရေခဲသေတ္တာကိုဖွင့်ကာ ပြည်တွင်းဖြစ်လိမ္မော်ရည် တစ်ပုလင်း ထုတ်ယူသည်။
အဖုံးဖွင့်ပြီးနောက် လိမ္မော်ရည်များ သူမ၏ မေးစေ့၊ လည်ပင်းနှင့်ရင်ညွန့်အထိ
စီးကျစွန်းပေခြင်းကို အရေးမထားဘဲ နွားငတ်ရေချ တဂွတ်ဂွတ်မြည်အောင် ပုလင်းလိုက်
မော့သောက်သည်။ ပုလင်းခွံကို ရေခဲသေတ္တာဘေးမှ ကြမ်းပြင်ပေါ်မှာထောင်ထားခဲ့ပြီး
မီးဖိုခန်းထဲရှိ ဟင်းအိုးများကို အလျင်စလို ဖွင့်လှန် ကြည့်သည်။ ဂလောင်ဂလင်မြည်အောင်
အဖုံးပြန်ပိတ်သည်။ နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ ကြက်သားနဲ့အာလူး၊ ပုစွန်နဲ့ဘုံလုံသီး၊
ဝက်နံရိုးနဲ့ မျှစ်ချဉ်။ သူ တစ်ခုမှ ကြိုက်မှာ မဟုတ်ဘူး။ ကြက်သားက
သွားကြားညှပ်လို့၊ ပုစွန်က သွေးတိုးလို့၊ မျှစ်ချဉ်က ဝမ်းသွားလို့ ဘာလို့ညာလို့နဲ့
ချေး (ကြေး)များဦးမယ်။ သေခါနီးကြီး ဆိုင်ကသာ ဖုန်းနဲ့ မှာစားပေတော့။ ငါ ဘာမှ
ထပ်ချက်မပေးနိုင်ဘူး။ သူ့အတွက် မော်ဒယ် ထိုင်ပေးရဦးမှာ၊ မော်ဒယ်တဲ့။
တော်တော်ပျင်းစရာကောင်းတဲ့ အလုပ်။
ကွန်ဒိုကအမျိုးသမီးသည် ပါးစပ်တဖြဲဖြဲနှင့်သမ်းဝေရင်း
ဂါဝန်ကို မ,ကာ သန့်စင်ခန်းတံခါးကို ဖွင့်၍ ဝင်လိုက်သည်။ အရင်ဆုံး သန့်စင်ခန်း
တစ်ခွင်လုံးကို အနံ့သင်းသော ခြင်ပြေးဆေးငွေ့ရည်ဖြင့် ပက်ဖျန်းသည်။ မသာကြီးက
အိမ်သာကို မွှေးနေမှ သဘောကျတာ။ အိမ်သာပဲ မွှေးရဦးမတဲ့လား။ ငါတို့ငယ်ငယ်က
သစ်စက်အလုပ်သမားမိသားစုဝင် လူ လေးငါးခြောက်ဆယ်လောက် စုပေါင်းအသုံးပြုကြတဲ့ အိမ်သာ
တန်းလျားရှည်ကြီးကို လိုက်ပြချင်စမ်းလှတယ်။ အိမ်သာထဲဝင်မိတာနဲ့ ခေါင်းဖြူကြီး
တစ်ချက်တည်း အသက်ထွက်သွားမယ်။
အမျိုးသမီးက ရေပန်းအောက်မှာ
လွတ်လွတ်လပ်လပ် ရေချိုး သန့်စင်နေသည်။ ဆပ်ပြာမွှေးခဲကို လက်ထဲမှာ ဖြည်းဖြည်းချင်း
ပါးလျား ပျောက်ကွယ် သွားတော့မတတ် ကြာမြင့်စွာ အထပ်ထပ်ပွတ်တိုက်သည်။ အနည်းငယ်
ဗြုတ်ထနေသောမျက်နှာပွပွကြီးမှ အရေးပြားတွေ ပွန်းပဲ့ ကွာထွက်လုနီးပါးဖြစ်အောင်
လက်သည်းတွေဖြင့် ကုတ်ခြစ်သည်။ တံတွေးတွေ တဖြီးဖြီး ထွေးချသည်။ သူစိတ်မလိုရင်
“မင်းဆီက ချိုင်းချွေးနံ့ သိပ်နံတာပဲ စိုးစိုးရာ … အနံ့ပျောက်ဆေး သုံးစမ်းပါ”လို့
မသာကြီးက အပြစ်ရှာဦးမယ်။ ချွေးပဲ ဘယ်နေရာကထွက်ထွက် နံမှာပေါ့။ ချွေးဆိုတာ
မွှေးရဦးမတဲ့လား။ သူ စိတ်လိုရင်တော့ ငါ သုံးရက်လောက် ရေမချိုးဘဲနေတာတောင် အနားက
မခွာတော့ဘူး။ ဒီလို ဒုက္ခိတ တဏှာအိုကြီးမျိုး နောက်ထပ် ဘယ်နှနှစ် ဆက်ပြီး
သက်ဆိုးရှည်နေဦးမှာလဲ။ သေမင်းရယ် အဲဒီ ကံနာဝဋ်နာကြီးက လွတ်ကင်းခွင့်ရအောင် ဒင်း(သင်း)ကို
ခေါ်တော်မူလှည့်ပါတော့ … (ထွီ)။
ရေချိုးပြီးလျှင် ကွန်ဒိုကအမျိုးသမီး
နံ့သာလူး အလှပြင်ဆင်သည်။ သာမန်ကာလျှံကာ လိမ်းခြယ်ပြင်ဆင်ခြင်းသာ ဖြစ်သည်။ သူမ၏
ကြီးမား တုတ်ဖြိုးသော အတ္တဘောမှာ မှန်တင်ခုံမှ မှန်ဝိုင်းနှင့် မဆံ့မပြဲ ဖြစ်နေသည်။
မှန်အထက်ပိုင်းတွင် အဘိုးကြီးက ဆေးအဖြူရောင်ဖြင့် Ever Smile, Never Cry
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်ကလေး ရေးထားသည်။ အမျိုးသမီးကို အဘိုးကြီးက မြန်မာပြန်အဓိပ္ပါယ်
ပြောပြထားဖူး သော်လည်း ယခုအခါ အမျိုးသမီးက စိတ်မဝင်စားတော့ တိတိကျကျ မမှတ်မိတော့။
မှန်ကြည့်တိုင်း ပြုံးရမယ်ဆိုလား ဘာလား။ များများ ပြုံးတတ်တဲ့လူတွေဟာ
ရုပ်ရည်နုပျိုသတဲ့။ ငါဖြင့် အဲသလို ပေါက်ကရရှစ်သောင်းစကားမျိုး ဘယ်ကမှ
မကြားဖူးပေါင်။ အလကား ပေါကြောင်ကြောင် တဏှာရူးကြီး။ အမျိုးသမီးက နှုတ်ခမ်းများကို
စထရော်ဘယ်ရီသီးရောင်ရင့်ရင့် ဆိုးဆေးလူးခြယ် မွမ်းမံနေသည်။ သူမက ဤအလုပ်မှာတော့
စိတ်ရှည်သည်။ တော်ကြာ မသာကြီးက “ကြည့်စမ်း … မင်း ဆေးလိပ် ဘယ်လောက် သောက်တယ်ဆိုတာ
မင်းနှုတ်ခမ်းကြီးတွေက သက်သေခံနေပြီ … ဆေးချေးစွဲပြီး နှုတ်ခမ်းကြီးတွေ မည်းညစ်နေပြီ
… ကြည့်စမ်း ...” ဆိုပြီး ဗျစ်တီးဗျစ်တောက် လုပ်ဦးမှာ။ ပန်းချီဆရာမျက်လုံးများ
တယ်ပြီး ကြောက်စရာကောင်းတယ်။ နေရာတကာ ကပ်ကပ်သပ်သပ် လိုက်ကြည့်နေတော့တာပဲ။
ဒီမသာလောင်းကြီးက ပိုပြီး အသေးစိတ်လိုက်သေး။
အမျိုးသမီးသည် အဖြူပြောက်ကလေးတွေ
ဖောက်ထားသော အနီရောင်အောက်ခံ ဓာတုချည်ထည်သား ထဘီနှင့် 'နီကေး' အမှတ်အသားပါ
အဖြူရောင်တီရှပ်ပွပွကို ဝတ်ဆင်လိုက်သေး၏။ ဆံပင်တွေကို အခြောက်ခံစက်ကလေးဖြင့်
အပူငွေ့ပေးပြီး ခြောက်သွေ့ချိန်မှာ ပခုံးနှစ်ဖက် ပေါ်သို့ ကပိုကရိုဖွ၍
လွှင့်ချထားလိုက်၏။ ဒါကိုများ မသာကြီးက ခြင်္သေ့လည်ဆံနဲ့ တူသတဲ့။
ကွန်ဒိုကအမျိုးသမီးသည် အလှပြင်ပြီးနောက်
ပြင်ပရှုခင်းကို ယနေ့အဖို့ ပထမဆုံးအကြိမ် လှမ်းကြည့်ဖြစ်သည်။ ရာသီဥတု သာယာကြည်စင်
လျက် ကောင်းကင်ရှိ တိမ်တိုက်အစုအဝေးများကို အနားသတ်မျဉ်း ထင်လင်းပြတ်သားစွာ တွေ့မြင်ရသည်။
အဝေးအမြင့်မှာ ပျံသန်းနေသော ငှက်အချို့ကို အစက်အပြောက်များသဏ္ဌာန် တွေ့မြင်သည်။
အဝေးအောက်ဘက် အနိမ့်ဆီမှ ကားဟွန်းသံသဲ့သဲ့ကို ထုံ့ပိုင်းထုံ့ပိုင်း ကြားသည်။
အတိတ်ကို ပြန်လည်တမ်းတချင်သောဆန္ဒလိုလို လေးလံထိုင်းမှိုင်းသည့် ခံစားမှုပေါ်လာသည်။
လူ့ဘောင်မှာ မရှိတော့သော မိဘများကို လည်းကောင်း၊ အဆက်အဆံပြတ်တောက်
ကင်းဝေးခဲ့ပြီဖြစ်သော မွေးချင်းမောင်နှမတွေကိုသော် လည်းကောင်း၊ နာကျည်းခံပြင်းစွာ
ကွဲပြတ် ခဲ့ကြရသော လင်ယောက်ျားသုံးယောက်ကို လည်းကောင်း၊ သာမန် အသိအကျွမ်းအဆင့်သို့
ကျဆင်းသွားခဲ့ကြသည့် သားနှစ်ယောက်နှင့် သမီးတစ်ယောက်တို့ကို လည်းကောင်း သူမ၏ သိမှတ်စိတ်ထဲသို့
မရွှေစိုး(ယခု ဒေါ်ခင်စိုးစိုး) ပြန်လည်ခေါ်ဆောင် သွတ်သွင်းခြင်းပြုရန်
စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ စိတ်နှလုံး၌ အေးမြစွာ နှောင်ဖွဲ့ရစ်ပတ်ခြင်းထဲတွင်
မိန်းမောသာယာတတ်မှုကို ကွန်ဒိုကအမျိုးသမီး ငြီးငွေ့ပျင်းမုန်းလျက် ရှိခဲ့ပြီ။
လောကမှာ တပ်မက်စရာအာရုံခံစားမှုတွေက ဖြည်းဖြည်းချင်း ပါးလျားဝေဝါးလာခဲ့ကြပြီး။
သို့ပါသော်လည်း တွယ်ကပ်ကျန်ရစ်ဆဲ ဘဝရမ္မက်ခွန်းအားအချို့ကတော့ ခိုင်မာကျစ်လျစ်ကြဆဲ။
လိုအပ်မှုတွေကို အစာငတ်သောဝံပုလွေအုပ်ကြီး တစ်ခဲနက် ပြိုင်တူ အူကြဟစ်ကြသလို၊ သူမ၏
သွေးစီးကြောင်းများထဲကနေ ရံဖန်ရံခါ တောင်းဆိုနေကြဆဲ။ မရွှေစိုးက စိမ်းညို့ညို့သစ်ပင်အုပ်များ
အထက်ရှိ ဝါရွှေဝင်းပသော ရွှေတိဂုံစေတီတော်ကြီးဆီသို့ ကြည့်သည်။ သူမ ဘုရားကို
မမြင်မိပေ။
ရုတ်တရက် ဆေးလိပ်ဖွာရှိုက်လိုသောဆန္ဒ
အပြင်းအထန် လှုပ်ကန်လာသည်။ မရွှေစိုး သက်ပြင်းရှိုက်လိုက်၏။ မသာကြီး ရောက်ခါနီးနေပြီ။
ဆေးလိပ်သောက်လို့ မဖြစ်ဘူး။ ဒင်း(သင်း) က ခွေးတို့ ကြောင်တို့ကျနေတာပဲ။ အနံ့ခံ
သိပ်ကောင်းတာ။ “အဆုတ်ကင်ဆာ မကြောက်ဘူး လား စိုးစိုး … အဆုတ်ကင်ဆာ … အဆုတ်ကင်ဆာ”ဆိုတဲ့
သူ့ငှက်ဆိုးထိုးသံကြီးကို မကြားချင်ပေါင်။ ဒါပေမဲ့ သူ မသေမချင်း ကြားနေရဦးမှာ။
ဒင်း(သင်း) မြန်မြန်သေလေ ကောင်းလေပဲ။
ရည်ရွယ်ချက်မရေရာဘဲ ဧည့်ခန်းထဲသို့
ထွက်လာသည်။ ဧည့်ခန်းနံရံတစ်ဖက်မှာ သစ်သား၊ သတ္ထုမှန်အကြည်တို့ဖြင့်
ဖွဲ့စည်းတည်ဆောက် ထားသော ဘုရားရှင်၏ကျောင်းဆောင်တော် ရှိသည်။ စကျင်ကျောက်ဖြူသားကို
လက်ရာမြောက်စွာ ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်အား ကိန်းဝပ်စံပယ်လျက် ရှိသည်။
ဘုရားဆင်းတုကိုမြင်မှ ပူလောင်သော အလိုမကျမှုတွေ ငြိမ်ဝပ်သွားသလို ခံစားရသည်။
သို့သော် မရွှေစိုးသည် ဗုဒ္ဓရုပ်ပွားတော်အား ရံဖန်ရံခါ မတ်တတ်ရပ်မော့ကြည့်ရင်း
လက်အုပ်ချီမိသည်မှတစ်ပါး ဝတ်ပြုရှိခိုးခြင်း မရှိခဲ့ပါ။ ငယ်စဉ်က မိခင် သင်ကြား ပေးခဲ့သော
ဘုရားရှိခိုးစာတွေ မေ့ကုန်ပြီ။ တစ်စုံတစ်ဦးက အမှတ်မထင်မေးလာလျှင် ဘုရား၏ ဘွဲ့မည်တော်
'ဂေါတမ' ကို ရွတ်ဆိုပြန်ကြား နိုင်ဖို့ပင် သူမ အချိန်ယူ စဉ်းစားနေရလိမ့်မည်။
သို့တိုင် ကွန်ဒိုကအမျိုးသမီးသည်
မိစ္ဆာဒိဋ္ဌိအရိုင်းမကြီးတစ်ယောက်တော့ မဟုတ်သေးပါ။ သူမ၏ 'မသာကြီး'ကို သူမ၏ ရင်ထဲမှာ
'ဘဝ ကယ်တင်ရှင်ကြီး' ဟု ကမ္ဗည်းထိုးထားပါသည်။ တတိယအိမ်ထောင်ပျက်အပြီး၊
လိမ်လည်မှုဖြင့်ထောင်နန်းစံအပြီး လူလတ်တန်းစား မိသားစုတစ်စု၏နေအိမ်မှာ သူမ
အိမ်ဖော်အလုပ် ဝင်လုပ်နေစဉ် 'မသာကြီး'နှင့် ဆုံခဲ့ကြ၏။ မသာကြီးက တွေ့တွေ့ချင်း
သူမအား မျိုးစိတ်သစ် ဂေါ်ရီလာမျောက်ဝံတစ်ကောင်ကိုတွေ့ရှိသော သတ္တဗေဒပါမောက္ခကြီးတစ်ဦး၏
ပြင်းပြသော သိလိုဇောဝင်းလက်နေသည့်မျက်လုံးများဖြင့် အငမ်းမရ ကြည့်ခဲ့လေသည်။
“ပေါဂေါ်ဂင်ရဲ့ တဟီဟီကျွန်းသူတစ်ယောက်ကို
ငါ တွေ့ပြီဟေ့” ဟု ဦးဖေတင်က မိတ်ဆွေအိမ်ရှင်အား ကျယ်ကျယ်လောင်လောင် အော်ပြော သံကို
မရွှေစိုး ကြားခဲ့ဖူးသည်။ မိမိကို ရည်ရွယ်မှန်းတော့ မသိ။ နောက်ပိုင်း မိမိကို
တဟီဟီကျွန်းသူဟု ရည်ညွှန်းရသောအကြောင်းခံကို သိခွင့်ရသောအခါ အမျိုးသမီး
အဆီးအတားမရှိ ရယ်ချင်လာမိ၏။ ငါ့အဖေက ပန်းသေးတရုတ်၊ ငါ့အမေက ကရင်မ၊ ငါ့ကျတော့ တဟီဟီ
ကျွန်းသူမနဲ့ တူသတဲ့။ အဲဒီ ကျွန်းက ငါတို့တိုင်းပြည်နဲ့အဝေးကြီးမှာ ရှိသတဲ့။
ရန်ကုန်နဲ့ မော်လမြိုင်လို ဓားလွယ်ခုတ်ပုံစံ ရှိနေကြတာတဲ့။ လေယာဉ်ပျံနဲ့သွားရင်တောင်
လမ်းမှာ တစ်ညအိပ်ရလောက်အောင် ဝေးသတဲ့။ ရှေးကဆိုရင် တဟီဟီက မိန်းမတွေဟာ
ပျိုပျိုအိုအို အင်္ကျီမဝတ်ကြဘူးတဲ့။ လူရိုင်းတွေနဲ့ တူပါရဲ့။
“သူတို့ကို လူရိုင်းလို့ မခေါ်ဘူး
စိုးစိုးရဲ့ … ပစိဖိတ်ဒေသခံ ကျွန်းသူကျွန်းသားတွေလို့ ခေါ်ကြတယ် … အချောအလှတွေ
အများကြီးရှိတယ် … 'တာရီတာ' လို့ ခေါ်တဲ့ ကျွန်းသူတစ်ယောက်ဆိုရင်
ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးဖြစ်ပြီး မင်းသားကြီး မာလွန်ဘရန်ဒိုနဲ့တောင် ညားခဲ့တာ”
ဟု ဦးဖေတင်ကပြောသောအခါ မိန်းမမှာ မျက်စိပေကလပ်ပေကလပ်နှင့် ငေးကြောင်နေခဲ့၏။
မရွှေစိုးသည် ကမ္ဘာ့ပထဝီဝင်အကြောင်းကို အတော် အတန် သင်ယူခဲ့ရသည့်အတန်းသို့
ရောက်သည့်တိုင် စာသင်ကျောင်းမှာ နေခွင့်မရခဲ့။ ဖခင်က စွန့်ပစ်သွားသော မိခင်ဈေးသည်ကို
ဈေးကူ ရောင်းရန် အသက် ၁၁ နှစ်မှာ ကျောင်းထွက်ပြီး ၁၄ နှစ်မှာ ယောက်ျားရခဲ့လေသည်။
အသက် ၄၁ နှစ်မှာ မရွှေစိုးသည်
ပန်းချီဆရာအို၏ ထာဝရစံပြမယ်အဖြစ် ခံယူနိုင်ရန် ထိုအဘိုးကြီးနှင့် တရားရုံးမှာလက်ထပ်ထိမ်းမြားသည်။
“ငါ့အတွက်တော့ မင်းဟာ အပျိုပဲ စိုးစိုး
... မအိုသေးတဲ့သူ အပျိုကလေးနဲ့တူလို့ဆိုကြတယ် မဟုတ်လား … ငါကတော့ အိုပါပြီ …
မင်းထက် အရင် သေမှာပဲ … ငါသေရင် မင်း ဒီကွန်ဒိုတိုက်ခန်းကို အမွေရမယ် …
တိုက်ခန်းကို ပြန်ရောင်းပြီး ဘဝသစ်ထူထောင်ချင် ထူထောင်ပေါ့ကွာ” ဟု ဦးဖေတင်က
ဆိုလေသည်။
“အို … တော်ပါပြီ အစ်ကိုကြီးရယ် …
အစ်ကိုကြီးက နောက်ဆုံးပါပဲ … အစ်ကိုကြီးမရှိရင် ကျွန်မ သီလရှင်ဝတ်ပြီး
အရိုးထုတ်မယ်” ဟု သူမက ပြောသည်။
“စိုးစိုးပုံစံမျိုးနဲ့ သီလရှင်ဝတ်နဲ့
မလိုက်ပါဘူးကွာ” အဘိုးကြီးက သူ့စကားကို သူ့ဘာသာနှစ်ခြိုက်ကာ ရယ်မောသောအခါ မရွှေစိုးက
ခေါင်းတုံးကြီးနှင့် သူမ၏ပုံရိပ်ကို မြင်ယောင်ကာ သက်ပြင်းချသည်။ အဘိုးကြီးစကား
တည်ပါစေဟု ဆုတောင်းနေရသည်။ အဘိုးကြီး ကိစ္စချောသွားလျှင် တိုက်ခန်းပြန်ရောင်းပြီး
ပျော်ပျော်ပါးပါး စားသောက်လည်ပတ် သုံးဖြုန်းပြီး၊ နောက် လက်ကျန်ငွေထုပ် ပိုက်ကာ
မိခင်၏ ဇာတိရွာက မိခင်ဘက်မှအမျိုးတွေကြားမှာ ပြန်နေမည်ဟု မရွှေစိုး စိတ်ကူးထားသည်။
အရေးကြီးတာကတော့ ဒီမသာကြီး မြန်မြန်သေဖို့ပဲ။
သူက အသက် ၉ဝ-၁ဝဝ ရှည်နေရင် ငါလည်း
အဘွားကြီးအိုရွတ်တွဘဝနဲ့ ဘာအရသာမှ ခံစားနိုင်တော့မှာ မဟုတ်တော့ဘူး။
လူခေါ် လျှပ်စစ်ခေါင်းလောင်းသံ
မြည်လာချိန်တွင် ကွန်ဒိုကအမျိုးသမီးမှာ ရေခဲသေတ္တာမှထုတ်ယူလာသော ပန်းသီးတစ်လုံးကို
ပါးစပ်နှင့် စတင်ကိုက်ဖြတ်နေချိန် ဖြစ်၏။ သုံးခါမြည်တယ်။ မသာကြီးရဲ့ အချက်ပေးသံပဲ။
တော်တော်အချိန်တိကျတဲ့ အရိုးခြောက်ကြီးပဲ …။
သူမက သော့နှစ်ဆင့်ခတ်ထားသော ကျွန်းသားတံခါးမကြီးကို
အချိန်ယူ၍ဖွင့်သည်။ တွေ့မြင်ရတော့မည့်မြင်ကွင်းကို စိတ်ထဲ ကြိုတင် မြင်ယောင်ကာ
ဤတိုက်ခန်းတစ်ခုလုံး ဆေးရုံလူနာဆောင်နှင့်တူသွားတော့မည်ဟု ခံစားရင်မောနေသည်။
ချွဲသလိပ်ကပ်နေဟန်ရှိသည့် လည်ချောင်းကွဲသံကြီးကို နားမချမ်းသာစွာ ကြားရဦးမည်။
ဘာပဲဖြစ်ဖြစ် မသာကြီးဆီက ဈေးဝယ်ဖို့ ငွေတစ်သိန်းလောက်တော့ တောင်းထား လိုက်ဦးမှ။
လူနာတင်တွန်းလှည်းကို ကားဒရိုင်ဘာက
တွန်း၍ဝင်လာသည်။ အရိုးနှင့်အရေတို့သာကျန်တော့သည် တိုက်ကြက်ဖကြီးတစ်ကောင်နှင့်
တူသော အဘိုးကြီးက ရွှေကိုင်းမျက်မှန်နောက်မှ မျက်စိကျဉ်းကျဉ်းကလေးတွေဖြင့်
မရွှေစိုး၏ တစ်ကိုယ်လုံးကို ဝေ့ဝဲကြည့်ရှု၏။
“စိုးစိုးဝတ်ထားတာက လမ်းဘေးဈေးသည်မနဲ့
တူနေတယ် … ကိုယ့်ကိုယ်ကို ပန်းချီမော်ဒယ်တစ်ယောက်ဆိုတာ သတိထားဦးမှပေါ့ …
မောင်ဇော်မြင့် ညနေ ၅ နာရီတိတိမှာ ငါ့ကို လာကြိုဟေ့ …”
ကားဒရိုင်ဘာ ထွက်သွားပြီးနောက် တံခါးကို
အသေအချာပိတ်ပြီးသော် အမျိုးသမီးက ထုံးစံအတိုင်း အဘိုးကြီး၏ 'အိုစော်နံသော'
ပိန်ချိုင့်ချိုင့် ပါးတစ်ဖက်ကို နှာခေါင်းဖြင့်တစ်ချက်နမ်းရှုပ်သည်။
“အစ်ကိုကြီးပဲ ပြောဖူးတယ် မဟုတ်လား …
မိန်းမတစ်ယောက်ရဲ့အလှဟာ အဝတ်အစားထဲမှာ မရှိဘူး … အဝတ်အစားဖုံးထားတဲ့ ကိုယ်လုံး မှာပဲ
ရှိတယ်ဆို … ကဲ ဘာပြောမလဲ အစ်ကိုကြီး”
အဘိုကြီးက မပြုံးမရယ်မျက်နှာထားဖြင့်
အတက်ချီလက်ဆွဲသေတ္တာကို ပေါင်ပေါ်မှာတင်လျက် လှည်းပေါ်မှာ ခပ်မတ်မတ်ထိုင်နေသည်။
“ပြောလေ အစ်ကိုကြီး”ဟု ဆိုရင်း
အမျိုးသမီးက သူမ၏ မျက်နှာကို အဘိုးကြီး၏ မျက်နှာနှင့်ထိမတတ် ရှေ့သို့ တိုးကပ်သည်။
အဘိုးကြီးက သူ၏ ပိန်ရှည်ရှည်လည်တိုင်ကို ယိမ်းနွဲ့ရင်း၊ မျက်နှာချင်းမထိအောင်
တိမ်းရှောင်သည်။ အမျိုးသမီးက အဘိုးကြီး၏ ပိန်ငေါငေါပခုံးအစုံကို သူမ၏
လက်မောင်းအိုးကြီးနှစ်လုံးအကြားမှာ ဖိညှပ်ထားလိုက်၏။
“ငါပြောချင်တာကတော့ … မင်းမှာ ဘာအလှတရားမှ
မရှိတော့ဘူးဆိုတာပဲ စိုးစိုး … ကိုယ်လုံးကြီးက တစ်နေ့တခြား ကြီးလာတယ် … ရင်နဲ့
ဗိုက်ကလည်း ဆက်မတတ်ဖြစ်နေပြီ … ရေမွှေး ဘယ်လောက်သုံးသုံး မင်းကိုယ်နံ့က
ပြင်းသထက်ပြင်းလာတယ် … အချိုနဲ့အဆီကို လျှော့စား ပါလို့ ပြောတယ် … မရဘူး၊
လေ့ကျင့်ခန်းလုပ်ပါလို့ ပြောတယ် မလိုက်နာဘူး၊ မနက်အစောကြီးထပြီး ကန်တော်ကြီးတစ်ပတ်
လမ်းလျှောက် ပါလို့ ပြောတယ် မလုပ်ဘူး … နေဖင်ထိုးတဲ့အထိ အိပ်နေတယ် … မင်းကိုယ်မင်း
မှန်ထဲမှာပြန်ကြည့် စိုးစိုး … ဇီးကပ်နေတဲ့ ဝက်မကြီး တစ်ကောင်နဲ့တောင် တူလာပြီ …
ငါ မသေခင် မင်း အဆီပိတ် နှလုံးသွေးကြောပြတ်ပြီးတောင် သေသွားနိုင်တယ်”
အဘိုးကြီးက အေးစက်စက် လေသံဖြင့်
ဖြည်းဖြည်း ရေရွတ်နေသည်။ အမျိုးသမီးသည် အဘိုးကြီးခန္ဓာအနီးမှ ဖျတ်ခနဲ
ရုန်းဖယ်ဆုတ်ခွာ လိုက်၏။ အဘိုးကြီးကို သရော်ပြောင်လှောင်သည့်မျက်နှာထားဖြင့်
ကြည့်သည်။ လက်နှစ်ဖက်ကို တင်ပါးဆုံ ဘေးတစ်ဖက်တစ်ချက်ဆီသို့ တင်၍ ခါးထောက်လိုက်သည်။
“အဲဒီ ဝက်မကြီးရဲ့အတ္တဘောကြီးက
အစ်ကိုကြီးကို ငွေတွေ သိန်းသန်းချီပြီး ရှာပေးခဲ့တာကိုကော ထည့်မပြောတော့ဘူးလား …
အခုလည်း အစ်ကိုကြီးလာတာ စိုးစိုးကို မော်ဒယ်ထားပြီး ပန်းချီကားတစ်ကား ဆွဲဦးမယ် …
နိုင်ငံခြားသားတွေကို ကျိတ်ပြီး ဒေါ်လာနဲ့ရောင်းမယ် … အစ်ကိုကြီးပြောတာ ဟုတ်ပါတယ် …
စိုးစိုးက ဝတ်မကြီးပါ … ခြံလှောင်ပြီး အစာဝဝကျွေးထားတဲ့ ဝက်မကြီးတစ်ကောင်ပါ ...
ဒါပေမဲ့ ပေါ်ပြီး ရောင်းလို့မရတဲ့ဝက် …ဝက်မကြီးသေသွားရင် အစ်ကိုကြီး ငွေဝင်ပေါက်
ပိတ်သွားတော့မှာ မဟုတ်လား”
“တော်တော့ စိုးစိုး … ငါ ရေငတ်တယ် …
အချိုရည်တစ်ခုခု သွားဖျော်”
အဘိုးကြီး၏ အက်ကွဲကွဲ ခြောက်ခြောက်ကပ်ကပ်အသံကြီးက
အခန်းထဲမှာ ဂယက်လှိုင်းထသွားသည့်နှယ် ထင်ရသည်။ ကွန်ဒိုက အမျိုးသမီးသည် သူမ၏
ဝမ်းဗိုက်ပူပူနှင့် ရင်အုံမောက်မောက်ကြီးကိုလှုပ်ခါရင်း အော်ဟစ်ရယ်မောသည်။
အဘိုးကြီးက မလိုလားမနှစ်မြို့ဟန် အပြည့်ဖြင့် ကြည့်နေသည်။ သူ့စိတ်အာရုံတွင်
အမျိုးသမီး၏ဆူဖြိုးဖောင်းကားသောကိုယ်လုံးကြီးမှာ ရယ်မောလှုပ်ခါရင်း တဖြည်းဖြည်း
ပြန့်ကားပွယောင်းလာသည်ဟု ထင်ယောင်လာ၏။ ကိုယ်လုံး အနားသတ်မျဉ်းများဘေးမှ
အရောင်ဝါဝါတွေ လင်းလက်လာကြလျက် ဧရာမ အသားစိုင်ခဲကြီးက သူ့ထံ အုပ်မိုးလာသည်ဟုပင်
ယုံကြည်လာမိသည်။ အဘိုးကြီးသည် မျက်စိတွေမှိတ်လိုက်၏။ အမျိုးသမီးကို မမြင်ရ တော့သော်လည်း
စိတ်အတွေးထဲမှာ အညိုရောင်၊ အနီရောင်၊ အဖြူရောင်တို့ အချိုးမညီမညာပေါင်းစပ်နေကြသော
ကုဗပုံ အသားစိုင်ကြီးများ သည် တိမ်လိမ်တိမ်တိုက်များ လွင့်လူးရွေ့လျားနေကြသည့်နှယ်
တရိပ်ရိပ် လှုပ်ရှားနေကြသည်။
သူ၏ မျက်လုံးများပြန်ဖွင့်လိုက်ချိန်တွင်
သူ့အနီးမှာ အမျိုးသမီး ရှိမနေတော့။ တော်တော်စိတ်ကုန်ဖို့ကောင်းတဲ့ ကလေကချေမ။
“သေစမ်း … သေစမ်းဟဲ့”ဟူသော ဒေါမာန်တကြီး
ကြိမ်းမောင်းသံက ထမင်းစားခန်းဆီမှ ပေါက်ကွဲထွက်လာ၏။ အရာဝတ္ထုချင်း ထိခတ် တိုးတိုက်သံ
တရစပ်ကိုလည်း ကြားရ၏။ တဘုတ်ဘုတ် တဖျန်းဖျန်းမြည်သံနှင့် အမျိုးသမီး၏ “သေစမ်း …
သေစမ်း” ဆိုသော ငေါက်ငန်း သံတို့မှာ ရောထွေးပွက်ဆူလျက် ရှိသည်။
“ဟေ့ စိုးစိုး … မင်း ဘာလုပ်နေတာလဲ”
အဘိုးကြီးက အော်ဟစ်ရင်း
ဘီးတပ်ကုလားထိုင်လှည်းကို မိမိလက်နှစ်ဖက်ဖြင့် တွန်းလှိမ့်ရွေ့လျားစပြုသည်။
“ပိုးဟပ်တွေ … ပိုးဟပ်တွေ” ဟူသော
အသံစူးစူးတုံ့ပြန်မှုပေါ်ထွက်လာပြီး တစ်ဆက်တည်း “သေစမ်းဟယ် … သေစမ်း …
မြန်မြန်သေစမ်း” ဆိုသော နာကျည်းခက်ထန်စွာ အော်ညည်းသံက လိုက်ပါလာ၏။
အဘိုးကြီးသည် ဘီးတပ်ကုလားထိုင်လှည်းကို
အမျိုးသမီးရှိနေရာ ထမင်းစားခန်းဘက်သို့ဦးတည်ပြီးမှ ကွေ့ဝိုက်ကာ မူလနေရာ ဧည့်ခန်း ဘက်သို့
ပြန်လှည့်သည်။
“ငါမသေနိုင်သေးဘူး … မျိုးမစစ်မရဲ့ … နင်
ခုထက်ထိ ပိုမဝလာခင် … ခုထက် ပုံပျက်မသွားခင် နင့်ကို ကောင်းကောင်းခိုင်းပြီး
ငွေများများ ရှာရဦးမယ်”
ကွန်ဒို အမျိုးသမီး၏ ကျိန်ဆဲသံမှာ
ကျယ်လောင်ရာမှ တိုးညှင်းစ ပြုလာ၏။
ကြူးနှစ်
ချယ်ရီ၊ စက်တင်ဘာ၊ ၂ဝဝ၈။
0 comments:
Post a Comment